♪♫~ သံသရာ... ဆွဲဆန့်လို့... ဘယ်လောက်ပင် ရှည်... ရှည်...
သူ- အနံ့တွေ ပြန်ရနေပြီ။
မွှေးတာလေး ရှူရရင် သဘောကျလို့၊ နံတာတွေ ရှူရရင် စိတ်တိုင်းမကျလို့။ သဘာဝကျကျ ပုံမှန်လူသား တစ်ယောက် ပြန်ဖြစ်ခဲ့ပြီပေါ့။ သဘာဝအတိုင်း ရှင်သန်နေရတာ ကောင်းပါတယ် သားကြီးရေ...။
အဲတာ အစပ်တွေချည်း အရမ်းစားတာကိုး လို့ ပြောတော့ သူမက လက်မခံခဲ့ပါဘူး။
သားကြီး ပို့ပေးတဲ့ ဆေးတွေတော့ သူ မှန်မှန် စားနေပါတယ်။
ရသာရုံတွေ ခံစားဖို့ လူမှာပါလာကြတဲ့ လျှာကလေးကို အလို မလိုက်မိဖို့ အရေးကြီးပါတယ် သားကြီးရေ။
တစ်ချို့ အာရုံခံ ကောင်းသူတွေမှာ အသေးငယ်ဆုံးအင်းဆက်ပိုးမွှားလေး တစ်ကောင်ရဲ့ အထိအတွေ့ကိုတောင် ခံစား သိရှိ နိုင်ကြပါတယ်။
သဘာဝတရား ကြီး၏ အအေးဒဏ်၊ အပူဒဏ်များ၏ အန္တရယ်မှ ကာကွယ်ရန် လူတွေ အ၀တ်ဝတ် ကြရ၏။ ကြမ်းတမ်းသည့်အ၀တ်က ကြမ်းတမ်းသော အထိအတွေ့ကို ပေးမည်။ နူးညံ့သည့် အ၀တ်က နူးညံ့သော အထိအတွေ့ကို ပေးမည်။ ဒါသည်ပင် ခံစားမှုတွေ ပါပဲ။
ရန်ကုန်နွေက ကျွတ်ရွနေအောင် ပူပါတယ်။ မလွဲသာ၊ မရှောင်သာမှ အပြင် ထွက်ကြရတယ်။ လေဟာပြင်ထဲက အဆီးအတားတွေကို ကျော်ဖြတ်လာတဲ့ နေရောင်ဟာ မညှာမတာ ပူလွန်းလှပါတယ်။
သူတို့ လက်ရှိနေထိုင်ရတဲ့ တိုက်ခန်းက 4 လွှာမှာပါ။ အပေါ်ဆုံးအလွှာဆိုတော့ ခေါင်မိုးအောက်က မျက်နှာကျက် ပြီးရင် သူတို့ပါပဲ။ ဒါတောင် မျက်နှာကျက်က မြင့်လို့ပါလား။ တခြား အခန်းတွေက မျက်နှာကျက် နိမ့်ကြတယ်။ တိုက်ခန်း ၀ရံတာက ထွက် ကြည့်ရင် မျက်နှာချင်းဆိုင်မှာ 10 ထပ် အဆောက်အဦးကြီး ရှိပါတယ်။ ကျန်းမာရေး အထောက်အကူပြု နာမည်ကြီး အာရှတော်ဝင် ဆေးရုံကြီး ဖြစ်ပါတယ်။ ညနေ 3 နာရီ နောက်ပိုင်း နေကျချိန်မှာ ဒီအဆောင်အဦးကြီးက နေရောင်ကို ဒိုင်းကြီးတစ်ခုလို ကာထားပေးပါတယ်။ ဒီတော့ နေရဲ့ တိုက်ရိုက် ထိတွေ့မှုမှာ အတော်ကြီး ခံသာသွားတာ ဘုရား မတာပါပဲ။ ခုတလော ရက်ပိုင်းတွေမှာ လေငြိမ်နေတာမို့ အပူဒဏ်ကို ပို ခံကြရပါတယ်။ နယ်မြို့လေးက ခေါ်ထားတဲ့ သူ့မြေး ကောင်းကောင်း ကတော့ ရေချိုးခန်းကိုချည်း