Wednesday, October 22, 2008

Scene of Mogok (မိုးကုတ် ရှုခင်းများ)


Scene of Mogok (မိုးကုတ် ရှုခင်းများ)


ငြိမ်းချမ်းတဲ့ ကျွန်တော်တို့ရဲ့ မြို့ကလေးကတော့ တစ်ချို့ နေရာ တော်တော်များများမှာ သူ့ အလှတွေကို ၀ါးမျို ဖျက်ဆီး ခံနေရပေမဲ့ တစ်ချို့နေရာ လေးတွေမှာတော့ အခုလို စိမ်းစို လန်းဆတ်လို့ နေဆဲ။
သဘာဝကို မထိန်းသိမ်းဘဲ တောင်တွေကို ဖြိုလိုက်၊ မြေတွေကို တူးဆွထိုးဖွပြီး ပတ္တမြားတွေကို စုပ်ယူ စားသုံးလို့ ၀ပြီ ဆို ချိုင့်ခွက် ကျန်ရစ်ခဲ့တဲ့ နေရာမှာ ကန်တွေ၊ အင်းတွေ ဖြစ်ပြီး ချန်ရစ်ခံခဲ့ရ။ အင်း ဒီနေရာလေးတွေလဲ ဦးပိုင် ဖက်စပ်တွေရဲ့ စုပ်ယူဝါးမျိုမှုကို ဘယ်အချိန် ခံလိုက်ရလေမလဲ။




ကျွန်တော်လွမ်းတဲ့ ရွာ အ၀င် လမ်းလေးတွေ




ဆောင်းနှင်းဝေေ၀ အောက်မှာ ဒီလို ငြိမ်းချမ်းလို့




အနေစုတ်ပေမဲ့










စိမ်းစိုလန်းဆတ် အေးမြလို့




ဒီလို လှပတဲ့ ကျေက်တောင်ကြီးတွေလဲ

အခုလို ဖြိုခွဲခံရ






မြိုကလေးရဲ့ လမ်းလေးတွေကတော့ အရင်လို
နွေး
ထွေးစွာ ဆီးကြိုလို့


မြို့ကလေးရဲ့ သုဿာန် တစ်နေရာ
ဒါတွေ အားလုံးဟာ သင်္ခါရတွေပါ လို့ ကွန်တော် ပြောထွက်နိုင်မတဲ့လားဗျာ

Tuesday, October 21, 2008

စီးကြောင်းထဲက ကျွန်တော်

မလွမ်းခဲ့ပါဘူး၊

အဲ့ဒီမူးယစ်မှုတွေက

ငါ့ကိုယ်ငါတောင် မသိတော့အောင်

လောင်မြိုက်လို့......။

အတွေးစတွေထဲ နစ်မျောပြီး

လမ်းကို ငါကူးခဲ့တယ်၊

ပြီးတော့ အဲ့ဒီ အတွေးစတွေကို

လမ်း ဟိုဘက်တစ်ခြမ်းမှာ

ငါ... မေ့လို့သွားပြန်တယ်။

ငါ ရွက်လွှင့်ခဲ့တယ်

ဒါပေမဲ့ ....

စီးကြောင်းတစ်ခုထဲမှာ

မျောပါနေတာ

ငါ့ကိုယ်ငါ မသိလိုက် ပြန်ဘူး။

ဩော်... ဘာလိုလိုနဲ့

အိမ်အပြန်အတွက်

ငါ ချန်ရစ်ခဲ့တဲ့

ခြေရာတွေတောင် ပျောက်ဆုံးခဲ့ပေါ့။

(ဖေဖေ ပို့ပေးလိုက်တဲ့ ဆရာမဂျူးရဲ့ ၀တ္ထုတိုလေးကို ဖတ်ပြီး ကျွန်တော် ဒီကဗျာလေး ရေးဖြစ်သွားပါတယ်)


သားကြီးရေ-
ဆရာမဂျူးကတော့ လက်ဖျား ခါလောက်အောင် စာရေး ကောင်းလှပါတယ်။ ဒီ Essay လေးကို ငါ့သား သဘောကျ နှစ်သက်လိမ့်မယ် ထင်ပါတယ်။
သူ့ ဒဿနတွေက ဓမ္မအားလည်း ပါတယ်။လောကအားလည်း ပါတယ်။ ဒီလို ခွန်အားတွေ တိုးပွားဖို့ ရည်ရွယ်ပြီး ဖေဖေ Copy ပို့ပေးလိုက်တယ်။
ခွန်အားများ တိုးပွားပါစေ။
ဖေဖေထူး
မိုးကုတ်
1st Oct; 2008

ဖေ ပို့ပေးလိုက်တဲ့ ဆရာမဂျူး ရဲ. "တစ်ကြောင်းသွားလက်မှတ်" ဝတ္ထုတိုလေး အဆုံးက ခြေရာတစ်စုံကို တွေးမိရင်း ကျွန်တော့် ရှေ့က၊ နောက်က ခြေရာတွေကို ကြည့်မိတယ်။ ဘာခြေရာမှ ရှာမတွေ့ဘဲ ရေစီးကြောင်း တစ်ခုမှာ မျောနေတဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်မိတော့မှ ...... အပေါ်က ကဗျာမဟုတ်၊ စာမဟုတ် အပိုင်းအစလေး တစ်ခု ရင်ဘတ်ထဲက ထွက်ကျလာတယ်။

မိတ်ဆွေတို့လဲ တစ်ခုခု ရသွားမယ် ဆိုရင်တော့....




တစ်ကြောင်းသွား လက်မှတ် (ဂျူး)

