Sunday, June 14, 2009

An Everyday Survival Kit

An Everyday Survival Kit




to remind you to pick out the good qualities in others.

to remind you to heal hurt feelings, yours or someone else.

to remind you to list your blessings everyday.

to remind you that everyone makes mistakes, and its okay.

to remind you to relax daily and go over that list of your blessings.



e-mailထဲက ချစ်စရာကောင်းတဲ့ ဒါကလေးကို တွေ့လို့ မျှဝေခြင်းပါခင်ဗျာ။

မေတ္တာဖြင့်
မိုးကုတ်သား

အကျိုးအပဲ့များ (၁)


အတူရှိပေမဲ့
အထီးကျန်ခြင်းဝေဒနာတွေနဲ့
မင့်အနမ်းမှာ
ငါ့နှုတ်ခမ်းတွေ ခါးသက်လို့

(အတူရှိလျက် ဝေးကွာနေတာက ဝေးကွာနေချိန် လွမ်းရတာထက် ပိုဆိုးတယ်)

စိတ်ထဲပေါ်လာတတ်တဲ့ တပိုင်းတစတွေကို ဟိုခြစ် ဒီခြစ် ထားခဲ့တာလေးတွေ ဒီမှာ အမှတ်တရ သိမ်းထားချင်လို့ပါခင်ဗျာ။

Photos Credit to Marcelgermain


ရေးသားသူ
မိုးကုတ်သား

Friday, June 12, 2009

ချစ်သူ အနမ်း၊ အလှမ်းမတော် ဒဏ်ငွေ ငါးရာ

Wednesday, June 10, 2009

လုပ်ကြပါအုံး ကွယ်ရို့။
မနေ့ညကပဲ မေလေး ရေးတဲ့ စာကို ဖတ်ပီး အော်.. အဲဒီလိုတွေလဲ ရှိတတ်ပါလား တွေးနေမိတာ။ မေလေး တွေ့တဲ့သူကိုလဲ ဘယ်လောက်များ အရှက်နဲပြီး နှမသားချင်း မစာနာတတ်သူ လဲလို့။ ကိုယ်တွေ ယောက်ျားလေးတိုင်း အဲဂလိုတော့ မဟုတ်ကြပါဘူး စိတ်ထဲ ပြောနေမိတာ။
ဒီနေ့မနက်မှာတော့ ထုံးစံအတိုင်း ရထားကို လူကျပ်သိပ်နဲ့ စီးရပြန်ပါတယ်။ ရထားပေါ်ရောက်ပြီး သိပ်မကြာဘူး။ ဖုန်းကလာရော။ နံပါတ်မပေါ်တော့ မြန်မာပြည်ကနေ ချစ်သူဆက်တာလား ဆိုပြီး ဖုန်းကို မကိုင်ပဲ မနေရဲဘူး။ တော်ကြာ ဖုန်းမကိုင် စိတ်ကောက်နေရော့မယ်။ ဒါနဲ့ ဖုန်းကိုင်လိုက်တော့ ထင်တဲ့အတိုင်း ချစ်သူ့ဖုန်း။
ချစ်သူ့ အသံလေးကြားတော့ ကျနော် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ရှေ့မှာ၊ ဘေးမှာ ကျပ်ညှပ်နေတဲ့ လူအုပ်ကြီးတွေနေရာ ပျားပိတုန်းနဲ့ ရောင်စုံပန်းခင်းလေးတွေ၊ စိမ့်စမ်းရေတံခွန်၊ ရေကန်လေးတွေနဲ့ ကောင်းကင်ပြာပြာတွေထဲ ရောက်သွားလိုက်ထာ။
ချစ်သူက ကျနော့်အသံ တိုးနေတယ် မကြားရဘူး ဆိုတာနဲ့ လေသံကိုလဲ နဲနဲ မြင့် ပြောနေရသေးတယ်။
ဖုန်းချခါနီးတော့ ချစ်သူက တောင်းဆိုတယ်။ “အာဘွားပေး” တဲ့ဗျာ။ ကျနော် အခက်တွေ့ရော။ ခုမှ ရထားပေါ်မှာဆိုတာ သွား သတိရတော့တာကိုး။
ရထားပေါ်မှာ လူတွေ အများကြီးနဲ့မို့ ပေမရဘူး ပြောတာကို ချစ်သူက “မရဘူး၊ ပေးရမယ်။ အာဘွားဆိုပီးလဲ မပြောရဘူး။ ပြွတ်ခနဲပေးရမှာ” တဲ့ ဂျီကျပါလေရော။
ရော် ခက်ကပြီ။ အဲတာမှ။ ကျနော် ပြွတ် လိုက်တာနဲ့ ဘေးလူတွေက ၀ိုင်းကြည့်ကြအုံးမယ်။ ဒါနဲ့
“လူတွေ ကျပ်ညှပ်နေတာ၊ လှုပ်လို့ မရဘူး ချစ်ရ။ အဲလို အသံကြားချင် ရှေ့က ကောင်မလေးကို နမ်းမှ ရမယ်” လို့ ပြောလိုက်မိပါတယ်။ ပြောရင်းေ၇ှ့ကို ကြည့်လိုက်တော့ တကယ်ပဲ ကျနော့်ရှေ့မှာ တရုတ်မလေးတစ်ယောက်။ ကျနော်က သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ မဟုတ်တော့ သတိလဲ မထားမိပါဘူး။ ချစ်သူက အူတိုပီး “အဲလိုဆိုလဲ ပီးရော။ သူတပါးကို သွား မနမ်းရဘူးနော်” ဘာညာ ဖြစ်သွားတာပေါ့။ ကဲ၊ ကျနော့် အကြံမပိုင်လား ဆိုပြီး ကိုယ့်ကိုကိုယ် ဘ၀င်မြင့်လို့ မဆုံးသေးဘူး။ ဘေးက သူငယ်ချင်းက ပြောတယ်။
“အကို့ရှေ့က ကောင်မလေးက မြန်မာလား မသိဘူး။ အကို ဖုန်းပြောနေတာကို နားလည်တယ်ထင်တယ်။ ပြုံး ပြုံး နေတယ်ဗျ” တဲ့။
ဒီတော့မှ ကျနော့်ရှေ့က ကျောပေးထားတဲ့ ကောင်မလေးကို ရှေ့မှာ ရှိတဲ့ မှန်ကနေ တဆင့် ကြည့်မိတော့ တရုတ်မ လှလှလေး တစ်ယောက်။ မြန်မာ ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ စိတ်ထဲလဲ လိပ်ပြာသန့်ပါတယ်။ သူ့ ရည်ရွယ်ပြစ်မှားပြီး ပြောတာမှ မဟုတ်တာ ပေါ့ဗျာ။
အဲဒီအချိန်မှာ ဖြတ်ခနဲ ခေါင်းထဲ ပေါ်လာတာက မေလေး။ မေလေးက သူ့ကိုယ်သူ တရုတ်စစ်စစ်လို့ ပြောထားတယ်။ အင်း၊ မေလေးသာဆိုရင်တော့ ကျနော့် ဘယ်လိုမြင်ပီး ဘယ်လို ပြောခံရမယ် မသိတော့ဘူး။
ဒါနဲ့ မနေနိုင်မထိုင်နိုင် မရည်ရွယ်ပဲလဲ အဲလိုတွေ ဖြစ်တတ်ကြောင်း မေလေး အိမ်မှာ သွားပြောမိပါတယ်ဗျာ။
အားးး လားးးးး မားးးးးးး။ ကျနော့် စီပုံးကို ကြည့်ပြီး ခေါင်းနဘမ်း ကြီးကော။
ဖတ်သာ ကြည့်ကြပါတော့။ ကောင်းကြသေးရဲ့လား ကွယ်ရို့ရေ။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်၊ ပလပ်ပေါက်သာ ပြေးကိုင်လိုက်ချင်တော့တယ်။

မေလေး "အကို မိုးကုတ်သားရေ"
"ကြည့်လုပ်ပါဗျို့...ချစ်သူကို လဲမှာထားပေါ့ စင်ကာပူမှာနောက်ဥပဒေထပ်ထုတ်မှနဲ့တူရဲ့"
"ရထားပေါ် ကားပေါ်တွင် လေလှိုင်းထဲမှ အာပွားမပေးရ ဒဏ်ငွေ ၅၀၀ လို့လေ"
"မကောင်းဘူးလား"
"တကယ်လို့ ချစ်သူကပြောမရရင်လဲ ရှေ့ ၇ ဘေးကလူတော့ မပေးလိုက်ပါနဲ့"
"ဒီလိုလေးလုပ်လေ မေလေးသူငယ်ချင်းလိုပေါ့"
"ဘွားဘွားဘွားးးးးးးးးးးးး"
"အဲလို ပေးလိုက်နော်"
"မနက် ကမေလေးတော့ထင်သား နောက်ကလူကို မြင်ဘူးတယ်မှတ်တာ အကို မိုးကုတ်သားကို
...ဒီလိုမှန်း သိ မနက်စာ လိုက်ကျွေးခိုင်းပါတယ်"
"နောက် တွေ့ရင်ခေါ်လေ...မုန့်လိုက်ကျွေး..ဒါဘဲနော်"
မိုးကုတ်သား "တကယ် မေလေး လား။ သေဘီဆရာ"
"ကျနော်မျိုး ကျားရှေ့ မှောက်ရက်လဲပါပေါ့"
"ဗမာပြည်ကဆက်တော့ လိုင်းမကောင်းလို့ လေသံ နဲနဲ မြင့်ပီး ပြောနေရတာ.. အီးဟီးးးဟီးး။
ပြာစရော၊ ပြောစရာထဲ ပါတွားဘီ...."

