Thursday, May 28, 2009

သားဦးစနေ ဒုက္ခပွေ

သယ်ရင်းတွေကိုလဲ အင်မတန် ကျေးဇူး တင်သလို ဒီလို သယ်ရင်းတွေ ရှိတာကိုလဲ ၀မ်းမြောက်ရသည်။ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျောင်းလာတက်ပါ့မယ် ကတိ အထပ်ထပ် ပေးမှ သူတို့ ကျေနပ်ကာ ပြန်သွားကြ၏။ ကျွန်တော် ကျောင်းသွားတက်နေလျှင် အိမ်မှာ ဘယ်သူက ဦးစီးမှာလဲ။ ကျွန်တော် ကျောင်းပြန်တက်လို့ မဖြစ်ပါ။
ဒီအချိန်မှာပဲ ကံဇာတာက တက်လာသည် ပြောရမည်။ ကျွန်တော် ကျောက်သွားသွေးသော ဦးလေးတို့ အိမ်မှ မောင်နှမတွေက စုပြီး ကျွန်တော့် ကျောင်းစားရိတ်ကို တာဝန်ယူလိုက်ကြသည်။ အိမ်ခွဲနေသော ကျွန်တော့် ညီအလတ်တို့ မိသားစုကလဲ ကျွန်တော် ကျောင်းသွားတက်စဉ် သူတို့ အိမ်မှာ ပြန်လာနေပေးပြီး တတ်နိုင်သမျှ အိမ်တာဝန်တွေ ယူပေးမည်တဲ့။ ကျွန်တော် အားတွေ ပြန်ရှိကာ မျှော်လင့်ချက် ရောင်ခြည်လေး လင်းရောင် ပြန်သမ်းလာခဲ့သည်။ ပိုပြီး ကံကောင်းသည်က ကျောင်းတွေ ဖွင့်ခါနီးမှ ကျွန်တော့် ပွဲစားအလုပ်မှ ၀င်ငွေလေးက ကောင်းသွားခဲ့သေးသည်။ ကျောက်ပန်းချီက ရသောငွေ၊ ကျောက်သွေးပြီး ရသောငွေ၊ ကျောက်ပွဲစားလုပ်ပြီး ရသောငွေ အားလုံးကို အမေ့လက်ထဲ အပ်ခဲ့လိုက်တော့ ကျွန်တော့် မိသားစု လ အတော်များများ အတွက် အမာခံ ဆန်၊ဆီ၊ဆားတွေ ၀ယ်ထားပေးခဲ့နိုင်သလို အမေ့ ကျောက်လုပ်ငန်းလေးလဲ ပြန်စနိုင်ခဲ့သည်။
ကျွန်တော်ကတော့ ဦးလေးမိသားစုတို့ လစဉ် ထောက်ပံ့သော ငွေဖြင့် ကျောင်းတက် နိုင်ခဲ့သည်။ သယ်ရင်း တွေကတော့ ၀မ်းသာအားရ ဆဲလိုက်ကြသည်မှာ ပြောစရာမရှိ။ ကျောင်းမတက်တော့ဘူး ဆိုကာ သူတို့ကို စိတ်ပူအောင် လုပ်မိသည်ကိုး။ သို့သော် ကျောင်းမှာ ကျွန်တော့်ကို ပြန်မြင်ရတော့ သယ်ရင်းတွေလဲ ပျော်နေ ခဲ့ကြပါသည်။ ထိုနှစ်ကတည်းက ကျွန်တော်တို့ ကျောင်းကို မန္တလေးမှာ မတက်ရတော့။ ပြည်မှာ သွားတက်ရသည်။ ပဉ္စမနှစ်နှင့် နောက်ဆုံးနှစ်တွင် ကျောင်းပိတ်ရက်က တိုတောင်းလွန်းသောကြောင့် အိမ်ကို သင်္ကြန် တစ်ကြိမ်ပဲ ပြန်နိုင်ခဲ့သည်။
