အရောင်လွင့်နေတဲ့ ဖလံနယ်အင်္ကျိကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဟောင်းနွမ်းနေတဲ့ အိမ်တွင်းဖြစ် ချည်ကြမ်းဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဘော့စတွန်မြို့ ဘူတာရုံ တစ်ခုကနေ ထွက်လာပြီး ဟားဗတ် တက္ကသိုလ်က ကျောင်းအုပ်ကြီးရုံးခန်းကို ချိန်းဆိုထားခြင်း မရှိဘဲ တွေ့ခွင့်ရဖို့ သွားခဲ့ကြတယ်။
ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရောက်တော့ ကျောင်းအုပ်ကြီးရဲ့အတွင်းရေးမှူးက တောသားပုံစံနဲ့ စုတ်စုတ် ပြတ်ပြတ် အသွင် ရှိတဲ့ သူတို့ ဇနီးမောင်နှံကို မြင်မြင်ချင်းပဲ ဒီလို အဝတ်အစား စုတ်စုတ်ပြတ်ပြတ်တွေနဲ့ ဟားဗတ်ကျောင်းထဲ ဝင်လာစရာ ကိစ္စ မရှိကြောင်း၊ ဒီပုံမျိုးနဲ့ ဟားဗတ်မပြောနဲ့၊ ကင်းဘရစ်ခ်ျကျောင်း ထဲကိုတောင် ဝင်လာဖို့ မထိုက်တန်ကြောင်း ပြောလိုက်တယ်။
“ကျွန်တော်တို့ ကျောင်းအုပ်ကြီးနဲ့တွေ့ပါရစေ,” အမျိုးသားက သိမ်သိမ်မွေ့မွေ့ပြောလိုက်တယ်။
“သူ ဒီတစ်နေ့လုံးအားမှာ မဟုတ်ဘူး,” အတွင်းရေးမှူးက ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်။
“ကျွန်မတို့ စောင့်ပါ့မယ်,” အမျိုးသမီးက အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။
အတွင်းရေးမှူးက လေးနာရီလောက် ကြာတဲ့အထိ သူတို့ကို ဂရုမစိုက်ဘဲ နေနေတယ်။ အချိန်ကြာရင် သူတို့လက်လျှော့ပြီး ပြန်သွားလိမ့်မယ်လို့ သူကတွက်ထားတာကိုး။ ဒါပေမဲ့ အဲ့ဒီ ဇနီးမောင်နှံက သူထင်သလို ပြန်မသွားဘူး။ အတွင်းရေးမှူးလဲ တော်တော် စိတ်အနှောက်အယှက် ဖြစ်လာပြီး နောက်ဆုံးတော့ ကျောင်းအုပ်ကြီးကို သွားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်များနေတဲ့ ကျောင်းအုပ်ကြီးကို ဘာမဟုတ်တဲ့ ဒီတောသား လင်မယားနှစ်ယောက်ရဲ့ ကိစ္စနဲ့ သွားပြီး နှောက်ယှက်ရမှာကို သူမ တော်တော် စိတ်ပျက်နေတယ်။
“သူတို့ကို ခဏလောက် ထွက်တွေ့လိုက်ရင် သူတို့ပြန်သွားမှာပါ,” သူမက ကျောင်းအုပ်ကြီးကို ပြောလိုက်တယ်။
ကျောင်းအုပ်ကြီးက တော်တော်လေး စိတ်ပျက်နေတဲ့ပုံနဲ့ သက်ပြင်းချလိုက်ရင်း ခေါင်းညိတ် လက်ခံလိုက်တယ်။ ရှင်းရှင်းပြောရရင် သူ့ အဖိုးတန်အချိန်တွေကို သူတို့အတွက် မပေးချင်ဘူး။ ဒါပေမဲ့ သူ့ရုံးခန်းရှေ့က အဲ့ဒီ စုတ်စုတ်ပြတ်ပြတ်ပုံစံနဲ့ လင်မယားက သူမှမတွေ့ရင် ပြန်တော့မဲ့ပုံမှ မရှိတာ။
ကျောင်းအုပ်ကြီးက ဒေါသထွက်နေတဲ့ သူ့မျက်နှာကို ကုနြေ္ဒဆယ်ရင်း သိက္ခာရှိတဲ့ လူကြီးလူကောင်း တစ်ယောက်လို ခပ် မာမာထန်ထန်ပဲ အဲ့ဒီ လင်မယားနှစ်ယောက်ကို ကြည့်လိုက်တယ်။
အမျိုးသမီးက စကားစတယ်။
“ဒီ ဟားဗတ်မှာ တစ်နှစ်လောက် ကျောင်းတက်ခဲ့ဘူးတဲ့ ကျွန်မတို့ရဲ့ သားတစ်ယောက် ရှိပါတယ်။ သူက ဟားဗတ်ကို အရမ်းချစ်တယ်။ မမျှော်လင်.ဘဲ သူ ရုတ်တစ်ရက် ဆုံးပါးသွားတော့ သူအင်မတန် ချစ်တဲ့ ဒီကျောင်းဝင်း တစ်နေရာရာမှာ သူ့အတွက် အထိမ်းအမှတ် မှတ်တိုင်တစ်ခု လုပ်ပေးဖို့ ကျွန်မနဲ့ ကျွန်မယောက်ျား ဆုံးဖြတ်ခဲ့ကြပါတယ်”
ဒီအကြောင်းကြားရတော့ ကျောင်းအုပ်ကြီးက heartထိမသွားပဲ တော်တော် စိုးရိမ် တုန်လှုပ်သွားတယ်။
“ဒီမှာ အမျိုးသမီး,” ခပ်ထန်ထန်ပဲ သူပြောလိုက်တယ်။ “ဒီဟားဗတ်မှာ ကျောင်းတက်သွားတဲ့ ကျောင်းသားတိုင်းရဲ့ အထိမ်းအမှတ်၊ ရုပ်တုတိုင်းကိုသာ ဒီကျောင်းမှာ လက်ခံခဲ့မယ်ဆိုရင် ကျောင်းလဲ သုသာန် ဖြစ်နေလောက်ပြီ”
“အိုး၊ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး,” အမျိုးသမီးက ပျာပျာသလဲ ရှင်းပြတယ်။ “ကျွန်မတို့က သားရဲ့ အထိမ်းအမှတ်၊ ရုပ်တုကို ဆောက်ပေးဖို့ မဟုတ်ပါဘူး၊ ကျောင်းအတွက် အဆောက်အဦး တစ်လုံး ဆောက်ပေးဖို့ စိတ်ကူးတာပါ”
ကျောင်းအုပ်ကြီးလဲ မျက်လုံးပြူးသွားတယ်။ နွမ်းဖတ်ဖတ် အဝတ်အစားနဲ့ အဲ့ဒီစုံတွဲကို တစ်ချက်ကြည့်ရင်း အံ့ဩတကြီး ပြောလိုက်မိတယ်။
“အဆောက်အဦးတစ်လုံး၊ ဟုတ်လား။ အဲ့ဒီအဆောက်အဦးတစ်လုံးကို ဘယ်လောက်ထိ ကုန်ကျနိုင်မယ်ဆိုတာ ခင်ဗျားတို့ စိတ်ကူးကြည့်မိရဲ့လား။ ကျွန်တော်တို့ ဟားဗတ်တက္ကသိုလ်ရဲ့ ရှိသမျှ အဆောက်အဦး အားလုံးကို ဒေါ်လာ ခုနှစ်သန်းခွဲမက အကုန်အကျ ခံထားရတယ်ဆိုတာ ခင်ဗျားတို့ သိရဲ့လား”
အမျိုးသမီးလဲ ခဏတာ အသံတိတ်သွားတယ်။
ဒီလိုပြောပစ်လိုက်ရလို့ ကျောင်းအုပ်ကြီးလဲ တော်တော် အားရသွားတယ်။ မှတ်ပလားဆိုတဲ့ အကြည့်နဲ့ အဲ့ဒီ ဇနီးမောင်နှံကို ကျေကျေနပ်နပ်ကြီး ကြည့်နေလိုက်တယ်။
အမျိုးသမီးက အမျိုးသားဘက် လှည့်ကြည့်ပြီး ပြောလိုက်တယ်။ “အဲ့ဒါ တက္ကသိုလ်တစ်ကျောင်း ဖြစ်ဖို့ အစဦးဆုံးလိုတဲ့ ငွေတဲ့လား။ ဒါဆို ကျွန်မတို့ ဘာလို့ ကိုယ့်ကိုယ်ပိုင် တက္ကသိုလ်တစ်ကျောင်း မဆောက်နိုင်ရမှာလဲ”