နောက်ဆို အဲလို “ဘွားဘွားဘွား” ပဲ ပေးဖို့ မှတ်သားသွားပါပြီ ခင်ဗျာ။
မေလေးရေ၊ တကယ် မေလေး အစစ်သာ အဲဒီ တရုတ်မလေး ဖြစ်မယ် ဆိုရင်လဲ ကျနော် နှမသားချင်း မစာနာ ဘာမှ မပြောဘူး ဆိုတာ သိမှာပါဗျာ။ အဲဒီ တရုတ်မ လှလှလေးရဲ့ ချစ်သူကလဲ အင်မတန် ကံကောင်းသူ ဖြစ်ပါလိမ့်မယ်။
ကျနော့်ကို မေလေးက လာနောက်သွားတယ် ဆိုရင်လဲ မေလေး ပို့ခိုင်းတဲ့ KFC တစ်ဗူး ကျနော့်ကိုသာ ပို့ပေးပါဗျို့။
ခု လောလောဆယ်တော့ မေလေး ဒီအကြောင်း မရေးခင် ကျနော် အပြေး တင်လိုက်ပါပြီခင်ဗျားးးး။ ။

အားလုံး ပြုံးပျော်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား
့်

Wednesday, June 10, 2009

ကျွန်တော်တို့ရဲ့ အိမ်












Lake Powell, Utah, USA













Boats in the port of Mopti on the Niger River, Mali



စိတ်တောင်ပံတွေကို
လွှင့်ထုတ်ပျံသန်းရင်း
မြင့်နိုင်သမျှ အမြင့်ဆုံးကို လွှင့်တင်လိုက်
တိမ်တိုက်တွေက ချော့မြူကြည်စယ်။




Great Barrier Reef, Queensland, Australia













Iguazu Falls, Misiones Province, Argentina and Brazil

မြေပြင်တခွင်ကို အုပ်မိုးကြည့်တော့
ပင်လယ်ကပြာ
ခင်တန်းကစိမ်းညို့
မခို့တရို့ မြစ်နဒီတွေက
တောရိပ်တောင်စွယ်ကို
ကနွဲ့ကလျ ပတ်ခွေစီးဆင်း
နေခြည်မှာ လင်းလက်လို့။

Pantanal wetlands near Corumba, Mato Grosso do Sul, Brazil





စိုက်ပျိုးရေးခေတ်ကနေ
ကျွန်တော့်စိတ်တွေ လွင့်ဝဲ ပျံသန်းသွားလိုက်တဲ့အခါ
အေးတငြိမ့်ငြိမ့် မြူးတသိမ့်သိမ့်။




Wheat Harvest, Nepal



သက္ကရာဇ်တွေကို ဖြတ်ကျော် ပျံသန်းသွားလိုက်တာ
လောင်စာတွေ မရှိမဖြစ်တဲ့ ခေတ်ကာလကို ရောက်လေတော့
ရပ်တန့်သွားတဲ့ ဇီဝဖြစ်စဉ်များ


Caravan of dromedaries near Tichit, Mauritania





အလို......
ဟိုး မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကျ
နေထိုင်ရာ ဂြိုလ်ကမ္ဘာကြီးက ပူနွေးဆူဝေလာ



Graphic Formation on frozen Lake baikl, Siberia, Russia






သွားလေရာရာ လောင်စာဆီ၊ လောင်စာဆီ
မိခင်ရဲ့ ရင်းမြစ်တွေကို မညှာမတာ ထုတ်ယူသုံးစွဲကြလေတော့





Blue Lagoon, Svartsengi geothermal power plant, near Grandavik, Rekjanes Peninsula, Iceland








အမေ့ ရင်ခွင်လဲ ဖုန်းဆိုးသဲတောတွေ ပြည့်နှက်
ကူကယ်ရာမဲ့တဲ့ ဒုက္ခသည်တွေက
မြို့ပြတွေ လင်းလက်ဖို့ အစတေးခံရ
လူလူချင်း သားကောင်ချနင်းနေလိုက်ပုံများ။


Landfill for oil residue from the Athabasca Oil Sands, Fort McMurray, Alberta, Canada






ကျယ်ပျံ့လာတဲ့ ကန္တာရမှာ
နားခိုစရာ အိုအေစစ်ကို ရှာရင်း
ပျံသန်းနေတဲ့ ကျွန်တော့် စိတ်တွေတောင်
လောင်စာဆီ ကုန်လုပေါ့။ ။



A well near Khudiala, Rajasthan, India













Lakagigar Volcanic System, Iceland





YOUTUBE ကနေ Home Projects Channel ကို ကြည့်မိပြီး ရင်ထဲ ရောက်လာတဲ့ အတွေးတွေပါ။





Grand Prismatic Spring, Yellowstone national Park, Wyoming, USA


တစ်နာရီသုံးဆယ့်သုံးမိနစ်နဲ့ ဆယ့်ရှစ်စက္ကန့် ကြာတဲ့ ဒီ ပြကွက်လေး တစ်ခုက ကျွန်တော့် စိတ်တွေကို ဆွဲခေါ်သွား ခဲ့ပါတယ်။ ကျွန်တော်တို့ လူသားတွေ အကျိုးအတွက်ကိုသာ တိုးတက်ဖို့ ကြိုးစားရင်း နေထိုင်ရာ ရိပ်မြုံကမ္ဘာကြီးကို အသုံးချနေခဲ့ကြတာ။ မိခင်ကမ္ဘာကြီး ဘယ်လောက် ချိနဲ့နေရှာပြီလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း မီးမာင်းထိုး ပြလိုက်သလိုပါပဲ။
ကျွန်တော်တို့ နေထိုင်ရာ ရိပ်မြုံလေးကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ။ အမိကမ္ဘာမြေကို ကယ်တင်ဖို့ အသည်းအသန် လုံးပမ်းနေကြချိန်မှာ ကျွန်တော်တို့တတွေ တတ်စွမ်းသမျှ တစ်ထောင့် တစ်နေရာက ဘယ်လို ပါဝင်ကြမလဲ။
ကျွန်တော်တို့အားလုံးမှာ အမိကမ္ဘာမြေကို ကယ်တင်ဖို့ တာဝန်တွေ ရှိကြပါတယ်။





ကျွန်တော် ပျံသန်းကြည့်မိတဲ့ ဒီ ပြကွက်ကလေးကို ဒီကနေတဆင့် ကြည့်လို့ရအောင် ချိတ်ထား ပေးပါ တယ်ခင်ဗျာ။



Tree of Life, Tasvo national park, Kenya

မိတ်ဆွေတို့ရော ဘယ်လို ခံစားရသလဲ။ ဘယ်လို မြင်သလဲ။ ဘာတွေ လုပ်ကြမလဲ။ တတ်နိုင်သမျှ လက်ဆင့် ကမ်းပေးကြပါခင်ဗျာ။

အောက်က စာပိုဒ်ကတော့ Yann Arthus-Bertrand ရဲ့ စာပိုဒ်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။


homeproject

We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate.


The stakes are high for us and our children. Everyone should take part in the effort, and HOME has been conceived to take a message of mobilization out to every human being.


For this purpose, HOME needs to be free. A patron, the PPR Group, made this possible. EuropaCorp, the distributor, also pledged not to make any profit because Home is a non-profit film.


HOME has been made for you : share it! And act for the planet.


Yann Arthus-Bertrand



Photos credits to home-2009.com & GoodPlanet.org


ကျွန်တော်တို့ နေထိုင်ရာ အိမ်ဖြစ်တဲ့ အမိကမ္ဘာမြေကို တစ်ထောင့်တစ်နေရာက ကယ်တင်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

Friday, June 5, 2009

ကကြိုးပျောက်သူများ




လွမ်းတငွေငွေ့
ဆွေးးတမြေ့မြေ့
မိုးနေ့လကွယ်
ဒေါင်းသငယ်တွေ
ကရေး မကြွယ်လေတော့။ ။






(ဓာတ်ပုံလေးကို ဒီကနေ ယူထားပါတယ်ခင်ဗျာ။)

မွေးဖွားလာကတည်းက ကျွန်တော်တို့ အမြင့်ကို မပျံနိုင်ခဲ့ကြဘူး။
အတု ဖန်ဆင်းပေးထားတဲ့ ကောင်းကင်ကြီးက ကျွန်တော်တို့ ပျံသန်းဖို့ အတွက် နိမ့်လွန်းလှတယ်။
ကျွန်တော်တို့ ကိုယ်ပေါ်မှာ လှပတဲ့ အရောင်စုံ အမြီးလေးတွေ ရှိတယ်။
ကျွန်တော်တို့ ပျံသန်းလွတ်မြောက်မှာ စိုးလို့တဲ့။
တစ်လွှာချင်းစီကို သူတို့ စိမ်ပြေနပြေ ချိုးချထားလိုက်ထာများ။
အမေ မွေးကတည်းက သင်ကြားတတ်မြောက်လာမယ့် ကျွန်တော်တို့ ကကွက်တွေကိုတောင် မေ့လို့။
တချို့ကျတော့လဲ ဗီဇ သဘာဝက ပါရမီအခံလေးတွေပါတော့ ကကြိုးကကွက်တွေကို မသင်ကြားပဲ တတ်မြောက်ကြပါရဲ့။ သူတို့ကျ အမွှေးအတောင်တွေ အကုန် ဆွဲနှုတ်ခံလိုက်ကြရရော။
တချို့ကျ သူတို့ရဲ့ ကောင်းကင်အတုကို ဖောက်ထွင်းပြီး ပျံသန်းလွတ်မြောက်သွားကြတယ်။
အတောင်အလက်တွေ နှောင်ဖွဲ့ခံထားရတဲ့ အမေ့ကို သူတို့ သတိတရ ရှိ၊ မရှိ ဘုရားနဲ့ သူတို့ကိုယ်တိုင်မှ သိနိုင်မှာပ။
တခါတခါကျ ကကြိုးပျောက်တဲ့ ဒေါင်းသငယ်တွေ ရင်ထဲမှာ ဘာတွေ ခံစား နာကျည်းရမလဲ။
တနေ့တနေ့ လှောင်အိမ်လေးထဲ ရှင်သန် အသက်ဆက်ရဖို့၊ လှပတဲ့ အမွှေးအတောင်တွေ ဆွဲနှုတ်မခံရဖို့ ကြိုးစား ရှောင်တိမ်း နေကြရပြန်ရော။
ပျံသန်းလွတ်မြောက်သွားတဲ့ ဒေါင်းသငယ်တွေ အိမ်ကလေးကို လွမ်းဆွတ်နေကြမလား၊ မေ့လျော့နေကြမလား။
အမွှေးအတောင်တွေ အကုန် နှုတ်ခံထားရတဲ့ ဒေါင်းသငယ်တွေရော လှပသစ်လွင်တဲ့ သူတို့ အမြီးလေးတွေ အသစ် တဖန် ပြန်မွေးဖွားလာနိုင်ကြပါ့မလား။
အမေ့သားသမီးတွေထဲက ဒေါင်းတကောင် ရွှေဝါရောင်ကကြိုးကို ငေးမော အိပ်မက်ရင်း မျက်ရည်ကျနေတယ်။
အမေ့ အနှောင်အဖွဲ့တွေ အမြန်လွတ်မြောက်ပါစေ။ မျက်စိစုံမှိတ်ရင်း တစ်မိနစ်စာ အမေ့ကို ငြိမ်သက်အာရုံပြုပြီး ကောင်းကင်ကြီးကို မော့ကြည့်တော့ ကွန်တစ်ခုက သူ့ကို ဆီးကြိုလို့။ တကယ်ပါ။ သူဟာလည်း သတ္တိနည်းတဲ့ အမေ့ရဲ့ ဒေါင်းတကောင်။
အပြင်မှာ မိုးတွေသည်းနေတယ်။ ကောင်းကင်မှာ နေရောင်လရောင်က ကွယ်လို့။ ဒါဟာ အခိုက်အတန့်ပါလို့ ဒေါင်းသငယ် ယုံကြည်နေသေးတယ်။


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, June 2, 2009

ကျွန်တော်နှင့် “ဗြိကနဲ” ကမ်းခြေ

ကျွန်တော် ဒီ ကျွန်းကလေးကို ရောက်ကာစ ကပေါ့။ ကျွန်တော့် ချစ်သူငယ်ချင်းများက ဆင်တိုးစား ကို လိုက်ပို့ပေးမယ် ဆိုတော့ ချိန်းထားတဲ့နေရာမှာ သွားဆုံကြတယ်။ ကျွန်တော် ၀တ်လာတဲ့ ဂျင်းဘောင်းဘီနဲ့ ရှူးဖိနပ်ကြောင့် ရေထဲဘယ်လို ဆင်းဆော့မှာလဲ ၀ိုင်းပြောကြတော့မှ ဆင်တိုးစား ဆိုတာ ပင်လယ်ကမ်းခြေမှန်း သိတော့တယ်။ ကျွန်တော်က အဲဒီလောက်ကို တုံးတာ အတာလေ။
သယ်ရင်းတွေ အများကြီး ပျော်ပွဲစားထွက်သလို ဂျိုင့်ကြီး၊ ဂျိုင့်ငယ် စားဖွယ်စုံစုံနဲ့ အဲ့ဒီ ကမ်းခြေကို ချီတက်ကြတယ်။ ကျွန်တော်ကလည်း ခွဲနေခဲ့ရတဲ့ သယ်ရင်းတွေ အတော်များများကို ခုလို ပြန်တွေ့ရတော့ ပျော်လို့။ အလုပ်လာရှာတယ်ဆိုတာတောင် မေ့ချင်ချင် ဖြစ်သွားတယ်။
ကမ်းခြေရောက်တော့ လည်ကြ၊ ပတ်ကြ စားသောက်ပြီး အပန်းဖြေကြ။ ဓာတ်ပုံတွေ ရိုက်ကြ၊ စကြ နောက်ကြနဲ့ ပျော်မဆုံးပေါ့။ ပင်လယ်ထဲ သယ်ရင်းတွေ ရေဆင်းဆော့ကြတော့ အ၀တ်ပို မပါတဲ့ ကျွန်တော်လည်း ရေဆင်းဆော့ချင်လို့ ဆင်းဆော့တာပေါ့ဗျာ။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ၀တ်ထားတာက ဂျင်းစ အသားပျော့ပျော့ ပါးပါး ဘောင်းဘီ။ ရေတွေ စိုတော့ ဘောင်းဘီက အသားမှာ ကပ်နေရော။ နေပူတယ်ဆို ခြောက်သွားမှာပဲပေါ့။ အဲဒီလိုပဲ ကျွန်တော်က မျှော်လင့်ထားခဲ့တာ။ ရေတွေဆော့လို့ အားရပြီး ချမ်းလာတော့မှ တံတားလေးတစ်ခုကို ဖြတ်ပြီး အနားယူရင်း ပင်လယ် ရှုခင်းကြည့်ဖို့ ဆောက်ထားပေးတဲ့ မျှော်စင်ပေါ်တက်ကာ လဘက်သုပ်စား အနားယူကြတယ်။ ရေစိုပြီးကပ်နေတဲ့ ဂျင်းဘောင်းဘီကြောင့် ကျွန်တော်က ထိုင်ရတာ အဆင်မပြေဘူး။ ဒါနဲ့ ခြေဖျားကိုထောက်၊ ခြေသလုံးသားကို အားပြုပြီး ကုန်းကွကွနဲ့ လဘက်ပန်းကန်ကို နှိုက်နေတာ။ အစားငမ်းနေတဲ့ ကျွန်တော့်ကို ကြည့်မရတဲ့ သယ်ရင်းတစ်ယောက်က စနောက်ချင်လာတယ် ထင်ပါရဲ့ဗျာ။ ဘာစိတ်ကူး ပေါက်မှန်းမသိဘူး။ ဖြုန်းဆို ကျွန်တော့် ပခုံးပေါ် လာပြီး သူ့ကိုယ်လုံးကြီးနဲ့ ထိုင်ချလိုက်ကော။ သူက အုပ်စုထဲမှာ အရပ်အရှည်ဆုံး၊ အထွားကျိုင်းဆုံး ပုဂ္ဂိုလ်လေး။ နဂိုကမှ ရေစိုပြီး အသားမှာ ကပ်ကျပ်နေတဲ့ ဂျင်းဘောင်းဘီလေးခမျာ သူဖိချလိုက်တဲ့ အလေးချိန်ကို မခံနိုင်ရှာဘူး။ “ဗြိကနဲ” ညာသံပေးပြီး နှစ်ခြမ်း ကွဲသွားရှာတော့တယ်။ အဲဒီ “ဗြိ” ဆိုတဲ့ အသံက တကယ့်ကို အကျယ်ကြီး။ ဆူင်္ညပွက်လောရိုက်နေတဲ့ တအုပ်စုလုံး ကောင်းကောင်းကြားလိုက်ရတယ်။
“ဘာဖြစ်တာလဲ၊ ဘာသံလဲ” သယ်ရင်းအားလုံး အသံတိတ်သွားတယ်။ အသံထွက်လာရာ ကျွန်တော့ဆီကို ၀ိုင်းပြီး ပြူးပြဲကြည့် လာကြတော့ ကျွန်တော့်မှာ ရှက်ရှက်နဲ့ သွားကလေး ဖြီးပီး “အဟီး၊ ဘောင်းဘီ ဖင်ကွဲသွားဘီ” လို့ လေသံလေးနဲ့ တိုးတိုးလေး ပြောတာတောင် ဒီတအုပ်လုံးက ကြားတယ်။
“အင်း၊ ဖြစ်ရမယ်” ဆိုပြီး တဟားဟားနဲ့ ၀ိုင်းရယ်ကြတာ ဆူလို့ညံလို့။ ကျွန်တော်လဲ ရှက်ရှက်နဲ့ ရယ်နေရတာပေါ့ဗျာ။ ဘောင်းဘီဖင်ကွဲကို ၀ိုင်းကြည့်ကြလို့ ကျွန်တော့်မှာ အင်္ကျီနဲ့ မနည်း ဆွဲဖုံးထားရတယ်။ ဘောင်းဘီဂျင်းသားကလဲ ကောင်းလိုက်ပုံများတော့ တင်ပါးကနေ ဟိုးပေါင်လည်ထိ ကွဲသွားလိုက်တာ။ အင်္ကျီနဲ့ ဆွဲဖုံးထားတာတောင် မလုံဘူး။ အင်္ကျီနဲ့ ဖုံး ဖုံးပြီး လမ်းလျှောက်နေရတဲ့ ကျွန်တော့်ကို သယ်ရင်းတွေက တခွိခွိနဲ့ ရယ်လို့မဆုံး။ အဲဒီ “ဗြိ” ကနဲ ထွက်လာတဲ့ အသံကိုလဲ ကျွန်တော့်မြင်တိုင်း ပြန်ပြီး ကြားနေလားမသိ။ မျက်နှာပိုးကို မသတ်နိုင်ကြတော့ဘူး။ အင်္ကျီကို အောက်ဘက် များများရောက်အောင် ဆွဲဆွဲဖုံးပြီး လမ်းလျှောက်နေရတော့ ကျွန်တော်လဲ ကိုယ်ကို နောက်ဘက်လှန်ထားရတဲ့ အတွက် ကော့တော့ကြီး ဖြစ်နေပီး ခါးတွေတောင် ညောင်းနေဘီ။ ရှက်တတ်တဲ့ ကိုယ့်မှ လာဖြစ်ရတယ်။ ငါ့နှယ်နော်။ ပြောချင်ဘူး။ ပင်လယ်လေလေးက တဟူးဟူးတိုက်တိုင်း ကွဲနေတဲ့ ဘောင်းဘီက လေသလပ်ပြီး တဖြတ်ဖြတ်များတောင် မြည်နေသေး။ အင်း.. စိတ်ကြီးရယ် ညစ်လှပါလားဏော်။ သွားရလာရတာ ဖုံးဖုံးဖိဖိနဲ့ အဆင်က မပြေတော့ အဲဒီမှာရောင်းတဲ့ ဘောင်းဘီ ၀ယ်ဖို့သွားမေးတာက ဈေးကြီးလွန်းလို့ မ၀ယ်နိုင်ဘူး။ သယ်ရင်းတွေက ၀ယ်ပေးမယ်ဆို ကျွန်တော်က အားနာတော့ ရပါတယ်ဆိုပြီး ဒီအတိုင်းပဲ ဖုံးဖုံးဖိဖိလေး လျှောက်နေရတော့တာပေါ့ဗျာ။ သယ်ရင်းတွေကလဲ ကျွန်တော့် ကြည့်ကြည့်ပြီး တခွိခွိနဲ့ ဖြစ်နေကြတာ။ နောက်တခါများ ဆင်တိုးစား သွားမယ်ဆို ရာဇ၀င်ကို တွင်ရော။ “ကျွန်တော်နှင့်ဖင်ကွဲကမ်းခြေ” ဆိုပြီး တွေ့တိုင်း ခုချိန်ထိ စခံရတုန်း။ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကြာလာတာတောင် အဲ့ဒီကမ်းခြေသွားတိုင်း “ဘောင်းဘီဖင်ကွဲနေအုံးမယ်ဏော်၊သတိထားသွား” ဆိုပြီး အရယ်ခံနေရတုန်းပဲဗျာ။

