Wednesday, December 10, 2008

၃.၀ - အတိတ်က ချစ်ခြင်း ခြေရာ


“တစ်ဝက်တစ်ပျက် အိပ်မက်”

ဩဂုတ်လ ၂ရက်၊ ၂၀၀၂

လေတစ်သုတ် ဝေ့ခနဲ အတိုက်မှာ လတ်ဆတ်ပြီး ရေငွေ့ပါတဲ့ လေတွေကို ရှူရှိုက်လိုက် ရပေမဲ့ ကျွန်တော့် အာရုံတွေ မလန်းဆန်း နိုင်ခဲ့ပါဘူး။
နေခြည်၊ လေပြည်။ ဆည်းဆာ၊ လရောင်၊ ညချမ်း၊ ဒါတွေအားလုံးကို အာရုံမဲ့ ဖြတ်သန်း မိခဲ့တဲ့ နေ့ပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာတွေဖြစ်နေမှန်းလဲ မသိ။ အသိတွေက ဝေဝါး လွန်းလှလို့ ရင်ထဲမှာ ဘာတွေ ဖြစ်လို့နေလဲ ပြန် ဆန်းစစ် မရအောင်ကို ရှုပ်ထွေးလို့ နေတယ်။ နောင်တ ရနေမိတာလား။ သူ့ ကဗျာလေးတွေကို ဖတ်ချင်စိတ်နဲ့ ကတိတစ်ခုကို ဘာလို့ အလွယ်တကူ ပေးခဲ့ မိတာ ပါလိမ့်။ သူမရဲ့ ကဗျာလေးတွေမှာ ကျွန်တော့် ကျဆုံးခန်းတွေ ရှိနေမှာပါ။အောင်မြင်မှုကို မမက်မောပေမဲ့ ရှုံးနိမ့်မှုကိုလဲ မလိုလားတဲ့ ကျွန်တော်ဟာ ဘာတွေများ ပြောင်းလဲ သွားခဲ့တာပါလိမ့်။
သူမ ရေးဖွဲ့မဲ့ သူမနဲ့ သူမရဲ့ ချစ်သူအကြောင်း၊ ချစ်သူအပေါ် ချစ်မြတ်နိုး လွမ်းဆွတ်မှုတွေ သီကုံးထားမဲ့ သူမရဲ့ ကဗျာတွေကိုမှ ရင်ကွဲခံပြီး ဘာလို့ သူ ဖတ်ချင်နေခဲ့တာလဲ။ သူမရဲ့ ကဗျာတွေကို ကဗျာလို့ပဲ သဘောထား ဖတ်နိုင်လိမ့်မယ်လို့ ဘာလို့များ ကိုယ့်ကိုယ်ကို အထင် ကြီးထားမိတာပါလိမ့်။ သူမရေးတဲ့ ကဗျာလေးတွေကို ဖတ်ပြီး လူနဲ့ စိတ်နဲ့ မကပ်တော့တာ တော်တော် ကြာနေခဲ့ပြီ။ အဲ့ဒီ နောက်ပိုင်း ရက်တွေမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ရှာဖွေ မတွေ့နိုင်အောင် ပျောက်ဆုံးလို့ နေခဲ့တယ်။
ဟိုတစ်နေ့ကသူမ တောင်းလို့ ကျွန်တော့် ကဗျာ စာအုပ်လေးကို သတိလက်လွတ် သူမလက်ထဲ ထည့်ပေးပြီးမှ ဖျတ်ခနဲ ကျွန်တော် သတိရသွားတယ်။ စာတွေ...၊ သူမကို တမ်းတမိသမျှ၊ လွမ်းရမိသမျှ ရေးဖွဲ့ ထားခဲ့တာတွေ တစ်ပိုင်းတစ်စများ ပါသွားခဲ့ပြီလား။ ဒါတွေ သူမ သိလို့ မဖြစ်ဘူး။ စာအုပ်ကို ပြန် မစစ်မိတဲ့ ကျွန်တော် တုန်လှုပ် သွားတယ်။ သူမဆီက စာအုပ်ကို ခဏ ပြန်တောင်းတော့ သူမက ပြန်မပေးတော့ပဲ ညစ်ကျယ်ကျယ်နဲ့ ရယ်မောလို့ နေတယ်။
“မဟုတ်ဘူး၊ အဲ့ဒီထဲမှာ အခု ကျွန်တော် ရေးနေတဲ့ ဝတ္ထုထဲက စာသားတွေ ပါသွားမှာ စိုးလို့” ကျွန်တော့်စကားဟာ မုသားတစ်ဝက်၊ အမှန်တစ်ဝက်နဲ့ ဟန်ချက်တွေ ပျက်ယွင်းလို့။ စာဖတ် ဝါသနာ ပါတဲ့ သူမက အဲ့ဒီစကားကို စိတ်ဝင်စား သွားလိမ့်မယ်လို့ မတွေးခဲ့မိဘူး။ ကျွန်တော်က အဲ့ဒီလို ခပ်ညံ့ညံ့၊ ခပ်အအ ကောင်ပါ။
ကျွန်တော့် ကဗျာစာအုပ်ထဲမှာ တစ်ခုခုများ ပါသွားခဲ့ရင်...။ စာတွေကို အာရုံထဲ ပေါ်လာတိုင်း တွေ့ကရာ စာအုပ်ထဲ ချရေးတတ်တဲ့ ကိုယ့်ကိုယ်ကို ဒီတစ်ခါတော့ တော်တော်ကြီး စိတ်ပျက်မိတယ်။ သူမက စာအုပ်ကို လုံးဝ ပြန်မပေးပဲ ယူထားတော့ ကျွန်တော့်မှာ ရင် တစ်ထိတ်ထိတ်နဲ့။
ဖုန်းလာတယ် ဆိုလို့ ကိုင်လိုက်တော့ ကြားရတဲ့ သူမအသံကြောင့် လက်ထဲက ဖုန်းခွက်ကို လွှတ်ကျ မသွားအောင် အနိုင်နိုင် ကိုင်ထားရပါတယ်။ သူမနဲ့ ပတ်သက်လာရင် ကျွန်တော်က ဘာကြောင့် ဒီလောက်တောင် ပျော့ညံ့ ချင်နေ ရတာပါလဲ။
“ဝတ္ထုလဲ မပါဘူး”