အမျိုးသားက ခေါင်းညိတ် ထောက်ခံလိုက်တယ်။
သူတို့ နှစ်ယောက်ကို ကျောင်းအုပ်ကြီးက ဇဝေဇဝါနဲ့ နားမလည်သလို ကြည့်နေတယ်။
မစ္စတာ နဲ့ မစ္စ လီလာ့ဒ် စတန်းဖို့ဒ် တို့ ဇနီးမောင်နှံလဲ ထိုင်နေရာက ထထွက်သွားကြတယ်။ သူတို့နှစ်ဦးသား ကာလီဖိုးနီးယားက ပါလိုအယ်လ်တို လို့ ခေါ်တဲ့ မြို့ကလေးမှာ သွားပြီး သူတို့ မိသားစု နာမည်ပါတဲ့ စတန်းဖို့ဒ် တက္ကသိုလ် ကို စတင်တည်ထောင်ခဲ့တယ်။ ဒါဟာ သူတို့ရဲ့ သေဆုံးသွားတဲ့ သားအပေါ် ဥပေက္ခာ ပြုခဲ့တဲ့ ဟားဗတ် တက္ကသိုလ်အစား သူတို့ လုပ်ပေးနိုင်တဲ့ သားအတွက် အထိမ်းအမှတ်၊ မှတ်တိုင် တစ်ခုပါ။
မှတ်သားစရာကတော့ ဘယ်အရာကိုမှ သူတို့ရဲ့ အပေါ်ယံ ပင်ကိုလက္ခဏာကို ကြည့်ပြီး ချက်ချင်း ကောက်ချက် ချလို့ မရဘူး။ အမြင်အရ ဘာမှ အသုံးမကျ ဘူးလို့ ထင်ရပေမဲ့ တစ်ချို့အရာတွေက ကိုယ် မမြင်နိုင်တဲ့ တန်ဖိုးတွေ ရှိနေနိုင်တယ်။ ဆိုလိုချင်တာက ဘာကိုမှ လွယ်လွယ်ကူကူ အထင်မသေးနဲ့၊ အထင်လဲ မကြီးနဲ့ ဆိုတာပါ။
P.S အထက်ပါ ပုံပြင်က အစစ်အမှန်လား၊ ကောလဟာလ လား ကျွန်တော်မသိပါဘူး။ ဒီအကြောင်းကို ဖတ်ပြီးတော့ ဟုတ်မတုတ် အင်တာနက်မှာ ရှာ ကြည့်တော့ ကောလဟာလ လို့ သိရပါတယ်။ လီလာ့ဒ် စတန်းဖို့ဒ် ဟာ ၁၉၇၆ခုနှစ်ပိုင်းကာလ က ကာလီဖိုးနီးယားကို အုပ်ချုပ်ခဲ့သူလို့ သိရပါတယ်။ သူက ဆန်ဖရန်စစ်စ်ကို၊ ပန်နင်စွဲလား မှာ ဧကပေါင်းရှစ်ထောင်ကျော်တဲ့ မြေကိုစတင် ဝယ်ယူခဲ့တယ်။ လီလာ့ဒ် နဲ့ ဂျိန်း စတန်းဖို့ဒ် တို့ ဇနီးမောင်နှံမှာ လီလာ့ဒ်, ဂျူနီယာ ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ သူက ဟားဗတ် မှာ တစ်ခါမှ ကျောင်း မတက်ခဲ့ဖူးပါဘူး။ အသက် ဆယ့်ငါးနှစ် အရွယ်မှာ မိသားစုနဲ့အတူ အီတလီကို အလည် သွားရင်း တိုက်ဖွိုက်ဖြစ်ပြီး အဖျားဒဏ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတယ်။ သူတို့ရဲ့သား ဆုံးပါးပြီး နာရီပိုင်း မကြာခင်မှာပဲ လီလာ့ဒ် စတန်းဖို့ဒ် က သူ့ဇနီး ဂျိန်း စတန်းဖို့ဒ် ကို ပြောတယ်။ “ကာလီဖိုးနီးယားက ခလေးတိုင်းဟာ ငါတို့ရဲ့ခလေးတွေ ဖြစ်လာရမယ်” ဒါဟာ စတန်းဖို့ဒ် တက္ကသိုလ် ရဲ့ အစစ်အမှန် သမိုင်းကြောင်းလို့ သိရပါတယ်။ မူရင်းကို ဒီမှာ ဖတ်လို့ ရပါတယ်။

ဘာသာပြန်သူ - မိုးကုတ်သား
No comments:
Post a Comment