(ဘာရယ်မဟုတ်ပါဘူး။ ဘ၀အမောတွေ ညည်းချင်းချခံထားရတော့ လာဖတ်ပြီး စိတ်မော ပြန်ရတဲ့မိတ်ဆွေတွေ နည်းနည်း စိတ်ပေါ့ပါး ပြုံးစေချင်လို့ ကျွန်တော့် တလွဲတချော်လေးတွေထဲက တစ်ခုကို ရေးပြီး တင်လိုက်တာပါ။ ခေါင်းစဉ်ကိုတော့ သယ်ရင်းတွေ ပြောပြောရယ်နေတဲ့ “ကျွန်တော်နှင့်ဖင်ကွဲကမ်းခြေ” ဆိုတာ ပေးမလို့ပါ။ အကြောင်းမသိရင် မိုက်ရိုင်းတယ် ထင်ခံရမစိုးလို့ ကျွန်တော်နှင့် ဗြိကနဲ ကမ်းခြေ လို့ ပေးလိုက်ရပါတယ်။ ဒါလဲ သယ်ရင်းတွေက တွေ့တိုင်း ပြောပြီး ရီကြတဲ့ထဲမှာ ပါတဲ့ စကားတစ်ခွန်းကို ယူထားတာပါ။ “ဘောင်းဘီကွဲသွားလိုက်တာများ ဗြိကနဲ” ဆို ပြောပြောပြီး ရီခံရတယ်လေ။ ပြောချင်ဘူး၊ ပြောကို မပြောချင်ဘူး။ မပြောချင်လွန်းလို့ ဆင်တိုးစားမှာ ထပ်ဖြစ်တဲ့ နောက်တစ်မှုကို ပြောပြအုံးမှာ။ ခုတော့.. ပြောချင်ဘူး။ ပြောကို ပြောချင်ဘူး။)

မိတ်ဆွေများအားလုံး ပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

Monday, June 1, 2009

ကျွန်တော့် သတို့သမီး

30.05.2009 Saturday

မောလိုက်ထာဗျာ။ တနေကုန် ပြေးပြေးလွှားလွှား သွားနေရတာ လူ့ကို ဟိုက်နေတာပဲ။ လျှောက်လိုက်ရတဲ့ လမ်းခရီးတွေကလဲ မနည်းပဲကိုး။ ပြုံးပြရတာလဲ ပါးတွေတောင် ညောင်းရော။ဒါပေမဲ့ဗျာ.. ကျွန်တော် ပျော်ပါတယ်။
ကြည့်လေ။ ကျွန်တော့် သတို့သမီး... မလှဘူးလား။




ဟားဟား။ မျက်စိတွေ လည်ကုန်ကြဘီ။ သယ်ရင်းတွေကို သူတို့မင်္ဂလာဆောင် အကြို ဓာတ်ပုံလိုက်ရိုက်ပေးရင်း အေးချမ်းတဲ့ မျက်နှာလေးပိုင်ရှင် ဒီ သတို့ သမီးကို အဲ့ဒီနေရာလေးမှာ တွေ့ပြီး သဘောကျလို့၊ ခွင့်တောင်း ရိုက်ယူထားတာပါ။
စနေနေ့ မနက် ရှစ်နာရီကနေ ထွက်လိုက်ထာ။ ည ကိုးနာရီလောက်မှ အိမ်ပြန်ရောက်တော့တယ်။
သယ်ရင်း သတို့သား၊ သတို့သမီး အလောင်းအလျာတွေကတော့ ဘယ်လိုနေမယ်မသိ။ ကျွန်တော်တို့ကတော့ အိမ်ရောက်တာနဲ့ ကင်မရာတောင် ပြန် မကြည့်နိုင်တော့။ ရေနွေးနွေးနဲ့ ရေလည်း ချိုးပြီးရော။ ခဏ နားမယ် လှဲလိုက်ထာ။ မိုးလင်းကောဗျာ။


ဘာရယ်ဟုတ်ပါဘူး။ သယ်ရင်း သတို့သမီးလောင်းလျာကို ရိုက်ထားပေးတဲ့ ပုံတွေထဲက တစ်ပုံပါ။
ဝါသနိ ၀ါသနာတွေထဲမှာ ဓာတ်ပုံရိုက်တာလဲ ကျွန်တော် ၀ါသနာ ပါသေးတယ်။ (သယ်ရင်းတွေကတော့ ဓာတ်ပုံရိုက်ထွက်တိုင်း ကျွန်တော့်ကိုယ် ကျွန်တော်ချည်း ရိုက်ခိုင်း နေလို့ ဓာတ်ပုံရိုက် ၀ါသနာထက် ဓာတ်ပုံ အရိုက်ခံတာက ပိုတယ် ပြောကြတာပဲ။ အဲလောက် ၀ါသနာ ကြီးတာ။ တကယ်၊ တကယ်)
ကိုယ် ရိုက်ပေးတဲ့ ပုံလေးတွေ ဓာတ်ပုံ အရိုက်ခံသူတွေအတွက် အမှတ်တရ အချိန်လေးတွေ ဖြစ်ကျန်ခဲ့မယ်ဆို ကျွန်တော်က ကျေနပ်ပြီး ပျော်နေတတ်ထာရယ်။
ဓာတ်ပုံ အရိုက်ခံချင်သူများ ဆက်သွယ်ကြပါလို့။
(အိမ်လာ မလည်တဲ့သူတွေ ရိုက်ပေးဘူး။ ကွိကွိ။ အဲလို အဲလို ညစ်တာ။ စိတ် ပြောတာပါ။ :-P )

