Sunday, November 30, 2008

မိုး နဲ့ မြေ ကို ချစ်တဲ့သူ



(လမသာတဲ့ည အကြောင်း ရေးမိပေမဲ့ ရှာတွေ့လို့ ရတဲ့ ပုံက လသာတဲ့ည ဖြစ်နေတာကို ခွင့်လွှတ်ပေးကြပါ။ ဒီပုံလေးကို ညီလေးဂစ်တာရဲ့ Picasa Website ထဲက ယူထားတာပါ)


ထိုနေ့က လမသာပါ။ လကွယ်ည ဆိုပေမဲ့ ကြယ်ရောင်တွေ အောက်မှာ မြို့ကလေးက ငြိမ်သက်စွာ အိပ်မောကျစ ပြုလို့ နေပြီ။ ချမ်းသာကြီး ဘုရားကုန်းက ခုံတန်းလေးပေါ် ထိုင်ရင်း မြို့ကလေးကို အပေါ်စီးက စီးမိုးကြည့်ရတဲ့ အရသာကို ကျွန်တော် ကြိုက်သည်။ အခုလို ညချမ်းမှာ အေးစိမ့်စိမ့် လေနုအေးတွေ ကျွန်တော့် မျက်နှာကို ဖြတ်တိုက် နေလျှင်တော့ စိတ်တွေ လွတ်လပ်ပေါ့ပါး သွားသလို ခံစားရသည်။ လေတွေကို တစ်ဝကြီး ရှူသွင်းရင်း ပြန်မှုတ်ထုတ်လိုက်တိုင်း အငွေ့လေးတွေအဖြစ် လွင့်ပျံ့သွားကြတာကို ကျွန်တော် သဘောကျသည်။
ကြည့်စမ်းပါဦး။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြို့ကလေးက ဘယ်လောက် ချစ်ဖို့ ကောင်းလိုက်သလဲ။ ပူပန်စရာ သောကတွေကို ဘယ်လောက်ပဲ ထမ်းပိုးထားရရ၊ ဒီနေရာလေးမှာ အခုလို တစ်ယောက်ထဲ ငြိမ်ငြိမ်ဆိတ်ဆိတ် ရှိနေရလျှင်တော့ ဒုက္ခတွေအားလုံး ပျောက်ဆုံးကာ ငြိမ်းချမ်းလို့ နေမြဲ။ ဒါကြောင့်လဲ ကျွန်တော် ဒီနေရာလေးကို အမြဲ လာဖြစ်နေတာထင်ရဲ့။
ချမ်းသာကြီး ဘုရားပေါ်က ဆင်းလာတော့ အိမ်ကို ပြန်ချင်စိတ်က မရှိ။ မြို့လယ်အင်းဘေး သွားထိုင်ဖို့ ဆုံးဖြတ် လိုက်တယ်။ အိမ်ပြန်နောက်ကျလို့ မေမေ စိတ်ပူနေလဲ မတတ်နိုင်။ ဘာတွေပဲဖြစ်ဖြစ် မိသားစုနဲ့ ခွဲပြီး ကြာကြာ ကျွန်တော် မနေနိုင်တာ ဖေနဲ့မေ အသိဆုံးပါ။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေအေးအေးက ကျွန်တော့် အတွေးစတွေကို သိမ်းယူသွားတယ်။ ကန်စပ်က မြက်ခင်းပေါ် ထိုင်ချလိုက်ရင်း ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ငေးနေလိုက်တယ်။ လေ အဝှေ့မှာ လှိုင်းကြက်ခွပ်လေးတွေ ထထသွားတာ မြင်ရတော့ အင်း၊ ဒီလောက် နက်ရှိုင်း တည်ငြိမ်နေတဲ့ ရေပြင်တောင် တစ်ခါတစ်ရံ လှုပ်ရှားရသေးတာ၊ ငါကကော ဘာမို့လို့လဲ။ လောကကြီးကို မကျေမနပ် ဖြစ်စရာ မလိုပါဘူး။ ကျွန်တော့် ရင်ဘတ်ထဲက လေးလံလွန်းလှတဲ့ သောကတစ်ချို့ ကန်ရေပြင်ထဲ လွင့်ကျ နစ်မြှုပ် သွားခဲ့တယ်။
