Saturday, May 9, 2009

အနှိုင်းမဲ့ မေတ္တာ



နံနက်ခင်းသစ်တစ်ခုမှာ အရာရာအားလုံး အသစ်တွေ ဖြစ်နေတယ်လို့ သူမ ခံစားရတယ်။ ဆေးရုံနံရံက ပြူတင်းပေါက် ရှည်ရှည်လေးတွေကနေ နေရောင်ခြည်က နွေးထွေးစွာ ဖြာကျလို့။ ခန်းဆီးစလေးတွေ လွန့်လွန့်လူးလူး ဖြစ်အောင် ကြည်ဆယ်ဆော့ကစားရင်း ၀င်လာတဲ့ လေပြည် နုအေးကလဲ စိတ်ခြမ်းမြေ့စရာ။ မိခင်သစ်တစ်ယောက် အတွက်တော့ ဒီနေ့ဟာ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ။ ဒီနေ့ နံနက်ခင်း စောစောမှာပဲ သူမ သားဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လေ။ အိုး၊ ကျွန်မသားလေးကို တွေ့ချင် လွန်းလှပါပြီ။
“ကျွန်မသားလေးကို တွေ့ခွင့် ရနိုင်မလားဆရာ”
ဆရာဝန်က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သားလေးကို သူမထံပါး ခေါ်လာတယ်။ နောက်တော့ သက်ပြင်း တစ်ချက်ချပြီး ဆေးရုံက နံရံဖြူဖြူတွေဆီ အဓိပ္ပါယ်မဲ့ ငေးမောလို့နေတယ်။ သားလေးက သူ့အဖေလို ခန့်ခန့်ငြားငြားနဲ့ ချောတဲ့ အဖေတူသားလေးလား။ ဒါမှမဟုတ် သူမလို နုနုနယ်နယ်နဲ့ ချောမဲ့ အမေတူသားလေး ဖြစ်မလား။ သူမရင်တွေ တဖျတ်ဖျတ်ခုန်ရင်း သားလေးမျက်နှာကို သိုင်းထုပ်ထားတဲ့ အနှီးစလေးကို ဖြေကြည့်မိတယ်။ ကြည့်စမ်းပါအုံး။ ချောလိုက်တဲ့သားလေး။ သူမနဲ့ပဲ တူသလိုလို၊ သူ့အဖေနဲ့ပဲ တူသလိုလို။ သားလေးခေါင်းပေါ်က အနှီးစလေးတွေ ဖြေချလိုက်တော့ ရင်ဘတ်ထဲက နှလုံးတစ်စုံလုံး ခုန်ထွက်သွားမတတ် နာကျင်သွားရပြီး ဘုရား တမိတယ်။ သားလေးမှာ နား၇ွက်လေး နှစ်ဘက် ပါမလာဘူး။ နားရွက်လေးတွေ နေရာမှာ အပေါက်လေးတွေ ဟောင်းလောင်းနဲ့။ ဘယ်လို ကံကြမ္မာကများ သားလေးကို ရက်စက် လိုက်တာပါလိမ့်။ သားလေးကို ကြည့်ရင်း သူမ ရှိုက်ငင် ငိုကြွေးမိတယ်။ သူမ ယောက်ျားက သူမပခုံးကို ဆုပ်ကိုင်ထွေပွေ့ရင်း သားလေးမှာ နားရွက်လေး နှစ်ဘက် ပါမလာတာက လွဲရင် ကျန်တဲ့ အင်္ဂါ အစိတ်အပိုင်း အားလုံး ပြည့်စုံကောင်းမွန်ကြောင်း နှစ်သိမ့်နေတယ်။
တဖြည်းဖြည်း ရက်တွေ ရလာတော့ သားလေးရဲ့ အကြားအာရုံက ထင်ထားသလို မချို့ယွင်းပဲ ကောင်းမွန်တာ သိသာလာတဲ့အခါ သူမ ပျော်လိုက်တာ။
ဒီလိုနဲ့ သားလေး တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး ကျောင်းထားရတဲ့ အရွယ် ရောက်လာခဲ့ပြီ။ ကျောင်းကနေ ပြန်လာတော့ သားက သူမရင်ခွင်ထဲ ပြေးဝင် ငိုရှိုက်နေခဲ့တယ်။ သူမ စိုးရိမ်ထားခဲ့သလိုပဲ။ သားလေးက သူတပါး လှောင်ပြောင်တာတွေကို ခံနိုင်ရည် မရှိရှာခဲ့ဘူး။ နောက်ပိုင်းမှာတော့ သားက ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ပဲ စာအုပ်တွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သားလေး အားမငယ်အောင် သူမ ဘယ်လောက်ပြောပြော သားက ဘယ် သူငယ်ချင်းနဲ့မှ မဆော့ကစားသလို အိမ်ခန်းနဲ့ စာကြည့်ခန်းထဲမှာသာ စာအုပ်တွေနဲ့ လုံးထွေး ကြီးပြင်းခဲ့တယ်။ သားလေးက ဥာဏ်အင်မတန် ကောင်းသလို စာလဲ အင်မတန်တော်တယ်။ အတန်းထဲမှာလဲ သူက အမြဲ ထိပ်ဆုံးက။ တစ်ခုဆိုးတာက သားလေး လူတော မတိုးတာပဲ။ ကျောင်းက ဆုပေးပွဲတစ်ခုမှာ သူစင်ပေါ်တက်တော့ လူတွေ ၀ိုင်းရီတာ ခံရပြီးနောက်ပိုင်း အဲဒီကျောင်းကပွဲ၊ ဆုပေးပွဲတွေကို ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ အင်မတန် စကားပြောကောင်းတဲ့ သားဟာ စင်မြင့်ပေါ်မှာ ပရိတ်သတ်ကို ဘယ်လောက်များ စိတ်ဝင်စားအောင် ပြောမလဲ။ ဒါပေမဲ့ သားကို ဘယ်လို အားပေးပေး စင်မြင့်ပေါ်တက်ဖို့ ခါးခါးသီးသီး ငြင်းဆန်တော့တယ်။ နားရွက်လေးတွေ မပါတာဟာ အညွန့်တလူလူနဲ့ သားလေးရဲ့ဘ၀ကို ရိုက်ချိုးချဖို့ထိ ဖန်တီးခဲ့ပြီလား။ သူမ အမြဲ စိုးရိမ် ကြောင့်ကျခဲ့ရပါတယ်။
ဒီလိုနဲ့ သားလေး တက္ကသိုလ်ဝင်တန်း ဖြေရမဲ့ အရွယ်တောင် ရောက်လာခဲ့ပြီ။ မြို့တော်ကြီးက အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ပညာတော်သင်ဆုရဖို့အတွက် သားလေး လျာထားခံရပေမဲ့ သားက မတက်ချင်ခဲ့ဘူး။ ဒါဟာ သားလေးစိတ်မှာ အရိုးစွဲနေတဲ့ သိမ်ငယ်မှုကြောင်းမှန်း သူမသိတယ်။ အဲ့ဒီ သိမ်ငယ်မှုကို ဖယ်ရှားပေးနိုင်အောင် သူမ ဘယ်လိုကြိုးစားကြိုးစား မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး သူမတို့ လင်မယားနှစ်ယောက် သားလေး ဘ၀ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်ပြီး သားလေးကို နားရွက်တစ်စုံ တပ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက် ကြတယ်။