အခုမှ အသက်ကို ဝဝ ရှူလို့ ရမယ်ရှိတုန်း သူမ ဆက်ပြောတဲ့ စကားကြောင့် ရင်ခုန်သံတွေ ရပ်သွားတယ်။
“အဲ့ဒီဝတ္ထုက ဘယ်မှာလဲ။ ပေးဖတ်ရမယ်။ ပေးမဖတ်ရင် လုံးဝမခေါ်ဘူး။ ဒါပဲ”
ပြောပြီး သူမက ဖုန်းချသွားတယ်။ ကျွန်တော် ခေါင်းစားရင်း အားမရှိတော့သလို ခံစားရတယ်။ စာကို အပြီးသတ် မရေးဖြစ်သေးတာ အကြောင်းပြချက် တစ်ခု ဆိုပေမဲ့ ကြာကြာ အချိန် ဆွဲထား လို့တော့ မရဘူး။
နောက်ရက်တွေမှာ သူမက ကျွန်တော့်ကို အခေါ်အပြော မပျက်ပေမဲ့ နဲနဲ အေးစက်နေပါတယ်။ စာတွေ ဆက်ရေးဖို့ သင့်မသင့် တွေဝေနေမိပေမဲ့ သူမကို မက်ဖူးတဲ့ အိမ်မက်လေးထဲက အကြောင်းတစ်ခုနဲ့ အဆုံးသတ်ဖို့ စဉ်းစားထားခဲ့ပြီးသားပါ။ မမျှော်လင့်ပဲ အဲ့ဒီအိပ်မက်က သူမရဲ့ ကဗျာလေး တစ်ပုဒ်နဲ့ သွားပြီး လိုက်ဖက်လို့နေတယ်။ တစ်ချိန်မှာ သူ သွားခဲ့ရင် ကျွန်တော်က ကျန်ရစ်နေခဲ့မဲ့ သူပဲလေ။ အစကတည်းကရင်း လှမ်းမမှီအောင် ကျန်ခဲ့ပြီးသား ဆိုပေမဲ့ ကျွန်တော်ကတော့ ဆက်ပြီး လွမ်းနေအဲုးမဲ့ ကောင်ပါ။
နောက်တော့ ကျွန်တော့် စာထဲမှာ သူမရဲ့ ကဗျာလေးကို ထည့်သုံးခွင့် ပြုဖို့ အခွင့်တောင်းလိုက်တယ်။ သူမရဲ့ ကဗျာလေးဟာ ကျွန်တော့်စာရဲ့ အဆုံးသတ် ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ရင်ကွဲအောင် ရင်းနှီး ရေးသားခဲ့တဲ့ ဒီစာတစ်ပုဒ် အတွက် သူမ ကဗျာလေးက ပြီးပြည့်စုံတဲ့ ရသကို ပေးနေခဲ့တယ်။ အဲ့ဒီအတွက် ကျေးဇူးပါ ကောင်မလေးရယ်။
ခုတော့ ကျွန်တော့် စာတွေလဲ ပြီးဆုံးသွားခဲ့ပါပြီ။ ကတိအတိုင်းပဲ သူမကို ပေးဖတ်ရတော့မှာပါ။ တကယ်လို့များ ရေးပြီး ဘယ်တော့မှ အဆုံး မသတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ စာပေါင်း များစွာထဲက တစ်ခုခုကို ပေးဖတ်လိုက်ရင် သူမ သိနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ချစ်သူကို အဲ့ဒီလို မသိနိုင်တဲ့ ကိစ္စမျိုးမှာတောင် မညာရက်ဘူး။ ကောင်မလေးရယ်.......
ကျွန်တော် အင်းလျားကန်ပေါင် ဘေးမှာ ထိုင်နေခဲ့တာ ဘယ်လောက် ကြာနေခဲ့ပြီလဲ။ သတိထားမိချိန် မှာတော့ ပတ်ဝန်းကျင် တစ်ခုလဲုး မှောင်မဲ တိတ်ဆတ်လို့၊ လူသူ ကင်းရှင်းလို့ နေခဲ့ပြီ။ ဘယ်နှစ်နာရီ ရှိပြီလဲ ကျွန်တော် မသိပါဘူး။ အချိန်ကာလ ဆိုတဲ့ ကန်းသတ်ချက် ဘောင်ထဲမှာတောင် မနေချင်လို့ လက်ပတ်နာရီ ဆိုတာကိုတောင် ပြတိုက်ထဲ ထည့်သိမ်းခဲ့တဲ့ ကျွန်တော်.....။ အဲ့ဒီ ကျွန်တော်က အခုတော့... အရူးအမူး ကြေကွဲလို့။
အလွမ်းတွေက ဝေဝေဆာဆာနဲ့ အလှပဆုံး ပွင့်ဖူးလို့ ကျွန်တော့် ရင်ခွင်ကို ချွေချွေ ချနေကြတယ်။ ခေါင်းကို ခပ်ကြမ်းကြမ်း ယမ်းခါပစ်ရင်း ကျွန်တော့် စိတ်တွေကို ကျွန်တော့် ကိုယ်ထဲ ဇွတ်အတင်း ဆွဲသွင်းလို့ ထိုင်ရာက ထတယ်။ မပြန်ခင်လေးတင်ပဲ သူမကို မနက်ဖြန်မှာ စာအုပ် ပေးဖတ်ဖို့ ဆုံးဖြတ်
ပြီးသွားခဲ့ပြီ။
အဆောင်ကို ပြန်ရောက်တော့ စာကြည့်စားပွဲပေါ်က ကဗျာစာအုပ် တစ်အုပ်ကို ဘာရယ်မဟုတ်ပဲ ဆွဲယူကြည့် မိတယ်။ ဟိုဟိုဒီဒီ လှန်လှောပြီး ဖွင့်လိုက်တော့ ကဗျာတစ်ပုဒ်နဲ့ ခလုတ်ဝင်တိုက်တယ်။ ကြည်အေးရဲ့ “တစ်ဝက်တစ်ပျက် အိပ်မက်” ဆိုတဲ့ ကဗျာလေးပါ။

တယ်လီဖုန်းကို
နှလုံးဒိတ်ဒိတ်တိုး၊ တစ်ရေးနိုးထင့်
စိုးရိမ်တစ်ဝက်၊ ကြိုးပမ်းဆက်လဲ
လိုင်းပျက်ထပ်ထပ်၊ နံပါတ်မှားဟန်
စကားလုံးမပြီ။ နားမလည်နိုင်
မီလုမီလု၊ ယခုတွေ့လု
သူ့နှုတ်ဆက်သံ၊ လက်လွတ်ပြန်၏။
တယ်လီဖုန်းသံ၊ ဖမ်းမိပြန်က
သူကပြောသည်
စိတ်စောမောသူ၊ မောင့်ချစ်သူလေး
“နေပူမယ်စိုး၊ နေရိပ်ထိုးတတ်”
စိုးမိုးတစ်မျိုး၊ အနားတိုးပြီး
အုပ်မိုးကာကွယ်၊ ဆံနွယ်လက်သပ်
ယုယတတ်သူ။
တယ်လီဖုန်းသံ
တဖန်ပြောင်းသစ်၊ အိပ်မက်ဖြစ်ထင့်
မြူရစ်နှင်းသည်း၊ မသဲကွဲပဲ
တွဲလွဲလွန့်ကျ၊ စိမ်းမြမြနှင့်
မိုးမခရွက်များ၊ ပခုံးဖျားပေါ်
ပါးပြင်ပွတ်သပ်၊ ပဝါခြုံထပ်ဟန်
မြစ်စပ်ကမ်းပါး
ခြေဖျားရေပက်၊ လက်ချင်းဆုပ်ထွေး
ပူနွေးနှုတ်ခမ်း၊ တွေ့ဆုံနမ်းမှ
ခုံတန်းလျားမှာ၊ ချစ်သနားစွ
စကားတူထိုင်၊ ပြောမပြီးနိုင်ခဲ့။
သိနိုးခက်လှ၊
အိပ်မက်ထဲမှ၊ ပြန်လာထပြန်
ယုယတတ်သူ၊ နှမချစ်သူကို
လူမရောက်တိုင်၊ လွမ်းအုံမှိုင်းပျ
ရစ်ဝိုင်းခွေထုံး၊ တယ်လီဖုန်းကြိုးကို
စိုးရိမ်တဝက်၊ ဆုပ်ဆွဲလက်တုန်
လိုင်းပျက်ထပ်ထပ်၊ နံပါတ်မှားထင့်
စကားလုံးမပြီ၊ နားမလည်နိုင်
မီလုမီလု၊ ယခုတွေ့လု
သူ့နှုတ်ဆက်သံ၊ လက်လွတ်ပြန်ခဲ့
ဖန်တလဲလဲ၊ အိပ်မက်လွဲမှား
မသဲကွဲသော၊ သု့စကားပြောသံ
ဆန်းကြယ်ဖန်ဆင်း၊ စိတ်ရှုပ်ရင်းပင်
ထင်လင်းတွေ့မြင်၊ သူ့ရုပ်သွင်ပင်
ကြည်လင်သိခက်၊ သတိပျက်ထင့်
တစ်ဝက်တစ်ပျက် တွေ့ဆုံခြင်း။