ထိုနှစ်တွေက ဒီဇိုင်းပိုင်းမှာ ညံ့သော ကျွန်တော် အတန်းထဲက သယ်ရင်းတွေကို မနည်းမှီအောင် လိုက်လုပ်နေရသည်။ ဥာဏ် မကောင်းသော၊ ထုံအသော ကျွန်တော် လူတော် မဖြစ်အုံးတောင် လူညံ့စားရင်ထဲ မပါဖို့ အတော် ကြိုးစား ယူရသည်။ သို့သော် ကျွန်တော် ထိုစဉ်က အင်မတန် လေလွင့်ခဲ့ကာ မိုက်မဲခဲ့ပါသည်။ ကျောင်းက မေဂျာ ဘာသာတွေလောက် စိတ်အာရုံထားပြီး ပရောဂျက်တွေထဲ စိတ်နှစ်မြှုပ် ရူးသွပ်ကာ ဈာန် ၀င်စားခဲ့သမျှ တွဲယူရသော မိုင်နာ ဘာသာရပ်တွေကို လှည့်လို့ပင် မကြည့်တော့ အဲဒီရမှတ်တွေက မကောင်းပါ။ စာမေးပွဲ နီးတော့ သယ်ရင်းတွေက မိုင်နာဘာသာတွေ သူတို့ စာလုပ်တိုင်း ကျွန်တော့်ကို ခေါ်ကာ ရှင်းပြပေးကြသောကြောင့် ကျွန်တော် ဖြေနိုင်ခဲ့ခြင်းသာ။ ဘွဲ့လွန်တက်ဖို့ မမျှော်မှန်းခဲ့သော ကျွန်တော် ထိုဘာသာရပ်တွေမှာ ပေါ့လျော့ခဲ့တာ အချိန်လွန်မှ နောင်တ ရ ရသည်။ (ထိုစဉ်ကတည်းကရင်း အချိန်တွေ ကုန်သွားရင် ဘယ်တော့မှ အစားပြန်ထိုးလို့ မရနိုင်တာတွေ ရှိတတ်မှန်း ကိုယ့်ကိုကိုယ် သတိ ပေးခဲ့သော်လည်း မေ့တတ်သော ကျွန်တော် ခုထိ အဲဒါကို တခါတခါ မေ့နေတတ်သေးသည်)
နောက်ဆုံးနှစ် စာမေးပွဲကြီး ပြီးသွားတော့မှ အလုပ် ဆိုတာကြီးက ဗြုန်းကနဲ ခေါင်းထဲ ရောက်လာ၏။ လုံးဝ မကျွမ်းကျင်သော အစိမ်းသက်သက် ရန်ကုန်မြေကို ခြေချတော့မှ ကျွန်တော် ဘာလုပ်ရမှန်းမသိ။ ယောင်လည်လည် ဖြစ်ရတော့သည်။ ထိုအချိန်က ခေါင်းထဲမှာ ဗလာသက်သက်ကြီး ဖြစ်ကာ နေလို့မကောင်း။ ပုံမှန် စာတွေ လုပ်နေကျ အချိန်တွေကလဲ လုံးဝ မရှိတော့ဘူး မဟုတ်လား။ အချိန်တိုင်းလိုလို အားနေသော ကျွန်တော် အလုပ်ကို အပူတပြင်း ရှာနေသော်လည်း ဘယ်သွားလို့ ဘယ်လာရမှန်း ကျွန်တော်မသိ။ ဦးလေးတွေက အလုပ်မရမချင်း သူတို့ ထောက်ပံ့ပေးမည် အာမခံထားလို့သာ စိတ်အေးနေရသည်။ သို့သော် ကျွန်တော် သူတို့ကို အားနာလွန်းလှပြီ။