အချစ်တစ်ခုနဲ့ တည်ဆောက်ခဲ့တဲ့ ဘဝတွေက တစ်ခါတစ်ခါမှာ ဘာကြောင့်များ ခါးသီးဖွယ် ကောင်းနေ ရတာ ပါလိမ့်။ ဖြစ်တည်ခဲ့တဲ့ အချစ်တွေကပဲ မခိုင်မြဲ ခဲ့လို့လား၊ ကိုယ့် ကိုယ်ပိုင် အတ္တတွေကိုပဲ ဦးစား ပေးနေ ခဲ့ကြ လို့လား။ အသွင်မတူ၊ အိမ်တူမဖြစ် ဆိုသလို သဘောထားချင်း မတိုက်ဆိုင်တာတွေ သိပ်ပြီး များနေ ခဲ့လို့လား။ အဆင်မပြေတဲ့ စီးပွားရေး၊ လူမှုရေးတွေကပဲ ဒီအချစ်တွေ လျော့ပါးသွားအောင် ဝါးမျို သွားခဲ့ ကြသလား။ တကယ်တမ်းတော့ နှစ်ကိုယ်တူ တဲအိုပျက်မှာ ထမင်းရည်ပူ အတူသောက်နေရပေမဲ့ မပြယ်တဲ့ အချစ်တွေ ရှိနေကြဦးမယ် ဆိုတာ ကျွန်တော် ယုံကြည် ချင်ပါသည်။ အဓိက က ကိုယ့်ရဲ့ နှလုံးသားက ဘယ်လောက် ချစ်မြတ်နိုးစွာ ပေးဆပ်နိုင်မလဲ၊ နားလည်မှုတွေ ပေး နိုင်မလဲ၊ ခွင့်လွှတ် တတ်မလဲ... ဒါတွေ လိုအပ်နေတာပဲ ထင်ရဲ့။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်၊ ကျွန်တော်က ကျွန်တော် ချစ်မြတ်နိုးတဲ့ ကောင်းကင်နဲ့ မြေပြင်ကို နီးစပ် ဆက်သွယ်ပေးနိုင်အောင် ကြားမှာ အမြဲ ရပ်တည် ပေးနေဖို့ လိုအပ်မှန်း သိနေခဲ့ပြီပဲ..။
ကျွန်တော့် ကိုယ်ခန္ဓာကို မားမားမတ်မတ် ရပ် လိုက်ပြီး လက်တွေကို အမြင့်ဆုံး ရောက်အောင် ဆန့်ထုတ်ရင်း မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ အသက်ကို ပြင်းပြင်း ရှိုက်သွင်းလိုက်ပြီး လောကကြီးကြားအောင် စိတ် ထဲကနေ အကျယ်ကြီး အော်လိုက်တယ်။ ဖေနဲ့ မေကို ကျွန်တော် အရမ်းချစ်တယ်။ ဖေက ကျွန်တော့ဘ၀အတွက် အဆုံးအစမရှိ လွတ်လပ်ကျယ်ပြန့်တဲ့ ကောင်းကင်ကြီး ဖြစ်ပြီး မေကတော့ ကျွန်တော် ရပ်တည်မှီရာ ရေသောက်မြစ် ဖြစ်တဲ့ ဟောဒီ မြေပြင်ကြီးဖြစ်တယ်။ ကျွန်တော့်စိတ်တွေ သက်သာရာ ရသွားပြီ။ အိမ်ကို ပြန်ဖို့ ခြေလှမ်းတွေကို ပြင်လိုက်တယ်။ ကောင်းကင်မှာ ကြယ်တွေက ပို လင်းလက်လာသလို မြေပြင်က ပန်းတွေကလဲ ပို မွှေးပျံ့လာပြီး ကျွန်တော့် အိမ်အပြန်လမ်းကို ဆီးကြို လို့။