ကဗျာလေးကို ဖတ်ပြီး သူမဆီ ညဘက်ဖုန်းဆက်တုန်း သူမရဲ့ မောင်လေးက “ငယ်ငယ်တုန်းကခင်တယ်၊ ခုချစ်ရတဲ့ သူငယ်ချင်း ချစ်သူလေးရယ်” ဆိုတဲ့ သီချင်းကို ဂစ်တာတီးပြီး ဒီဘက်က ကျွန်တော် မကြား၊ ကြားအောင် ဆိုပြ နေခဲ့ဖူးတာ၊ တစ်ရက်ကို ဖုန်း သုံးကြိမ် ထက် မနဲ ပြောဖြစ်ခဲ့ကြတာ။ ဒါတွေအားလုံးက အာရုံထဲမှာ ရုပ်ရှင် အနှေးပြကွက်လို တစ်စချင်း ရစ်ဝဲလို့။ မျက်လုံးတွေ မှိတ်ထားလဲ အိပ်လို့မရတော့။ ကြည်အေးရဲ့ ကဗျာလေးရယ်၊ သူမရဲ့ ကဗျာလေးတွေရယ်က သိမ်းထုပ်ထားတဲ့ အလွမ်းတွေကို ဖြေဖြေချ။ လွမ်းတယ် ကောင်မလေးရယ်။

ရေးသားသူ - ဖိုးတာ

2 comments:

Anonymous said...

ကိုယ်တွေ့လားအစ်ကို...ကဗျာလေးက လှတယ်အစ်ကို..အားပေးသွားပါတယ်..။

MELODYMAUNG said...

ဒီပို့စ်က ကိုဘို့ နှလုံးသားထဲကို လှမ်းမြင်တယ်နော်
ရုပ်ချော သဘောကောင်း မနောဖြူ ကြင်နာတတ်သူ သတို့သမီးလောင်း အမြန်ဆုံးရှာဖွေတွေ့ရှိပါစေ ချစ်ကိုကြီးရေ :)