ရန်ကုန်ရောက်ပြီး တလနီးပါးကြာသောအခါ မမျှော်လင့်ပဲ ကျွန်တော်တို့ ကျောင်းက ဆရာတယောက်ဆီမှာ အလုပ်ရတော့ ပျော်လိုက်သည် ဖြစ်ခြင်း။ တကယ်တမ်း အလုပ်ဝင်တော့မှ ကျွန်တော် မသိသော အပြင် လောကကြီးကို ဘွားကနဲ တွေ့လိုက်ရသလို။ သိပ်မြန်လွန်းသော အပြောင်းအလဲတွေကို နားလည်နိုင်အောင် လိုက်ရလေသည်။ ကျွန်တော် အလုပ်ဝင်ကာစက ရသည့်လစာ သုံးသောင်း။ အိမ်ကို တ၀က်ခွဲပို့၊ အိမ်လခ သုံးထောင် ပေးပြီးလျှင် လက်ထဲ တစ်သောင်းနှစ်ထောင် ကျန်သည်။ နေတာက အင်းစိန်လမ်းမ၊ မြကန်သာ အိမ်ယာ။ ရုံးက ဗိုလ်အောင်ကျော်လမ်းမှာ။ ကျွန်တော် သွားပြီး ဗိသုကာ ပုံစံ ကို ကြီးကြပ်ပေးရသည့် နေရာက ပန်းလှိုင်ဂေါက်ကွင်း အိမ်ယာ။ မနက် စောစောထပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် (Site) ရှိရာကို ကားတတန်၊ ဆိုက်ကားတတန်နှင့် သွားရသည်။ ညနေ သုံးနာရီမှာတော့ Site ထဲကနေ ဗိုလ်အောင်ကျော်လမ်းရှိ ရုံးသို့ သတင်း (Report) သွားတင်ရသည်။ ဒီတော့ တလတလ ခရီးစားရိတ်က သုံးထောင်နီးပါး။ ကျန်သည့်ငွေနှင့် လောက်ငအောင် ချွေတာသုံးရင်း လကုန်ခါနီးရက်များမှာတော့ မနက်စာ၊ ညစာ ပေါင်းစားရသည့်အဖြစ်။ သယ်ရင်းတွေ ကောင်းလို့သာ တော်သေးသည်။ သို့သော် အတူတူ ကြိုးစား ရုန်းကန်နေရသော သူတို့ကို ကျွန်တော့်ကြောင့် ၀န်ထုပ် မဖြစ်စေချင်တော့ ကြိတ်မှိတ်ပြီး နေရပါသည်။ သူတို့ ဘီယာဆိုင်သွားလဲ ကျွန်တော် မလိုက်။ လဘည့်ရည်ဆိုင်ဆိုလဲ မလိုက်။ သယ်ရင်းတွေက ကျွန်တော် အင်မတန် ကပ်စေးနှဲသည် ထင်ကြ၏။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည် မဟုတ်လား။ အခက်အခဲ ဘယ်လောက် ကြုံကြုံ အိမ်ကိုတော့ ငွေ လျော့ မပိုချင်ပါ။ အဆင်ပြေတယ်၊ စိတ်မပူနဲ့ ဟုသာ အိမ်ကို ပြောထားရသည်။ သို့သော် အလုပ်ပင်ပန်းသည့်ဒဏ်၊ အစာအဟာရ မလုံလောက်သည့် ဒဏ်တို့ကြောင့် အလုပ်ဝင်ပြီး လေးလကျော်မှာ လူက ပိန်လှီကာ အားပြတ်လို့ လာပြီ။ မဖြစ်ချေသေး။ တစ်ခုခုတော့ လုပ်ရမည်။ အလုပ်သစ်ပဲ ရှာပြောင်းရမလား။ တကယ်တော့ လက်ရှိအလုပ်မှာ ဘယ်လောက် ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်ရပါစေ၊ ကျွန်တော် ပျော်နေပြီ။ လုပ်ငန်းခွင်ကလူ၊ ရုံးကလူတွေနဲ့လဲ ခင်မင်ရင်းနှီးနေပြီ။ အလုပ်မပြောင်းချင်တော့။