ငယ်တုန်းက စီးဆင်းနေသော ရေတွေကို ကျွန်မ သနားခဲ့ ဖူးပါသည်။
ဆည်မြောင်းကနေ ရေလွှတ်သည့် နေ့တစ်နေ့က ကျွန်မတို့ အိမ်ရှေ့က မြောင်းထဲမှာ ဒူးဆစ်ထိ နက်အောင် ရေတွေ အရှိန်ဖြင့် စီးဆင်းနေခဲ့သည်။ ကျွန်မက အိမ်ရှေ့မြောင်းကူး ၀ါးတံတားတိုလေး ပေါ်မှာ ရေစီးကို မျက်နှာချင်းဆိုင်လျှက် ခြေတွဲလောင်းချ ထိုင် လိုက်သည်။ အရှိန်ဖြင့် ပြေးစီး လာနေသော ရေထဲသို့ ခြေထောက်ကို နှစ်လိုက်သည်။ ခြေထောက်ကို တိုးဝှေ့ ဖြတ်စီးသွားသော ရေ၏ အေးစိမ့်သော၊ တွန်းတိုက်သော အတွေ့ကို ကျွန်မ ချစ်သည်။ အဲသည် ရေတွေက အရှေ့တောင် ဘက်ကနေ လာပြီး အနောက် မြောက်ဘက်သို့ မြောင်းအတိုင်း စီးဆင်းသွားမည်ဟု ကျွန်မ သိသည်။ ကျွန်မနှင့် မျက်နှာချင်းဆိုင်မှ စီးလာနေပြီး ကျွန်မ၏ နောက်ကျောဘက်မှ အဝေးကြီးအထိ စီးသွားမည်။ အဲသည် ရေတွေက တစ်ခါ စီးဆင်းပြီးလျှင် ပြန်လှည့်လာသည့် ထုံးစံမရှိ။ အသွား တစ်ကြောင်းပါပဲ။ အပြန်မရှိ။ ပြန် မလာတော့မည့် ရေတွေကို နောက်ပြန်လှည့်ပြီး ငေးမောနေမိခဲ့သည်။ ပြန်လမ်း မရှိသည့် ရေတွေဟာ ဝမ်းမနည်းကြဘူးလား။ လူတွေက ဘယ်နေရာ ရောက်ရောက် မိမိအိမ်ကို မိမိ အမြဲ ပြန်လာကြသည်။ ရေတွေက သူ့အိမ်သူ ပြန်မလာနိုင်ကြဘူးလား။ တွေးမိလျှင် ကျွန်မ ရေတွေကို သနားသွားသည်။
ငါးတန်းအောင်လို့ ကုန်းဇောင်းကနေ ပြန်ပြောင်းခါနီးတော့ ကျွန်မ ခင်လက်စ သူငယ်ချင်း တွေနှင့် ခွဲရမှာမို့ ဝမ်းနဲသော်လည်း
ကျွန်မ၏ ငယ်ဘဝ ရှိခဲ့ရာ ရေနံချောင်းကို လွမ်းနှင့် နေပြီး သားမို့ မြေကိုတော့ ခွာနိုင်ပါသည် ဟု ထင်ခဲ့သည်။ သွားပါ။ ဖုန်တွေသည်လောက် ပေါသည့် မြေကြီး။ မလွမ်းပါဘူး။ မစားရလို့ ချဉ်သည့် စပျစ်သီးလို သဘောထားခဲ့သည်။ ကျွန်မတို့ အိမ်ကို အပြီး ရောင်းပစ်ခဲ့သည်မို့ ပြန်လှည့်လာစရာ မလိုတော့ပြီ။ သို့သော် ကျွန်မ၏ စာဖတ် သက်တမ်း အဦးဆုံး ဘဝက ကုန်းဇောင်းမှ စသည်။ မေမေက နွေ ကျောင်းပိတ်ရက်တွင် လက်လေးလုံးခန့် ထူသော ဓူဝံ၏ မာလာ စာအုပ်ကို ဖတ်ခိုင်းခဲ့ရာမှ ကျွန်မ စာဖတ်ခြင်းကို နှစ်သက် လာခဲ့သည်။ စာအုပ်တွေသည် ကျွန်မကို ဇာတိမြေ ရေနံချောင်းနှင့် ဝေးရာသို့ ခေါ်ဆောင် သွားလိမ့်မည်ဟု ကျွန်မ တစ်ခါမှ မထင်ခဲ့ဘူး။ စိတ်ကူးဖြင့်ပင် မှန်းဆ မကြည့်ခဲ့ဘူးပါ။ ကျွန်မ ဖတ်ခဲ့သည့် စာအုပ်တွေက ကျွန်မကို အဝေးဆုံး သမုဒ္ဒရာ တွေထိ စိတ်ကူးတွေ ဖြန့်ကျက်စေခဲ့သည်။ မေမေ စုဆောင်းထားသည့် ဓူဝံ၊ တက္ကသိုလ် ဖုန်းနိုင် စာအုပ်တွေ ကုန်တော့ ဘကြီး ဦးဖိုးဦးတို့ အိမ်သည် ကျွန်မကို စာအုပ်တွေဖြင့် ဆွဲဆောင် နိုင်ခဲ့သည်။ တစ်နေ့ မသွားရလျှင် မနေနိုင်။ ဗန်းမော်တင်အောင်၊ သာဓု၊ စိန်စိန်၊ ယုဝတီ ကြည်ဝေ၊ အဲသည်ကနေ ဂိုဂေါလ်၊ လီယိုတော်စတွိုင်း၊ ဂေါ်ကီ။ တကယ်တော့ စာအုပ်တွေသည် ကျွန်မကို မွေးဖွားကြီးပြင်းရာ အရပ်ဒေသတွေမှ ဟိုးအဝေးသို့ ပြန်လှည့် မကြည့် ခရီးနှင်နိုင်အောင် အာမခံ ပေးခဲ့သည့်ခရီးသွား လက်မှတ်တွေ ဖြစ်ခဲ့သည်။
ကျွန်မ သွားရာလမ်း၏ ဟိုဘက်ဒီဘက်မှာ ခြံရံလျှက်ရှိသော ပန်းများသည် စံပယ်ပန်းကဲ ဖြစ်ဖြစ်၊ မြတ်လေးပန်းပဲ ဖြစ်ဖြစ် ဘယ်သူက အားကျမှာလဲ။ အပြန်မှာ ဒီပန်းတွေကို ခူးလိုက်ဦးမည်ဟု စိတ်ကူးမိသော်လည်း ကျွန်မ သည်လမ်းကို ပြန်မလာတော့ဘူး ဆိုတာကို ကျွန်မ
မသိမီ ပန်းတွေက သိနေပုံရသည်။ အမွှေးပျံ့ဆုံးသော ရနံ့ဖြင့် ကျွန်မအား မြိုင်ဆိုင်စွာ လွမ်းမော စေခဲ့သည်။ အခုတော့ ကျွန်မနှင့်
ပန်းတွေက ဝေးကွာသွားခဲ့ပါပြီ။ တစ်ခါတစ်ခါမှာ မြတ်လေးပန်းတို့၏ မွှေးရနံ့ကို တမ်းတ မိသော်လည်း တမ်းတမိရုံဖြင့် စိတ်ကို နှစ်သိမ့် နိုင်ခဲ့သည်။ ကျွန်မ ပြန်မလှည့် တော့ပါဘုး။ ဆုံးရှုံးမှုတိုင်းမှာ ရည်ရွယ်ချက် ပန်းတိုင် ရှိပါသည်။ မွှေးပျံ့သော ပန်းတွေကို မဝေးနိုင်လျှင် ကျွန်မ ကြယ်တာရာတွေဆီ မနီးနိုင်။
နွေရာသီ တစ်ခုမှာ ရေကူးကန်ထဲတွင် အချိန်ကြာကြာ မေ့မေ့လျော့လျော့ ရေကူးနေလဲ့သော လူတစ်ယောက်၏ ကောင်းကင်ပေါ်မှ လေယာဉ်ပျံတစ်စင်း ဖြတ်သန်းသွားသည်။ သူ ရေငုတ်နေချိန် ဖြစ်လို့ လေယာဉ်သံကို မကြားလိုက်ဟု ပြောသည်။ တကယ်က ထိုလေယာဉ်သည် သူလိုက်ပါရမည့် လေယာဉ် ဖြစ်သည်။ တစ်ချို့က လက်မှတ် ၀ယ်ပြီးမှ မိမိ၏ ဆုံးဖြတ်ချက်ကို ပြန်ပြင်တတ်သည်။ သူဘာကြောင့် ခရီးကို လိုက်ပါမသွားဘဲ ချန်ရစ်ခဲ့သလဲဟု သူကိုယ်တိုင်တောင် သိချင်မှ သိမည်။ ချန်ရစ်သူတွေမှာ ရည်ရွယ်ချက်ရှိသည်။ ရကို နှစ်သက်ပျော်မွေ့လျှင် ကောင်းကင်ဆီ သွားဖို့မလို။
ကြီးမားသော ထရပ်ကားတွေပေါ်မှာ သစ်လုံးတွေ လိုက်ပါလျက် ခရီး ထွက်ကြသည်။ သူတီု့သည် အသက်ကြီးရင့်သော်လည်း ရိုးစင်းသူများ ဖြစ်သည်။ လောကဓံကို သူတို့ ကြံ့ကြံ့ ခံနိုင်သည်။ သူတို့၏ ခံနိုင်ရည်ကြောင့်လည်း သူတို့သည် တောတောင်တွေဆီမှ ခွဲခွာပြီး စက်ပစ္စည်းပေါ်မှာ တုံးလုံးလဲလျက် လိုက်ပါလာရခြင်း ဖြစ်သည်။ သူတို့သည် ဖြောင့်တန်းသော လမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ ကွေ့ကောက်သော လမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ မြေညီလမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ တောင်ပေါ်လမ်းတွေကို ဖြတ်ကျော်ခဲ့သည်။ ခဏကြာလျွှင် မြစ်ကူးတံတား တစ်ခုသို့ ရောင်ကြတော့မည်။ တစ်ခုသို့ ရောက်ကြတော့မည်။ သစ်လုံးတို့သည် ရက်ပိုင်းအတွင်း နောက်ထပ် စက်ပစ္စည်းနှင့် တွေ့ကြုံရဦးမည်။ သူတို့မသိ။ မသိတော့ ပူပင်သောက မရှိ။ သူတို့လာရာ မွေးရပ်မြေမှ အပျော်ခရီး ထွက်လာကြသလို တစ်ချိန်ချိန်မှာ ပေသုံးထောင်အမြင့် ရိုးမတောင်တန်း အခြေသို့ ပြန်ရောက်ကြတော့ မလို။ တစ်ကယ်တော့ မြစ်ကို ကူးပြီးလျှင် သူတို့ ပြန်လာလို့ မရ။ မြစ်ဆိုသည်မှာ အသွားသာ ရှိပြီး နောက်မြီး သူတို့ မသိလို့ပါ။ သူတို့သည် သစ်ပင် ပြန် မဖြစ်နိုင်။ အကိုင်းအခက်တွေ ပြန်ပြီး မဝေစည်နိုင်။ အရင်ကလို ကမ္ဘာကြီးအား အစိမ်းရောင်တွေ မဝေမျှနိုင်။ သူတို့ကို တစ်ယောက်ယောက်က တစ်ကြောင်းသွား လက်မှတ်တွေ ထုတ်ပေးလိုက် ပြီးပြီ။ တစ်ခါတစ်ခါ မိမိကိုယ်တိုင် မသိလိုက်ဘဲ မိမိ ကံကြမ္မာကို တစ်ယောက်ယောက်က စီရင်ခြင်းကို ခံလိုက် ရတတ်သည်။
ရာသီဥတု မှုန်မှိုင်းပြီး မန်ကျည်းပင်တွေတောင် ငိုက်နြည်းဆဲ ဖြစ်သည့် တစ်မနက်ခင်းမှာ မေမေက ကျွန်မကို အိပ်ယာက နှုးသည်။ ယ်တောင်တွေ မှာရမယ်တဲ့။ ယပ်တောင်တွေကို ကျွန်မတို့အိမ်မှာ အများကြီး မြင်ဘူးပါသည်။ ထရံကာအိမ်မို့ အိမ်ထရံကြားမှာ ယပ်တောင်တွေ ထိုးစိုက်ထားတာ ရှိသည်။ ယပ်တောင် မလိုပါဘူး။ ဒါပေမဲ့ လိုတယ်။ လူတွေ အများကြီးကို ကမ်းဖို့။ ဆေးလိပ်လဲ မှာရမယ်။ ဆေးလိပ်နဲ့ ယပ်တောင် ကမ်းရမယ်။ အမေ ဆုံးသွားပြီ။ ပြောရင်း မေမေ ငိုပါသည်။ အမေကြီးသည် ပြန်လှည့် မလာနိုင်တော့သည့် ခရီး တစ်ခုကို ထွက်သွားခြင်း ဖြစ်သည်ဟု မေမေက ပြောသည်။ ပြန်လှည့်လာလို့ မရသည့် ခရီး ဆိုတာကို အဲသည် အရွယ်မှာ ကျွန်မ စသင် သိလိုက်ရခြ်း ဖြစ်ပါသည်။ ငါသေရင် ညည်းတို့ကို အန္တရယ်ကင်းအောင် တမလွန်ကနေ စောင့်ရှောက်ပေးမည်ဟု အမေကြီးက ပြောသည်။ ခရီးတိုင်းမှာ ရည်ရွယ်ချက် ဂှိသည်။ ကောင်းကင်မှာ လ လုံးဝ မရှိဘူး။ ကျွန်တော်သေရင် လတစ်စင်း တည်ဆောက်ယူမည် ဟု ပြောသော လူတစ်ယောက်ကို ကျွန်မ တွေ့ဘူးသည်။
တိတ်ဆိတ်ခြင်း ဟူသော ကဗျာ တစ်ပုဒ်ကို ကျွန်မ ဖတ်ခဲ့ဘူးသည်။
ဘယ်သူမှ မရှိဘူး။ ကျွန်တော်တစ်ယောက်တည်း တိတ်ဆိတ်ခြင်းရဲ့ တယောသံနဲ့။ တိတ်ဆိတ်ခြင်းဟာ ညည်းတွားနေတဲ့ ကျောက်သလင်း မိုးစက်တွေပဲ။ တိတ်ဆိတ်နေတဲ့ အခါ အိပ်ခန်း တစ်ခုထဲမှာ ရှေ့ပြန်နောက်ပြန် တစ်ကိုယ်တည်း လျှောက်နေတဲ့ အရူးတစ်ယောက်ရဲ့ နှေးကွေးတဲ့ ခြေလှမ်းတွေကို ကြားနိုင်တယ်။ အဆုံးမရှိတဲ့ စန္ဒရားထဲမှာ ကျွန်တော့် လက်ချောင်းတွေ ပျောက်ဆုံး သွားခဲ့တယ်။ ကျွန်တော့် နှလုံးသားထဲက တစ္ဆေ စန္ဒရားတစ်လုံး။တိတ်ဆိတ်ခြင်း တိတ်တိတ်နေစမ်းပါ။ တိတ်ဆိတ်မှုဟာ ဘုရားသခင်ရဲ့ စကားသံကို နားထောင်နေတဲ့ အိန်ဂျယ်တစ်ပါးလို့ ကျွန်တော် ယုံကြည်တယ်။ တိတ်ဆိတ်နေရင် နွေဦး သစ်ရွက်တွေ ကြွေတဲ့ အသံကို ကြားနိုင်တယ်။ ရေလှိုင်းတွေရဲ့ အသံ အနမ်းတွေရဲ့ အသံကို ကြားနိုင်တယ်။
ကဗျာရှင်သည် တိတ်ဆိတ်ခြင်း၏ ကြောက်မက်ဖွယ် အခြား ဂုဏ်ရည်ကိုတော့ ချန်လှပ်ထားခဲ့သည်။ အချို့သော တိတ်ဆိတ်ခြင်းများတွင် ရက်စက်မှု တွဲလျက် ပါဝင်သည်။တိတ်ဆိတ်ခြင်းကို အဖော်ပြုသော မကောင်းတိုးရွားနျား ရှိသည်။ ပြစ်မှု တော်တော်များများသည် တိတ်ဆိတ်မှု အောက်မှာ ဖြစ်ပွားခဲ့ ရသည်။တိတ်ဆိတ်မှုသည် တစ်ခါတစ်ခါ ပြန်လမ်းမရှိသော ခရီးကို မောင်းနှင်ပေးသည့် စက်ယာဉ်များ ဖြစ်သည်။
ကျောက်သလင်းလို ကြည်လင်ပြီး ထွင်းဖောက်မြင်နိုင်သော မိုးရေစက်များထဲတွင်ကခေးမလေး တစ်ယောက် ထီးမပါဘဲ အပြေး လမ်းလျှောက်နေသည်။ကျွန်မမှာ ဆောင်းထားသော ထီးရှိသည်။ သူ့လက်ထဲမှာတော့ တန်းလန်း ဆွဲထားသည်က သူ့ ဖိနပ်တစ်ရံ။ ပြတ်ထွက်သွားသည့် ဖိနပ်လား။ သူ့တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲ နေသည်။ ကျွန်မ ငယ်ငယ်တုန်းက မိုးရေထဲမှာ ထီးမပါလျှင် သည်လိုပဲ အပြေး လမ်းလျှောက် ခဲ့ဘူးသည်။ကျွန်မ၏ ထီးကို သူ့အား ပေးလိုက်ရမလား၊ ခက်နေတာက သည်ထီးသည် မိတ်ဆွေ ဆစ်ယောက်က ကျွန်မ ဆောင်းဖို့ လက်ဆောင် ပေးထားသော ထီးဖြစ်သည်။ ကျွန်မ အခန်းမှာ ကျွန်မ ၀ယ်ထားသော နောက်ထပ် ထီးတစ်ချောင်း ရှိသည်။ သွားပြီး ယူပေးလျုက်ရမလား။ တွေးနေဆဲမှာပင် သူက ကျွန်မထက် ခပ်ဝေးဝေးသို့ ရောက်သွားသည်။ နောက်ပြန် လှည့်မကြည့်။ ကျွန်မကလဲ အသံပြုပြီး အော်ခေါ်လိုက်ဖို့ စဉ်းစားနေ ခဲ့သည်။ နောက်တော့ သူနဲ့ ကျွန်မ တစ်လမ်းဆီ ဖြစ်အွားတော့သည်။
ကြယ်ရောင် အောက်မှာ အရာရာသည် မသေချာ မရေရာသလို ဖြစ်နေခဲ့ပေမယ့် တောင်ထိပါကိုတော့ ကျွန်မ ရောက်အောင် တက်ရမည်။ ကျောက်တောင်နံရံတွေက ကြမ်းတမ်း ခက်မာသော်လည်း ကြံ့ခိုင်သည်။ ကျွန်မ၏ လက်ဖ၀ါးတွေကို ပွန်းပဲ့ စေသော်လည်း လက်ဖြင့် ကုပ်ယူ အားပြုဖို့ ပြည့်စုံသော ကျောက်သားနံရံများ ဖြစ်သည်။ မြစ်တွေ တောင်ကျချောင်းတွေကို ကျွန်မ ကျော်လွန်ခဲ့ပြီ။ ပြည်နယ်ပေါင်း များစွာကို ကျွန်မ ချန်ရစ်ထားခဲ့ပြီ။ နှင်းတွေကို ကျွန်မ ချန်ရစ်ခဲ့ပြီ။ အလှပဆုံးသော ပန်းပွင့်တွေကို ချန်ရစ်ခဲ့ပြီ။ လိပ်ပြာတွေကို ချန်ရစ်ခဲ့ပြီ။ ကျွန်မ အထက်မှာ ကျွန်မကို ငုံ့ကြည့်နေသည့် ကြယ်တူရာတွေ။ ကြယ်တွေဆီသို့ ခရီးနှင်နေမိမှန်း မသိ လမ်းလျှောက် နေခဲ့မိတာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ အခုလည်း တောင်ထိပ်ကို ရောက်လျှင်တော့ ကြယ်တွေဆီ ပိုနီးမှာပဲ ဟု မျှော်လင့်ချက် ရှိနေဆဲ။ ကျွန်မဘေးမှာ မည်သည့်အဖော်မှ လိုက်ပါလာခြင်း မရှိ။ ကျွန်မ တစ်ယောက်တည်း။
ကျွန်မနောက်မှာက မှုန်ပျပျ မြေပြင်မှ အစိမ်းရောင်တောင် မသမ်းနိုင်တော့သည့် ဖြူလွလွ သစ်ပင်များ။ ကျွန်မ ရှေ့မှာတော့ ခြေရာတစ်စုံ။


ဂျူး

Monday, October 20, 2008

မေမေသို့ တမ်းချင်း

မေမေသို့ တမ်းချင်း

အောက်တိုဘာ (၂၀)ရက်၊ ဒီနေ့က မေမေ့မွေးနေ့။ မေမေတစ်ယောက် ဒီနေ့ ဘာတွေ လုပ်နေမှာပါလိမ့်။ အငယ်ကောင်တွေနဲ့ ညီမလေးကရော မေမေ ပျော်ရွှင်အောင် ဘယ်လိုများ စီစဉ်ထားလဲ။ သေချာတာကတော့ မေမေတစ်ယောက် ဆွမ်းကပ်ဖို့ အလုပ်တွေ ရှုပ်နေမယ်၊ ဘုရား သွားချင် သွားမယ်၊ ဒါမှမဟုတ် အိမ်မှာပဲ တရားထိုင်ပြီး မေတ္တာ ပို့နေမယ်။ အင်မတန် အေးဆေးတဲ့ မေမေက ထုံးစံအတိုင်း ပုံမှန်နေ့တွေလို သူမရဲ့ မွေးနေ့ကို ဖြတ်သန်း သွားမှာပါပဲ။


ရှဥ့်ကလေး မေမေ ငယ်စဉ်က ပုံရိပ်


၂၀၀၈ခုနှစ် ဖေဖော်ရီက မေမေ့ ပုံရိပ်
(ကျွန်တော် ချစ်တဲ့ မေ့ရဲ့ ရှေ့သွားလေး နှစ်ချောင်းလုံး မရှိတော့ဘူး၊ သွားတု စိုက်ထားတဲ့ မေကတော့ အရင်လို ရယ်ရတာ ကို ရှက်နေဆဲ။ မေအဲ့ဒီလို ပြုံးရယ်နေတာ အင်မတန် ချစ်ဖို့ ကောင်းတယ်။)

မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ဈေးသူ မေမေ့ နာမည်က ဒေါ်မြင့်မြင့်စန်း။ ဖေဖေကတော့ ချစ်စနိုးနဲ့ ရှဉ့်ကလေး လို့ခေါ်တယ်။ (ဟီး၊ ဖေနဲ့မေရဲ့ ရီးစားစာတွေ ခိုးဖတ်ထားတာ ပေါ်ပြီ) မေမေ့ ရှေ့သွားလေး နှစ်ချောင်းက ရှေ့ထွက်နေလို့ ဖေက အဲ့ဒီလို ခေါ်ခဲ့တာနေမှာ။ ဟုတ်တယ်ဗျ၊ မေက အဲ့ဒီသွားလေး နှစ်ချောင်းကြောင့် ပိုချစ်စရာ ကောင်းသွားတာ။
အေးဆေးပြီး အပိုစကား သိပ် မပြောတတ်တဲ့ မေက အင်မတန် ရှက်တတ်သလို လျှို့ဝှက် သိပ်သည်းတယ်။ ဒေါသကြီးသလို ပြတ်သားတယ်။ ဖြောင့်မတ်သလို စနစ်ဇယားလဲ အင်မတန် ကြီးတယ်။ ကျွန်တော်တို့ကို ချစ်တယ် လို့ တစ်ခါမှ မေမေ မပြောခဲ့ဘူးပါ။ သားတို့ကို ချစ်လား မေးမိရင်လဲ အင်း လို့ပဲ ခပ်ပြတ်ပြတ် ပြန်ဖြေ တတ်ပါတယ်။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။
ငယ်ငယ် တုန်းကတော့ မေမေ့ အချစ်တွေကို မမြင်တတ် ခဲ့ဘူး။ ဖေ့ကို ချွဲသလိုများ မေ့ဆီ သွား ချွဲလို့ကတော့ ဘာမှ မပူဆာ ရသေးခင် ငယ်ထိပ် ဘုထွက်အောင် ဒေါင်ကနဲ ခေါက်ထည့် လိုက်ပြီသာမှတ်။ စာမရရင်၊ အတန်းထဲ အဆင့် တစ်၊ နှစ်၊ သုံး မ၀င်ရင်၊ အိမ်အလုပ်ကို ပြီးအောင် မလုပ်ဘဲ အဆော့မက်နေရင်၊ အမှား တစ်ခုခု လုပ်မိရင် အမေ့ လက်သံ ပြောင်ပြောင်ကို ကျောကော့နေအောင် ခံရမြဲ။ ဘေးလူ ၀င်ဆွဲ လို့ကတော့ ဆွဲတဲ့သူပါ နာပြီမှတ်။ အပြင်မှာများ ရန်ဖြစ်ခဲ့လို့ကတော့ ကိုယ့်ဘက်က မှန်နေလဲ မရ၊ တီးတာဘဲ။ စာတွေ မရမချင်း ပေးမအိပ်ဘဲ တုတ်တစ်ချောင်းနဲ့ ထိုင်စောင့်ကာ စာအမြဲ စစ်သည်။ စာပြန်ခိုင်းလို့ နဲနဲ ထစ်ငေါ့ ထစ်ငေါ့ မဖြစ်နဲ့၊ နပန်မွှေး ပြတ်မတတ် လိမ်ဆွဲခံရသည်။ စာကျက်ရင်း အိပ်ငိုက်လို့ကတော့ လက်ဖမိုးကို သစ်သား ပေတံဇောင်းနဲ့ ခေါက် ခံရမည်။ ဒါမှ ဆက်ငိုက် နေလျှင်တော့ မျက်လုံးကို ဖြဲပြီး သံပုရာသီးရည် ညှစ်ထည့် ခံရ လိမ့်မည်။
မှတ်မိ ပါသေးတယ်။ ကျွန်တော် ခြောက်တန်း တုန်းကပေါ့။ တစ်ခါ ကျောင်းကနေ ရန်ဖြစ်ပြီး ပြန်လာတော့ အိမ် ပေါက်ဝမှာ တုတ်တစ်ချောင်းနဲ့ ခါးထောက်ပြီး စောင့်နေတဲ့ မေ့ကို မြင်တာနဲ့ အခြေအနေ သိပ် မဟန်မှန်း သိလိုက်ပြီ။ ဒေါသမီး ၀င်းဝင်းတောက် နေတဲ့ မေမေ့ မျက်လုံးတွေက ရှင်းပြလို့ နားဝင်တော့မှာ မဟုတ်။ ကြောက်ပေမဲ့ ကိုယ့်ဘက်က မှားတာ မဟုတ်တော့ ခပ်တည်တည်ပဲ အိမ်ထဲဝင်မယ် လုပ်တော့ မေက ကျွန်တော့် အင်္ကျီ ဂုတ်ကိုဆွဲပြီး အိမ်ထဲ ခေါ်သွားတယ်။ ကျွန်တော်နဲ့ ရန်ဖြစ်လာတဲ့ ကောင်လေးနဲ့ သူ့အမေက အိမ်မှာ လာစောင့်နေတာကိုး။ အဲ့ဒီ သားအမိကို တောင်းပန်ခိုင်းတော့ ကျွန်တော်က မတောင်းပန်ဘူး။ ကျွန်တော့်ဆီက ခိုးထားတဲ့ ကျောင်း စာအုပ်ကို ပြန်တောင်းတာ မပေးလို့ ဆွဲထိုးလိုက်တာ၊ မတောင်းပန်နိုင်ဘုး ပြောလို့ ဆော်ပလော် တီးပါလေရော။ ကျွန်တော်က အတီးမခံဘဲ အဲ့ဒီ အန်တီကို ခင်ဗျားသား သူခိုးကို သေချာ ဆုံးမထား၊ မဟုတ်ဘဲ ကျုပ် အရိုက် ခံရရင် ခင်ဗျားသား အသေဘဲ လို့ပြောတော့ ပိုဆိုးရော။ ကျွန်တော့်ကို လှိမ့် လှိမ့်ပြီး ရိုက်နေတဲ့ မေ့ကို ဘယ်သူမှ ၀င်ဆွဲလို့ မရတော့ဘူး။ မတရား ဗျင်းခံရတဲ့ ကျွန်တော်က မေမေ့ကိုပါ ဒေါသတွေ ထွက်ပြီး မုန်းသွားတယ်။
ကိုယ့်သားဘက်က မှန်နေတာကို မှန်တဲ့ဘက်က မရပ်ဘူး၊ သားသမီးကို နှိက်စက်ဖို့ သက်သက် မွေးထားတာ မလား။ ရိုက် ရိုက် သေအောင်ရိုက်၊ အမေစိတ်မရှိတဲ့ ဘီလူးမကြီး
စိတ်ရှိရှိနဲ့ နာနာကျည်းကျည်း ကျွန်တော် အဲ့ဒီလို အော်တော့ ရိုက်လက်စ မေမေ့လက်တွေ လေထဲမှာ ရပ် သွားတယ်။ တော်တော်လေး နာကျင်သွားပုံဘဲ။ ဆက်လဲ မရိုက်တော့ဘူး။
ဖေ ပြန်လာတော့ အရှိုးရာ အထပ် ထပ်နဲ့ ကျွန်တော့်ကို ဆေးလူး ပေးရတယ်။ မေနဲ့လဲ ရန်တွေ ဖြစ်ကြတယ်။ အဲ့ဒီနေ့က ကျွန်တော် ညစာ မစားဘူး။ ဖေက ချော့ပြီး ကျွေးပေမဲ့ မစားဘူး။ စာလဲ မလုပ်ဘဲ အစောကြီး ဝင်အိပ်ပစ်တယ်။ မေက လာ မချော့သလို အရေးလဲ မစိုက်ဘူး။ စာမကျက်ဘဲ ဝင်အိပ်နေတာ ကိုလဲ ဘာမှ လာ မပြောဘူး။ ညကျ အားလုံး အိပ်ပျော် သွားရင် အိမ်ကနေ ထွက်ပြေးဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။
ညတော်တော် မိုးချုပ်လာတဲ့ထိ ကျွန်တော် ဘယ်ထွက် ပြေးရမလဲ စဉ်းစားလို့ မရသေးဘူး။ အိပ်ခန်းထဲ ဝင်လာတဲ့ ခြေသံ သဲ့သဲ့ကို ကြားလို့ အိပ်ချင်ယောင် ဆောင် နေလိုက်တယ်။ ကျွန်တော့် နဖူးကို ခပ်ဖွဖွ လာနမ်းတယ်။ ဖေဖေလား စိတ်ထဲ ထင်မိပေမဲ့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ အဲ့ဒီ အနမ်းမှာ မျက်ရည်စ တစ်ချို့ကို ရလို့ပါ။ မေမေလား။ မေမေ ကျွန်တော့်ကို တစ်ခါမှ မနမ်း ဘူးပါဘူး။ မယုံမရဲနဲ့ ခိုးကြည့်မိတော့ မေမေမှ မေမေပါပဲ။ အို၊ မေမေ ငိုနေပါလား။ ခပ်မှိန်မှိန် ထွန်းထားတဲ့ ရေနံဆီ မီးအိမ်ရဲ့ အလင်း ဖျော့ဖျော့ အောက်မှာ ဝိုးတစ်ဝါး မြင်ရတဲ့ မေမေ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။ အသံ မထွက်အောင် ကြိတ်ပြီး ငိုနေတဲ့ မေမေ့ တစ်ကိုယ်လုံး တုန်ရီလို့ နေတယ်။ မေမေငိုတာ တစ်ခါမှ ကျွန်တော် မမြင်ဘူးပါဘူး။ ဖေဖေကတောင် အသဲမာလွန်းတဲ့ မိန်းမ လို့ သတ်မှတ် ထားတာသာ ကြည့်။ မေမေ့ရဲ့ မျက်နှာမှာ ကြင်နာ သနားမှုတွေနဲ့ အပြည့်။ ကျွန်တော့် နာကျည်းမှုတွေ အားလုံး အရည်ပျော် ဆင်းသွားတယ်။
တော်ပြီ။ နောက်ဆို မေမေ ငိုအောင် ဘယ်တော့မှ မလုပ်တော့ဘူး။ မေမေ့စကားနားထောင်ပြီး လိမ်လိမ်မာမာ နေတော့မယ်။ ရန်လဲ ဘယ်တော့မှ မဖြစ်တော့ဘူး။ မေမေ ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင်ကြိုးစားပါ့မယ်။ အဲ့ဒီလို မေမေ့ကို စိတ်ထဲကနေ ကျွန်တော် ကတိ ပေးလိုက်တယ်။
နောက်ပိုင်းမှာတော့ မေမေ့နား ဘယ်တုန်းကမှ မကပ်ခဲ့တဲ့ ကျွန်တော် မေမေ့ကို ပိုပြီး ဂရုစိုက်ခဲ့ ကူခဲ့တယ်။ မေမေက အချိုးပြောင်းပြီး သိပ်မဆိုးတော့တဲ့ ကျွန်တော့်ကို အံ့ဩသလို ရှိပေမဲ့ ထုံးစံအတိုင်း ဘာမှ မမေးဘူး။ နောက်တစ်ခုက အဲ့ဒီတုန်းကရင်း ဘယ်သူ့ကိုမှ မေမေ သိပ်ပြီး မရိုက်တော့တာပဲ။ မေနဲ့ အနီးကပ်နေလေ၊ ဘယ်လောက်ထိ သားသမီးတွေအပေါ် စွန့်လွှတ် အနစ်နာခံပြီး ချစ်လဲ ပိုသိလေပဲ။ သားသမီးတွေ ပူဆာသမျှ အလို မလိုက်ပေမဲ့ တစ်ကယ်လိုအပ် ရင်တော့ ကျွန်တော်တို့ မျက်နှာ မငယ်စေ ရအောင် ဆင်ပေးတတ်တဲ့ မေက သူ့အတွက် အဝတ်အစား တစ်စုံ ဝယ်ဖို့ထက် ဆန်အိုးထဲ ဆန်အပြည့် ရှိဖို့ ပိုဦးစား ပေးခဲ့ပါတယ်။
အလှူ မင်္ဂလာဆောင် သွားရင် အရောင် မှိန်တဲ့ မေမေ့ကို တစ်ချို့က အထင် သေးချင်သည်။ မမြင့်စန်းရယ် တစ်ခါလာလဲ ဒီဝတ်စုံပဲ၊ နောက်တစ်ပွဲလဲ ဒီဝတ်စုံပဲ။ နဲနဲပါးပါးတော့ ဝယ်ဝတ်ပါဦး။ မေ့ မိတ်ဆွေ တစ်ချို့က အဲ့ဒီလို ပြောလာရင်လဲ အဲ့ဒါ အပို ကုန်တွေပါ လို့ ပြုံးပြုံးဘဲ ပြန်ပြောတတ်တယ်။
ထမင်းစားတဲ့ အခါတိုင်း ဖေနဲ့ သားသမီးတွေ အတွက် အကောင်းဆုံးတွေ ရွေးပေးပြီး မေကတော့ ဘယ်သူမှ သိပ်မကြိုက်တဲ့ အစား ကိုဘဲ စားလေ့ ရှိတယ်။ အမြဲတမ်းလဲ တစ်ကုပ်ကုပ် အလုပ် လုပ်နေတာချည်းပဲ။
အနောက်ပိုင်းထိ သွားပြီး ရုံးတက်ရတဲ့ မေက အစောကြီး ထရကာ မနက်ညစာ ချက်ပြုတ်ရတာ၊ ကျွန်တော်တို့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထား ပေးခဲ့ရတာ၊ ရုံးကနေ ပြန်လာရင်လဲ ကျောင်းနဲ့ ကျူရှင်က ပြန်လာကြမဲ့ ကျွန်တော်တို့ အတွက် စားဖို့ အဆင်သင့် ပြင်ပေးထားရတာ၊ ညတိုင်ကျရင်လဲ ရုံးက စားရင်းဇယားတွေ စစ်ရင်း တစ်ဖက်က ကျွန်တော်တို့ကို စာစစ်ရတာ၊ စနေ တနင်္ဂနွေ ရုံးနားရက် ဆို တစ်ပါတ်စာ အဝတ်တွေကို လျှော်ဖွတ် မီးပူတိုက်ရ၊ အိမ် သန့်ရှင်းရနဲ့ အမြဲ အလုပ်ရှုပ် နေခဲ့ပေမဲ့ မောလိုက်တာ လို့ မေမေ တစ်ခါမှ မညည်းညူခဲ့။ မောတဲ့ပုံလဲ ဘယ်တော့မှ မတွေ့ရ။ ကျွန်တော်တို့ ကမှ မေမေ့ကို နဲနဲပါးပါး ကူရပြီဆို ကြောက်လို့သာ ကူရတယ်။ လည်ချိန် ဆော့ချိန် လျော့လို့ သိပ်ပြီး မကျေနပ်ချင်။
ဘယ်မိဘက ကိုယ့် သားသမီးတွေ အမုန်းကို ခံချင်ပါ့မလဲဗျာ၊ နော။ မေကတော့ ကျွန်တော်တို့ အမုန်းကို သားသမီး ဘဝ ကောင်းစားရေးနဲ့ ကျေကျေနပ်နပ်ကြီး လဲယူခဲ့ ပါတယ်။ မေ့ကို ပိုပြီး နားလည်လာလေ ပိုပြီး ချစ်လေဘဲ။
တစ်ရက်ပေါ့ဗျာ။ ကျွန်တော် ကျောင်းသွားဖို့ အိမ်သော့ ခတ်နေတုန်း ဗြုန်းဆို ဗိုက်နာတယ် နာတယ် နဲ့ အလတ်ကောင် က အော်ရော။ အဲ့ဒီတုန်းက သူနဲ့ ကျွန်တော်က အလယ်တန်း ဆိုတော့ မူလတန်းတက်နေတဲ့ အငယ်တွေနဲ့ ကျောင်း မတူတော့ဘူး။ ခလေးတွေလဲ ကျောင်းသွားပြီ။ ဖေကလဲ တွင်း သွားပြီ။ မေလဲ ရုံး သွားခဲ့ပြီ။ ကျောင်းချိန် ကလဲ နီးနေပြီ။ အစားမက်တဲ့ ဒီကောင် ဘာခိုးစားပြန်ပြီလဲ မသင်္ကာလို့ စစ်တော့ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အထုပ် ဖြူလေး တစ်ထုပ်။ အစကတော့ နို့မှုန့်ထုပ် အောက်မေ့တာ။ (အဲ့ဒီတုန်းက နို့မှုန့်ကို ဆယ်ပြားတန် အထုပ်သေးလေးတွေ ထုပ်ပြီး ရောင်းတဲ့ ခောတ်ပေါ့။) ဘယ်က ကောက်ရပြီး စားမှန်းမသိဘူး။ အခုလေးပဲ ကျောင်းမသွားခင် ထမင်းစားပြီးတယ်၊ ငတ်ရကောင်းလား ဆို လက်ထဲရှိတဲ့ သော့နဲ့ ဒေါင်ကနဲ နေအောင် ခေါက်ထည့် လိုက်တာ ထိပ်ကြီး ဖု သွားရော။ တီးပြီးမှ ကျွန်တော်လဲ စိတ် မကောင်းဘူး။ ဒေါသကြီးပြီး သူ့ အသားနာရင် မရတဲ့ ဒီကောင်က တော်တော်ကို နာသွားတော့ ကျွန်တော့်ကို စိမ်းစိမ်းကြီး ကြည့်ရင်း ပါးစပ်က အမြှုပ်တွေ ထွက်လာတော့မှ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘာလုပ်ရမှန်း မသိတော့ဘူး။ အော်ဟစ်ပြီး အကူအညီ တောင်းတော့မှ အိမ်နီးချင်းတွေက ဆေးရုံ လိုက်ပို့ ပေးကြတယ်။ ဒီကောင် ငတ်ကြီးကျပြီး ကောက်စား ထားတာ နို့မှုန့်ထုပ် မဟုတ်ဘဲ တွင်းသားတွေ ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ ယမ်းမှုန့်ထုပ်ကြီး ဖြစ်နေတာကိုး။ ကံကောင်းလို့ မသေတယ်။ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ အလတ်ကောင်ကို ကြည့်ပြီး ငတ်ရလား၊ ငတ်ရလားဆို နာရင်းချည်း ပိတ်တီး ပြစ်ချင်တော့တာပဲ။ ချစ်တာရော၊ စိုးရိမ်တာရော၊ စိတ်တိုင်းမကျတာရော၊ စုပြုံပြီး ဖြစ်လာတဲ့ ဒီ စိတ် ခံစားမှုကို ကြုံရမှ မေမေ့ရဲ့ ဂရုဏာ ဒေါသကို နားလည် ပါတော့တယ်။
မေမေ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးချင်စိတ်နဲ့ အင်မတန် ဆိုးသွမ်းချင်တဲ့ ကျွန်တော် မဆိုး ဖြစ်တော့ပါဘူး။ မေမေ စိတ်ချမ်းသာဖို့ ကိုပဲ ဦးစားပေးဖြစ်ခဲ့တယ်။ ကျွန်တော် ပြောခဲ့ သလိုပဲပေါ့။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။
မေမေ ချစ်တဲ့ သားကြီး၊ အဝေးဆီ ရောက်နေပြီ....။ ထူးအိမ်သင်ရဲ့ အဲ့ဒီ သီချင်းသံကို လွမ်းလွမ်း ဆွေးဆွေး ကြားရတိုင်း ကျွန်တော် မျက်ရည် ဝဲရမြဲ။ မေ့ကို သတိရတိုင်း မေမေ ဖြစ်စေလိုသော ထူးချွန် အောင်မြင်တဲ့ ဘဝတစ်ခု ရဖို့ ဇွဲစိတ်မာန် တို့ ပိုရမြဲ။ နှိမ်ချ ဖိနှိပ်မှုတွေ ကြုံရတိုင်း အပြုံးမပျက် စတမ်း ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်ဖို့ ခွန်အားတွေ မေ့ဆီက ရမြဲ။
မပြည့်စုံသေးသော်လည်း ငြိမ်းချမ်းတဲ့ ခိုကိုးရာ အဖြစ် မေမေ့ ဘဝအတွက် ကျွန်တော် ရှိချင်သည်။ သားသမီး တွေကို အောင်မြင်စေချင်သော မေမေ့အတွက် ထိပ်ဆုံး မရောက်တောင် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားချင်သည်။ မေမေ့ဘဝကို ငြိမ်းချမ်းမှုတွေနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင် ဖို့အတွက် အချိန်တန် လျှင်တော့ မေမေ့ရင်ခွင်ရှိရာ အရောက် ကျွန်တော် ပြန်နိုင် ပါလိမ့်မည်။
၂၀၀၈၊အောက်တိုဘာ နုစ်ဆယ်ရက်မှာ အသက် (၅၉)နှစ်ပြည့်မဲ့ မေမေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ မေမေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကို လက်မလွတ်တမ်း ကျင့်သုံးရင်း ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။








