Wednesday, October 22, 2008

မူးယစ် ည



မူးယစ် ည


ခေါင်းတွေက မူးဝေ အုံခဲလို့။ မျက်လုံးတွေက အရာရာ ၀ိုးတစ်ဝါး။ ငါ တော်တော်များ မူးသွားပလား။ ဘယ်နားမှာ သောက်ခဲ့လို့ ဘယ်လို မူးနေမှန်း ကျွန်တော် မမှတ်မိတော့။ ကျွန်တော် သိနေတာက အိမ်ကို ပြန်နေတယ်။ ဈေးကြီးကို ဖြတ်ပြီး နန်းမွန်းကျောင်းရှေ့က တောင်တက်လမ်းလေး အတိုင်း တက်လာခဲ့တယ်။ ရွာလည်လမ်း အ၀င်က သရဲ ခြောက်တယ်လို့ နာမည်ကြီးတဲ့ ညောင်ပင်ကြီးကိုတောင် ရှိသေးလား သတိ မထားမိဘဲ ဖြတ်လာခဲ့တယ်။ စည်ပင်သာယာ အောက်လမ်းအတိုင်း ဆင်းလျှောက်လာရင်း ကျွန်တော် ကြိတ်ပိုးနေတဲ့ မမတို့ အိမ်ရှေ့ရောက်တော့ ထုံးစံအတိုင်း ခိုးကြည့်ခဲ့သေးတယ်။ ဘာလို့များ လမ်းပေါ်မှာ လူဒီလောက် ရှင်းနေတာပါလိမ့်။ မူးရူး ယိုင်ထိုးပြီး အမြဲပြန်လာတတ်တဲ့ ကျွန်တော် ရန်ရှာမှာ ကြောက်လို့ တစ်ရွာလုံး ပုန်းနေကြသလား။ အဟက်။ ကျွန်တော်က ဒီလောက်တောင် ရွံစရာ၊ ကြောက်စရာ ကောင်းနေပြီ ထင်ပါ့။ ဟို ယိမ်း ဒီယိုင်နဲ့ ကိုယ့်ကိုယ်ကို မနဲ သယ်လျှောက်ရင်း အိမ်ပေါက်ဝကို ရောက်လာတယ်။ အမယ်၊ အငယ်ကောင်က ဂစ်တာတီးပြီး အမေသီချင်း ဆိုလို့ပါလား။ ငါများ နားကြားလွဲ လေသလား။ ခြံတံခါးကို တွန်းဖွင့် ၀င်သွားတော့ ခြံအ၀င်ဝက သနပ်ခါးပင် ဘေးမှာထိုင်ပြီး ဂစ်တာတီး သီချင်းဆိုနေတဲ့ အငယ်ကောင်ကိုတွေ့တယ်။ ငါ သိပ်မမူးသေးပါဘူး။ အတွေးနဲ့ ကျေနပ်တုန်း အိမ်နောက်ဖေးမှာ အလတ်ကောင်ကို လှမ်းမြင်လိုက်တယ်။ အမယ်၊ ဒီကောင်ကလဲ အငယ်ကောင် ဆိုနေတဲ့ အမေသီချင်းကို တစ်ပိုင်းတစ်စ လိုက်ဆိုနေလိုက်တာများ စိတ်ပါလက်ပါ ရှိလို့။ သွားစမ်းပါ။ ဒီကောင်တွေက အခုမှ အမေ့ကို ချစ်ပြနေလိုက်တာ။ စိတ်ထဲ ဒေါသက ထောင်းကနဲ ထွက်လာတယ်။ ဘာကို အလို မကျဖြစ်နေမှန်း မသိဘဲ စိတ်တွေတိုနေတယ်။ အိမ်တံခါးကို ဆောင့်တွန်းပြီး ၀င်သွားတော့ လန့်သွားတဲ့ ညီမလေးက မ၀ံ့မရဲနဲ့ အခန်းထောင့်ကနေ ကြည့်တယ်။ သောက်လာပြန်ပြီ ဆိုတဲ့ ပုံမျိုးနဲ့ ခေါင်းယမ်းပြီး စိတ်ပျက်လက်ပျက် ကြည့်နေတဲ့ ညီမလေးကို မျက်လုံးထောင့်ကနေ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ အောင်မာ၊ ဒင်းကများလာသေးတယ်။ ဒေါသတွေ ပိုထွက်လာပေမဲ့ မူးနေတဲ့ ကိုယ့်ကိုယ်ကို မသယ်နိုင်တော့ဘူး။ ကျွန်တော်တို့ ညီအကို လေးယောက် စုပေါင်းပြီး တိုးခွေ့ အိပ်ရတဲ့ ကုတင်ပေါ် ပစ်လှဲ ချလိုက်ရတယ်။
ထမင်းဟင်း ချက်နေတဲ့ အမေကလဲ ကျွန်တော် မူးလာတာကို စိတ်တိုနေပုံ ရတယ်။ ဆောင့်ဆောင့် အောင့်အောင့် လုပ်နေတယ်။ ဘာဖြစ်လဲကွာ။ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် သောက်လာတာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ။ အရက်လေး သောက်တာများ မဟာ ပြစ်မှုကြီး ကျူးလွန်ထားတာ ကျနေတာပဲ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ စိတ်ချဉ်ချဉ်နဲ့ အိပ်ပစ်လိုက်တာပဲ ကောင်းတယ်။ ကျွတ်၊ ခေါင်းကလဲ မူးရုံမက ကိုက်လာသလိုပဲ။ ဒေါသတွေက ပိုပြီး ဆူဝေလာတယ်။
ထမင်းစားဖို့ လာခေါ်တဲ့ ညီမလေးကို ခြေနဲ့ လှမ်းခတ် ပြစ်လိုက်တယ်။ သွားစမ်းကွာ။ ရှာသမျှ ဒီလောက် ပေးနေတာတောင် မစိုပြေနိုင်တဲ့ ထမင်းဝိုင်း၊ ငါ မစားဘူး။ ကျွန်တော် ကန်လိုက်လို့ ညီမလေးလဲ ကြိတ်ငိုနေတယ်။ သူလန့်ြ့ပီး အော်လိုက်တဲ့ အသံကို ကြားလို့ထင်ပါရဲ့။ အလတ်ကောင်နဲ့ အငယ်ကောင်က အိမ်ထဲ ပြေးဝင်လာတယ်။
ညီမလေးကို ကန်လွှတ်နေတဲ့ ကျွန်တော့်ကို ၀ိုင်းဆွဲကြတာပေါ့။ အလတ်ကောင်က ခြေရင်းကနေ ကျွန်တော့် ခြေထောက်ကို ချုပ်ဖို့ ကြိုးစားတယ်။ အငယ်ကောင်က ကုတင် ဟိုတစ်ဘက် ဘေးကနေ ကျွန်တော့်လက်တွေကို ချုပ်လို့ရအောင် ဆွဲနေတယ်။ အော်၊ မင်းတို့က ဒီလိုလား။ ဆူဝေချင်နေတဲ့ ဒေါသတွေ ပွက်ပွက်ထပြီး အတင်းရုန်းတယ်။ ရုန်းလို့ မရလေ ဒေါသတွေက ပိုထွက်လေ။ ဒီလောက်တောင်ရှိတာ၊ ကဲကွာ။ မျက်စိကို စုံမှိတ်၊ ရှိသမျှ အားကုန်သုံးပြီး ရုန်းရင်း ခြေစုံ ကန်ထည့်လိုက်တယ်။
ဝုန်းကနဲ ကျွန်တော် ကျုံးရုံး လူးလဲပြီး ထထိုင်ရင်း ဒီကောင်တွေ ပြန်ချုပ်လာရင် အသင့် ပြန်ဆော်ဖို့ မျက်လုံးကို ပြူးပြဲပြီး ဖွင့်ကြည့်တော့
ဟင်၊ ကျွန်တော့် အိမ်က ၀ါးထရံတွေ ဘယ်လိုဖြစ်ပြီး အုတ်နံရံ ဖြစ်နေရတာတုန်း။ ပြီးတော့ ကျွန်တော့် ကုတင် ကလဲ ဘာလို့ သေးသွားရတာလဲ။ ဟိုတစ်ဘက်မှာကလဲ ကုတင်တစ်လုံး။ မှားယွင်းနေတဲ့ အခန်း အနေအထားကြောင့် ကျွန်တော့် ခေါင်းကို တော်တော် အလုပ်ပေး စဉ်းစားနေတုန်း ကျွန်တော့် ခုတင်ခြေရင်းကနေ ကုန်းကုန်းကွကွနဲ့ ထလာတဲ့ သူကိုမြင်မှ ဩော် ငါအိပ်မက် မက်နေပါလား သိတော့တယ်။
အိပ်မက် မက်ပြီး ၀ူးဝူးဝါးဝါး ရုန်းကန် အော်ဟစ်နေတဲ့ ကျွန်တော့်ကို လာနိုးရင်း ကျွန်တော့် အခန်းဖော်ခမျာ ကျွန်တော့် ကန်ချက်ကို မိသွား ရရှာလေရဲ့။ ပျာပျာသလဲ တောင်းပန်ရင်း သက်ပြင်းကို ၀ူးခနဲနေအောင် ချလိုက် ရတယ်။ တော်ပါသေးရဲ့။ အိပ်မက်ထဲမှာ အဖေနဲ့ ညီအငယ်ဆုံးက ပါမလာသေးလို့။ နို့မို့ဆို သားအဖတွေ ၀ိုင်းပြီး ဘေ ကြတာနဲ့ အိပ်ယာကတောင် မနိုးနိုင်ဘဲ ကိစ္စ ချောမဲ့ပုံ။
ဆက်အိပ် မရတော့တာနဲ့ ဘာကြောင့် ဒီအိပ်မက်ကို မက်လဲ စဉ်းစားကြည့်တော့ အဖြေ မတွေ့ဘူး။ ခေါင်းတွေလဲ တစ်ကယ်ကို ကိုက်နေတာ။ ကျွန်တော်လဲ တစ်ခါမှ အိမ်ကို မူးရူးပြီး မပြန်ဘူးပါဘူး။ နောက်ပြီး အိပ်မက်ထဲက အိမ်ကလဲ ကျွန်တော် ဆယ်တန်းနှစ်ထိဘဲ နေခဲ့တဲ့ နေရာ။ အဲ့ဒီ အိမ်ကနေ ပြောင်းပြီး သုံးဆယ့်တစ်ဘုံ ထိပ်မှာ သွားနေတာ ကြာလှပေါ့။ သုံးဆယ့်တစ်ဘုံထိပ် ဆိုလို့ တစ်မျိုးတော့ မထင်ပါနဲ့ဗျာ။ လှေကားပေါင်း သုံးဆယ့် တစ်ထစ်ကို တက်ပြီးမှ အိမ်ဝင်းထဲကို ရောက်လို့ပါ။ အဟား။
အဲ့ဒီ အိမ်ဟောင်းလေးကို အိပ်မက်တိုင်း အမြဲ မွန်းမွန်းကျပ်ကျပ်နဲ့ ပူလောင်ခံစားရတာ များတယ်။ စိတ္တဇ တစ်ခုပဲ နေမှာပါ။ ဘယ်လောက်ပဲ ခါးသီးတဲ့ ဘ၀ကို ကြုံခဲ့ ပါစေ။ ကျွန်တော့် ခလေးဘ၀ ရှိခဲ့ရာ အဲ့ဒီ အိမ်ကလေးကို တော့ ကျွန်တော် ချစ်ပါတယ်။
အင်း၊ အိပ်မက်ထဲ ကလိုများသာ မူးယစ်သောက်စားနေရင်တော့ အဖေ၊ အမေနဲ့ ညီ ညီမအားလုံး ဘယ် လောက် တောင် စိတ်ဆင်းရဲကြရရှာမလဲ။ အတွေးနဲ့တင် ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်လှပြီ။ တစ်နေ့ထက် တစ်နေ့ မွန်းကျပ်လာတဲ့ လူနေမှုစနစ်မှာ ကျစ်ကျစ်လျစ်လျစ်နဲ့ အလိုက်အလျားသင့် မနေတတ်တဲ့ ကျွန်တော်... ထွက်ပေါက်မဲ့လေတိုင်း အိမ်ကလေးနဲ့ မိသားစုကိုသာ လွတ်လွတ်လပ်လပ်ကြီး လွမ်းနေရပေမဲ့ ဒီလိုကြီးတော့ အိပ်မက်ထဲတောင် မလွမ်းပါရစေနဲ့ဗျာ။







1 comment:

Lucifer said...

မကိုသာအိမ်မက်ထဲးမှာမမူးဘဲး အပြင်သာတကယ်မူးရင် အကို့မိသားစုတော့ရင်ကျိုးရပါပြီ...