(ဆက်ပြီး ရေးပါဦးမယ်ခင်ဗျာ။ ဒီရက်ပိုင်း အလုပ်များနေပေမဲ့ ရေးချင်စိတ် ကြီးနေတာကြောင့် ချရေးလိုက်ပါတယ်။ အရေးအသားတွေ အဆင်မပြေတာ တွေ့ရင် သည်းခံပေးကြပါခင်ဗျာ။ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ပွေလီတဲ့ ဒုက္ခတွေကို စိတ်ညစ်ခံပြီး ဖတ်ပေးကြတဲ့အတွက်။ စိတ်မောစရာတွေ ချရေးပြလို့ မောစရာများတဲ့ ဒီခောတ်ကာလကြီးမှာ ပိုမောအောင်လုပ်မိသလို ဖြစ်ရင် ခွင့်လွှတ်ပေးကြပါ။ အဟီး။ နောက်ဆက်မဖတ်မှာ စိုးလို့ )

မေတ္တာဖြင့်
မိုးကုတ်သား

11 comments:

Sein Lyan Tun said...

အကိုရေ လာဖတ်တာက မျှော်ဆိုတာကြီးပဲ

မင်းအိမ်ဖြူ Minn Eain Phyu said...

အိုး ကိုမိုးကုတ်က ကျောင်းကလား ?
ဆက်ရေးဗျ စောင့်ဖတ်နေကြောင်း

မယ့်ကိုး said...

ကိုယ့်ကိုကိုယ် ညံ့ တယ် ထုံတယ် လို့  ပြောတာ ကျွန်မတော့ လက်မခံနိုင်ပါဘူး။ ကျောင်းတုန်းက လေ့လာမှုအားနည်းခဲ့တော့ ဘယ်သူမဆို မှားခဲ့ဖူးတာပါ။
ဆက်ရေးနော် ...စောင့်ဖတ်နေပါတယ်။

Mogok Thar said...

ညီ ကို အပြီးမသတ်နိုင်သေးတာ နားလည်ပေးပါ။
ညီလေးမင်းအိမ်ရေ... အားပေးတာ ကျေး...
ညီမလေးမယ်ကိုး .. ကိုယ်က ခုချိန်ထိ လေ့လာမှုအား နည်းတုန်းရယ်။ ဟီးးး။ :-)

ကြယ်သောကြာ said...

အား brother က ကျွန်တော်ထက် နှိုင်းလို့ မရအောင်တော်တယ်ဗျာ တကယ်ပါ။ ဆက်ရေးပါဦး စိတ်ဝင်တစားနဲ့ သိချင်လို့ပါ

dj said...

my bro is v good writer.
i m really interestion.

Mogok Thar said...

ညီလေးကြယ် ညီမလေး ဒီဂျေ... XoXO

ဝါ၀ါခိုင်မင်း said...

စိတ်ဝင်တစားဖတ်သွားတယ် ဘိုဘိုရေ-
အဆက်ရော..???

mstint said...

ကိုယ်လုပ်ခဲ့သမျှကိစ္စရပ်တွေမှာကိုယ့်ကြောင့်
တစ်ဦးတစ်ယောက်ထိခိုက်နစ်နာတာမျိုးမရှိသ၍
တစ်ပါးသူကိုဒုက္ခပေးတယ်လို့မမည်ဘူး ဘိုဘိုရေ။
သားဦးစနေမှဒုက္ခပွေတာမဟုတ်ပါဘူး။
ဒုက္ခများမြောင်လူတို့ဘောင်ထဲမှာ
၇ရက်သားသမီးတို့လည်းဒုက္ခပွေနေတာဒုနဲ့ဒေးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အတွေးကမ္ဘာ..မှတ်တမ်း said...

မျှော်ပဲခိုင်းနေတော့တာပဲ ဗျာ.. ဘယ်မလဲ အဆက်..း))

rose of sharon said...

ဒီအပိုင်းကတိုတိုလေးပေမဲ့ ရုန်းကန်ရတာတွေကို အကျဉ်းချုံးရေးထားတာ ပေါ်လွင်တယ်... သက်ပြင်းမောချမိတယ်...