Tuesday, November 25, 2008

Short Stories . 01

ကြီးမားတဲ့ နောင်တတရား

လူတစ်ယောက်က သူနှစ်သုံးဆယ်လုံးလုံး သယ်ဆောင်ထားရတဲ့ နောင်တ တရားကို ဘုရားသခင်က ဘယ်လို ခွင့်လွှတ်နိုင်မလဲ သိချင်တဲ့အတွက် ဘုန်းတော်ကြီးတပါးကို သွားမေးပါတယ်။
“မောင်မင်းရဲ့ ပြစ်မှုက ဘာများပါလိမ့်”
“ကျွန်တော်က ဈေးထဲမှာ ဈေးရောင်းတဲ့ သူပါ။ တစ်ညတော့ ဈေးမီးလောင်တယ်ကြားလို့ အပြေးအလွှား သွားကြည့်ပါတယ်။ ဈေးကိုရောက်တော့ တစ်ခြား ဈေးဆိုင်တွေ အကုန်လုံး ပြာကျနေပြီး ကျွန်တော့်ဆိုင်တစ်ခုထဲ မီးမလောင်ပဲ ကျန်ရစ်နေခဲ့ပါတယ်။ ကျွန်တော်လဲ ဝမ်းသာအားရနဲ့ သတိ လက်လွတ်ပီး ဘုရားသခင်ကို ထိုင် ရှိခိုးမိပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ဒါဟာ မဖြစ်သင့်ဘူးလို့ ကျွန်တော် သတိဝင်လာခဲ့ပြီး ကိုယ့်အမှားကို ကိုယ် မြင်လိုက်တယ်။ ကျွန်တော်က ကျွန်တော့် အိမ်နီးနားချင်း ဈေးသည်တွေအတွက် ပူဆွေးဝမ်းနည်း ရမဲ့အစား ကိုယ့်ဆိုင်ကလေး မီးထဲပါ မသွားတာကိုပဲ တဒင်္ဂံဝမ်းသာ နေမိတဲ့အတွက် အင်မတန်မှ ရှက်မိပါတယ်။ အဲ့ဒီ အမှားအတွက် အနှစ် သုံးဆယ်လုံးလုံး ကျွန်တော် နောင်တ ရနေမိတာပါ ခင်ဗျာ ”


စွန့်လွှတ်ခြင်းရဲ့ တန်ဖိုး

ပညာရှိ အမျိုးသမီးကြီး တစ်ဦးဟာ တောင်ကြားလမ်းအတိုင်း ခရီးသွားရင်း မမျှော်လင့်ပဲ တန်ဖိုးကြီးတဲ့ ကျောက်တစ်ပွင့်ကို စမ်းချောင်းလေးထဲကနေ ကောက်ရခဲ့တယ်။ ခရီးသွားနေရင်း လမ်းတစ်နေရာမှာ အင်မတန် ဆာလောင် မွတ်သိပ်နေတဲ့ ခရီးသွား တစ်ဦး ကို တွေ့တယ်။ သူမရဲ့ အိတ်ထဲက ပါလာတဲ့ စားစရာ တစ်ချို့ကို ထုတ်ကျွေးတော့ အဲ့ဒီ ခရီးသွားက အမျိုးသမီး အိတ်ထဲက ကျောက်ကို မြင်သွားတယ်။ သူက အမျိုးသမီးဆီက အဲ့ဒီကျောက်ကို တောင်းတော့ အမျိုးသမီးက ဆိုင်းငံ့မနေပဲ ချက်ချင်းပဲ ပေးလိုက်ပါတယ်။
ခရီးသွားလဲ သူ့ရဲ့ ကံကောင်းမှုကို ကျေနပ်ပြီး ခရီးဆက်ခဲ့တာပေါ့။ အဲ့ဒီ ကျောက်က သူ့တစ်ဘဝလုံး စားမကုန်အောင် တန်ဖိုးရှိမှန်း သူ သိတယ်လေ။ ဒါပေမဲ့ ရက် အနည်းငယ် အကြာမှာပဲ သူက ပညာရှိ အမျိုးသမီးကို လိုက်ရှာပြီး ကျောက်ကို ပြန်ပေးလိုက်ပါတယ်။
“ကျွန်တော် စဉ်းစားနေခဲ့တယ်” သူကပြောတယ်။
“ဒီ ကျောက်က ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဘာကြောင့် ကျွန်တော် ပြန်ပေးခဲ့သလဲ ဆိုတော့ ခင်ဗျားဆီမှာ ဒီ့ထက် မက တန်ဖိုးရှိတဲ့ အရာကို သွားမြင်မိလို့ပဲ။ ဒီ ကျောက်ကို ဘာမှ မနှမျောပဲ ကျွန်တော့်ကို ပေးပစ်ခဲ့တဲ့ ခင်ဗျားရဲ့ ရင်ထဲကလာတဲ့ စေတနာကိုပဲ လိုချင်ပါတယ်ခင်ဗျာ”

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

No comments: