Tuesday, October 21, 2008

စီးကြောင်းထဲက ကျွန်တော်

မလွမ်းခဲ့ပါဘူး၊

အဲ့ဒီမူးယစ်မှုတွေက

ငါ့ကိုယ်ငါတောင် မသိတော့အောင်

လောင်မြိုက်လို့......။

အတွေးစတွေထဲ နစ်မျောပြီး

လမ်းကို ငါကူးခဲ့တယ်၊

ပြီးတော့ အဲ့ဒီ အတွေးစတွေကို

လမ်း ဟိုဘက်တစ်ခြမ်းမှာ

ငါ... မေ့လို့သွားပြန်တယ်။

ငါ ရွက်လွှင့်ခဲ့တယ်

ဒါပေမဲ့ ....

စီးကြောင်းတစ်ခုထဲမှာ

မျောပါနေတာ

ငါ့ကိုယ်ငါ မသိလိုက် ပြန်ဘူး။

ဩော်... ဘာလိုလိုနဲ့

အိမ်အပြန်အတွက်

ငါ ချန်ရစ်ခဲ့တဲ့

ခြေရာတွေတောင် ပျောက်ဆုံးခဲ့ပေါ့။

(ဖေဖေ ပို့ပေးလိုက်တဲ့ ဆရာမဂျူးရဲ့ ၀တ္ထုတိုလေးကို ဖတ်ပြီး ကျွန်တော် ဒီကဗျာလေး ရေးဖြစ်သွားပါတယ်)


သားကြီးရေ-
ဆရာမဂျူးကတော့ လက်ဖျား ခါလောက်အောင် စာရေး ကောင်းလှပါတယ်။ ဒီ Essay လေးကို ငါ့သား သဘောကျ နှစ်သက်လိမ့်မယ် ထင်ပါတယ်။
သူ့ ဒဿနတွေက ဓမ္မအားလည်း ပါတယ်။လောကအားလည်း ပါတယ်။ ဒီလို ခွန်အားတွေ တိုးပွားဖို့ ရည်ရွယ်ပြီး ဖေဖေ Copy ပို့ပေးလိုက်တယ်။
ခွန်အားများ တိုးပွားပါစေ။
ဖေဖေထူး
မိုးကုတ်
1st Oct; 2008

ဖေ ပို့ပေးလိုက်တဲ့ ဆရာမဂျူး ရဲ. "တစ်ကြောင်းသွားလက်မှတ်" ဝတ္ထုတိုလေး အဆုံးက ခြေရာတစ်စုံကို တွေးမိရင်း ကျွန်တော့် ရှေ့က၊ နောက်က ခြေရာတွေကို ကြည့်မိတယ်။ ဘာခြေရာမှ ရှာမတွေ့ဘဲ ရေစီးကြောင်း တစ်ခုမှာ မျောနေတဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်မိတော့မှ ...... အပေါ်က ကဗျာမဟုတ်၊ စာမဟုတ် အပိုင်းအစလေး တစ်ခု ရင်ဘတ်ထဲက ထွက်ကျလာတယ်။

မိတ်ဆွေတို့လဲ တစ်ခုခု ရသွားမယ် ဆိုရင်တော့....




တစ်ကြောင်းသွား လက်မှတ် (ဂျူး)

ငယ်တုန်းက စီးဆင်းနေသော ရေတွေကို ကျွန်မ သနားခဲ့ ဖူးပါသည်။
ဆည်မြောင်းကနေ ရေလွှတ်သည့် နေ့တစ်နေ့က ကျွန်မတို့ အိမ်ရှေ့က မြောင်းထဲမှာ ဒူးဆစ်ထိ နက်အောင် ရေတွေ အရှိန်ဖြင့် စီးဆင်းနေခဲ့သည်။ ကျွန်မက အိမ်ရှေ့မြောင်းကူး ၀ါးတံတားတိုလေး ပေါ်မှာ ရေစီးကို မျက်နှာချင်းဆိုင်လျှက် ခြေတွဲလောင်းချ ထိုင် လိုက်သည်။ အရှိန်ဖြင့် ပြေးစီး လာနေသော ရေထဲသို့ ခြေထောက်ကို နှစ်လိုက်သည်။ ခြေထောက်ကို တိုးဝှေ့ ဖြတ်စီးသွားသော ရေ၏ အေးစိမ့်သော၊ တွန်းတိုက်သော အတွေ့ကို ကျွန်မ ချစ်သည်။ အဲသည် ရေတွေက အရှေ့တောင် ဘက်ကနေ လာပြီး အနောက် မြောက်ဘက်သို့ မြောင်းအတိုင်း စီးဆင်းသွားမည်ဟု ကျွန်မ သိသည်။ ကျွန်မနှင့် မျက်နှာချင်းဆိုင်မှ စီးလာနေပြီး ကျွန်မ၏ နောက်ကျောဘက်မှ အဝေးကြီးအထိ စီးသွားမည်။ အဲသည် ရေတွေက တစ်ခါ စီးဆင်းပြီးလျှင် ပြန်လှည့်လာသည့် ထုံးစံမရှိ။ အသွား တစ်ကြောင်းပါပဲ။ အပြန်မရှိ။ ပြန် မလာတော့မည့် ရေတွေကို နောက်ပြန်လှည့်ပြီး ငေးမောနေမိခဲ့သည်။ ပြန်လမ်း မရှိသည့် ရေတွေဟာ ဝမ်းမနည်းကြဘူးလား။ လူတွေက ဘယ်နေရာ ရောက်ရောက် မိမိအိမ်ကို မိမိ အမြဲ ပြန်လာကြသည်။ ရေတွေက သူ့အိမ်သူ ပြန်မလာနိုင်ကြဘူးလား။ တွေးမိလျှင် ကျွန်မ ရေတွေကို သနားသွားသည်။
ငါးတန်းအောင်လို့ ကုန်းဇောင်းကနေ ပြန်ပြောင်းခါနီးတော့ ကျွန်မ ခင်လက်စ သူငယ်ချင်း တွေနှင့် ခွဲရမှာမို့ ဝမ်းနဲသော်လည်း
ကျွန်မ၏ ငယ်ဘဝ ရှိခဲ့ရာ ရေနံချောင်းကို လွမ်းနှင့် နေပြီး သားမို့ မြေကိုတော့ ခွာနိုင်ပါသည် ဟု ထင်ခဲ့သည်။ သွားပါ။ ဖုန်တွေသည်လောက် ပေါသည့် မြေကြီး။ မလွမ်းပါဘူး။ မစားရလို့ ချဉ်သည့် စပျစ်သီးလို သဘောထားခဲ့သည်။ ကျွန်မတို့ အိမ်ကို အပြီး ရောင်းပစ်ခဲ့သည်မို့ ပြန်လှည့်လာစရာ မလိုတော့ပြီ။ သို့သော် ကျွန်မ၏ စာဖတ် သက်တမ်း အဦးဆုံး ဘဝက ကုန်းဇောင်းမှ စသည်။ မေမေက နွေ ကျောင်းပိတ်ရက်တွင် လက်လေးလုံးခန့် ထူသော ဓူဝံ၏ မာလာ စာအုပ်ကို ဖတ်ခိုင်းခဲ့ရာမှ ကျွန်မ စာဖတ်ခြင်းကို နှစ်သက် လာခဲ့သည်။ စာအုပ်တွေသည် ကျွန်မကို ဇာတိမြေ ရေနံချောင်းနှင့် ဝေးရာသို့ ခေါ်ဆောင် သွားလိမ့်မည်ဟု ကျွန်မ တစ်ခါမှ မထင်ခဲ့ဘူး။ စိတ်ကူးဖြင့်ပင် မှန်းဆ မကြည့်ခဲ့ဘူးပါ။ ကျွန်မ ဖတ်ခဲ့သည့် စာအုပ်တွေက ကျွန်မကို အဝေးဆုံး သမုဒ္ဒရာ တွေထိ စိတ်ကူးတွေ ဖြန့်ကျက်စေခဲ့သည်။ မေမေ စုဆောင်းထားသည့် ဓူဝံ၊ တက္ကသိုလ် ဖုန်းနိုင် စာအုပ်တွေ ကုန်တော့ ဘကြီး ဦးဖိုးဦးတို့ အိမ်သည် ကျွန်မကို စာအုပ်တွေဖြင့် ဆွဲဆောင် နိုင်ခဲ့သည်။ တစ်နေ့ မသွားရလျှင် မနေနိုင်။ ဗန်းမော်တင်အောင်၊ သာဓု၊ စိန်စိန်၊ ယုဝတီ ကြည်ဝေ၊ အဲသည်ကနေ ဂိုဂေါလ်၊ လီယိုတော်စတွိုင်း၊ ဂေါ်ကီ။ တကယ်တော့ စာအုပ်တွေသည် ကျွန်မကို မွေးဖွားကြီးပြင်းရာ အရပ်ဒေသတွေမှ ဟိုးအဝေးသို့ ပြန်လှည့် မကြည့် ခရီးနှင်နိုင်အောင် အာမခံ ပေးခဲ့သည့်ခရီးသွား လက်မှတ်တွေ ဖြစ်ခဲ့သည်။
ကျွန်မ သွားရာလမ်း၏ ဟိုဘက်ဒီဘက်မှာ ခြံရံလျှက်ရှိသော ပန်းများသည် စံပယ်ပန်းကဲ ဖြစ်ဖြစ်၊ မြတ်လေးပန်းပဲ ဖြစ်ဖြစ် ဘယ်သူက အားကျမှာလဲ။ အပြန်မှာ ဒီပန်းတွေကို ခူးလိုက်ဦးမည်ဟု စိတ်ကူးမိသော်လည်း ကျွန်မ သည်လမ်းကို ပြန်မလာတော့ဘူး ဆိုတာကို ကျွန်မ
မသိမီ ပန်းတွေက သိနေပုံရသည်။ အမွှေးပျံ့ဆုံးသော ရနံ့ဖြင့် ကျွန်မအား မြိုင်ဆိုင်စွာ လွမ်းမော စေခဲ့သည်။ အခုတော့ ကျွန်မနှင့်
ပန်းတွေက ဝေးကွာသွားခဲ့ပါပြီ။ တစ်ခါတစ်ခါမှာ မြတ်လေးပန်းတို့၏ မွှေးရနံ့ကို တမ်းတ မိသော်လည်း တမ်းတမိရုံဖြင့် စိတ်ကို နှစ်သိမ့် နိုင်ခဲ့သည်။ ကျွန်မ ပြန်မလှည့် တော့ပါဘုး။ ဆုံးရှုံးမှုတိုင်းမှာ ရည်ရွယ်ချက် ပန်းတိုင် ရှိပါသည်။ မွှေးပျံ့သော ပန်းတွေကို မဝေးနိုင်လျှင် ကျွန်မ ကြယ်တာရာတွေဆီ မနီးနိုင်။
နွေရာသီ တစ်ခုမှာ ရေကူးကန်ထဲတွင် အချိန်ကြာကြာ မေ့မေ့လျော့လျော့ ရေကူးနေလဲ့သော လူတစ်ယောက်၏ ကောင်းကင်ပေါ်မှ လေယာဉ်ပျံတစ်စင်း ဖြတ်သန်းသွားသည်။ သူ ရေငုတ်နေချိန် ဖြစ်လို့ လေယာဉ်သံကို မကြားလိုက်ဟု ပြောသည်။ တကယ်က ထိုလေယာဉ်သည် သူလိုက်ပါရမည့် လေယာဉ် ဖြစ်သည်။ တစ်ချို့က လက်မှတ် ၀ယ်ပြီးမှ မိမိ၏ ဆုံးဖြတ်ချက်ကို ပြန်ပြင်တတ်သည်။ သူဘာကြောင့် ခရီးကို လိုက်ပါမသွားဘဲ ချန်ရစ်ခဲ့သလဲဟု သူကိုယ်တိုင်တောင် သိချင်မှ သိမည်။ ချန်ရစ်သူတွေမှာ ရည်ရွယ်ချက်ရှိသည်။ ရကို နှစ်သက်ပျော်မွေ့လျှင် ကောင်းကင်ဆီ သွားဖို့မလို။
ကြီးမားသော ထရပ်ကားတွေပေါ်မှာ သစ်လုံးတွေ လိုက်ပါလျက် ခရီး ထွက်ကြသည်။ သူတီု့သည် အသက်ကြီးရင့်သော်လည်း ရိုးစင်းသူများ ဖြစ်သည်။ လောကဓံကို သူတို့ ကြံ့ကြံ့ ခံနိုင်သည်။ သူတို့၏ ခံနိုင်ရည်ကြောင့်လည်း သူတို့သည် တောတောင်တွေဆီမှ ခွဲခွာပြီး စက်ပစ္စည်းပေါ်မှာ တုံးလုံးလဲလျက် လိုက်ပါလာရခြင်း ဖြစ်သည်။ သူတို့သည် ဖြောင့်တန်းသော လမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ ကွေ့ကောက်သော လမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ မြေညီလမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ တောင်ပေါ်လမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ ခဏကြာလျွှင် မြစ်ကူးတံတား တစ်ခုသို့ ရောင်ကြတော့မည်။ တစ်ခုသို့ ရောက်ကြတော့မည်။ သစ်လုံးတို့သည် ရက်ပိုင်းအတွင်း နောက်ထပ် စက်ပစ္စည်းနှင့် တွေ့ကြုံရဦးမည်။ သူတို့မသိ။ မသိတော့ ပူပင်သောက မရှိ။ သူတို့လာရာ မွေးရပ်မြေမှ အပျော်ခရီး ထွက်လာကြသလို တစ်ချိန်ချိန်မှာ ပေသုံးထောင်အမြင့် ရိုးမတောင်တန်း အခြေသို့ ပြန်ရောက်ကြတော့ မလို။ တစ်ကယ်တော့ မြစ်ကို ကူးပြီးလျှင် သူတို့ ပြန်လာလို့ မရ။ မြစ်ဆိုသည်မှာ အသွားသာ ရှိပြီး နောက်မြီး သူတို့ မသိလို့ပါ။ သူတို့သည် သစ်ပင် ပြန် မဖြစ်နိုင်။ အကိုင်းအခက်တွေ ပြန်ပြီး မဝေစည်နိုင်။ အရင်ကလို ကမ္ဘာကြီးအား အစိမ်းရောင်တွေ မဝေမျှနိုင်။ သူတို့ကို တစ်ယောက်ယောက်က တစ်ကြောင်းသွား လက်မှတ်တွေ ထုတ်ပေးလိုက် ပြီးပြီ။ တစ်ခါတစ်ခါ မိမိကိုယ်တိုင် မသိလိုက်ဘဲ မိမိ ကံကြမ္မာကို တစ်ယောက်ယောက်က စီရင်ခြင်းကို ခံလိုက် ရတတ်သည်။
ရာသီဥတု မှုန်မှိုင်းပြီး မန်ကျည်းပင်တွေတောင် ငိုက်နြည်းဆဲ ဖြစ်သည့် တစ်မနက်ခင်းမှာ မေမေက ကျွန်မကို အိပ်ယာက နှုးသည်။ ယ်တောင်တွေ မှာရမယ်တဲ့။ ယပ်တောင်တွေကို ကျွန်မတို့အိမ်မှာ အများကြီး မြင်ဘူးပါသည်။ ထရံကာအိမ်မို့ အိမ်ထရံကြားမှာ ယပ်တောင်တွေ ထိုးစိုက်ထားတာ ရှိသည်။ ယပ်တောင် မလိုပါဘူး။ ဒါပေမဲ့ လိုတယ်။ လူတွေ အများကြီးကို ကမ်းဖို့။ ဆေးလိပ်လဲ မှာရမယ်။ ဆေးလိပ်နဲ့ ယပ်တောင် ကမ်းရမယ်။ အမေ ဆုံးသွားပြီ။ ပြောရင်း မေမေ ငိုပါသည်။ အမေကြီးသည် ပြန်လှည့် မလာနိုင်တော့သည့် ခရီး တစ်ခုကို ထွက်သွားခြင်း ဖြစ်သည်ဟု မေမေက ပြောသည်။ ပြန်လှည့်လာလို့ မရသည့် ခရီး ဆိုတာကို အဲသည် အရွယ်မှာ ကျွန်မ စသင် သိလိုက်ရခြ်း ဖြစ်ပါသည်။ ငါသေရင် ညည်းတို့ကို အန္တရယ်ကင်းအောင် တမလွန်ကနေ စောင့်ရှောက်ပေးမည်ဟု အမေကြီးက ပြောသည်။ ခရီးတိုင်းမှာ ရည်ရွယ်ချက် ဂှိသည်။ ကောင်းကင်မှာ လ လုံးဝ မရှိဘူး။ ကျွန်တော်သေရင် လတစ်စင်း တည်ဆောက်ယူမည် ဟု ပြောသော လူတစ်ယောက်ကို ကျွန်မ တွေ့ဘူးသည်။
တိတ်ဆိတ်ခြင်း ဟူသော ကဗျာ တစ်ပုဒ်ကို ကျွန်မ ဖတ်ခဲ့ဘူးသည်။
ဘယ်သူမှ မရှိဘူး။ ကျွန်တော်တစ်ယောက်တည်း တိတ်ဆိတ်ခြင်းရဲ့ တယောသံနဲ့။ တိတ်ဆိတ်ခြင်းဟာ ညည်းတွားနေတဲ့ ကျောက်သလင်း မိုးစက်တွေပဲ။ တိတ်ဆိတ်နေတဲ့ အခါ အိပ်ခန်း တစ်ခုထဲမှာ ရှေ့ပြန်နောက်ပြန် တစ်ကိုယ်တည်း လျှောက်နေတဲ့ အရူးတစ်ယောက်ရဲ့ နှေးကွေးတဲ့ ခြေလှမ်းတွေကို ကြားနိုင်တယ်။ အဆုံးမရှိတဲ့ စန္ဒရားထဲမှာ ကျွန်တော့် လက်ချောင်းတွေ ပျောက်ဆုံး သွားခဲ့တယ်။ ကျွန်တော့် နှလုံးသားထဲက တစ္ဆေ စန္ဒရားတစ်လုံး။တိတ်ဆိတ်ခြင်း တိတ်တိတ်နေစမ်းပါ။ တိတ်ဆိတ်မှုဟာ ဘုရားသခင်ရဲ့ စကားသံကို နားထောင်နေတဲ့ အိန်ဂျယ်တစ်ပါးလို့ ကျွန်တော် ယုံကြည်တယ်။ တိတ်ဆိတ်နေရင် နွေဦး သစ်ရွက်တွေ ကြွေတဲ့ အသံကို ကြားနိုင်တယ်။ ရေလှိုင်းတွေရဲ့ အသံ အနမ်းတွေရဲ့ အသံကို ကြားနိုင်တယ်။
ကဗျာရှင်သည် တိတ်ဆိတ်ခြင်း၏ ကြောက်မက်ဖွယ် အခြား ဂုဏ်ရည်ကိုတော့ ချန်လှပ်ထားခဲ့သည်။ အချို့သော တိတ်ဆိတ်ခြင်းများတွင် ရက်စက်မှု တွဲလျက် ပါဝင်သည်။တိတ်ဆိတ်ခြင်းကို အဖော်ပြုသော မကောင်းတိုးရွားနျား ရှိသည်။ ပြစ်မှု တော်တော်များများသည် တိတ်ဆိတ်မှု အောက်မှာ ဖြစ်ပွားခဲ့ ရသည်။တိတ်ဆိတ်မှုသည် တစ်ခါတစ်ခါ ပြန်လမ်းမရှိသော ခရီးကို မောင်းနှင်ပေးသည့် စက်ယာဉ်များ ဖြစ်သည်။
ကျောက်သလင်းလို ကြည်လင်ပြီး ထွင်းဖောက်မြင်နိုင်သော မိုးရေစက်များထဲတွင်ကခေးမလေး တစ်ယောက် ထီးမပါဘဲ အပြေး လမ်းလျှောက်နေသည်။ကျွန်မမှာ ဆောင်းထားသော ထီးရှိသည်။ သူ့လက်ထဲမှာတော့ တန်းလန်း ဆွဲထားသည်က သူ့ ဖိနပ်တစ်ရံ။ ပြတ်ထွက်သွားသည့် ဖိနပ်လား။ သူ့တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲ နေသည်။ ကျွန်မ ငယ်ငယ်တုန်းက မိုးရေထဲမှာ ထီးမပါလျှင် သည်လိုပဲ အပြေး လမ်းလျှောက် ခဲ့ဘူးသည်။ကျွန်မ၏ ထီးကို သူ့အား ပေးလိုက်ရမလား၊ ခက်နေတာက သည်ထီးသည် မိတ်ဆွေ ဆစ်ယောက်က ကျွန်မ ဆောင်းဖို့ လက်ဆောင် ပေးထားသော ထီးဖြစ်သည်။ ကျွန်မ အခန်းမှာ ကျွန်မ ၀ယ်ထားသော နောက်ထပ် ထီးတစ်ချောင်း ရှိသည်။ သွားပြီး ယူပေးလျုက်ရမလား။ တွေးနေဆဲမှာပင် သူက ကျွန်မထက် ခပ်ဝေးဝေးသို့ ရောက်သွားသည်။ နောက်ပြန် လှည့်မကြည့်။ ကျွန်မကလဲ အသံပြုပြီး အော်ခေါ်လိုက်ဖို့ စဉ်းစားနေ ခဲ့သည်။ နောက်တော့ သူနဲ့ ကျွန်မ တစ်လမ်းဆီ ဖြစ်အွားတော့သည်။
ကြယ်ရောင် အောက်မှာ အရာရာသည် မသေချာ မရေရာသလို ဖြစ်နေခဲ့ပေမယ့် တောင်ထိပါကိုတော့ ကျွန်မ ရောက်အောင် တက်ရမည်။ ကျောက်တောင်နံရံတွေက ကြမ်းတမ်း ခက်မာသော်လည်း ကြံ့ခိုင်သည်။ ကျွန်မ၏ လက်ဖ၀ါးတွေကို ပွန်းပဲ့ စေသော်လည်း လက်ဖြင့် ကုပ်ယူ အားပြုဖို့ ပြည့်စုံသော ကျောက်သားနံရံများ ဖြစ်သည်။ မြစ်တွေ တောင်ကျချောင်းတွေကို ကျွန်မ ကျော်လွန်ခဲ့ပြီ။ ပြည်နယ်ပေါင်း များစွာကို ကျွန်မ ချန်ရစ်ထားခဲ့ပြီ။ နှင်းတွေကို ကျွန်မ ချန်ရစ်ခဲ့ပြီ။ အလှပဆုံးသော ပန်းပွင့်တွေကို ချန်ရစ်ခဲ့ပြီ။ လိပ်ပြာတွေကို ချန်ရစ်ခဲ့ပြီ။ ကျွန်မ အထက်မှာ ကျွန်မကို ငုံ့ကြည့်နေသည့် ကြယ်တူရာတွေ။ ကြယ်တွေဆီသို့ ခရီးနှင်နေမိမှန်း မသိ လမ်းလျှောက် နေခဲ့မိတာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ အခုလည်း တောင်ထိပ်ကို ရောက်လျှင်တော့ ကြယ်တွေဆီ ပိုနီးမှာပဲ ဟု မျှော်လင့်ချက် ရှိနေဆဲ။ ကျွန်မဘေးမှာ မည်သည့်အဖော်မှ လိုက်ပါလာခြင်း မရှိ။ ကျွန်မ တစ်ယောက်တည်း။
ကျွန်မနောက်မှာက မှုန်ပျပျ မြေပြင်မှ အစိမ်းရောင်တောင် မသမ်းနိုင်တော့သည့် ဖြူလွလွ သစ်ပင်များ။ ကျွန်မ ရှေ့မှာတော့ ခြေရာတစ်စုံ။


ဂျူး

1 comment:

Nan Thandar said...

thanks for sharing the short story by Juu. She is my favorite writer. nice poem too! especially the last para.