Monday, May 11, 2009

လရောင်ခမ်းတဲ့ည




လမင်းကိုမှ
သူကမျှော်ကြည့် မျှော်လင့်မိ။
ရွှန်းပ ကြည်မြလွန်းလှတော့
ငြိမ်းချမ်းမှုတွေနဲ့ လရင်ခွင်မှာ မှေးစက်ခဲ့သူ။
လဆိုတာ
နေအလင်းကြောင့် လင်းရတာ
သူမသိလို့
နေမင်းကြီးကို သူ့ကောင်းကင်က
ဆွဲဖြုတ်လိုက်တဲ့အခါ။ ။





တစ်ခါတစ်ခါမှာတော့ ဘ၀ဆိုတာ မမြင်ရတဲ့ ကံကြမ္မာတွေကို သယ်ဆောင်လာတတ်တယ်။
အိပ်မက်တွေတိုင်းသာ ဖြစ်ခွင့်ရရင် လို့ မမျှော်လင့်မိတော့ပေမဲ့ ထုပ်ပိုး သိမ်းဆည်းထားတဲ့ အိပ်မက်လေးတွေကို လွယ်ပိုးထားနေမိဆဲ။ ကောင်းကင်တိုင်းဟာ နေရောင်ခြည်နဲ့ နွေးထွေးလင်းလက်ပြီး လရိပ်နဲ့ အေးမြငြိမ်းချမ်း စေဖို့တော့ (မပြည့်လည်း) တိတ်တဆိတ် တောင်းဆုခြွေရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ပြိုမယောင် တိမ်မဲညိုတွေက အုံလိုက်ကျင်းလိုက် ထိုးဆင်းလို့။ ပင်လယ်ကြီးဆီကတောင် ခြောက်ခြောက်ခြားခြား ညည်းညူသံတွေ မြည်တမ်းနေလေသလား။ အောက်စီဂျင် မ၀တဲ့ အာရုံတွေက ခြောက်လှန့်တာပဲ နေမှာပါလေ။

ဓာတ်ပုံလေးကို ဒီက ယူထားတာပါ။

မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား

3 comments:

မယ့်ကိုး said...

စာလေးကိုကြိုက်လို့  သုံးခေါက်တိတိဖတ်သွားတယ်နော်...ကဗျာနဲ့  စကားပြေ ရောရေးထားတော့ ကဗျာမဟုတ် စာမဟုတ်လား။:)
စာရော ကဗျာရော လှတယ်။

မင်းအိမ် said...

''လဆိုတာ
နေအလင်းကြောင့် လင်းရတာ
သူမသိလို့
နေမင်းကြီးကို သူ့ကောင်းကင်က
ဆွဲဖြုတ်လိုက်တဲ့အခါ။ ''

ဟုတ်ပါတယ် .. သို.သော် နေမင်းကြီးပေးတဲ့ စွမ်းအင်တွေ ကတမျိုး
လမင်းကြီးက ပေးတဲ့ အေးမြမှူတွေက တစ်ဘာသာ ..... မတူညီဘူးလေ... အဲဒီလိုခံစား ဖူးပါတယ် .... ပိုမိုပြည့်စုံကောင်းမွန်တဲ့ ပေးဆပ်ခြင်းတွေထက် တခါတခါ ... ဘာမှ မဟုတ်ဘူးလို.ထင်ရတဲ့ အေးမြခြင်းလေးကို မြတ်မြတ် နိုးနိုး ဖက်တွယ် တမ်းတနေတက်တာ ...... သဘာဝပါပဲ ..... အပြစ်ရယ်လို. ဆိုသာဘူးလေ......

Mogok Thar said...

မယ်ကိုးရေ သုံးခေါက်တိတိဖတ်သွားတယ်ဆိုလို့ ကိုယ့်စာ ကိုယ် ပြန်ဖတ်ကြည့်မိသေးရဲ့။ ကိုမင်းအိမ်ရေ... မသိလို့ လုပ်မိတတ်တဲ့ စိတ်သဘာဝလေးကို သတိရမိလို့ ရေးထားတာပါ။ ခုလို လာလည်ပြီး မန့်သွားပေးတာ ၀မ်းသာပါတယ်ဗျာ။ BigLP နဲ့ Anonymous ရေ.. အနော် တရုတ်စာမတတ်လို့ ဘာသာပြန် ရှာရအုံးမယ်ဗျို့။ လာလည်တာ ၀မ်းမြောက်ပါ၏။ အားလုံး ငြိမ်းချမ်းကြပါစေ။