မျက်စပစ်နေတော့တာပါပဲ။ မနည်း တားထားရပါတယ်။ မနက်တကြိမ်၊ ညနေတကြိမ် ရေချိုးဖို့ ကြပ်မပ်နေရပါတယ်။ တမိသားစုလုံး စားဖို့ ချက်ပြုတ်ရတဲ့ သူ့ မိန်းမလား။ ချွေးတလုံးလုံးနဲ့ နေတာပေါ့။ မိတ်ယားတွေ ထွက်လာလို့ အနေရ အထိုင်ရ ခက်နေပုံ ရပါတယ်။ အဲဒါ သမီးက မိတ်ယား ပျောက်တဲ့ ပေါင်ဒါဗူး ၀ယ်လာပေးပါနှ တော်တော်လေး သက်သာသွားလေရဲ့။ မိန်းမ ပင်ပန်းနေမှာ စိုးရိမ်လို့ သူ မီးဖိုဆောင် ၀င်ပြန်တော့လည်း မဟေသီက စိတ်တိုင်းကျတောင် မမူပါဘူး။ သည်းခံရတာပေါ့လေ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်လောက်မှာ အချန်းချင်း ကပ်ရက် မေကြတဲ့ အမျိုးသမီး နှစ်ယောက် နေရာ ပြောင်းရွှေ့ကြပါတယ်။ သူတို့နဲ့လဲ ပူချင်း မျက်မှန်းတန်းမိနေကြလို့ မေးထူးခေါ်ပြော ခင်မင်တယ် ပြောပါစို့။ သယ်ယူပြောင်းရွှေ့ရာမှာ ၀န်ကြီးတဲ့ပစ္စည်းတွေကို သူတို့ ရောင်းချင် ကြလို့ သူတို့ မိသားစုကို ကမ်းလှမ်း လာပါတယ်။ အဲဒါကြောင့် GAS အိုးကြီးနဲ့ တွဲရက် GAS မီးဖိုကို တစ်ဝက်ဈေးနဲ့ သူတို့ ၀ယ်ဖြစ်လိုက်ပါတယ်။ မသုံးဖူးသေးတော့ လက်ဦးအစမှာ စိုးရိမ်စိတ်တွေနဲ့ သိပ်မရဲကြဘူး။ သူကပဲ ဒိုင်ခံ ဖွင့်/ ပိတ် ချက်ပြုတ်ပေး ရပါတယ်။ အရေးကြီးတာက GAS မီးဖိုရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့နဲ့ သတိမမေ့ဖို့ပါပဲ။
ဖွင့်ပြီးရင် ပြန်ပိတ်ဖို့ သတိထားရပါတယ်။
အင်မတန် အပူရှိန် ပြင်းလွန်းလို့ ရေနွေးတစ်အိုး တည်ရင် အလွန်ဆုံး ကြာမှ 5 မိနစ် ပါပဲ။ ဆူတော့တာပါ။ လျှပ်စစ်မီးဖိုထက် အပူ ပြင်းတယ်လေ။
ဒါကလဲ သက်မဲ့ အထိအတွေ့ပဲမဟုတ်လား။
အထိအတွေ့ အာရုံအကြောင်း ရေးနေရာက စိတ်ကူးတည့်ရာတွေ လျှောက်ရေး ဖြစ်တော့တာပဲ။ ဆိုလိုချင်တာက သက်ရှိတွေ သက်မဲ့တွေမှာ ထိတွေ့မှုရဲ့ သက်ရောက်ခြင်းတွေ ရှိနေကြတာကိုပါ။
စာမရေးတာ ကြာပေမဲ့ ဘောလ်ပင် ကောက်ကိုင်ပီး စာရွက်ပေါ် ချရေးလိုက်ရင် ဦးဏှောက်က အလိုအလျောက် မောင်းနှင် လာတာ အလေ့အကျင့်လို ဖြစ်နေပြီ။ တွေးမိတာတွေ ရေးပေတော့။ ခုလည်း ဘာကို တွေးပြီး ဘယ်လိုရေးမလဲ။
အာရုံငါးပါးပေါ် အခြေခံပြီး ရေးမယ်ကွာ။ ဒီလို စဉ်းစားပြီး ရေးချလိုက်တာ သားကြီးဖတ်ဖို့ စာတစ်စောင် ဖြစ်သွားလေရဲ့။
စမ်းချောင်းထဲက နှင်းသီတာ စာအုပ် အငှားဆိုင်က ချာတိတ်တွေနဲ့လဲ သူ ခင်နေပြီ။ တစ်လအတွင်း Special Customer တွေ စာရင်းထဲ သူ ၀င်သွားခဲ့တယ်။ သူ ဖတ်ချင်တဲ့ စာအုပ်တော်တော်များများ (အဟောင်းများ) အဲသည်မှာ တွေ့ထားတယ်လေ။ တစ်ချို့ ကြိုက်တာတွေ ဈေးဖြတ် ၀ယ်တာပေါ့။ ခုတလော မျက်စေ့ အာရုံ ခံစားမှုတွေ သိသိသာသာ ချို့ယွင်းလာလို့ စာဖတ်တာ TV ကြည့်တာတွေ အရှိန် လျော့ထား ရတယ်။ သူ့ ညာဘက်မျက်စေ့က ၀ါးနေပြီ။ မြူတွေ ဖုံးနေတဲ့ မြင်ကွင်း ကြည့်နေရသလိုမျိုး။ ဒါကြောင့် စိတ်အလို မလိုက်ပဲ ထိမ်းချုပ်ထားရပါတယ်။ အာရုံငါးပါး ရောက်ရာပေါက်ရာ စာမူကြီးနဲ့ အတူ ရုရှား စာရေးဆရာကြီး ချက်ကော့ဗ် ၀တ္ထုတို တစ်အုပ် လက်ဆောင် ထည့်ပေးလိုက်တယ်။ သားကြီးလည်း သူ့အဖေ၀ါသနာမျိုး ရှိနေတယ်မဟုတ်လား။ အာရုံငါးပါးရဲ့ အနှစ်ချုပ်ကတော့ ထိမ်းချုပ်နိုင်မှု စွမ်းအားပါ။ လူ မှန်သမျှ ဒီအာရုံတွေနဲ့ မိုးလင်း/ မိုးချုပ် ထိတွေ့နေကြ ရစမြဲ မလား။ ဆိုလိုတာက အလွန်အကျွံ မခံစား မိကြဖို့ သတိပြု ကြဖို့ပဲလေ။ စိတ်ထဲ စဉ်းစားမိတာတွေ အပိုင်းခွဲ ရေးဖြစ်တာပါ။ သူ လို့ နာမ်စား သုံးထားသူ ဖေဖေလည်း ဒီ အာရုံငါးပါးနဲ့ ရှင်သန် ထိတွေ့ နေရအုံးမှာပါပဲ။ ဘယ်အာရုံကိုမှ အလွန်အကျွံ မခံစားရအောင် မကြာခဏ တရားပတ်တွေ ၀င်ဖြစ်နေတယ်။ ခုလောလောဆယ်တော့ စမ်းချောင်းနဲ့ နီးရာ ဘုရားဆီ မနက်တိုင်း လိုလို ရောက်ဖြစ် နေပါတယ်။
ဗဟိုလမ်း၊ ဗားကရာလမ်း မီးပွိုင့် နားက ကိုးထပ်ကြီး ဘုရား မှာပါ။ တိုက်ခန်းက လမ်းလျှောက်သွားရင် 5 မိနစ် လောက်ပါပဲ။
ဘုရားရဲ့ အရိပ်က အင်မတန် အေးချမ်းတာပါ။ အိမ်မှာလဲ ဘုရား ရှိနေတာပါပဲ။ အာရုံ ခ့စားမှုမှာတော့ မတူပါဘူး။ သဘာဝ အပူဒဏ်ကလည်း သိသိသာသာ ကွာခြားပါတယ်။ တစ်နာရီ တရားမှတ်ပြီး ပါသွားတဲ့ စာအုပ် ဖတ်လေ့ ရှိတယ်။ မနက် 10 နာရီ ၀န်းကျင်ဆို တိုက်ခန်း ပြန်ရောက်နေ ပါပြီ။
ကလေးတွေ အလုပ် ကိုယ်စီနဲ့ အပြင်ဘက် သွားကြရင် စကားနည်းတဲ့ အမေကြီးနဲ့ လေပေါတဲ့ အဖေကြီးတို့ မလိုက်ဘက်စွာ အတူ ကျန်နေရစ်မြဲပါ။ ခုတော့ မြေး ကောင်းကောင်း ရောက်လာလို့ အဖော်ရပြီပေါ့.။
ကောင်းကောင်းက လောင်စပ် ဆိုတော့ ပျော်စရာ ကောင်းပါတယ်။
သူ့ကိုလည်း မလွန်ကျွံအောင် ထိန်း နေရတယ် ဆိုပါစို့။
ကျောင်းတွေ ဖွင့်ရင်တော့ နေရာသစ်မှာ မိတ်ဆွေ သူငယ်ချင်းအသစ် တွေနဲ့ ဒီကလေး ပျော်သွားမှာပါ။ အဆင့်မြင့် ပညာရေးကို သူ့ IQ နဲ့ တွဲစပ် ပေးလိုက်ရင် ချွန်မှာ သေချာပါတယ်။
စာမျက်နှာ နံပါတ် တစ်ဆယ်ရောက်နေပါပြီ။
နားကြပါဦးစို့
ဖေဖေ
ဖေဖေ့စာ ဖတ်ပြီး ကျွန်တော် အတွေး နယ်ချဲ့ နေမိသည်။ မြို့တော် ရန်ကုန်သို့ ဖေဖေ လူငယ်ဘ၀က အင်မတန် သွားချင်ခဲ့ဖူးသည်။ မြို့ပြမှာ နေထိုင်ရတာကို ခုံမင်သည်။ ရွှေတိဂုံဘုရားကို နံနက်တိုင်း ဖူးချင်သည်။ မှတ်မိပါသေးသည်။ ကျွန်တော် ငယ်စဉ်က မြို့တော်ရန်ကုန်နှင့် ရွှေတိဂုံဘုရားအကြောင်း၊ အဲဒီမှာ ကြီးပွားပြီး စမတ်ကျနေသော ဖေဖေ့ မိတ်ဆွေများ အကြောင်း ပြောပြတိုင်း ဖေဖေ့ မျက်ဝန်းတွေက မျောင်လင့်ချက်တွေ နှင့် တောက်ပလို့ နေခဲ့သည်။ ယခု ဖေဖေ အင်မတန် နေထိုင်ချင်လှသော မြို့တော် ရန်ကုန်ကြီးမှာ ပျော်ရွှင်ပါရဲ့လား။ မြို့ကလေးမှာတုန်းကတော့ နံနက်ခင်းတိုင်း မြို့လယ်အင်းတပါတ် လမ်းလျှောက်ပြီး ပြန်လာတိုင်း လဖည့်ရည်ဆိုင်မှာ လူကြီး၊လူငယ် အရွယ်စုံလှသော မိတ်ဆွေများအား စိတ်ဝင်စားစရာ၊ ပျော်စရာ ပုံတို ပတ်စများကို လူတကာ ငေးမော နားစိုက်ထောင်ရအောင် ပြောနေရသည်ကို တမ်းတနေလိမ့်မည်။ မင်္ဂလာတိုက်မှာ ဝေယျာဝစ္စ လုပ်ကိုင်ကူရင်း အေးအေးလူလူ တရားထိုင်ရတာကို ပို လွမ်းနေလိမ့်မည်။ ညနေစောင်းလျင်တော့ ကျောင်းတုန်းက ငယ်သူငယ်ချင်း တစ်ချို့နှင့် ၀ိုင်းဖွဲ့ သီချင်းဆိုချင်ဆိုမည်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ ပြောကြမည်။ ရာသီဥတု အားပေးလျင်တော့ ယမကာလေး မှီပဲ ကြမည်။ အပေါင်းအသင်း အင်မတန် ခင်တွယ်သော ဖေဖေသည် သူ့ မိတ်ဆွေများကို အချိန်တန်လျှင် သတိရမိမှာပါပဲ။ မြို့တော်ကြီးသည် ဖေဖေ ငယ်စဉ်တုန်းကလောက် မျှော်လင့်ချက်တွေ အပြည့်နှင့် ဖေဖေ့ကို ပိုက်ထွေးထားနိုင်မည် မဟုတ်တာတော့ ကျွန်တော် သိနေသည်။