Saturday, October 18, 2008

Four Wives In Our Lives (ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်)

ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်

ဟိုး ရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ မိဘုရား လေးဦး ရှိသတဲ့။
အားလုံးထဲမှာ အငယ်ဆုံး၊ အချောဆုံး မိဘုရားငယ်လေးကို ဘုရင်ကြီးက အချစ်ဆုံးပေါ့။ အကောင်းဆုံး၊ အလှဆုံး၊ တန်ဖိုး အကြီးဆုံး ဆိုတဲ့ အ၀တ်အစား မှန်သမျှကို ဆင်ပေးပြီး ဖူးဖူးမှုတ် ထားတာပေါ့။
ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကိုလဲ တော်တော်ချစ်တယ်။ တိုင်းခန်းလှည့်လည်တိုင်း၊ တစ်ခြား တိုင်းပြည်တွေ အလည်အပတ် သွားတိုင်း အတူ ခေါ်သွားလေ့ ရှိတယ်။ ဒါပေမဲ့ ဘုရင်ကြီးက အဲ့ဒီ တတိယမိဘုရား သူ့ကို ထားရစ်ပြီး တစ်ခြား ထွက်သွားမှာကို အမြဲ စိုးရိမ် ကြောင့်ကျ နေရတယ်။
ဘုရင်ကြီးက သူ့ရဲ့ ဒုတိယမိဘုရား ကိုလဲ ချစ်ရှာပါတယ်။ သူမက သူ့ရဲ့ ယုံကြည်မှုပဲ။ ဒုတိယမိဘုရားက ဘုရင်ကြီးကို ကြင်နာယုယ သလို နားလည်သည်းခံမှု အပြည့်နဲ့ ချစ်ရှာတယ်။ ဘုရင်ကြီး အခက်အခဲတွေ ကြုံတိုင်း ဒုတိယမိဘုရားကို အမြဲ ရင်ဖွင့် တိုင်ပင်လေ့ ရှိသလို ဒုတိယမိဘုရားကလည်း နှစ်သိမ့်အားပေးရင်း ဒုက္ခတွေကို အတူ ရင်ဆိုင် ဖြေရှင်း ပေးတတ်တယ်။
ဘုရင်ကြီးရဲ့ ပထမမိဘုရား ကတော့ ဘုရင်ကြီးအပေါ် အင်မတန်မှ သစ္စာရှိ သလို တိုင်းပြည်ရဲ့ ကြွယ်ဝ ချမ်းသာမှု၊ ငြိမ်းအေးသာယာမှုကို ထိန်းသိမ်း စောင့်ရှောက်ပေးသူ ဖြစ်တယ်။ ဒါပေမဲ့ ဘုရင်ကြီးက ပထမမိဘုရားကို မချစ်ဘူး။ ပထမမိဘုရားက ဘုရင်ကြီးကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ချစ် ဘုရင်ကြီးက ဘယ်တော့မှ အသိအမှတ် ပြုလေ့ မရှိဘူး။
တစ်ချိန်တော့ ဘုရင်ကြီးက အသဲအသန် နာမကျန်း ဖြစ်တယ်။ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန် ရောက်ပြီ ဆိုတာ သိတော့ သူ့ဘ၀ရဲ့ ပျော်ရွှင်ဖွယ်ရာ နေ့တွေကို ပြန်သတိရတယ်။ ငါ့မှာ မိန်းမ လေးယောက်ရှိပေမဲ့ သေရင် ငါတစ်ယောက်ထဲ ပါလား လို့လဲ တွေးမိတယ်။
ဒါနဲ့ သူအချစ်ဆုံး မိဘုရားငယ်လေးကို ခေါ်ပြီး မေးတယ်။
မင်းကို ငါအချစ်ခဲ့ဆုံးပဲ။ ကောင်းပေ့၊ ညွန့်ပေ့ ဆိုတဲ့ အ၀တ်အစား၊ အသုံး အဆောင် မှန်သမျှ ငါဆင်ပေးပြီး စောင့်ရှောက်ခဲ့တယ်။ အခုတော့ ငါ သေရတော့မယ်။ ငါသေတဲ့အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား မေးတော့ မိဘုရားငယ်လေးက
လုံးဝ မလိုက်ပေးနိုင်ဘူး အဲ့ဒီလို ခပ်ပြတ်ပြတ် ပြောပြီး အဝေးကို ထွက်သွားခဲ့တယ်။ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ဓားထက်ထက်နဲ့ အမွှန်းခံရသလို ခံစားရတာပေါ့။
ဝမ်းနည်းနေတဲ့ ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကို ခေါ်ပြီးမေးပြန်တယ်။
ါ့ဘ၀ တစ်ခုလုံးအတွက် မင်းကို ချစ်ခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
မလိုက်ပေးနိုင်ပါဘူး၊ ဘ၀က ပျော်စရာ ကောင်းတယ်။ ရှင် သေတဲ့အခါ ကျွန်မက နောက်တစ်ယောက် ထပ်ပြီး ယူမှာပေါ့
အဲ့ဒီ အဖြေစကား ကြားရတော့ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ရေထဲဆွဲနှစ် ခံရသလို အေးစက် ထုံကျင်နေအောင် ခံစားရရှာတယ်။
ဒါနဲ့ ဘုရင်ကြီးလဲ ဒုတိယမိဘုရားကို ခေါ်ပြီးမေးပြန်တယ်။
ငါ အကူအညီ လိုတဲ့ အခါတိုင်း မင်းက ငါ့အတွက် အမြဲ အဆင်သင့် ရှိပေးခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
ကျွန်မ စိတ်မကောင်းပါဘူး၊ ဒီတစ်ခုကို မကူညီနိုင်တာတော့ ခွင့်လွှတ်ပါ။ ရှင့်ရဲ့ ဈာပနကိုတော့ ကျွန်မ သေချာ လိုက်ပို့ပေးမှာပါ။
ဒုတိယမိဘုရားရဲ့ အဖြေစကားက ကောင်းကင်ပေါ်က လျှပ်စစ်မိုးကြိုးသွား တစ်စင်းလို ဘုရင်ကြီးကို အထိ နာသွားစေပါတယ်။ ဘုရင်ကြီးရဲ့ မျှော်လင့်ချက်တွေ အားလုံး ပျက်စီးကုန်ပါပြီ။ သူ အင်မတန် ချစ်မြတ်နိုးလှတဲ့ သူတွေ အားလုံးက ဒီတစ်ခါမှာတော့ သူ့ ဆန္ဒကို ဘယ်သူမှ မဖြည့်ဆည်း ပေးနိုင်ကြတော့ ပါဘူး။
ရှင်ဘယ်ကို သွားသွား၊ ဘာပဲ ကြုံရကြုံရ၊ ရှင်နဲ့အတူ ကျွန်မ လိုက်ခဲ့မယ်။
စိတ်ဓာတ်တွေကျပြီး ခေါင်း ငိုက်စိုက် ကျနေတဲ့ ဘုရင်ကြီး ဟာ ရုတ်တရက် ထွက်လာတဲ့ စကားသံကြောင့် ခေါင်းမော် ကြည့် လိုက်တော့ သူ့ရဲ့ ပထမမိဘုရား ဖြစ်လို့ နေတယ်။ သူမက ဘုရင်ကြီးရဲ့ ပစ်ပယ် ထားမှု တွေကြောင့် ညှိုးဖျော့ ပိန်လှီလို့ နေတယ်။
ငါ့မှာ အခွင့်အရေးတွေ ရှိနေ ခဲ့တုန်းက မင်းကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့ သင့်တယ်။
အင်မတန်မှ စိတ်သက်သာရာ ရသွားတဲ့ ဘုရင်ကြီးက အဲ့ဒီလို မချိတင်ကဲ ရေရွတ်လိုက် မိပါတယ်။ နောင်တတွေလဲ ရ လို့ပေါ့။

အမှန်တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀မှာ ကြင်ယာဘက် မိန်းမ လေးယောက်စီ ရှိကြပါတယ်။

စတုတ္ထမြောက် မိန်းမက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် နဲ့ တူပါတယ်။ အချိန်နဲ့ ငွေကြေးတွေ ဘယ်လောက်ပဲ အကုန်အကျ ခံပြီး ကြည့်ကောင်းအောင် ဘယ်လောက် ဂရုစိုက်စိုက်၊ ဒီ ခန္ဓာကိုယ်ကြီးက ကျွန်တော်တို့ သေဆုံးချိန်မှာ ထားရစ်ခဲ့ မှာပါဘဲ။
တတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှု၊ စည်းစိမ်နဲ့ ဂုဏ်ပကာသန ဖြစ်ပါတယ်။ ကျွန်တော်တို့ သေဆုံးချိန်မှာ ဒါတွေအားလုံးဟာ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားပါလိမ့်မယ်။
ဒုတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေပေါ့။ ဘယ်အချိန် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ကိုယ်လိုအပ်ချိန်မှာ အတူရှိနေ ပေးနိုင်ပေမဲ့ ဒါဟာ ကိုယ် သင်္ချိုင်းမြေပေါ် ခြေမချခင် အချိန် အတိုင်းအတာ တစ်ခုထိဘဲ ဖြစ်နိုင်ပါ လိမ့်မယ်။
ပထမ မိန်းမကတော့ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ် ပါပဲ။ လောကကြီးမှာ ငွေကြေး စည်းစိမ်ဥစ္စာ၊ အာဏာနဲ့ ပျော်ရွှင်မှု တွေနောက် လိုက်ရင်း သူ့ကို ကျွန်တော်တို့ မေ့လျှော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့ ဘယ်သွားသွား ဘာလုပ်လုပ် ဒီ စိတ်ဝိဥာဉ်က ကျွန်တော်တို့နဲ့ အမြဲ ရှိနေခဲ့ ပါတယ်။ ဘုရင်ကြီးလို အချိန် မနှောင်းခင်မှာ မဆုံးသေးတဲ့ ဘဝခရီးတွေ အတိုင်း အမြဲ ကိုယ်နဲ့ မခွဲတမ်း သေတစ်ပန် သက်တစ်ဆုံး အတူ ရှိနေတဲ့ စိတ်ဝိဥာဉ်ကို ခွန်အား အပြည့် ရှိအောင် ပြုစု ပျိုးထောင်ပြီး ချစ်ခင် မြတ်နိုးစွာ စောင့်ရှောက်တတ်ဖို့ လိုပါတယ်။

ကိုယ့် ခန္ဓာကိုယ် ကို ကျန်းမာအောင် ပြုစု စောင့်ရှောက်ပါ။ ဒါမှ ဘဝရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင် ပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့ ပိုင်ဆိုင်မှုနဲ့ သက်တောင့်သက်သာ ရှိမှု အပေါ် ကျေနပ်ပါ။ ကိုယ့် မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်း တွေဆီက ရတဲ့ ချစ်ခြင်းမေတ္တာတွေကို လေးစား တန်ဖိုးထားပါ။ ကြင်နာ မြတ်နိုးစွာ တုန့်ပြန် ပြုစု စောင့်ရှောက်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ဝိဥာဉ် ကို အဟာရ ပြည့်ဝအောင် ဂရု စိုက်ဖို့ မမေ့လျှော့ ပါနဲ့။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘဝ အရင်းခံ ရေသောက်မြစ် ဖြစ်သလို ဘဝ တစ်သက်လုံး အတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်း တစ်ဦးလဲ ဖြစ်ပါတယ်။

ကမ္ဘာလောကကြီးက သင့်ကို ဒူးထောက် လဲကျအောင် လုပ်တဲ့ အခါတိုင်း ဘုရားကို ဝတ်ပြု ဆုတောင်းဖို့ အသင့်တော်ဆုံး အခွင့်ရေး ပေးထားတယ် ဆိုတာ သတိရပါ။

ဘာသာပြန်သူ - မိုးကုတ်သား
မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။









Thursday, October 16, 2008

Some Pagodas from Mogok (မိုးကုတ်က စေတီပုထိုး၊ ဘုရား တစ်ချို့)

ကျွန်တော် အင်မတန် ချစ်တဲ့ ကျွန်တော်တို့ရဲ့ မြို့ ကလေးကို ခဏပြန်ခွင့် ရတုန်း ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေပါ။





ဆင်တောင်ကျောင်း




သုဿာန်ကျောင်းထိပ်က စေတီတစ်ဆူ




ဖောင်တော်ဦး ဘုရား နှင့် မင်္ဂလာတိုက်











ချမ်းသာကြီးဘုရား

ချမ်းသာကြီးဘုရား အတက် တစ်နေရာက ရှေးဟောင်းစေတီ


အာရုဏ်ဦး နှင့် အင်းနခမ်း တစ်နေရာက စေတီ


ပတ္တမြားစေတီ


ဘော့လုံးကြီးရွာ အသွား လမ်းတစ်နေရာက စေတီတစ်ဆူ












ကျောက်ပြဿာဒ်






ပေါ်တော်မူဘုရား




ဒေါ်နန်းကြည့်တောင် ဘုရား

Saturday, October 11, 2008

အခမဲ့



ဖေဖေ့ မွေးနေ့ပြီးရင် မေမေ့ မွေးနေ့လဲ ရောက်လာတော့မယ် ဆိုတော့ မေမေ့အတွက် စာရေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင် ဖော်ဝါ့ဒ် မေးလ် တစ်စောင် ဒီနေ့ ဝင်လာပါတယ်။ အီးမေးလ်နဲ့ သူငယ်ချင်းတွေကို ပို့ပေးဖို့ စိတ်ကူးရင်း ဒီ သီချင်းလေးထဲက စာသားလေးတွေကို မနိုင်းနိုင်းစနေ ဆီမှာ ဖတ်ဖူးလို့ သူ့ လင့်ခ်လေးကို ဒီမှာ မျှဝေပေးထားပါတယ်။














ဖော်ဝါ့ဒ် မေးလ် ထဲက ပါတဲ့ ဆရာချစ်စံဝင်းရဲ့ အမေ နှင့် အမေ့အကြောင်း ကိုလဲ ဒီမှာ ဒေါင်းနိုင်ပါတယ်။









သီချင်း နားဆင်ဖို့

Pictures of Mogok 2 (မိုးကုတ်ဓာတ်ပုံများ ၂)

These pictures are not my shot,.... just want to share the pictures that I grab from some web-pages.
(ကျွန်တော်ရိုက်ထားတဲ့ ပုံတွေတော့ မဟုတ်ပါဘူး။ web-pages တွေထဲက ရထားတာပါ။)


Wednesday, October 8, 2008

ရေကြီးခြင်း

မိုးကုတ်မှာ ရေတွေ ခဏခဏကြီးပြီး လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ နစ်မြှုပ်ကုန်တာ...၊ မြို့လည်ခေါင်က ကတ္တရာလမ်းမတွေပေါ်မှာ ရေတွေ ဒရဟော စီးဆင်းနေတာ… စတဲ့ အကြောင်းတွေကို မိုးကုတ်မီဒီယာက ဓာတ်ပုံတွေနဲ့တကွ မကြာခဏဆိုသလို သတင်းရေးသားနေရတာဟာ ကြာတော့ အားတောင် နာမိပါတယ်။
မိုးကုတ်မီဒီယာ ကနေ အဲ့ဒီသတင်းကို ဖတ်ရတော့ စိတ်ထဲ မကောင်းဘူး။ အင်း အသေအပျောက် မရှိတာပဲ တော်သေးရဲ့။
ယနေ့ (၈.၁၀.၂၀၀၈) နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့  တွင် ရေကြီးခြင်း တတိယအကြိမ် ဖြစ်ပေါ်ခဲ့သည်။ ဖြစ်ပွားမှုမှာ ရေနီချောင်းတာရိုး ကျိုးခြင်းမှ အိမ်တစ်လုံး ဆုံးရှုံးခဲ့ပါသည်။
ပတ္တမြားမြေ မှာ ဓာတ်ပုံတွေ စုံစုံလင်လင်နဲ. မြို့ကလေးရဲ့ သနားစရာ မြင်ကွင်းတွေကို တွေ့ရပြန်တော့ ...... ဩော်၊ ငါတို့ မြို့ကလေးလဲ ဒဏ်ရာတွေ ဗလပွနဲ့ ဘယ်တော့များမှ အရင်လို သာယာစိုပြေ နိုင်မလဲ ရင်မောရပါတယ်။
ငယ်ငယ်ကတော့ ရေကြီးပြီဟေ့ဆို သိပ်ပျော်တာပေါ့။ ရေဆော့ရတာကိုး။ အဲ့ဒီတုန်းက အခုလို အခြေအနေ မဆိုးရွားပေမဲ့ ရေနီချောင်းကတော့ မကြာခဏ ရေလျှံတတ်ပါတယ်။ ချောင်းကူး မရအောင် ရေကြီးပြီဟေ့ ဆိုရင်တော့ ပိုပျော်ပေါ့ဗျာ။ ကျောင်းက အော်တို ပိတ်တာကိုး။ အစမ်း စာမေးပွဲတွေ ဖြေနေတဲ့ အချိန်တွေက ရေကြီးတတ်တဲ့ အချိန်တွေပေါ့။ ကိုယ်မရတဲ့ ဘာသာတွေ ဖြေရမဲ့နေ့ဆို မိုးကြီးပါစေ၊ ရေကြီးပါစေ ဆုတောင်းနေကျ။ အခုလို လူသေတာ၊ အိမ်ပြို တာတွေ သိပ်မှ မကြားရတာ။
အဲ့ဒီတုန်းက ရေကြီးပြီဟေ့ ဆိုရင် ဘယ်မှာလဲ ပြေးကြည့်စရာ၊ မေးစရာ မလိုဘူး။ ကျွန်တော်တို့ နေတဲ့ စည်ပင်သာယာ (မြို့တော် စည်ပင် မဟုတ်ပါ၊ ရပ်ကွက် နာမည်ပါ။) အောက်လမ်းရယ်၊ ကပ်ရက်က ကွက်သစ်ရယ် ပဲ။ ကွက်သစ် က အဆိုးဆုံး ခံရတာပေါ့။ ကျွန်တော်နေတဲ့ စည်ပင်သာယာ အောက်လမ်း ထိ ရေရောက်လာပြီ ဆိုရင် ဒါ ကွက်သစ်မှာ ရေတော်တော် မြှုပ်နေလို့ဘဲ။
မိုးများ သဲကြီးမဲကြီး ရက်ဆက် ရွာနေပြီ ဆိုရင် အိမ်အောက်ထပ်မှာ နေတဲ့ ကျွန်တော်တို့ မိသားစု ရှိသမျှ သိမ်းဆည်း ထုပ်ပိုးထားပြီး ရေစတက်တာနဲ့ အပေါ်ထပ် ပြောင်းရွှေ့ဖို့ အသင့် ပြင်ထားရတယ်။ ရေကလဲ တက်လိုက်ရင် အမြဲတမ်း မိုးချုပ်သန်းခေါင်၊ ဒါမှ မဟုတ်ရင် မိုးလင်းခါနီး အိပ်ကောင်းနေတဲ့ အချိန် ကြီးပဲ။ ဖေ နဲ့ မေ လဲ ကောင်းကောင်း မအိပ်ရဘူး။ ဓာတ်မီးလေး ဟိုထိုး ဒီထိုးနဲ့ အိမ်နောက်ဖေး ရေမြောင်းလေးများ ရေလျှံပြီလား ထထ ကြည့်ရတာ အမော။ အမှန်ကတော့ ထက်ြကြည့်စရာ မလိုပါဘူး။ အိမ်မှာ မွေးထားတဲ့ ခွေးတွေက အိမ်ခြံဝင်းထဲ ရေစဝင်တာနဲ့ သံစုံတီးဝိုင်းလို အူလိုက် အော်လိုက်သမှ အိမ်က လူတွေတင် မက ဟိုဘက် ဘေးအိမ်တွေပါ နိုးတယ်။ရေဝင်လာတာနဲ့ အထုပ်အပိုး တွေ အကုန် အိမ်အပေါ်ထပ် ရွှေ့ပြီး ပြောင်းနေကြ ရပါတယ်။ ခွေးလေးတွေလဲ အိမ်အပြင်လှေကားက ဖိနပ်ချွတ်မှာ တန်းစီပြီး နေကြ ရတာပေါ့။
ရေ အကြီးဆုံး တစ်ခေါက်ကို ဘယ်တော့မှ မမေ့ဘူး။ ညသန်းခေါင် ကတဲက ရေတက်လာ လိုက်တာ၊ မိုးလင်းတဲ့အထိ တစ်အိအိနဲ့ တက်နေတုန်း။ အိမ်အောက်ထပ် တံခါ.ဘောင်ထိ ရောက်လာတော့ အိမ်ပေါ်ထိ ရေတက်လာမလား ရင်တမမ နဲ့ပေါ့။ ဘယ်သူမှလဲ အိမ်အောက်ဆင်းပြီး လွတ်ရာ ပြေးလို့ မရတော့ဘူး။ ရေက လူကြီး တစ်ရပ်စာ ထက်မက နက်နေပြီ။ ဖေတစ်ယောက်က လွဲပြီး တစ်အိမ်လုံး ဘယ်သူမှလဲ ရေ မကူးတတ်ကြဘူး။ အခြေနေဆိုးရင် ဖေက သူ့ကျောက်တွင်းမှာ သုံးတဲ့ ကြိုးကို အိမ်တိုင်မှာ ချည်၊ ရေမရောက်တဲ့ အိမ်ရှေ့လမ်း ဟိုဘက်ခြမ်းကို အဲ့ဒီကြိုးနဲ့ ချိတ်ပေးပြီး အားလုံးကူးလို့ ရအောင် လုပ်မယ် ပေါ့ ။ ကျွန်တော်တို့ ခလေးတွေလဲ ဒီတစ်ခါ ရေကြီးတာတော့ မပျော်နိုင် ကြတော့ဘူး။ ရသမျှ ဘုရားစာတွေ ရွတ်ပြီး ငိုမဲ့မဲ့ လေးတွေ ဖြစ်ကုန်ကြပြီ။ ရေကြီးတာ မကောင်းပါလား၊ ကြောက်စရာ ကောင်းပါလား ဆိုတာ အဲ့ဒီတော့မှ သိကြတော့တယ်။
တော်သေးတယ်၊ ရေက အိမ်အပေါ်ထပ် ထိ တက်မလာလို့။
မိုးလေးဖွဲလို့ လင်းစလဲ ပြုပြီ၊ တစ်အိအိ တက်လာ နေတဲ့ ရေလဲ ရပ်ပြီ ဆိုတော့မှ ဟင်း ချနိုင်တော့တယ် (သက်ပြင်း ပြောတာ)။ မိုးသံ လေသံလဲ စဲရော၊ တစ်ရပ်ကွက်လုံး ကြွက်ကြွက်ကို ညံလို့။ ကွက်သစ်ထဲက တစ်ချို့ တစ်ထပ် အိမ်လေးတွေဆို ရေမြှုပ်သွားလို့ ခေါင်မိုးပေါ် တက်ပြီး နေကြရတာ၊ ရေနီချောင်း ရေလျှံပြီး ဈေးကြီးတံတား ကျိုးသွားတာ၊ မိုးကုတ် ဈေးကြီး ထဲထိ ရေလျှံ နေလို့ ဈေးဆိုင်တွေ ဖွင့်မရတာ၊ ဈေးကြီး တံတားဘေးက ကုလား ကွမ်းယာဆိုင်လဲ ချောင်းရေစီး ပြင်းလို့ တိုင်ကနေ ကျွတ်ထွက်ပြီး ဈေးကြီး လမ်းတစ်လျှောက် လျှံပြီးစီး နေတဲ့ ရေစီးကြောင်းထဲ ပေါလော၊ ပေါလောနဲ့ မျောပါသွားတာ၊ စတဲ့ စတဲ့ သတင်းစုံကို တယ်လီဖုန်းမလို၊ အင်တာနက်မလိုဘဲ ကြားရ သိရပါတော့တယ်။
မီးသတ်တွေ၊ ကြက်ခြေနီ တွေရော ရပ်ကွက်လူကြီး တင်မက ကာလသားတွေပါ မကျန် အလုပ် ရှုပ်ကုန်ကြပါတယ်။ ဘယ်နားက ဘယ်လို ရောက်လာမှန်း မသိတဲ့ လှေတွေ နဲ. ရေမြှုပ်ကုန်တဲ့ အိမ်တွေကို နေရာ ပြောင်းရွှေ့ ပေးကြ၊ ထမင်းထုပ်တွေ အလှူခံပြီး လိုက်ဝေကြ နဲ့ပေါ့။ မိုးကုတ်မှာ လှေတွေ အဲ့ဒီလောက် အများကြီးကို ဒီတစ်ခါပဲ မြင်ဘူးတယ်။
ကျွန်တော်တို့လဲ အစောနက ကြောက်နေသမျှကို ကလေးပီပီ မေ့သွားကြပြီး ပျော်နေကြ ပြန်ပါတယ်။ လှေတွေ အများကြီးနဲ့ ထမင်းထုပ်တွေ လိုက်ဝေနေကြတာ၊ ရေဘေး ဒုက္ခသည် တွေကို လှူဖို့ အိုးကြီး အိုးငယ်၊ အထုပ်ကြီး အထုပ်ငယ် တွေနဲ့ ရောက်လာကြတဲ့ အလှူရှင်တွေ အများကြီးကို အိမ်ရှေ့ဘက် လမ်းဟိုဘက်ခြမ်းက ရေစပ်မှာ စည်စည်ကားကား လှမ်းပြီးမြင်နေရတာ၊ စိတ်ထဲမှာ တစ်ခါမှ မကြုံဘူးတဲ့ ဘုရားပွဲကြီး လို့တောင် ထင်လာပါတယ်။
ရေကျသွားတော့ အိမ်အောက်ထပ် တစ်ခုလုံး ရှုပ်ပွပြီး တင်ကျန်ရစ်ခဲ့တဲ့ ရွှံ့ ဗွက်တွေ၊ နုံးမြေတွေကို ရှင်းရ၊ ပျက်စီးသွားတဲ့ ကြမ်းခင်းတွေ၊ ဝါးထရံတွေကို ပြင်ရ လဲရ နဲ့ တစ်မိသားစုလုံး အလုပ်ရှုပ်ကြရ ပြန်ပါတယ်။ ရေမကျသေးတဲ့ အပိုင်းမှာ နေတဲ့ အသိမိတ်ဆွေ မိသားစုတွေလဲ အိမ်မှာလာနေကြတာ၊ အိမ် အပေါ်တစ်ထပ်လုံး လူအပြည့် ကျပ်ညှပ်လို့။
ဩော်.. ဒုက္ခတွေ ကြုံရင် ပျော်ပျော်ကြီး ခါးစည်း ခံကြ၊ တစ်ယောက်နဲ့ တစ်ယောက် ဝိုင်းဝန်း ကူညီ စောင့်ရှောက်ကြနဲ့ ငြီမ်းချမ်းတဲ့ ကျွန်တော်တို့ မြို့ကလေးကို အခုလို ရေကြီးချိန်မှ မဟုတ် အချိန်တိုင်း လိုလို လွမ်းပါတယ်။
မြို့ကလေးနဲ့ အတူ ချစ်ဖို့ကောင်းတဲ့ မြို့သူ မြို့သားတွေ အားလုံးကိုလဲ လွမ်းပါတယ်ဗျာ။






