ရနံ့စိမ်း
မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။ထိုနေ့ ညနေခင်းက မိုးတွေ သည်းသည်းထန်ထန် ရွာနေခဲ့သည်။ အလုပ်က အပြန် ဘတ်စ်ကားပေါ်တက်ရင်း ညနေခင်း ဘယ်မှ မသွားတော့ပဲ ကော်ဖီတစ်ခွက်နှင့် စာတစ်အုပ်ကို ဖတ်ဖို့ စိတ်ကူးကာ အိမ်တန်းပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘတ်စ်ကား မှန်မှတဆင့် သည်းကြီးမဲကြီး ၇ွာနေသော မိုးကောင်းကင်ကြီးကို ငေးမော ကြည့်ရင်း၊ တစ်ချက်တစ်ချက် ၀င်းပသွားတတ်သော တိမ်ညိုမဲမဲများကြားမှ လျှပ်ရောင်တန်းများ၏ အလှကို ခံစားရင်း တစ်နာရီမျှ ကြာအောင် စီးရသော ခရီးစဉ်က ဘယ်သို့ ကုန်သွားသည်မသိ။ ကျွန်တော် ဆင်းရမည့် မှတ်တိုင်ရောက်မှ လူက စီးလာသော နှစ်ထပ်ကား၏ အပေါ်ထပ်မှာ ရောက်နေတော့ အပြေးအလွှား ဆင်းရတော့သည်။
ဘတ်စ်ကားပေါ်ကဆင်းဆင်းခြင်း မိုးမှုန်တွေ သယ်လာသော လေနှင့်အတူ ကျွန်တော် ဖြတ်ခနဲ သတိထားမိသည်က မွှေးရနံ့ တစ်ခု။ ရနံ့ သင်းသလောက် ပြင်းရှ ချိုအီသော ထို မွှေးရနံ့ လာရာကို ဝေ့၀ဲကာ ကျွန်တော် ရှာမိတော့ ဘယ်က လာမှန်း ကျွန်တော် မသိပါ။ ဒီ ဘတ်စ်ကားဂိတ် အနီးအနားမှာ ဘာပန်းပင်ကိုမှလဲ ကျွန်တော် မတွေ့မိ။ သတိများ မထားမိလို့လား။ ဘတ်စ်ကားဂိတ် အမိုးအောက်မှာ ခဏ နားခိုရင်း မွှေးမြလှသော ပန်းရနံ့၏ ဖြစ်တည်ရာ အရပ်ကို ကျွန်တော် ရှာဖွေကြည့်မိသော်လည်း မတွေ့ပါ။ အိုး ဒီတစ်လမ်းလုံးကို ထို မွှေးရနံ့က လွှမ်းခြုံထားပါလား။ ဘတ်စ်ကားဂိတ်မှ လူအများကတော့ ထို ပန်းရနံ့ကို သတိမျှပင် ထားမိကြပုံ မရပါ။ အားလုံးကိုယ်စီ၏ မျက်နှာမှာ သည်းမည်းနေသော မိုး အပေါ် စိတ်ပျက်မှုများ၊ အိမ်ပြန်ချင်စိတ် စောနေမှုများသာ ဆင်မြန်းထားကြ၏။
ကျွန်တော်လဲ မထူးပါ။ မွှေးမြသော ပန်းရနံ့ကို ဆက်ကာ ရှုရှိုက်ချင်သော်လည်း သံစုံ မြည်နေသော ဗိုက်ကို ဖြည့်တင်းဖို့ အိမ်ပြန်ရောက်မှ ဖြစ်မည်လေ။ သည်းနေသောမိုးကိုလဲ စဲအောင် မစောင့်ချင်။ အိမ်နှင့်ဆက်ထားသော အမိုးရှိသည့် လူလျှောက်လမ်းလေးကနေ တကွေ့ကြီး ပတ်သွားရမှာ ကလည်း ပျင်းသေးသည်။ ဒီတော့ ကားဂိတ်မှ ဟိုတဘက် လမ်းသွယ်လေးကို ကူးလိုက်ရုံမျှနှင့် အိမ်ဘက်ကို ရောက်သွားနိုင်သည့် သွားနေကျ ပလက်ဖောင်းလမ်းအတိုင်း ပြေးရုံပေါ့။
သည်းထန်နေသော မိုးရေထဲ ပြေးထွက်လိုက်သည် နှင့် မွှေးရနံ့က ပိုပြီး ပြင်းရှလို့လာသည်။ ဘတ်စ်ကားဂိတ်မှ လှေကားထစ် လေးတွေပေါ်က ပြေးဆင်းလာပြီး လူလျှောက်ပလက်ဖောင်းပေါ် အရောက်မှာ နင်းမိနေကျ ပလက်ဖောင်း၏ အမာသားကို ထိတွေ့မခံစားရ။ နူးညံ့သော အထိအတွေ့က ဖိနပ်တွေမှတဆင့် ကျွန်တော့် ခြေဖ၀ါးသို့ စီးဝင်လာသည်။ ပြီးနောက် မွှေးရနံ့တွေက ထိုခြေဖ၀ါး အထိမှသည် တကိုယ်လုံး ပျံ့နှံ့ စိမ့်ဝင်သွားလေသည်လား။ မိုးရေထဲမှာ ပြေးလွှားရင်းက အောက်ကို ငုံ့ကြည့်မိတော့ ဘုရားရေ။ ကျွန်တော်ခြေစုံ ရပ်လိုက်မိသည်။ ကျွန်တော်ဖိနင်း ပြေးလွှားရာ ပလက်ဖောင်းအပြည့်ကို ပန်းပွင့်ကြွေလေးတွေ အပြည့် ဖုံးလွှမ်းလို့ပါလား။ ကျွန်တော် ရှာဖွေနေခဲ့မိသော မွှေးရနံ့တွေကလည်း ထိုပန်းကြွေလေးတွေ ဆီကပါလား။ ဒီပန်းလေးတွေ ကြွေကျလာရာက ကျွန်တော့် ခေါင်းထိပ် တည့်တည့်က အပင်ကြီးဆီကပဲ။ ကပျာကရာ မော့ကြည့်မိတော့ သည်းထန်လှသော မိုးစက်မှုန်တွေကြားမှာ သစ်ပင်ကြီးကို ၀ိုးတ၀ါးသာ ကျွန်တော့် မျက်စိထဲ မြင်ရလေသည်။ ကြည့်စမ်းပါအုံး။ ဒီလောက်ကြီးမားတဲ့ သစ်ပင်ကြီးက လက်သန်း၏ လက်သည်းခွံလောက်ပင် မရှိသော ပန်းပွင့်သေးသေးလေးတွေ ပွင့်သတဲ့။ ပြီးတော့ ထို ပန်း ပွင့်သေးသေးလေးတွေဆီမှာ ကျွန်တော် တခါမျှ မရဘူးသော မွှေးမြသည့် ရနံ့ချိုချိုတွေ ရှိနေသေးရဲ့။
ဖြတ်ခနဲသော စိတ်အာရုံ ကြည်နူးမှုလေးထဲ ကျွန်တော် ရပ်တန့် မိန်းမော မိသွားသည့် မိနစ်ပိုင်းလောက်မှာပင် ကျွန်တော့် တစ်ကိုယ်လုံး မိုးရေတို့ စိုစို ရွှဲလို့ သွားခဲ့ပြီ။ နူးညံ့လှသော ပန်းပွင့်သေးသေးလေးများစွာကတော့ မိုးရေတွေအောက်က ပလက်ဖောင်းလေးပေါ်မှာ ကူကယ်ရာမဲ့ အတုံးအရုံး လဲပြိုလို့။
အခု ကျွန်တော့်လို အမှုအမှတ်မဲ့ သူတို့ကို နင်းဖြတ်သွားသော ခြေထောက်များ ဘယ်နှစ်စုံ ရှိနေခဲ့ပြီလဲ။ ပန်းကြွေလေးတွေဆီ လက်ကရောက်သွားပြီး ပြန်ရုပ်လိုက်တော့ ပန်းပွင့်သေးသေးလေး နှစ်ပွင့်က လက်ထဲ ပါလာခဲ့သည်။ စိုရွှဲနေသော မိုးရေတွေကို ကျွန်တော် ဂရုမစိုက်မိတော့။ " ခွင့်လွှတ်ပါ ပန်းပွင့်လေးတွေရယ်။ မင်းတို့ကို ငါ နာကျင်စေဖို့ မရည်ရွယ်ပါဘူး " ရှေ့ဆက်လျှောက်ရမည့် လမ်းပေါ်မှာ နင်းဖြတ်ရမည့် ပန်းကြွေလေးတွေ မနာကျင်အောင် ခြေလှမ်းတွေကို ညင်သာဖွဖွလျှောက်ရင်း စိတ်ထဲက တိတ်တဆိတ် တောင်းပန်နေမိသည်။
ကျွန်တော့်လက်ဖ၀ါးပေါ်မှာတော့ အစောနကမှ လွင့်ကြွေခဲ့ဟန် ရှိသော ပန်းပွင့်သေးသေးလေး နှစ်ပွင့်က ခုထိ လန်းဆတ်နေဆဲ။ မွှေးရှူကြည့်တော့ အဖော်အပေါင်းများစွာ ရှိစဉ်ကလို သူ့ ရနံ့က မပြင်းပျတော့။ မွှေးရနံ့ သေးသေးလေးကို ထိုပန်းပွင့်သေးသေးလေးထံမှ ရသည်။ အားပါးတရ ရှူရှိုက်လိုက်ချင်သော်လည်း နူးညံ့လှသော ထိုပန်းပွင့် သေးသေးလေးတွေ၏ ပွင့်လွှာချပ်လေးတွေကို ကျွန်တော် သနားလှသည်။
ကားလမ်းသွယ်လေးကို ကူးဖြတ်ပြီး ကျွန်တော် နေထိုင်ရာ တိုက်တန်းတွေဘက်က လှေကားထစ်တွေပေါ် ပြေးတက်ရင်း လက်ဖ၀ါးထဲမှ ပန်းပွင့်လေး နှစ်ပွင့်ကိုကြည့်မိတော့ ကျွန်တော် ကောက်ယူလာကာစ ကလို လန်းဆတ်မနေတော့။ ညှိုးဖျော့လို့ နေကြလေပြီ။ ဘာကြောင့်ရယ်မှန်းမသိ၊ ကျွန်တော့် စိတ်ထဲ ၀မ်းနည်းမိသွားသည်။ လက်ဖ၀ါးထဲ ဆုပ်ကိုင် ယူလာမိသောကြောင့် ထိုပန်းကလေး နှစ်ပွင့် သည်မျှ မြန်မြန်ဆန်ဆန် နွမ်းကြေသွားရလေသည်လား။ အိမ်ထဲရောက်လျှင် ထိုပန်းသေးသေးလေးနှစ်ပွင့်ကို ဓာတ်ပုံ အနီးကပ်ရိုက်ပြီး မှတ်တမ်းတင်ထားချင်သော စိတ်လေးကို လျှော့လိုက်သည်။ ညှိုးနွမ်းစ ပြုနေသော ပန်းကြွေလေး နှစ်ပွင့်ကို တချက် ဖွဖွ နမ်းရှိုက်ရင်း လျှောက်လမ်းလေးဘေးမှ မြက်ခင်းပြင်ပေါ် သို့ တယုတယ တင်လိုက်သည်။ နေရစ်ခဲ့တော့ ပန်းကလေးတွေရယ်။ ပြူတင်းသေးသေးလေးသာ ရှိပြီး လုံပိတ်နေတဲ့ ငါ့အခန်းကျဉ်းလေးထဲမှာ မင်းတို့ မွန်းကျပ်နေရမှာ ထက်စာရင် ဒီ မြက်ခင်းပြင်က မင်းတို့ အတွက် ပိုမို လွတ်လပ် သင့်လျော်ပါတယ်။ ငါကတော့ မင်းတို့ ပေးတဲ့ ရနံ့မွှေးတွေကြောင့် သိမ်မွေ့ကြည်နူးသွားရတဲ့ တဒင်္ဂလေးကို အမြဲ အမှတ်တရ ရှိနေတော့မှာပါ။ အဲဒီအတွက် ကျေးဇူးပါ ပန်းပွင့်လေးတွေရေ။
ထိုနောက်ပိုင်းရက်များမှာတော့ ကျွန်တော် ဘတ်စ်ကားပေါ်မှ ဆင်းကာ အိမ်ဘက်သို့ လျှောက်လာတိုင်း ထို သစ်ပင်ကြီးကို မော့ကြည့်ကာ ပြုံးပြနှုတ်ဆက်တတ်သော အကျင့်တစ်ခု ရခဲ့လေတော့သည်။ ထိုအပင်ကြီးကို ဘာပင်ခေါ်သလဲ ကျွန်တော် မသိပါ။ ထိုပန်းပွင့်လေးတွေကိုလည်း မည်သို့ ခေါ်ဆိုရမည် ကျွန်တော် မသိပါ။ အခါများစွာ ထိုအပင်အောက်မှာ အမှုအမှတ်မဲ့ ဖြတ်လျှောက်မိခဲ့သော နေ့ရက်ပေါင်း များစွာအတွက်လဲ ကျွန်တော် နှမျောတသ မဖြစ်မိပါ။ သေချာတာ တခုကတော့ မိုးညတညမှာ ရခဲ့သော ထိုပန်းပွင့်ကြွေလေးများ၏ မွှေးရနံ့ကို ကျွန်တော် အမြဲ အမှတ်ရနေတော့မည် ဆိုတာပါပဲ။
မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။
မေတ္တာဖြင့်
မိုးကုတ်သား
ပုံကလေးကို ဒီက ယူထားတာပါခင်ဗျာ။
လှပတဲ့ ခေါင်းစဉ်လေးအတွက် အမအိန္ဒြာ ကို ကျေးဇူး အထူး တင်ပါတယ် ခင်ဗျား။
မိုးကုတ်သား
ပုံကလေးကို ဒီက ယူထားတာပါခင်ဗျာ။
လှပတဲ့ ခေါင်းစဉ်လေးအတွက် အမအိန္ဒြာ ကို ကျေးဇူး အထူး တင်ပါတယ် ခင်ဗျား။