ဖေဖေ့အိပ်မက်တွေ အကုန်လုံးကိုတော့ ကျွန်တော် မသိပါ။ ဂီတကို ခုံမင်သော ဖေဖေက ဘင်ဂျိုအတီးကောင်းသလို သီချင်းအဆိုလဲ ကောင်းသည်။ ဂစ်တာလဲ ကောင်းကောင်း တီးတတ်သည်။ တီးဝိုင်းတွေ ထောင်ပြီး သီချင်းတွေ ဆိုခဲ့ကြတုန်းက အဆိုတော် ဖြစ်လိုသော အိပ်မက်တွေ ဖေဖေ့မှာ ရှိခဲ့မှာပါပဲ။
အစားအသောက်၊ အ၀တ်အစား၊ အရာအားလုံးကို အကောင်းမှ ကြိုက်သော ဖေဖေသည် ချမ်းသာ လိုစိတ်တို့ဖြင့် သူ မြတ်နိုးသော ဂီတကို စွန့်၊ ရုံးဝန်ထမ်းဘ၀ကို စွန့်ပြီး ကျောက်တွင်းတူးသမား ဘ၀ကို ခြေစုံပစ် ၀င်ခဲ့သည်။ ကျောက်ကြီးကျောက်ကောင်းသာ ရခဲ့ရင် ဆိုသော အိပ်မက်တစ်ခုဖြင့် နှစ်ပေါင်းများစွာ မြေကျင်းထဲ ၀င်ခဲ့သလို တောင်တွေကိုလဲ ဖောက်ခဲ့သည်။ ညကြီး ချမ်းချမ်းစီးစီးမှာ မြို့လယ်အင်းထဲ သွားပြီးလည်း မိုးထဲရေထဲ ပေါက်တူးတလက်ဖြင့် တူးဖွခဲ့သည်။ သို့သော် ထမင်းစား ကျောက်မှလွဲ၍ ဘာကျောက်ကြီး ကျောက်ကောင်းမှ ဖေဖေ မတွေ့ခဲ့ရပါ။
အရွယ်ကလေးထောက်လို့ကျန်းမာရေး အခြေအနေအရ ကျောက်တွင်းလောကနေ အနားယူရပြန်တော့ သူတပါး လက်အောက်ခံ မလုပ်လိုသော ဖေဖေက သူ့မာနတွေ အောက်ချပြီး အလုပ်ဝင်လုပ် ရပြန်သည်။ ပေါင်းကူး အအေးဆိုင်မှာ ဖေဖေ့ကို မန်နေဂျာအဖြစ် တွေ့ရမည်။ နောက်တော့ ရွှေတောမှာ သွားပြီး လုပ်ပြန်သည်။
ဘ၀အမောတွေထဲမှာ နှစ်နေခဲ့သော ဖေဖေသည် သူချစ်သော ဂီတကို မေ့လျော့လေခဲ့သလား။ ဖေဖေ့ ဘင်ဂျိုလေးကို လွမ်းလို့ နေမလား။ ဂစ်တာတီးကာ သီချင်းဆိုပြတတ်သော ဖေဖေ့ သံစဉ်တွေကို ကျွန်တော် ကတော့ လွမ်းလှသည်။ အဖိုး (ဖေဖေ့ အဖေ) ရဲ့ တယောသံကိုရော ဖေဖေ လွမ်းနေမလား။ ဖွားဖွား (ဖေဖေ့ အမေ) ရဲ့ သီချင်းသံတွေကို ဖေဖေ လွမ်းနေတာတော့ ကျွန်တော် သိပြီ။