မေမေ့ကို ကျွန်တော် ငယ်ငယ်က နားမလည်ခဲ့ဘူး။ နားရွက်လေးနှစ်ဘက် ပါမလာအောင် မွေးပေးခဲ့တဲ့အတွက်လဲ မုန်းချင်ချင်ရယ်။ ကျောင်းမသွားချင်ရင်လဲ ဘယ်တော့မှ မရ၊ စကြနောက်ကြ နှိမ်ကြလွန်းလို့ အပေါင်းအသင်း မထားချင်ပါဘူး ဆိုရင်လဲ မရ။ ကျောင်းကို ဇွတ်သွားခိုင်းတတ်သလို ကျောင်းက အတန်းဖော် တွေကိုတောင် အိမ်ခေါ် ချက်ပြုတ်ကျွေးမွေးပြီး ကျွန်တော်နဲ့ ကစားခိုင်းလိုက်သေးတယ်။ ကျွန်တော်ကတော့ ကလေးဘ၀ကို ဆော့ကစားပြီး မဖြတ်သန်းချင်ဘူး။ သူတို့တွေက ကျွန်တော့်ကို လှောင်ကြတယ်။ ဒီတော့ ကျွန်တော့်ကို ဘာမှ မလှောင်တဲ့ စာအုပ်တွေနဲ့ပဲ ကျွန်တော် နေခဲ့တာ အပြစ်မှ မဟုတ်တာဗျာ။ ကျောင်းကပွဲတွေဆိုလဲ ဇွတ်သွားခိုင်း၊ စင်ပေါ်လဲ ဇွတ်တက်ခိုင်းနဲ့။ သူတို့တွေက အိမ်က ဖေဖေနဲ့ မေမေလို ကျွန်တော့်ကို အားပေးကြဖို့ထက် လှောင်ပြောင်ကြဖို့ပဲ သိတာ မေမေ နားလည်မပေးခဲ့ဘူး။ ကျွန်တော့်မှာ နားရွက်လေး နှစ်ဘက် မပါတဲ့အတွက် လူကြားထဲ ဘယ်လောက် သိမ်ငယ်ရှက်ရွံ့ခဲရလဲ မေမေ မသိခဲ့ဘူးလား။ ကျွန်တော် မသွားချင်တဲ့ ဆုပေးပွဲတွေ မေမေက ခေါ်ရင် မေ့မေ့ကို သိပ် စိတ်ဆိုးတာပဲ။ စာကြည့်ခန်းထဲမှာပဲ ကျွန်တော် ပျော်တယ်။ လူတွေနဲ့ဝေးရာမှာပဲ ကျွန်တော် နေချင်တယ်။
ကျွန်တော် တက္ကသိုလ် ၀င်တန်း တက်ရတဲ့နှစ်မှာ နားရွက်အစားထိုးတပ်ဖို့ အလှူရှင်တစ်ယောက် ပေါ်လာတယ်။ ဆေးရုံသွားပြီး ခွဲစိပ်ကုသလိုက်တော့ ကျွန်တော့်မှာ လှပတဲ့ နားရွက်လေးတစ်စုံ ရှိလာခဲ့ပြီ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော် ပါဝင်ချင်ခဲ့တဲ့ ကျောင်းက အားကစားပွဲတွေ၊ အကပွဲတွေမှာ ပါဝင်လို့ ရခဲ့ပြီ။ ဆုပေးပွဲတွေ၊ ဟောပြောပွဲတွေမှာလဲ စင်မြင့်ပေါ် ကျွန်တော် ကြွားကြွားဝင့်ဝင့် တက်နိုင်ပြီ။ ကျွန်တော့်ကို လူထူးလူဆန်းလို ကြည့်ကြတဲ့ မျက်လုံးတွေ မရှိတော့သလို ဂြိုလ်သားလို့ လှောင်ပြောင်ကြတဲ့ ပါးစပ်တွေလဲ ပိတ်သွားခဲ့ကြပြီ။
တစ်ခုပဲ ရင်ထဲ မတင်မကျဖြစ်နေခဲ့တာက ကျွန်တော့်အတွက် နားရွက် အလှူရှင် ဘယ်သူဘယ်ဝါမှန်း မသိရတာပဲ။ ဖေဖေနဲ့ မေမေ့ကို မေးတိုင်း သိဖို့အချိန်မတန်သေးလို့ ကတိမဖျက်ပါရစေနဲ့ လို့ပဲ ဖြေကြတယ်။ ဒီလိုနဲ့ ကျွန်တော် တက်ချင်တဲ့ တက္ကသိုလ်ကိုလဲ အဆင့်မြင်အောင်ခဲ့ရုံမက ဘွဲ့လွန်သင်တန်းတောင် ပြီးခဲ့ပြီ။ ဘွဲ့လွန်သင်တန်းလက်မှတ်ကို တက်ယူပြီး စင်ပေါ်ကနေ ကျေးဇူးတင်စကား ပြောတော့ ဖေဖေနဲ့ မေမေ့ မျက်နှာမှာ ဂုဏ်ယူဝမ်းမြောက်မှုတွေ အပြည့်နဲ့။ မေမေများဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလို့ပေါ့။ အဲဒီနေ့မှာပဲ ကျွန်တော် မေမေ့ နဖူးကို မြတ်မြတ်နိုးနိုး နမ်းမိတယ်။ အမေတူသား လို့ ပြောခံရတဲ့ ကျွန်တော်ဟာ မေမေ့လို ချောမွေ့ ကျက်သရေ ရှိနေမှာပေါ့။ မေမေ့နဖူးကို နမ်းဖို့မေမေ့ခေါင်းကို အုပ်မိုးကိုင်မိချိန်မှာ ကျွန်တော့် ကမ္ဘာတစ်ခုလုံး အိုးထိန်းစက်လို ချာချာလည်သွားခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတော့ဘူး။ မေမေ့ ဆံနွယ်စတွေကို ကပျာကယာ ကျွန်တော် ဖယ်ကြည့်တော့ တကယ်ပဲ...။ မေမေရယ်။ မေမေ့ဆံပင်တွေကို ကျွန်တော် ငယ်ငယ်ကလို မစုသိမ်း မထုံးဖွဲ့တော့တာ ဘာကြောင့်လဲ ကျွန်တော် သိသွားပါပြီ။ ကျွန်တော် သိချင်၊တွေ့ချင်လွန်းလှတဲ့ နားရွက်ပိုင်ရှင်ဟာ မေမေကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတာတောင် လုံးဝမသိရသလို မေမေ့အလှကလဲ မပျက်ခဲ့ပါဘူး။ ကျွန်တော့်လို လူတောမတိုးလဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ကသာ မေမေ့ နားရွက်လေး တစ်စုံကြောင့် အများကြီး ပြောင်းလဲခဲ့ရတာပါ။ မေမေ့ကို တင်းတင်းဖက်ရင်း ကျွန်တော် ငိုကြွေးမိတယ်။
မေမေ နားရွက်တွေ မရှိတော့ သားဖေဖေတောင် မေမေ့အတွက် နားကပ် ၀ယ်ဆင်ပေးရတာ သက်သာသေးတယ်” အဲဒီလိုတောင် မေမေက ရယ်ရယ်မောမော ကျွန်တော့်ကို နှစ်သိမ့် ပြောနိုင်ခဲ့ပါသေးရဲ့။
ကျောင်းစာတွေနဲ့ အတန်းထဲမှာ နံပါတ်တစ်ဖြစ်ဖို့လောက်သာ ၊ ထူးချွန်အောင်မြင်မှုတွေနောက် လိုက်ဖို့သာ အာသာပျင်းပြခဲ့တဲ့ ကျွန်တော့်ရင်ထဲကို မေမေ့ရဲ့ တုနှိုင်းမမှီတဲ့ မိဘ မေတ္တာတရားက အရှိန်အဟုန်ပြင်းပြင်း တိုးဝင်ခဲ့တယ်။
အဲ့ဒီအချိန်က စလို့ပေါ့ ကျွန်တော်ဟာ အောင်မြင်မှုဘ၀တစ်ခုကို ရဖို့ မမေ့လျှော့ခဲ့သလို မေမေ့ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့လဲ ဘယ်တော့မှ မပျက်ကွက်တော့ပါဘူး။ မေမေ့ရဲ့ ကျေးဇူးတရားတွေကို ပြန်ဆပ်မကုန်နိုင်ပေမဲ့ အချိန်မှီ ဆပ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလဲ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။

မေလ ဆယ်ရက်နေ့မှာ ကျရောက်မဲ့ မိခင်များနေ့အတွက် ဖတ်မိတဲ့စာတိုလေးတစ်ပုဒ်ကို ခံစားမိသလို ပြန်ရေးဖွဲ့ ပါတယ်။ မူရင်းစာကို ဘယ်မှာဖတ်မိမှန်းမသိတဲ့အတွက် မညွှန်ပြနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ။


မိခင်များအားလုံးကို ထာဝရ ဂုဏ်ပြုလျက်

မေတ္တာဖြင့်

မျှဝေခံစားသူ - မိုးကုတ်သား


ကဆုန်လပြည့် နဲ့ အင်ကြင်းပန်း







Wednesday, May 6, 2009

လွယ်ကူရိုးရှင်းပြီး သင့်ကျန်းမာရေးကို မြန်မြန် တိုးတက်ကောင်းမွန်စေမဲ့ နည်းလမ်း ဆယ့်ငါးချက်





အင်တာနက်ထဲ လျှောက်ကြည့်ရင်း ကျန်းမာရေးအတွက် ဒီဆောင်းပါးလေးတစ်ခုကို တွေ့လို့ နားလည်သလို ဘာသာပြန်ပြီး မိတ်ဆွေတို့နဲ့ မျှဝေလိုက်ပါတယ်။ မူရင်းနဲ့ အာဘော်မတူရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။






လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် အစားအသောက် အလေ့အထ ပုံစံ

1. နေ့စာ မစားခင် အသီး တစ်ခုခု စားပေးပါ။

ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီး ဒါမှမဟုတ် တခြား အသီး တစ်ခုခုကို နေ့စာမစားခင်တိုင်း စားတဲ့ အကျင့်ကို လုပ်ပါ။ ကျွန်တော်တို့ရဲ့ ဆာလောင်မှုကို ထိန်းပေးသလို အမြန်ရနိုင်တဲ့ အဆီရွှဲရွှဲ fast food တွေ မစားဖြစ်အောင်၊ ခရက်ကာထုပ်တွေ ဖောက်မစားမိအောင် ကာကွယ် ပေးပါတယ်။