နမော်နမဲ့ ဦးပေသီး (အပိုင်း ၁)

ကျွန်တော့်ကို အဖွားက နမော်နမဲ့ ဦးပေသီး လို့ခေါ်တယ်။ အဖေနဲ့ အမေက ပျာလောင်တဲ့။ အဒေါ်တွေကတော့ သွားလေရာရာ အရာနဲ့ အကြောင်းကြောင်း ဖြစ်တတ်လွန်းလို့ ပက်ကျိတဲ့။ အကြောင်းသိ သူငယ်ချင်းတွေက အူကြောင်ကျား လို့ခေါ်ကြတယ်။ နမော်နမဲ့ နိုင်သလို တစ်ခုခုဆို အမြဲ ပျာလောင် ခတ်တတ်တဲ့ ကျွန်တော် ငယ်ငယ်ကတော့ အင်မတန် ရှက်တတ်ပါတယ်။ အခု အချိန်ထိလဲ ရှက်တတ် တုန်းပါပဲ ဆိုရင်တော့ ဘယ်သူမှ ယုံနိုင်မယ် မထင်ပါ (အဟီး)။ တကယ်ပါ။ အင်မတန် ရှက်တတ်တဲ့ ကျွန်တော် ခဏခဏ အရှက် ကွဲရလွန်းလို့ ရှက်ကြောက ပြတ် သွားတာလား ဒါမှမဟုတ် အရေထူ သွားတာလဲ ဖြစ်နိုင်ပါတယ်။
လဖ္ဘည့်ရည်ဆိုင် သွားရင် ဟိုဟာ တိုက်ချ၊ ဒီဟာ မှောက်ကျ ဖြစ်တတ်တာ၊ ဟို ခလုတ်တိုက် ဒီိ ခလုတ်တိုက် ချော်လဲပြီး ဒူးပြဲရတာ တွေကတော့ အသေးအဖွဲ ပေါ့။ လူကြားထဲ အရှက် ကွဲ ရလွန်းလို့ ကျွန်တော့် များဆို ဦးလေးတွေ အဒေါ်တွေ မပြောနဲ့၊ ဖေနဲ့မေတောင် လူကြား သူကြား သိပ် မခေါ်ရဲအောင်ကို လန့်ပါတယ်။ အိမ်ကို လာလည်တဲ့ အကြောင်းသိ ဧည့်သည်တွေများ ဆိုရင် ကျွန်တော်မို့ သူတို့ အနား လာပြီး ရေနွေးကြမ်း ငှဲ့ပေးပြီဆို သတိ အနေအထား ဖြစ်သွားတတ်ကြပါတယ်။ မတော်တဆနဲ့ သူတို့ ရေနွေးပူ လောင်တာ ခံရလွန်းလို့ပါ။
မှတ်မိသေးတယ်၊ ကျွန်တော် မူကြိုကျောင်းသား ဘဝကပေါ့၊ ကကြီး ခခွေး သင်လာလိုက်တာ ရောက်တဲ့ထိ ချောလို့။ လဲ ရော ပြဿနာ စတက်တော့တာပဲ။ လိုက်ဆို လို့ ဆရာမက တိုင်ပေးလိုက်တိုင်း ပါးစပ် အဟောင်းသား ဟပြီး ဘာသံမှ ထွက်မလာတဲ့ ကျွန်တော့်ကို တစ်ကြိမ်မက နှစ်ကြိမ်မက ဆိုတော့ ဆရာမက စိတ် မရှည်တော့ဘူး။ ဟဲ့ လိုက်ဆိုလေ လို့ ပြောလဲမရ၊ ... ပါဆို လို့ ချော့ ပြောလဲမရ။ ပါးစပ် အဟောင်းသားနဲ့ သူ့ကို ပြူးကြည့်နေတဲ့ ကျွန်တော့်ကို ဒေါသတွေ ထွက်လာပြီး တစ်ခါ ဆိုခိုင်းလိုက်၊ အသံ ထွက်မလာရင် တစ်ချက် လိမ်ဆွဲလိုက်နဲ့ လက်မောင်းသာ အညိုအမဲ စွဲလာတယ်။ ဘယ်လို သင်ပေးပေး အသံက ထွက်မလာ၊ အသားနာတဲ့ ကျွန်တော်ကလဲ ဂျစ်ကန်ကန်နဲ့ သူ့ကို ပြန်ကြည့်တော့ ဆရာမလဲ ယမ်းပုံမီးကျ ဒေါတွေပွပြီး သူ ဆိုခိုင်းတာ လိုက်မဆိုဘဲ ပါးစပ်ကြီး ဟ ဟ ပြနေတဲ့ ကျွန်တော်က သူ့ကို ပြောင်ပြနေမှုနဲ့ ခြေသလုံး သွေးထွက်အောင် ဆော်ပလော် တီးပါတော့တယ်။ မေမေ ရုံးဆင်းလို့ အပြန် ကျွန်တော့်ကို ဝင်ခေါ်တော့ ဒဏ်ရာတွေနဲ့ ကျွန်တော့်ကို တွေ့ပြီး ဘာကိစ္စနဲ့ ဒီလောက် အပြစ် ပေးခံရတာလဲ ဆရာမကို သွားမေးပါတယ်။ ဆရာမ ပြောလို့ အမေ အကျိုးအကြောင်း သိတော့ ဒီလောက်တောင် အရလားဟဲ့ ဆို ကျွန်တော့် ခေါင်းကို ဒေါင်ကနဲ ခေါက်ပါတော့တယ်။ (တယ်တော်တဲ့ အမေနော်။ သူတစ်ပါး အမေ တွေလို ကိုယ့်သား မှားမှားမှန်မှန်၊ နဲနဲ တီးခံရရင်ကို ဆရာမကို ရန် သွား မလုပ်တတ်ဘူး။ ချစ်ပုံများတော့)။ တကယ်တော့ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော် ငယ်ငယ် ကတည်းက ဖေနဲ့မေ ထမင်းကျွေးတိုင်း ဆိုပြီး ကျွန်တော် ပါးစပ်ဟမှ ထမင်းကို ခွံ့ကျွေး တတ်ကြပါတယ်။ ဆရာမက ဆိုတော့ ကျွန်တော်က ပါးစပ်ကို ဟပြီး အသံထွက် ဆိုရကောင်းမှန်း မသိတာပါ။ မေမေက

' သားကို မေမေ ထမင်းကျွေးရင် ဘယ်လိုပြောပြီး ကျွေးလဲ ' မေးတော့

' လို့ပြောပြီး ကျွေးတယ် '

' အေး အဲ့ဒီ က ဆရာမ အခု သင်ပေးနေတဲ့ ပေါ့ သားရဲ့ '

ကဲ၊ မေမေသင်ပေးတော့ တစ်ချက်ထဲနဲ့ ကျွန်တော်လဲ တတ်သွားရော။ ကျွန်တော်က ငယ်ကတည်းကရင်း အဲ့ဒီလိုလဲ အူကြောင်ကျား တတ်ပါတယ်။

အစက သိမှ မသိဘဲ ကိုးဗျာ၊

(မှားတဲ့ အခါလဲ မှားပေ မပေါ့ဗျာ၊ နော..) :-P

Thursday, October 2, 2008

ဖေဖေသို့တမ်းချင်း

ဆယ်လပိုင်း ဆယ်ရက်နေ့က ဖေဖေ့မွေးနေ့။ ဒီနှစ်ဆို ဖေဖေ ခြောက်ဆယ့်သုံးနှစ် ပြည့်တဲ့ နှစ်ပေါ့။ ကျွန်တော် အမှတ်မှားနေတဲ့ အတွက် ဖေဖေ့ဆီလဲ ဖုန်းမဆက်ဖြစ်၊ ဘာ အမှတ်တရမှလဲ မလုပ်ဖြစ်နဲ့။ ဖေဖေ၊ မေမေ ကိုလွမ်း၊ အိမ်ကို လွမ်းနေတဲ့ ကျွန်တော် ဘာတွေ လွဲချော်နေခဲ့တာပါလိမ့်။ စိတ်မကောင်းဖြစ်နေမဲ့ ဖေဖေ့ကို တွေးမြင်ပီး ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကျွန်တော် မကောင်းဘူး။ မိုးကုတ်မှာ တစ်ယောက်တည်း ရှိနေမဲ့ ဖေဖေတစ်ယောက် သူ့မွေးနေ့ကို ဘယ်လို ဖြတ်သန်းနေမလဲ။ တွေးရင်း ရင်ထဲ ဆို့နင့်လာတယ်။ ဆယ်ရက်နေ့ကို ကျွန်တော် ပြန်ဆွဲလှည့် ပစ်လိုက်ချင်ပေမဲ့ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စ ဆိုတာ ဘာသာ သိတော့ ကြေကြေကွဲကွဲ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေ တင်နေမိတော့တယ်။
ဖေဖေ့ မွေးနေ့ အတွက် အမှတ်တရ ရေးဖူးတဲ့ စာလေးကိုသာ အမှတ်တရ ပြန်တင်ရင်း ဒိနေ့ မေမေ့ မွေးနေ့ဆိုတာ နောက်လထဲ ဖေဖေ နဲ့ မေမေ့ မွေးနေ့လို့ အမှတ်ထပ်မမှားမိတော့တာကိုသာ ကြံဖန် ကျေနပ် နေရပေမဲ့ ဒိနှစ်ရဲ့ ဆယ်ရက် ဆယ်လလေးက ကျွန်တော့ထံ ပြန်မလာနိုင်တော့။