မေတ္တာဖြင့်
မိုးကုတ်သား





Friday, May 29, 2009

စနေသား၊ စနေဂြိုလ်နှင့် အလောင်းအစား

သို့သော် အလုပ်ပင်ပန်းသည့်ဒဏ်၊ အစာအဟာရ မလုံလောက်သည့် ဒဏ်တို့ကြောင့် အလုပ်ဝင်ပြီး လေးလကျော်မှာ လူက ပိန်လှီကာ အားပြတ်လို့ လာပြီ။ မဖြစ်ချေသေး။ တစ်ခုခုတော့ လုပ်ရမည်။ အလုပ်သစ်ပဲ ရှာပြောင်းရမလား။ တကယ်တော့ ကျွန်တော် လက်ရှိအလုပ်မှာ ဘယ်လောက် ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်ရပါစေ၊ ပျော်နေပြီ။ လုပ်ငန်းခွင်ကလူ၊ ရုံးကလူတွေနဲ့လဲ ခင်မင်ရင်းနှီးနေပြီ။ အလုပ်မပြောင်းချင်တော့။
ဆရာ့ကို ကျွန်တော် လစာငွေနှင့် မလောက်ငှကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ဆရာက ကျွန်တော် သွားကြည့်ပေးနေသော အိမ်က အိမ်ပိုင်ရှင်တွေနှင့် တိုင်ပင်ပြီး ကျွန်တော် အဆင်ပြေအောင် ဖန်တီးပေးပါသည်။ အိမ်ရှင်တွေက ကျွန်တော် အလုပ်မထွက်အောင် သူတို့ဘက်မှ လစာ ပေးသည်။ ထိုအခါ တစ်လခြောက်သောင်း ဆိုသော ငွေနှင့် ကျွန်တော် မနက်ညစာ ပေါင်းစားရသည့်ဘ၀မှ လွတ်ခဲ့သလို အိမ်ကိုလဲ ပိုထောက်နိုင်ခဲ့ပါသည်။ ဒီလိုနှင့် ပန်းလှိုင် ဂေါက်ကွင်းမှာ အိမ်သုံးလုံးကို ဗိသုကာ ပုံစံပိုင်း ဆိုင်ရာ ကြီးကြပ်ပေးနေခဲ့တာ နှစ်နှစ်နီးပါးလောက်။
အလုပ်တွေ ဖိစီးမှုများတိုင်း မကြာခဏလည်း ကျွန်တော့်မြို့ကလေးသို့ ပြန်ကာ အေးအေးဆေးဆေး နေထိုင်ချင်စိတ်တွေ ပေါ်ခဲ့သည်။ အိမ်မှာက ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် မိသားစုနှင့် အတူ နေရသေးသည်လေ။ အလုပ်စ၀င်စဉ်က ကြုံတွေ့ရသော ဖိနှိပ်ခံရမှုများ၊ ချောက်တွန်းခံရမှုများကြား အံခဲပြီး ကြိုးစားခဲ့ရသော ထိုစဉ်က အဖြစ်အပျက်တွေကြောင့် ကျွန်တော့်စိတ်တွေ ခံနိုင်ရည် ပိုရှိလာခဲ့သည်။ နောက်ပြီး ကျွန်တော့်ဘ၀အတွက် အရေးပါသော အကူအညီတွေ ပေးခဲ့သူများနှင့်လည်း ဆုံတွေ့ခွင့် ရခဲ့သည်။ ထိုအကြောင်းများကိုတော့ နောက်မှ သပ်သပ် ရေးချင်ပါသေးသည်။
ပန်းလှိုင်မှာ အလုပ်တွေ ပြီးသွားတော့ ကျွန်တော် ဗိုလ်အောင်ကျော်လမ်းက ရုံးမှာ အလုပ် စဆင်းသည်။ လစာလည်း တဖြည်းဖြည်း တိုးတိုးလာသလို မြင့် မြင့်တက်လာသော ကုန်ဈေးနှုန်းတွေ ကြားမှာ ကျွန်တော် မစုဆောင်းမိပါ။ သို့သော် ဆရာ့ရုံးမှာ လုပ်ရင်း ကျွန်တော့် ညီအငယ်ဆုံးကို မန္တလေးမှာ တက္ကသိုလ်တက်ဖို့ စားရိတ် ထောက်နိုင်ခဲ့သည်။ ညီမလေးအား သူဝါသနာပါသော စက်ချုပ်သင်တန်းကို မြို့ကလေးမှာ ထားပေးနိုင်ခဲ့သည်။ အိမ် စားဝတ်နေရေး တာဝန် အတော်များများကို ကျွန်တော် တာဝန်ယူ ထောက်ပံ့နိုင်ခဲ့သည်။ အဖေနှင့် အမေလည်း အရင်လို ပင်ပင်ပန်းပန်း အလုပ် လုပ်စရာ မလိုတော့။ သို့သော် ကျွန်တော့် ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ခွင့် မရသေးပေ။
ဆရာ့ရုံးမှာထိုင်ပြီး တစ်နှစ်ခွဲ ကျော်လောက်မှာ မမျှော်လင့်ပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် အလုပ်ပြောင်းဖြစ်သည်။ ကျွန်တော် အလုပ်ထွက်မည် ပြောတော့ ဆရာ့စကားတစ်ခွန်းကို ဘယ်တော့မှ မမေ့။
“သားသမီးတောင် အချိန်တန်ရင် မိဘကို ခွဲခွာသွား ရသေးတာ။ သားဘ၀ ပို တိုးတက်ဖို့အတွက် လုပ်တာပဲ။ ဆရာ မတားပါဘူး” တဲ့။
အဲ့ဒီအချိန်က ဆရာ မသွားပါနဲ့ တားခဲ့လျှင် ကျွန်တော် တကယ်ပဲ ထွက်ဖြစ်မှာ မဟုတ်တာ သေချာပါသည်။
ဆရာ့ရင်ဝကို ခြေစုံကန်ကာ ထွက်ခဲ့မိသော ကျွန်တော် ဒုတိယအလုပ်မှာ အခက်အခဲတွေ ထပ်ပြီး ကြုံရပြန်သည်။ နမော်နမဲ့နိုင်သော ကျွန်တော်က တမျိုး။ ကိုယ် တာဝန်ယူရသော အလုပ်တွေထဲက တစ်ချို့မှာ ဖြေရှင်းလို့ မရတာတွေက တဖုံ။ စိတ်ဖိစီးမှုတွေက ကျွန်တော့် စိတ်တွေကိုရော ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ကိုပါ ပျက်ပြား စေခဲ့သည်။ (တစ်ခု ကံကောင်းသည်က အလုပ်ရှင် အကိုဆရာရော၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ကရော ကျွန်တော့်ကို မိသားစုတွေလို ချစ်ခင် ရင်းနှီး ကြခြင်းကြောင့် ကျွန်တော် စိတ်သက်သာရာ ရခဲ့၏။ ဆရာ့ရုံးမှာရော အခုလက်ရှိ ဆရာအကို ရုံးမှာရော လုပ်ဖော်ကိုင်ဘက် အားလုံး ကျွန်တော့်ကို ထိုသို့ ချစ်ခင်ကြခြင်းသည် အိမ်လွမ်းကာ မိသားစုနှင့် ဝေးနေသော ကျွန်တော့်အတွက် အားဆေးတွေ ဖြစ်ခဲ့သည်။ ထိုအတွက်လည်း သယ်ရင်း မိတ်ဆွေ အားလုံးကို ကျေးဇူးတင်လွန်း လှပါသည်။)

