Tuesday, November 18, 2008

“ဒို့ ဗမာကွ”

“ဒို့ ဗမာကွ” လို့ ပြောဖြစ်သွားတဲ့ အဖြစ်အပျက်လေး တစ်ခုကို ပြန်ပြောပြချင်ပါတယ်။
ကျွန်တော်တို့ မိုးကုတ်မှာ မြို့ပိုင် ရေအားလျှပ်စစ် ဓာတ်အား ပေးတဲ့ စက်ရုံ ရှိတယ်။ ၁၈၉၈ခုနှစ်ပိုင်း၊ အင်္ဂလိပ်တွေ မိုးကုတ်မှာ ကျောက်တွင်း တူးကြတုန်းက ဆောက်သွားခဲ့တာ လို့ သိရပါတယ်။ ငယ်ငယ်တုန်းကလဲ အစိုးရမီး မလာရငိ အဲ့ဒီ ရေအားလျှပ်စစ်က မီးနဲ့ ပဲ မြို့ကလေးက ညတွေမှာ လင်းချင်း နေခဲ့ဘူးတယ်။ မိုးကုတ်မြို့ ကလေးရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ ရေနီချောင်းက ရေတွေကို ဆည်နဲ့ လှောင်ပြီး ရေအားလျှပ်စစ် ထုတ်ပေးတာပါ။ တဖြည်းဖြည်းနဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ ပြုပြင်ထိန်းသိမ်းမှု မရှိတာရော၊ ရေနီချောင်းထဲမှာ မှုန်တွေ သဲတွေ ပြည့်လာတာကြောင့်ရော ရေအားလျှပ်စစ်ပေးတဲ့ စက်တွေလဲ ချို့ယွင်းလာလို့ ပုံမှန် မလည်ပတ်နိုင်တော့ပါဘူး။ စက်ကို ခဏ အနားပေးချင်ရင် ဝါးပိုးဝါးတွေကို လည်နေတဲ့ ရေဒလက်ထဲ လူအားနဲ့ ဝိုင်းပြီး ထိုးထည့် ကျားကန်ပြီး ရပ်ရတယ်။ စက်ကို ပြန်လည်ချင်ရင် အဲ့ဒီ ဝါးတွေကို ခက်ခက်ခဲခဲ ပြန်ထုတ်ပြီး လည်ရတယ်။ အဲ့ဒီလို ဗမာ့နည်း ဗမာ့ဟန်နဲ့ လည်ပတ်လာတာ ကျွန်တော် မမွေးခင်ကရင်းထင်တာပဲ။ကျွန်တော် ဆယ်တန်းပြီးခါစ ဆိုတော့၊ အင်း... ၁၉၉၃/၉၄ လောက်ကပေါ့။ မိုးကုတ်က ရေအားလျှပ်စစ် စက်ရုံကို ပြုပြင်ဖို့ ဆိုပြီး နိုင်ငံခြာသား အင်ဂျင်နီယာနဲ့ ပညာရှင်တွေ မိုးကုတ်ကို ရောက်လာကြတယ်။ စက်ရုံကို ဘယ်လို လည်ပတ်နေလဲ ဆိုတာ လေ့လာကြ၊ ပြင်ဆင်ရမဲ့ အပိုင်းတွေကို ရှာဖွေကြ၊ စစ်တမ်းတွေထုတ်ပြီး ကောက်ချက်ဆွဲကြနဲ့ နောက်ဆုံး အဖြေ တစ်ခုထွက်လာပါတယ်။ ဒီမိုးကုတ်က ရေအားလျှပ်စစ် ထုတ်လုပ်နေတဲ့ သူတွေကို ဝိုင်းဝန်းချီးကျူးကြပါတယ်။ ဒီရေအားလျှပ်စစ် ပေးစက်က သုံးမရအောင် ပျက်စီးနေခဲ့ပြီးပါပြီ တဲ့။ ဒီ သုံးမရအောင် ပျက်စီးနေတဲ့ ရေအားလျှပ်စစ် ပေးစက်ကနေ ရေအားလျှပ်စစ်ရအောင် ဘယ်လိုလည်ပတ်ပြီး ထုတ်လုပ်ပေးနေကြလဲဆိုတာ သူတို့ လုံးဝ နားမလည်နိုင်ပါဘူး။ သူတို့ အတွက်ကတော့ ဒီစက်ကို လုံးဝ အသစ်ပြန်ဆောက်မှသာ ဖြစ်မှာပါ တဲ့။ သူတို့လဲ မပြင်တတ်လို့ တပ်ခေါက်ပြီး ပြန်သွားကြရပါတယ်။
ဘာမှတ်လဲ။ “ဒို့ ဗမာကွ”။ ကျွန်တော်တို့ ဗမာတွေက တော်ပါတယ်ဗျာ။ နော..။


High street in Mogok about 1905

Burma Ruby Mines Ltd. mine at Mogok, 1906
ဒီဓာတ်ပုံထဲက နေရာက (ထင်တာမလွဲဘူးဆို) မိုးကုတ်မြို့လယ်အင်း နေရာ ပေါ့။

စုဆောင်းတင်ပြသူ - မိုးကုတ်သား

No comments: