Thursday, April 23, 2009

စိန်ခေါ်မှုတွေ မရှိတဲ့ နေရာ

တခါက ဒေါက်တာဆမ် ဆိုတဲ့ ဆရာဝန်တယောက် ရှိတယ်။ သူက အောင်မြင် ကျော်ကြားပြီး အင်မတန် အလုပ်များတဲ့ ဆရာဝန်။ ဆေးပညာရပ်မှာ ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ဘူး၊ အင်မတန် စိတ်ရှည် သည်းခံတဲ့ စိတ်ထားကို မွေးမြူထားနိုင်တဲ့အတွက်လည်း သူက နာမည် ကြီးတာပါ။ တညသားတော့ ည ဆယ်နာရီခွဲကျော်မှာ လူနာတစ်ယောက်က သူ့အခန်းထဲ ရောက်လာပါတယ်။ အမှန်က ဒေါက်တာဆမ် အိမ်ပြန်တော့မှာ။
“ဒေါက်တာဆမ်၊ဆရာ့ကို ကျွန်တော် အင်မတန် လေးစားပါတယ်။ အခုလေ ကျွန်တော် မေးခွန်းတစ်ခုအတွက် ရိုးရှင်းမှန်ကန်တဲ့ အဖြေတစ်ခု လိုချင်လို့ လာတာပါ။”
လူနာက အဲလိုမေးတော့ ဒေါက်တာဆမ်လဲ ဘာပြဿနာရှိလို့လဲ ပြန်မေးပါတယ်။
“ဒီကမ္ဘာမြေ လောကကြီးပေါ်မှာ စိန်ခေါ်မှု တွေ မရှိတဲ့နေရာလေး တစ်ခု ရှိ၊ မရှိ ကျွန်တော်သိချင်လို့ပါ။”
ဒေါက်တာဆမ်က ဘာဖြစ်လို့ဒီလို မေးတာလဲ မေးတော့ လူနာက သူအဲဒီနေရာမှာ သွားနေချင်လို့ ဆိုပြီး ဖြေပါတယ်။
ဒါနဲ့ ဒေါက်တာဆမ်လဲ မိုးချုပ်နေလို့ နောက်နေ့မနက် ခုနှစ်နာရီမှာ သူ့အိမ် လာခဲ့ဖို့ လူနာကို ပြောလိုက်တယ်။ လူနာကိုလဲ အဲဒီနေရာကို လိုက်ပြပေးမယ် ကတိပေးလိုက်ပါတယ်။ လူနာလဲ အိမ်ပြန်လမ်းတလျှောက်လုံး ဒီဆရာဝန် မနက်ဖြန်မနက် သူ့ကို ဘယ်ခေါ်သွားမလဲ တွေးတောလာခဲ့တယ်။ တညလုံးလဲ မအိပ်ပျော်နိုင်ပဲ မနက်မိုးလင်းဖို့ စောင့်စားနေခဲ့ပါတယ်။ မနက် ခုနှစ်နာရီထိုးတာနဲ့ လူနာလဲ ဒေါက်တာဆမ် ရဲ့ အိမ်ပေါက်ဝကို ရောက်နေပြီ။ ဒေါက်တာဆမ် ကလဲ လူနာကို စောင့်နေပါတယ်။ နောက် သူတို့ အိမ်ကနေ လမ်းလျှောက်ထွက်လာပြီး တက္ကစီ တစ်စီး ငှားလိုက်တယ်။
သူတို့ အဲဒီနေရာကို တနာရီလောက် ကြာအောင် ကားစီးပြီး သွားခဲ့ရတယ်။ အဲဒီနေရာက အင်မတန် ကျယ်ဝန်းပြီး နံရံ မြင့်မြင့် ကာထားတယ်။ ကြီးမားတဲ့ အ၀င်ပေါက်တံခါးလဲ ရှိတယ်။ လူနာလဲ အဲဒီနေရာကို မြင်တော့ ဒီဆရာဝန် ရူးများ ရူးနေသလား၊ ဘာများ ဖြစ်နေသလဲ၊ ဘာကြောင့် ဒီနေရာကို ခေါ်လာသလဲ အမျိုးမျိုး တွေးထင်နေတာပေါ့။ ဟုတ်ပါတယ်။ ဒေါက်တာဆမ်က လူနာကို သင်္ချိုင်းရှိရာ ခေါ်သွားတာကိုး။
“ငါ့ အတွေ့အကြုံအရ ဆိုရင်တော့ စိန်ခေါ်မှု၊ တိုက်ပွဲတွေ မရှိတဲ့နေရာက ဒီနေရာတစ်ခုတည်းပဲ ရှိတယ်ကွ။” ဒေါက်တာဆမ်က တက္ကစီပေါ်ကဆင်းပြီး သူ့လူနာကို ပြောလိုက်ပါတယ်။


ဘ၀ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ ကြိုးစားရမှာက ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။

စိန်ခေါ်မှု တွေက သင့်ကို ပိုပြီး ရင့်ကျက်တည်ငြိမ်စေသလို စိတ်ကို ပိုပြီး ခိုင်ကျည်စေတယ်။

စိန်ခေါ်မှုဆိုတာတွေ ရှိနေမှသာ ဘ၀ဟာ ရှင်သန်နေမှာပါ။


Dsarathy ရဲ့ A Place without any Challenges ကို ဆီလျှော်အောင် ပြန်ရေးထားတာပါ။

ဘာသာပြန်သူ - မိုးကုတ်သား

4 comments:

မယ့်ကိုး said...

့ စိန်ခေါ်မှု၊ တိုက်ပွဲတွေ မရှိတဲ့နေရာက...
နေချင်တယ်။ ဘာပဲဆိုဆို :P

Unknown said...

:) နယ်သားရေ မရောက်ချင်ပဲ တနေ့ ရောက်မယ့်နေရာလေးပေါ့ :)
ကောင်းသောနေ့ပါဗျာ :)

apyonepan said...

စိန်ခေါ်မူတွေနဲ့ တိုက်ပွဲဆင်ရင်း
သံသရာလည်သ၍
ဆက်၍ ဒီခရီးကို လျှောက်နေရမှာပဲလေ။
ဘ၀ဆိုတာ တိုက်ပွဲဆိုတဲ့ အဆိုလည်းရှိတာကိုး။
ရာဇ၀င်ကောင်းစေမယ့် တိုက်ပွဲတွေကိုသာ ဆင်နွှဲရရင် အကောင်းဆုံးပေါ့။

မခ said...

ဒီစာလေးကိုသဘောကျတယ် စိတ်ခေါ်မှုတွေကိုလဲ သဘောကျတယ် အားလုံးပြီးသွားတဲ့အချိန်မှာ ရလိုက်တဲ့ ခံစားမှုက ဘာနဲ့မှ မတူတာအမှန်ပဲ