စနေသား ကျွန်တော် စနေဂြိုလ် ကျနေသလား ထင်ရအောင်ပင် အလုပ်ရော မိသားစုအရေးတွေပါ ထိုအချိန်က အတော် ကသောင်းကနင်း နိုင်ခဲ့သည်။ ကျွန်တော် စုဆောင်းထားသော ငွေကလေးတွေကို ကျွန်တော့် ညီအလတ်အတွက် တရုတ်ဆိုင်ကယ်တွေ ၀ယ်ရောင်းလုပ်ဖို့ ထုတ်ပေးထားတာတွေက အဆင်မပြေ။ ငွေရင်းလေး ပြန်ပေါ်လာနိုး လိုက်ရင်းလိုက်ရင်း ညီတော်မောင် တရုတ်ပြည်ကနေ မိုးကုတ်ကို ဆိုင်ကယ် အကူး လမ်းမှာ အဖမ်းခံရ၊ ပစ္စည်းတွေ အသိမ်းခံရနှင့် လိုက်ရွေးရတော့ ခြစ်ချုပ်စုထားတာလေးတွေ ပြောင်ပြန်၏။ ပြောင်ရုံမက အဖေ့ အိမ်ဂရံလေးပင် အဆစ်ပါသွားလိုက်သေးသည်။ ထိုအခါ ကျွန်တော့်ဝင်ငွေသည် အိမ်မိသားစု စားဝတ်နေရေး၊ ညီ ညီမတွေ သင်တန်းကြေး၊ ရန်ကုန်မှာ နေထိုင်စားရိတ်၊ တိုး တိုးလာသော အဆောင်လခများ တွေတင်မက အိမ်ဂရံပေါင်ထားတော့ တလတလ ဆပ်ရသော ငွေတိုးတွေပါ တာဝန်ပိုလာ၏။
ကျွန်တော့်ညီ အငယ်ဆုံးလေးကို ထားပေးသည့် ကွန်ပျူတာ သင်တန်းကြေးကလည်း တဖြည်းဖြည်း များများလာသည်။ ကျွန်တော် ကျောင်းတက်နေစဉ်က မျက်နှာငယ်ငယ်နှင့် ဒုက္ခတွေ ကြုံခဲ့ရသလိုမျိုး ကျွန်တော့်ညီ အငယ်ဆုံးကို မဖြစ်စေလိုပါ။ ထိုအချိန်က သူ့ကို ကျွန်တော် ရန်ကုန်မှာ ခေါ်ပြီး ကွန်ပျူတာ သင်တန်း တက်ထားခိုင်းသည်။ ကျွန်တော့် ညီအလတ်ကလည်း အရင်လို ကျောက်သွေးအလုပ်တွေရော၊ ဆိုင်ကယ်လုပ်ငန်းပါ အဆင်မပြေပဲ သူ့မိသားစုလေးနှင့် မနည်း ရုန်းကန်နေရတော့ ကျွန်တော် မထောက်ပံ့ရတာ ခံသာသေးသည်။ တတိယညီကတော့ ခုချိန်ထိ အားကိုးမရ။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်။ ညီမလေးကတော့ သူတက်နေသော စက်ချုပ်သင်တန်းကို သင်တန်းကြေး ပေးစရာမလိုတော့ပေမဲ့ ၀င်ငွေက မရှိသေး။ မိသားစုတာဝန် အားလုံးက ကျွန်တော့် ခေါင်းပေါ်မှာ။ ခါးနာရောဂါနှင့် ပင်ပင်ပန်းပန်းဒဏ်တွေ မခံနိုင်တော့သော အဖေ့ကိုရော၊ ခြေလက်တွေ သိပ်မကောင်းတော့သည့် အမေ့ကိုရော ကျွန်တော် ဘာအလုပ်မှ မလုပ်စေချင်တော့။ နောက်ပြီး အဖေနှင့် အမေ့ကို သက်တောင့်သက်သာ နေစေချင်လှပြီ။ ဒီတော့ ကျွန်တော့်မှာ ကံကြမ္မာကို လောင်းကြေးထပ်ကာ မိုက်မိုက်ကန်းကန်း ကြံစည်မိတော့သည်။ ဒါကတော့ ကျွန်တော် စင်္ကာပူ သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပင်တည်း။
တကယ်တမ်းတော့ ရန်ကုန်မှာပင် မပျော်ဘဲ “ပျော်ရာမှာမနေ၊ တော်ရာမှာ နေ”နေရသော ကွန်တော် အိမ်လွမ်းတိုင်း မကြာခဏတော့ ပြန်နိုင်သေးသည်။ နိုင်ငံခြား သွားမည် ဆိုလျှင်တော့ ကျွန်တော် အိမ်လွမ်းတိုင်း ပြန်နိုင်မှာတော့ မဟုတ်။ သွားလည်း မသွားချင်ပါ။ သို့သော် ကျွန်တော့် မိသားစုအတွက် သွားကိုသွားမှ ဖြစ်မည်။
သွားဖို့ ဆုံးဖြတ်လိုက်မှ ကျွန်တော့်မှာ လက်ထဲ ငွေစ အနည်းငယ်သာ ရှိ၏။ ခက်ပြီ။ မြို့ကလေးရဲ့ ကျဆင်းချွတ်ခြုံနေသော စီးပွားရေးတွေကြောင့် ကျွန်တော့်ဦးလေးတို့ မိသားစုတတွေကလည်း အဆင် သိပ်မပြေလှ။ ကျွန်တော့် စိတ်ကူးကို သူတို့ အကောင်အထည် ဖော်ပေးချင်သော်လည်း မဖြည့်ဆည်း ပေးနိုင်တော့ စိတ်မကောင်း ဖြစ်နေကြသည်။ မိုးကုတ်မှာကလည်း စီးပွားရေးလုပ်ငန်းတွေက ကောင်းမွန်လှသော စနစ်ဆိုးကြောင့် အလုပ်လက်မဲ့တွေ အများကြီး။ တကယ့်သူထေးတွေပင် ညည်းနေရလောက်အောင် စီးပွားရေးက ကောင်းလွန်းလှသည်လေ။ ဘယ်သူ့ကိုမှ ကျွန်တော်ကလည်း အကူအညီ မတောင်းရက်ပါ။ မြို့ကလေးမှ လူအားလုံးက ကိုယ့်ဒုက္ခနှင့် ကိုယ်။ အမေကတော့ ကျွန်တော့်ကို သွားစေချင်သည်။ ဒီလိုနှင့် “မင်းလိုတဲ့ငွေကို တတ်နိုင်သမျှ ငါတို့ စုပြီး စိုက်ပေးမယ်” ဆိုသော အားပေးစကားတွေကို ကျွန်တော့် သယ်ရင်း တစ်ချို့ ထံမှ ကြားရတော့ အားတော်တော် တက်သွားသည်။ အဆင်မပြေလျှင်တော့ သူတို့ကို အကူအညီ တောင်းရမှာပေါ့။
သို့သော် ကျွန်တော် တခြားနည်းလမ်း ရှာချင်သေးသည်။ ဘယ်သူ့ကိုမှ ကျွန်တော့်ကြောင့် ဒုက္ခ မဖြစ်စေချင်ပါ။ ခုလို စေတနာ ရှိကြခြင်းကိုပင် ကျေးဇူးတင်လွန်းလှပြီ။ အမေနှင့် တိုင်ပင်တော့ အမေ့မိတ်ဆွေ တချို့ထံမှ ငွေတိုးချေးဖို့ အမေက ပြောပါသည်။ ကျွန်တော် မလုပ်ရဲပါ။ မတော်တဆ အဆင် မပြေဖြစ်ခဲ့လျှင် သိန်းနှစ်ဆယ်လောက်ကို ကျွန်တော် ဘယ်လို ပြန်ဆပ်နိုင်မှာလဲ။ စိတ်တွေက ရှုပ်ထွေးလာသည်။ ချစ်သော အမိမြေကို စွန့်ပြီး ကျွန်တော် မသွားချင်သလို မိသားစု၊ ကျွန်တော်ချစ်သော မြို့ကလေးနှင့် ဝေးဝေးမှာ ကျွန်တော် မနေနိုင်။ သို့သော် ကျွန်တော် မစွန့်စားလျှင် ဘယ်လိုမှ ရေရှည် လွယ်မည် မဟုတ်တာ အသေအချာ။ ဒီတော့ ငွေတိုးချေးရုံကလွဲပြီး ကျွန်တော် တခြားနည်းလမ်းကို မတွေးတော့။
စင်္ကာပူသွားဖို့ လုပ်နေတာကိုလည်း အလုပ်ရှင် ဆရာအကို့ကို ပြောပြပြီး အလုပ် ထွက်ဖို့ ပြောတော့ အကိုက မသွားမချင်း သူ့ဆီမှာ အလုပ် လုပ်ဖို့ ပြော၏။ ကျွန်တော် ဆရာအကို့ကို ခွင့်တောင်းကာ တစ်လ ခွင့်ယူပြီး အိမ်ပြန်လိုက်သည်။ တကယ်လို့ စင်္ကာပူ သွားဖြစ်လျှင် အိမ်မှာ ပြန်နေရဖို့ လွယ်မည်မဟုတ်ပါ။ ဒီတော့ အိမ်မှာ ကျွန်တော့် မိသားစုနှင့် အေးအေးဆေးဆေး အချိန်ယူ နေချင်ပါသေးသည်။ စိတ်ပင်ပန်းရသော ဒဏ်တွေနှင့် အရိုးပေါ်အရေတင်နေသော ကျွန်တော် အိမ်ကို ပြန်သွားတော့ အိမ်ပေါက်ဝမှာ ရပ်နေသော ကျွန်တော့်ကို အမေတောင် မမှတ်မိပါ။ ဘယ်က ဘိန်းစားကောင်လဲ ဆိုတဲ့ အကြည့်မျိုးနှင့် ကြောင်ကြည့်နေတာ “အမေ” လို့ ကျွန်တော် ခေါ်မှ မှတ်မိပြီး “အောင်မလေး သားကြီးရယ်” ဆိုကာ ငိုလေတော့သည်။ ဘုန်းကြီးကျောင်းက အဖေပြန်လာတော့ ကျွန်တော့်ကို ကြည့်ပြီး ရင်တွေဆို့ကာ မျက်ရည်တွေ ၀ဲလို့။ ကျွန်တော်ကလည်း ခွင့်ရရချင်း အိမ်ကို တန်းပြီး ပြေးသွားတော့ ကြားမှာ အားပြည့်အောင် အနားမယူနိုင်ခဲ့ဘူးလေ။ အဖေနှင့် အမေ ရင်နင့်အောင် လုပ်မိသလို ဖြစ်သွားတော့ ရင်ထဲမှာ မကောင်း။ ကျွန်တော် အပူရုပ်တွေကို ဖုံးဖိကာ ကြိုးစားမယ်ဆိုတာ အဖေနှင့် အမေ့ကို ကတိပေးထားသည်။ ကိုယ်တိုင်က စိတ်ဓာတ်ကျနေလျှင် ကျွန်တော့် မှီခိုနေရသော အဖေနှင့် အမေက ဘယ်လို အားကိုးနိုင်မလဲ။ တခါတရံမှာ အဆင်မပြေလျှင်ဆိုတဲ့ အပူလုံးကြီးက ရင်ထဲ ပြည့်ကျပ်ခဲ နေသော်လည်း အိမ်ကိုတော့ ကျွန်တော် အပူတွေ မျှမပေး။ အိမ်မှာ နေတဲ့ တလအတွင်း ကျွန်တော် အဖေနှင့်အမေ့ဘေးမှာ၊ မောင်နှမတွေ ဘေးမှာ အချိန်ပြည့် လိုလို နေသည်။ ဦးလေးတွေဆီ သွားကာ လုပ်ကိုင် ကူစရာရှိသည်များ အရင်လို သွားလုပ်ပေးသည်။ ရိပ်သာကို ဆယ်ရက်စခန်း ၀င်လိုက်သေးသည်။ ရိပ်သာ မ၀င်တာ သုံးနှစ်လောက် ရှိနေခဲ့ပြီ။ နောက်ဆို ကျွန်တော် စိတ်အေးလက်အေး ၀င်ခွင့် ရမှာ မဟုတ်နိုင်ဘူး။ ရိပ်သာ ၀င်လိုက်ခြင်းကြောင့် ရင်ထဲက အပူလုံးကြီး သက်သာရာ ရသွားပါသည်။
ရိပ်သာမှ ပြန်ထွက်လာတော့ မန္တလေးမှာ နေသော အမေ့ ညီမက သူ စုဆောင်းထားသော လက်ဝတ်လက်စားတွေကို အပေါင်ခံပစ္စည်းထားဖို့ ထုတ်ပေးသည်။ ကျွန်တော် အပေါင်ခံပစ္စည်း မထားဘဲ ငွေတိုး ချေးလျှင် အတိုးတွေ အများကြီး ပေးရသောကြောင့် အမေ့ညီမက အတိုးပေးရ သက်သာရန် ကူညီပေးခြင်း ဖြစ်သည်။ ထိုမှရသောငွေ၊ ကျွန်တော့်အလုပ်ကနေ ပေးသော ဆုကြေးငွေ၊ မြစ်ကြီးနားက သယ်ရင်း ချေးပေးသော ငွေ၊ နောက်ပြီး အလုပ်မှာ မောင်နှမ လိုခင်သော အမတစ်ယောက် ထုတ်ပေးသည့် ဒေါ်လာ နှစ်ရာ။ အားလုံး ကြက်အစာ ကောက်သလို စုပေါင်းလိုက်တော့ ကျွန်တော် စင်္ကာပူသို့ ထွက်ပြီး အလုပ်ရှာနိုင်သည့် အတိုင်းအတာ ရရုံမက အိမ်ကိုလဲ သုံး၊ လေးလစာ ဖူလုံအောင် ချန်ထားပေးနိုင်ခဲ့၏။ ညီအလတ်ရဲ့ ဆိုင်ကယ်ဝယ်ရောင်း လုပ်ငန်းကလည်း အခြေအနေ ပြန်ကောင်းလာသောအခါ ထို ငွေတွေထဲက အိမ်အတွက် အစု ရှယ်ယာ အရင်း အနှီးကို ထုတ်ပေးခဲ့တော့ ငွေက စင်္ကာပူမှာ တစ်လကျော်လောက်သာ နေနိုင်သည့် အနေအထားသာ ကျန်သည်။ တကယ်လို့ ကျွန်တော်သာ အလုပ်အဆင်မပြေပဲ ပြန်လာခဲ့ရလျှင် သူ့ဝင်ငွေနှင့် အိမ်ကို ခဏ ထိန်းထားနိုင်မည်မဟုတ်လား။ အကြွေးများကို မြန်မြန် ဆပ်နိုင်ဖို့၊ အိမ်ဂရမ်နှင့် အမေ့ညီမ လက်ဝတ်လက်စားတွေ ပြန်ရွေးပေးနိုင်ဖို့ ကျွန်တော် အဲ့ဒီမှာ အလုပ်ရမှ ဖြစ်မည်။ မရလျှင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆက်မတွေးတော့။ မိုက်ရူးရဲစွာနှင့် စင်္ကာပူသို့ သွားကာ အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပြီးပြီ။
ကဲ ဂြိုလ်မွှေတဲ့ စနေရေ၊ မင်းကပဲ ဂြိုလ်ဘယ်လောက်မွှေ မလဲ။ ငါကပဲ ဒီဂြိုလ်ကို အကောင်းဘက် ရောက်အောင် ဘယ်လောက် ကြိုးပမ်းနိုင်မလဲ။ ကံကြမ္မာကို လောင်းကြေးထပ်ကာ ကျွန်တော် စိန်ခေါ်တော့မည်။


(ဆက်ရေးပါဦးမယ်ခင်ဗျာ။ ကျွန်တော့် ရင်ဖွင့်သံတွေကို ခုချိန်ထိ စိတ်ရှည်လက်ရှည် ဖတ်ပေးနေကြတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်)

ပုံကလေးကို ဒီကနေ ယူထားတာပါခင်ဗျာ။


မေတ္တာဖြင့်
မိုးကုတ်သား


Thursday, May 28, 2009

သားဦးစနေ ဒုက္ခပွေ

သယ်ရင်းတွေကိုလဲ အင်မတန် ကျေးဇူး တင်သလို ဒီလို သယ်ရင်းတွေ ရှိတာကိုလဲ ၀မ်းမြောက်ရသည်။ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျောင်းလာတက်ပါ့မယ် ကတိ အထပ်ထပ် ပေးမှ သူတို့ ကျေနပ်ကာ ပြန်သွားကြ၏။ ကျွန်တော် ကျောင်းသွားတက်နေလျှင် အိမ်မှာ ဘယ်သူက ဦးစီးမှာလဲ။ ကျွန်တော် ကျောင်းပြန်တက်လို့ မဖြစ်ပါ။
ဒီအချိန်မှာပဲ ကံဇာတာက တက်လာသည် ပြောရမည်။ ကျွန်တော် ကျောက်သွားသွေးသော ဦးလေးတို့ အိမ်မှ မောင်နှမတွေက စုပြီး ကျွန်တော့် ကျောင်းစားရိတ်ကို တာဝန်ယူလိုက်ကြသည်။ အိမ်ခွဲနေသော ကျွန်တော့် ညီအလတ်တို့ မိသားစုကလဲ ကျွန်တော် ကျောင်းသွားတက်စဉ် သူတို့ အိမ်မှာ ပြန်လာနေပေးပြီး တတ်နိုင်သမျှ အိမ်တာဝန်တွေ ယူပေးမည်တဲ့။ ကျွန်တော် အားတွေ ပြန်ရှိကာ မျှော်လင့်ချက် ရောင်ခြည်လေး လင်းရောင် ပြန်သမ်းလာခဲ့သည်။ ပိုပြီး ကံကောင်းသည်က ကျောင်းတွေ ဖွင့်ခါနီးမှ ကျွန်တော့် ပွဲစားအလုပ်မှ ၀င်ငွေလေးက ကောင်းသွားခဲ့သေးသည်။ ကျောက်ပန်းချီက ရသောငွေ၊ ကျောက်သွေးပြီး ရသောငွေ၊ ကျောက်ပွဲစားလုပ်ပြီး ရသောငွေ အားလုံးကို အမေ့လက်ထဲ အပ်ခဲ့လိုက်တော့ ကျွန်တော့် မိသားစု လ အတော်များများ အတွက် အမာခံ ဆန်၊ဆီ၊ဆားတွေ ၀ယ်ထားပေးခဲ့နိုင်သလို အမေ့ ကျောက်လုပ်ငန်းလေးလဲ ပြန်စနိုင်ခဲ့သည်။
ကျွန်တော်ကတော့ ဦးလေးမိသားစုတို့ လစဉ် ထောက်ပံ့သော ငွေဖြင့် ကျောင်းတက် နိုင်ခဲ့သည်။ သယ်ရင်း တွေကတော့ ၀မ်းသာအားရ ဆဲလိုက်ကြသည်မှာ ပြောစရာမရှိ။ ကျောင်းမတက်တော့ဘူး ဆိုကာ သူတို့ကို စိတ်ပူအောင် လုပ်မိသည်ကိုး။ သို့သော် ကျောင်းမှာ ကျွန်တော့်ကို ပြန်မြင်ရတော့ သယ်ရင်းတွေလဲ ပျော်နေ ခဲ့ကြပါသည်။ ထိုနှစ်ကတည်းက ကျွန်တော်တို့ ကျောင်းကို မန္တလေးမှာ မတက်ရတော့။ ပြည်မှာ သွားတက်ရသည်။ ပဉ္စမနှစ်နှင့် နောက်ဆုံးနှစ်တွင် ကျောင်းပိတ်ရက်က တိုတောင်းလွန်းသောကြောင့် အိမ်ကို သင်္ကြန် တစ်ကြိမ်ပဲ ပြန်နိုင်ခဲ့သည်။
ထိုနှစ်တွေက ဒီဇိုင်းပိုင်းမှာ ညံ့သော ကျွန်တော် အတန်းထဲက သယ်ရင်းတွေကို မနည်းမှီအောင် လိုက်လုပ်နေရသည်။ ဥာဏ် မကောင်းသော၊ ထုံအသော ကျွန်တော် လူတော် မဖြစ်အုံးတောင် လူညံ့စားရင်ထဲ မပါဖို့ အတော် ကြိုးစား ယူရသည်။ သို့သော် ကျွန်တော် ထိုစဉ်က အင်မတန် လေလွင့်ခဲ့ကာ မိုက်မဲခဲ့ပါသည်။ ကျောင်းက မေဂျာ ဘာသာတွေလောက် စိတ်အာရုံထားပြီး ပရောဂျက်တွေထဲ စိတ်နှစ်မြှုပ် ရူးသွပ်ကာ ဈာန် ၀င်စားခဲ့သမျှ တွဲယူရသော မိုင်နာ ဘာသာရပ်တွေကို လှည့်လို့ပင် မကြည့်တော့ အဲဒီရမှတ်တွေက မကောင်းပါ။ စာမေးပွဲ နီးတော့ သယ်ရင်းတွေက မိုင်နာဘာသာတွေ သူတို့ စာလုပ်တိုင်း ကျွန်တော့်ကို ခေါ်ကာ ရှင်းပြပေးကြသောကြောင့် ကျွန်တော် ဖြေနိုင်ခဲ့ခြင်းသာ။ ဘွဲ့လွန်တက်ဖို့ မမျှော်မှန်းခဲ့သော ကျွန်တော် ထိုဘာသာရပ်တွေမှာ ပေါ့လျော့ခဲ့တာ အချိန်လွန်မှ နောင်တ ရ ရသည်။ (ထိုစဉ်ကတည်းကရင်း အချိန်တွေ ကုန်သွားရင် ဘယ်တော့မှ အစားပြန်ထိုးလို့ မရနိုင်တာတွေ ရှိတတ်မှန်း ကိုယ့်ကိုကိုယ် သတိ ပေးခဲ့သော်လည်း မေ့တတ်သော ကျွန်တော် ခုထိ အဲဒါကို တခါတခါ မေ့နေတတ်သေးသည်)
နောက်ဆုံးနှစ် စာမေးပွဲကြီး ပြီးသွားတော့မှ အလုပ် ဆိုတာကြီးက ဗြုန်းကနဲ ခေါင်းထဲ ရောက်လာ၏။ လုံးဝ မကျွမ်းကျင်သော အစိမ်းသက်သက် ရန်ကုန်မြေကို ခြေချတော့မှ ကျွန်တော် ဘာလုပ်ရမှန်းမသိ။ ယောင်လည်လည် ဖြစ်ရတော့သည်။ ထိုအချိန်က ခေါင်းထဲမှာ ဗလာသက်သက်ကြီး ဖြစ်ကာ နေလို့မကောင်း။ ပုံမှန် စာတွေ လုပ်နေကျ အချိန်တွေကလဲ လုံးဝ မရှိတော့ဘူး မဟုတ်လား။ အချိန်တိုင်းလိုလို အားနေသော ကျွန်တော် အလုပ်ကို အပူတပြင်း ရှာနေသော်လည်း ဘယ်သွားလို့ ဘယ်လာရမှန်း ကျွန်တော်မသိ။ ဦးလေးတွေက အလုပ်မရမချင်း သူတို့ ထောက်ပံ့ပေးမည် အာမခံထားလို့သာ စိတ်အေးနေရသည်။ သို့သော် ကျွန်တော် သူတို့ကို အားနာလွန်းလှပြီ။
ရန်ကုန်ရောက်ပြီး တလနီးပါးကြာသောအခါ မမျှော်လင့်ပဲ ကျွန်တော်တို့ ကျောင်းက ဆရာတယောက်ဆီမှာ အလုပ်ရတော့ ပျော်လိုက်သည် ဖြစ်ခြင်း။ တကယ်တမ်း အလုပ်ဝင်တော့မှ ကျွန်တော် မသိသော အပြင် လောကကြီးကို ဘွားကနဲ တွေ့လိုက်ရသလို။ သိပ်မြန်လွန်းသော အပြောင်းအလဲတွေကို နားလည်နိုင်အောင် လိုက်ရလေသည်။ ကျွန်တော် အလုပ်ဝင်ကာစက ရသည့်လစာ သုံးသောင်း။ အိမ်ကို တ၀က်ခွဲပို့၊ အိမ်လခ သုံးထောင် ပေးပြီးလျှင် လက်ထဲ တစ်သောင်းနှစ်ထောင် ကျန်သည်။ နေတာက အင်းစိန်လမ်းမ၊ မြကန်သာ အိမ်ယာ။ ရုံးက ဗိုလ်အောင်ကျော်လမ်းမှာ။ ကျွန်တော် သွားပြီး ဗိသုကာ ပုံစံ ကို ကြီးကြပ်ပေးရသည့် နေရာက ပန်းလှိုင်ဂေါက်ကွင်း အိမ်ယာ။ မနက် စောစောထပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် (Site) ရှိရာကို ကားတတန်၊ ဆိုက်ကားတတန်နှင့် သွားရသည်။ ညနေ သုံးနာရီမှာတော့ Site ထဲကနေ ဗိုလ်အောင်ကျော်လမ်းရှိ ရုံးသို့ သတင်း (Report) သွားတင်ရသည်။ ဒီတော့ တလတလ ခရီးစားရိတ်က သုံးထောင်နီးပါး။ ကျန်သည့်ငွေနှင့် လောက်ငအောင် ချွေတာသုံးရင်း လကုန်ခါနီးရက်များမှာတော့ မနက်စာ၊ ညစာ ပေါင်းစားရသည့်အဖြစ်။ သယ်ရင်းတွေ ကောင်းလို့သာ တော်သေးသည်။ သို့သော် အတူတူ ကြိုးစား ရုန်းကန်နေရသော သူတို့ကို ကျွန်တော့်ကြောင့် ၀န်ထုပ် မဖြစ်စေချင်တော့ ကြိတ်မှိတ်ပြီး နေရပါသည်။ သူတို့ ဘီယာဆိုင်သွားလဲ ကျွန်တော် မလိုက်။ လဘည့်ရည်ဆိုင်ဆိုလဲ မလိုက်။ သယ်ရင်းတွေက ကျွန်တော် အင်မတန် ကပ်စေးနှဲသည် ထင်ကြ၏။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည် မဟုတ်လား။ အခက်အခဲ ဘယ်လောက် ကြုံကြုံ အိမ်ကိုတော့ ငွေ လျော့ မပိုချင်ပါ။ အဆင်ပြေတယ်၊ စိတ်မပူနဲ့ ဟုသာ အိမ်ကို ပြောထားရသည်။ သို့သော် အလုပ်ပင်ပန်းသည့်ဒဏ်၊ အစာအဟာရ မလုံလောက်သည့် ဒဏ်တို့ကြောင့် အလုပ်ဝင်ပြီး လေးလကျော်မှာ လူက ပိန်လှီကာ အားပြတ်လို့ လာပြီ။ မဖြစ်ချေသေး။ တစ်ခုခုတော့ လုပ်ရမည်။ အလုပ်သစ်ပဲ ရှာပြောင်းရမလား။ တကယ်တော့ လက်ရှိအလုပ်မှာ ဘယ်လောက် ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်ရပါစေ၊ ကျွန်တော် ပျော်နေပြီ။ လုပ်ငန်းခွင်ကလူ၊ ရုံးကလူတွေနဲ့လဲ ခင်မင်ရင်းနှီးနေပြီ။ အလုပ်မပြောင်းချင်တော့။