*****************

ဖေဖေ့မွေးနေ့ရောက်တော့မယ်။ ကျွန်တော့်အာရုံတွေက ဖေဖေ့ပုံရိပ်တွေဆီ ပြေးလွှားလို့နေတယ်။ ငယ်စဉ်က ချောမောပြေပြစ်သော ဖေဖေသည် ယခုအခါမှာတော့ လောက
ဓာဏ်၏ ထုထောင်းမှု၊ ဇရာ၏ လွှမ်းမိုးမှုတို့ဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်လို့နေ၏။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသော၊ လွတ်လပ်မှုကိုမြတ်နိုး၍ အနုပညာကို ဝါသနာထုံသော ဖေဖေဟာ ‘အိမ်ထောင်ဦးစီး ဖခင်' တစ်ဦးရဲ့ တာဝန်များကြားဝယ် သူ၏ ဝါသနာနှင့် လွတ်လပ်မှုတို့ကို စတေးပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖေဖေငယ်စဉ်ကပုံရိပ်
၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ က ဖေဖေ့ပုံရိပ်

ငယ်စဉ်က သံမဏိဆိုတဲ. အိမ်နာမည်နဲ့လိုက်အောင် အင်မတန် မာကျောခဲ့တဲ့ ကျွန်တော့်ဖေဖေ ဦးသောင်းထူး (ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဖေဖေ့ လူငယ် မိတ်ဆွေတွေကတော့ လေးလေးထူး၊ လေးထူး လို့ ခေါ်ကြတယ်) ဟာ မိသားစု၊သားသမီးတွေ အပေါ်မှာတော့ အင်မတန် နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ သူ့ရဲ့ သံမဏိစိတ်ဓာတ်တွေကို ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာတွေနဲ့ အရည် ဖျော်ချပစ်ရဲတဲ့ အထိ မိသားစုအပေါ် အချစ်ကြီး ချစ်တတ်ခဲ့သူပါ။
မိုးလင်းက မိုးချုပ် ပင်ပင်ပန်းပန်း ကျောက်တွင်း တူးရသော်လည်း နံနက် လေးနာရီ ဒေါင်ကနဲ မည်တာနဲ့ အာခေါင်ခြစ်ငိုကာ နို့တောင်းတတ်သော သားဦး ကျွန်တော့်ကို မငြီးမငြူ နို့ဗူးဖျော်ကာ တိုက်ခဲ့သော၊ ချူချာသော ကျွန်တော် တိုက်ဖွိုက်ဖြစ်ပြီး ညကြီးသန်းခေါင် အဖျားတက် မေ့မျောတော့ ဝေးလံလှသော ဆေးရုံသို့ ချီပိုး ပြေးခဲ့သော၊ စာမေးပွဲ မဖြေလိုက်ရမှာ စိုးရိမ်နေသော ငါးတန်းကျောင်းသား ကျွန်တော့်ကို ကုန်းပိုးလျှက် ရေကြီးနေသော ရပ်ကွက်ကိုဖြတ်၊ ရေလျှံပြီး အရှိန်ပြင်းပြင်း စီးနေသော ရေနီချောင်းတံတားကို ကျော်ကာ မိုးကြီးလေကြီးကြား ကျောင်း လိုက်ပို့ပေးခဲ့သောဖေဖေ၊ နွမ်းပါးသော်လည်း သားသမီးတွေ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုခဲ့သော ဖေဖေ၊ သားသမီးတွေကို သူ့လို ကျောက်တွင်းတူးသမား မဖြစ်စေလိုဘဲ ပညာတတ် ဖြစ်စေလိုခဲ့သော ဖေဖေ၊ ကျောက်တွင်းတူးရင်း ခါးရိုးပေါ်တည့်တည့် တူပြုတ်ကျကာ အတွင်းဒဏ်ရပြီး အလုပ်ကြမ်းလုပ်ခွင့် မသင့်တော့တာကို မမှုအားဘဲ မိသားစုဝမ်းရေး၊ ချမ်းသာရေးအတွက် ကျောက်တွင်း အလုပ်ကို မစွန့်လွှတ်ဘဲ လောကဓာဏ်ကို အံတုခဲ့သောဖေဖေ၊ ကျောရိုးမှအတွင်းဒဏ် ဆိုးရွားလာပြီး ကျောက်တွင်းလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ရတော့ မိသားစုချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သောဖေဖေ၊ ဘယ်တော့မှ သူတစ်ပါးလက်အောက်မှာ မလုပ်လိုဘဲ လွတ်လပ်စွာ ရပ်တည်လိုသော်လည်း မိသားစုအတွက် သူ၏ မာနကို ဖယ်ချကာ ဝန်ထမ်း လုပ်ခဲ့ရသောဖေဖေ၊
....ဖေဖေ့ကျေးဇူးတရားများက စာဖွဲ့လို့မကုန်ပါ။ ဖေဖေ့ရဲ့ကြီးမားလှသော မေတ္တာနှင့် ချစ်ခြင်းတို့ကြောင့် ကျွန်တော်တို့ ငယ်ဘဝက လုံခြုံနွေးထွေးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ ဖေဖေတူးခဲ့သမျှ မြေတွေသာ ကျောက်အောင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက် စား၍ ကုန်နိုင်မယ်မထင်။ ကံမကောင်းသော ဖေဖေ့မှာတော့ နှစ်ပေါင်းများစွာ ကျောက်တွင်း တူးခဲ့သော်လည်း ထမင်းစားကျောက်မှလွဲ၍ သူဋ္ဌေးဖြစ်ကျောက် တစ်ခါမှ မရဘူးခဲ့။ ဖေဖေ့ဘဝ၏ ရှုံးနိမ့်ခဲ့ရမှုပေါင်း များစွာကို ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
အချိန်တန် အရွယ်ရောက်လို့ သားသမီးတွေ တစ်နေရာစီ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့သွားကြတော့ ဖေဖေ ဘယ်လောက် လွမ်းနေမလဲ။ သားသမီးတွေ ဆက်သွယ်မလာတာကြာလို့ သူ့ကိုများ မေ့လျှော့ သွားကြပြီလား တွေးထင်မိတဲ့ အခါတိုင်း ဖေဖေ ဘယ်လောက် ဝမ်းနည်းနေရှာမလဲ။
ကျွန်တော့်ကို လုံခြုံနွေးထွေးစေသော ဖေဖေ့ရင်ခွင်၊ ကျွန်တော် အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ဖူးသော
ဖေဖေ့လက်မောင်းများ၊ ချစ်ခြင်းမေတ္တာအပြည့် ပျော်ဝင်နေသော ဖေဖေ့အနမ်းများ၊ ဖေဖေပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များ၊ ဖေဖေ့ဂစ်တာသံနှင့် သီဆိုပြခဲ့သော သီချင်းများ၊ ဖေဖေရေးသော စာတိုပေစနှင့် ကဗျာများ၊ သားသမီးတွေရဲ့ အပြုံးအပျော် မျက်နှာများကို မြင်ရုံမျှနှင့် ဘဝအမောများကို အံတုရင်ဆိုင်နိုင်ခဲ့သော ဖေဖေ့ စိတ်ခွန်အားများ၊.....ပြန်တမ်းတတိုင်း အဝေးက ဖေဖေဟာ ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့ပါတယ်။

လောကဓာဏ်ရဲ့ ရိုက်ပုတ်ကြည်စယ်မှုများကို ဘယ်တော့မှ အရှုံးမပေးဘဲ အပြုံးနှင့် ရင်ဆိုင်နိုင်ဖို့ရာ စိတ်ခွန်အားများစွာကို ဖေဖေ့ဆီမှရခဲ့ပါတယ်။ ဘဝအခက်အခဲ မှန်သမျှတို့ကို ရင်ဆိုင်နိုင်ဖို့ရာအတွက် လုံလောက်သော ချစ်ခြင်း မေတ္တာတရားကို ဖေဖေ့ဆီက ရခဲ့ပါတယ်။
ဘဝမှာ ငွေကြေးနဲ့ ဘယ်တော့မှ ဝယ်ယူမရတဲ့ ဒီစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံနွေးထွေးမှုတွေကို ဘဝတစ်သက်စာ အမွေအဖြစ် ဖေဖေက ကျွန်တော့်ကို ပေးခဲ့ပါတယ်။
တစ်မြေခြားမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ ဖေဖေ့မေတ္တာများက ငယ်စဉ်ကလို နွေးထွေးဆဲ၊ ဖေဖေ့ချစ်ခြင်းများမှာ ကျွန်တော့်ဘဝက လုံခြုံဆဲ၊ ဖေဖေ့ မျှော်လင့်ချက်များက ကျွန်တော့်ဘဝကို အလင်းပေး လမ်းပြနေဆဲသာ။ အဝေးကနေ ငွေကြေးထောက်ပံ့နေရုံနဲ့ သားသမီးဝတ္တရား ကြေတယ် ကျွန်တော် မယူဆပါ။ ဖေဖေ့ရဲ့ ညအိပ်ယာဝင် ပုံပြင်များ နားထောင်ရင်း၊ ဖေဖေ့ဘဝ အမောများကို မျှဝေ ခံစားရင်း ဖေဖေ့ အထီးကျန်ရက်စွဲများကို ဖြေဖျောက်ပေးချင်သည်။ ဖေဖေ့ ချစ်ခြင်းမေတ္တာများ အောက်မှာ ကျွန်တော့်ဘဝ လုံခြုံနွေးထွေးခဲ့သလို ဖေဖေ့ဘဝကို လုံခြုံနွေးထွေးစေသော သားတစ်တယာက်အဖြစ် ဖေဖေ့ဘေးမှာ စောင့်ရှောက်မှုတွေ ပေးချင်သည်။
ကျွန်တော့်ဖေဖေသည် မိုးကုတ်မြို့ကလေးမှ မထင်မရှား သာမာန် လူတစ်ယောက်သာ၊ ဖေဖေ ကောင်းတာတွေလဲ ရှိမည်၊ ဆိုးတာတွေလဲ ရှိမည်။ ဘာပဲဖြစ်ဖြစ် ဖေဖေသည် ကျွန်တော့် ဘဝ၏ ကောင်းကင်ထက်တွင် အလင်းလက်ဆုံး ကြယ်တစ်ပွင့် အဖြစ် ထာဝရ ရှိနေပါလိမ့်မည်။ ထိုကြယ်ကလေး လင်းလက်ရာ အဖေ့အိမ်ကလေးသို့ အရောက် ကျွန်တော်ခရီးနှင်နေပါသည်။


၂၀၀၈၊အောက်တိုဘာဆယ်ရက်မှာ အသက် (၆၂)နှစ်ပြည့်မဲ့ ဖေဖေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ ဖေဖေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကိုရှာတွေ့ခဲ့ပြီဆိုတဲ့ ဖေဖေတစ်ယောက် ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။




Father & Son [by Rod Stewart]


Rod Stewart

Father And Son

[Originally by Cat Stevens]

Father
It's not time to make a change,
Just relax, take it easy.
You're still young, that's your fault,
There's so much you have to know.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

I was once like you are now, and I know that it's not easy,
To be calm when you've found something going on.
But take your time, think a lot,
Why, think of everything you've got.
For you will still be here tomorrow, but your dreams may not.

Son
How can I try to explain, when I do he turns away again.
It's always been the same, same old story.
From the moment I could talk I was ordered to listen.
Now there's a way and I know that I have to go away.
I know I have to go.

Father
It's not time to make a change,
Just sit down, take it slowly.
You're still young, that's your fault,
There's so much you have to go through.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

Son
All the times that I cried, keeping all the things I knew inside,
It's hard, but it's harder to ignore it.
If they were right, I'd agree, but it's them you know not me.
Now there's a way and I know that I have to go away.
I know I have to go.