မိုးနဲ့မြေကို ချစ်တဲ့သူ

ကျွန်တော့်မှာ
ချစ်သူ နှစ်ယောက်ရှိပါတယ်။
တစ်ယောက်က
ကျွန်တော့် ကိုယ်ခန္ဓာကို
မတ်မတ်ရပ်နိုင်ဖို့အတွက်
သူ့ရဲ့ကျောကိုခင်းပြီး
အနင်းခံခဲ့သူပါ။
သူ့ရဲ့ ကြင်နာမှုကြောင့်
ကျွန်တော်ဟာ....
ရှင်သန်ကြီးထွားလာပြီး
လူလားမြောက်ခဲ့ရတာပေါ့။

နောက် တစ်ယောက်ကတော့
ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာကို
အာကာသထိ လွင့်မျောမသွားအောင်
သူ့ဝတ်ရုံပြာပြာနဲ့
ပွေ့ဖက်ပေးခဲ့သူပါ။
သူ့ရဲ့ မေတ္တာတွေနဲ့
ကျွန်တော်ဟာ
အသက်ရှူမှုမှန်စွာ
အာရုံတွေ ရင့်ကျက်ခဲ့ရတာပေါ့။

နှစ်ယောက်စလုံးဟာ
အကြင်နာတွေ၊ မေတ္တာတွေနဲ့
ကျွန်တော့်ရဲ့ ရှင်သန်မှုဘဝကို
ဆောက်တည်ပေးနေကြတယ်။
တကယ်လို့များ....
တစ်ယောက်ယောက်ဟာ
သူတို့နှစ်ဦးထဲက
ဘယ်သူ့ကို ပိုချစ်သလဲမေးခဲ့ရင်
အမှန်အတိုင်းဖြေပါ့မယ်။

ကျွန်တော့် ကိုယ်ခန္ဓာကို
မားမားရပ်ဆန့်တန်း
နီးစပ်ကျွမ်းဝင်မှုတွေရဖို့အတွက်
ဘယ်ဘက်မှမလိုက်ပဲ
ရပ်တန့်နေလိုက်ပါ့မယ်..
ကဲ....
ဘယ်သူအပြစ်ပြောမလဲ။

28.10.1997 က ရေးဖြစ်ခဲ့တဲ့ ကဗျာမဟုတ်၊ စာမဟုတ်..လေးကို ပြန်တွေ့လို့ ဒီမှာ သိမ်းထားလိုက်တယ်။ အဲဒီအချိန်တုန်းက ဖေနဲ့မေ သိပ်ပြီး အဆင် မပြေကြတော့ ကျွန်တော် စိတ်လေလေနဲ့ ညဘက်တွေ လျှောက်သွားရင်း အင်းဘေးမှာ ထိုင်ရေးဖြစ်ခဲ့တဲ့ စာလေးပါ။


ရေးသားသူ - မိုးကုတ်သား

4 comments:

Anonymous said...

တွေ့လား
လောဘကြီးတာက ကဗျာမှာ ပေါ်နေရော။
တစ်ယောက် မလောက် :P.

အလကားစတာပါ။
ဆက်ရေးပါအုံး။

Anonymous said...

မိုးကုတ်ကို တစ်ခေါက် မှ မရောက် ဖူးလို့ အပြည့်အ၀ မခံစားရဘုး ဖြစ်နေတယ်...။ လာလည်ဦးမယ်ဗျာ ။

Lucifer said...

အဆင်မပြေမှုလေးတွေက ကဗျာတွေ စာတွေဖြစ်လာရင်..
အဆင်ပြေမှုလေးတွေကိုလည်း ကဗျာလေးတွေ စာလေးတွေအဖြစ်ပြောင်းပြီး စာတွေဆက်ရေးနေပါ..
အားပေးနေမယ်..

မေလေး said...

မိုးကုတ်မြို့ကိုကြားယုံကြားဖူးနေတော့ ဒီလောက်လှမှန်းမသိဘူး။
မိဘအပေါ်သိတတ်တန်ဖိုးထားတဲ့ အကို စိတ်ချမ်းသာကိုယ်ကျမ်းမာစွာ လိုအင်ဟူသမျှပြည့်ပါစေ။
စိတ်ထားနူးညံသူမှန်း အကိုရေးတဲ့စာတွေက ဖော်ပြနေပါတယ်။