(ဆက်ပြီး ရေးပါဦးမယ်ခင်ဗျာ။ ဒီရက်ပိုင်း အလုပ်များနေပေမဲ့ ရေးချင်စိတ် ကြီးနေတာကြောင့် ချရေးလိုက်ပါတယ်။ အရေးအသားတွေ အဆင်မပြေတာ တွေ့ရင် သည်းခံပေးကြပါခင်ဗျာ။ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ပွေလီတဲ့ ဒုက္ခတွေကို စိတ်ညစ်ခံပြီး ဖတ်ပေးကြတဲ့အတွက်။ စိတ်မောစရာတွေ ချရေးပြလို့ မောစရာများတဲ့ ဒီခောတ်ကာလကြီးမှာ ပိုမောအောင်လုပ်မိသလို ဖြစ်ရင် ခွင့်လွှတ်ပေးကြပါ။ အဟီး။ နောက်ဆက်မဖတ်မှာ စိုးလို့ )

မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, May 27, 2009

သူတို့ ပိုင်တဲ့ မြန်မာ့အမွေ

ခုတလော အလုပ်များပြီး အိမ်ပြန် နောက်ကျနေတော့ စနေသား ဖြစ်စဉ်ကို အပြီးမသတ်နိုင်သေးဘူး ဖြစ်နေပါတယ်။ အဲဒီအတွက်လဲ အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ။
လောလောဆယ် ကျွန်တော် အမှတ်တရ သိမ်းဖို့ ရိုက်ထားတဲ့ ပုံလေးတွေ မိတ်ဆွေတို့နဲ့ ဝေမျှ ချင်လို့ပါ။
ဒီအပါတ်ထဲမှာ ကျွန်တော်တို့ ရုံးက ပုံစံထုတ်ပေးထားတဲ့ အိမ်တွေထဲက တစ်ချို့ အိမ်လေးတွေကို တစ်ရုံးလုံး အလည်အပတ် ထွက်ကြပါတယ်။ ဆောက်လက်စ တန်းလန်းနဲ့ အိမ်တွေရော၊ ဆောက်ပြီးသား အိမ်တွေကိုရော သွားပြီး လည်ဖြစ်ကြတာပါ။
အိမ်ရှင်တွေက ကိုယ်တို့တွေ ဖန်တီးပေးထားတဲ့ အခန်းဖွဲ့ ပုံစံ၊ အလင်းပေးမှု စနစ်တွေနဲ့ အပန်းဖြေ အနားယူဖို့ ဖွဲ့စည်းပေးထားတဲ့ ဟင်းလင်းခွင်တွေကို ကျေနပ်ပျော်ရွှင်စွာ တကယ် နှစ်နှစ်သက်သက် အသုံးပြုကြတာ မြင်ရတော့ ရင်ထဲမှ ပီတိ ဖြစ်မိပါတယ်။ နောက်ပြီး သူတို့ကို ကြည့်ရတာ အိမ်မှာ နေပျော်ပြီး အင်မတန်မှလဲ သက်တောင့်သက်သာ ရှိနေကြပုံပါ။ သူတို့တွေကို ကြည့်ပြီး ကျွန်တော်ံစိတ်ထဲ ကြည်နူးနေမိတယ်။
နောက်တစ်ခုကတော့ ကျွန်တော် မျှော်လင့်မထားတဲ့ မြင်ကွင်းတွေပါ။ တွေ့မြင်ရလို့ ၀မ်းမြောက် ကြည်နူးရတာတွေရော၊ စိတ်ထဲမှာ နှမျောတာတွေရော၊ ဘာကိုမှန်းမသိ ဒေါသ ထွက်တာတွေရော၊ နောက်ပြီး အမြတ်တနိုး ထားကြတဲ့ သူတို့လို အနုပညာ မြတ်နိုး ထိန်းသိမ်းသူတွေကို ကျေးဇူးတင်တာတွေရော။ ခံစားရတာတွေ များတော့ စာလုံးတွေနဲ့တောင် ပီပြင်အောင် မရေးပြတတ်တော့ပါဘူးဗျာ။
သူတို့ နိုင်ငံခြားသားတွေ မြတ်စွာဘုရား လက်အုပ်ချီတော် မူနေတဲ့ ဆင်းတုတော် ပုံတွေကို လှေကားထစ်တွေမှာ ဘာကြောင့် ထားတတ်ကြတာလဲ ကျွန်တော် နားမလည်သေးပါ။ တချို့က လှေကား အောက်မှာပင် ထားထားလိုက်သေးသည်။ ကျွန်တော်ကတော့ ထိုလှေကား ထစ်တွေကို ဖြတ်သန်းရတိုင်း စိတ်က ဘယ်လိုမှ သက်တောင့်သက်သာမရှိလှ။ ထားပါ။ ဒီလို အတွေ့အကြုံတွေ နောက်မှ ကျွန်တော် ပြောပြချင်ပါသည်။ ခု ကျွန်တော် ပြောပြချင်သည်က ကျွန်တော် တခါဖူးမျှ ခုလို တွေ့ရမည် မမျှော်လင့်ခဲ့သော မြန်မာ့လက်ရာ စစ်စစ်များ။ တစ်ချို့က ကိုယ် မြန်မာလူမျိုးစစ်စစ်ပင် မမြင်တွေဖူးခဲ့သည့် လက်ရာတွေ။
အမြတ်တနိုး ထိန်းသိမ်းထားသော သူတို့ကို ကျေးဇူးတင်ရင်း၊ စိတ်ထဲ နှမျောတသရင်း၊ ကျွန်တော်တို့ မထိန်းသိမ်းနိုင်ခဲ့သော အမွှေအနှစ်တွေကို ခုလို ဓာတ်ပုံရိုက်ယူ သိမ်းဆည်းထားနိုင်ခွင့်နှင့်သာ ကျွန်တော် ကျေနပ်ရပါသည်။



ကျွန်တော့်ကို ဖမ်းစားခဲ့တဲ့ ရုပ်ထုတွေပေါ့





မြန်မာမှု၊ မြန်မာ့ဟန်လေးတွေ



အိမ်အ၀င်ဝက အဲမောင်း ထမ်းထားတဲ့ မြန်မာအမျိုးသားနှစ်ဦး ရုပ်ထု။ အနောက်ဘက်က မြတ်စွာဘုရား ဆင်းတုတော်ကလည်း မြန်မာ့လက်ရာ အစစ် (ပုံက ၀ါးသွားလို့ သည်းခံပေးပါ ခင်ဗျာ)

ဒီရဲ့ ရုပ်ထုတွေကတော့ မြန်မာ့လက်ရာလို့ အိမ်ရှင်က ပြောပါတယ်။ ကျွန်တော်ကတော့ မသေချာလို့။









အားလုံးကို ချစ်ခင်လေးစားလျှက်
မေတ္တာဖြင့်
မိုးကုတ်သား