ဖေဖေ ငယ်စဉ်က အလွန်ကြိုက်သော ကောင်းဘွိုင်တွေကို မှတ်မိသေးရဲ့လား။ တက္ကဆပ်စ် (Texas) ကို ဖေဖေ အိပ်မက်သေးရဲ့လား။ ဖေဖေသည်လည်း ကျွန်တော် ငယ်စဉ်ကလို ကမ္ဘာကြီး အနှံ့ လည်ပတ်လို့ စူးစမ်းချင်သည့် အိပ်မက်တွေ ရှိခဲ့ဖူးမှာပါပဲ။
ဖေဖေနှင့်ကျွန်တော်က ကဗျာတွေ၊ စာတွေ ကြိုက်တာ၊ အနောက်တိုင်းက ဒရာမာ ရုပ်ရှင်ကားတွေ ကြိုက်တာ တူသည်။ အနုပညာကို မြတ်နိုးတာလဲ တူသည်။
သို့သော် ကျွန်တော်က ဖေဖေ့လို စာတွေ၊ ကဗျာတွေလည်း အရေးမကောင်းပါ။ ရုပ်ရှင် ကြိုက်တာချင်း အတူတူ ဖေဖေက အင်္ဂလိပ်စာကို ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်သလို လေယူလေသိမ်း မှန်မှန်နှင့် စမတ်ကျကျ စကားပြောတတ်သည်။ ကျွန်တော်ကတော့ အင်္ဂလိပ်စာ မြင်လျှင် ဝေးဝေးက ရှောင်သလို မတတ်သာလို့ ပြောရလျှင်လဲ ငပိသံ ၀ဲဝဲနှင့် အထစ်အထစ်။ အနုပညာမှာလဲ ဖေဖေ့လို အသံမကောင်းသလို ဘင်ဂျိုလည်း တီးတတ်ဖို့ မပြောနှင့်။ ဂစ်တာပင် မတီးတတ်သည့် ကျွန်တော်က ဂီတ တူရိယာတွေနှင့် အလှမ်းဝေးလွန်းလှသည်။
ဘ၀ကို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ချင်ကြတာလဲ တူသည်။ မိသားစုကို ခင်တွယ်တာခြင်း တူသည်။ မိတ်ဆွေ အပေါင်းအသင်း တွေကို မင်တတ်တာလည်းတူသည်။ သို့ သော် ကျွန်တော်က ဖေဖေ့လို ဟာဒယဥာဏ်မရှိ။ ဖေဖေ့လို ဗဟုသုတ ကြွယ်ကြွယ်၀၀နှင့် ပြောစရာ စကား များများစားစား မရှိ။ ဖေဖေ့လိုလဲ လူချစ်လူခင် မပေါလှပါ။ ကျွန်တော့် သူငယ်ချင်းများပင်လျှင် ကျွန်တော့်ဆီ လာလည်ပါက ဖေဖေနှင့် ဘော်ဒါရင်းချာတွေ ဖြစ်သွားပြီး ကျွန်တော်က စကားဝိုင်းဘေး ရောက်သွား ရသည်အထိ ဖေဖေက အပြောကောင်းလှသလို ခင်မင်စရာလဲ ကောင်းလှသည်။
တခါတခါမှာတော့ ကျွန်တော် ဖေဖေနှင့် နေရာချင်း လဲပစ်လိုက်ချင်သည်။ ကျွန်တော့လိုသာ ဖေဖေ့ ကံ တူပါက ကျွန်တော့်ထက် အဆများစွာ ထူးချွန်အောင် လုပ်ပြနိုင်လိမ့်မည်။ သို့သော် လောကကြီးက တခါတခါ လွဲချော်မှုများဖြင့် ကျည်စားတတ်ပါသေးသည်။ ခုတော့ ဖေဖေသည် ဘ၀မှာ နေသားတကျ ပျော်ရွှင်နိုင်ပါရဲ့လား။ ဖေဖေ့အိမ်မက်တွေ ဆက်လက် မက်နေသေးသည်လား။ ထိုအိမ်မက်များသည်.......
No comments:
Post a Comment