2. ဖျော်ရည်ဆိုင်က စက်ဖြစ်
ဖျော်ရည်ဗူးတွေ မသောက်ပါနဲ့။

စက်ဖြစ် ဖျော်ရည်ဗူးတွေဆီကနေ ကျွန်တော်တို့ ကျန်းမာရေး ညီညွတ်စေတဲ့ ဖျော်ရည်တွေ ဘာများ ရသလဲ စဉ်းစားကြည့်ရအောင်။ ဈေးကလဲ ကြီးတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဒာက လိုအပ်တဲ့ သကြားဓာတ်၊ ဆားဓာတ်တွေ လိုတာထက် ပိုအောင်ပါဝင်တယ်။ ဒီတော့ ဖျော်ရည်ဆိုင်တွေဘက် ရောက်ရင် သောက်ရေသန့်ဗူးက လွဲပီး တခြား ဘာဖျော်ရည်ဗူးမှ မ၀ယ်ဘူးလို့ စိတ်ကို ပိုင်းဖြတ်ထားလိုက်ပါ။

3. တစ်ပါတ်မှာ တစ်ညတော့ သတ်သတ်လွတ်စားပါ။

ကျွန်တော်တို့တတွေဟာ ခန္ဒာကိုယ်က လိုအပ်တဲ့ အသားဓာတ်ထက် ပိုပြီး စားသုံးနေကြတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ တစ်ပါတ်မှာ တစ်ရက်လောက်များ သတ်သတ်လွတ်ညစာ စားဖူးကြပါသလား။ အရသာရှိပြီး စားကောင်းတဲ့ အသီးအရွက်ဟင်းလျာတွေကို တစ်ပါတ်မှာ တစ်ညလောက် ချက်စားဖို့ ကြိုးစားကြည့်ရအောင်။ ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်။ ငွေကုန်ကြေးကျလဲ နဲနဲ သက်သာတယ်လေ။

4. ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို စားသုံးပါ။

ကျွန်တော်တို့ရဲ့ နေ့စာ၊ မနက်စာတွေက အသားညှပ်ပေါင်မုန့်တို့၊ ပြုပြင်ပြောင်းလဲထားတဲ့ ပေါင်မုန့်ဖြူတို့ ဖြစ်နေခဲ့မယ် ဆိုပါစို့။ ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို ပြောင်းပြီး စားကြည့်ကြရအောင်။ ဘာတွေ ပိုကောင်းလို့လဲဆိုတော့ ကျွန်တော်တို့ ခန္ဒာကိုယ်က လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗိုက်တာမင် စီ၊ ဗိုက်တာမင် အီး နဲ့ တခြား ဓာတ်သတ္ထုတွေ ပိုပြီး ပါတယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ နှလုံးကို ကျန်းမာဖို့ အထောက်အကူ ပေးသလို ကင်ဆာရောဂါကိုလဲ ကာကွယ်ပေးပါသေးတယ်။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် အဆာခံလို့ ကိုယ် အလေးချိန် လျှော့နေတဲ့ သူတွေကိုလဲ အများကြီး အကျိုး ပြုပါတယ်။

5. အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။


နွားနို့ချည်း သက်သက် ဒါမှမဟုတ် ကောက်နှံပင်တွေက ထုတ်ထားတဲ့ cereal ထဲ ထည့်ဖျော်ပြီး သောက်တတ်သလား။ ဒါဆို အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။ အစပထမတော့ တစ်မူထူးခြား နေပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလိုပဲ ဆက်ပြီး ပြောင်းသောက်ပေးပါ။ နောက်ပိုင်းမှာတော့ လျှာက ကျင့်သားရပြီး အဆင်ပြေလာပါလိမ့်မယ်။ သံဓာတ်နဲ့ ပရိုတိန်းဓာတ်ကို နို့ကနေ အရင်လို ရနေပေမဲ့ အဆီဓာတ်ကတော့ သိသိသာသာ လျှော့ကျသွားပါပြီ။







လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့
နေ့စဉ် သောက်သုံးမှု အလေ့အထ ပုံစံ

1. ရေဗူးတစ်ဗူး စားပွဲ အနီးအနားမှာ အမြဲ ဆောင်ထားပါ။

လူအတော်များများက ဗိုက် နဲနဲ ဆာလာတဲ့အခါ အဆာပြေ သွားရည်စာတွေ စားတတ်ကြပါတယ်။ ရေဗူး တစ်ဗူးသာ ဆောင်ထားပြီး ပါးစပ်က စားချင်၊ ၀ါးချင်လာတိုင်း ရေ သောက်ပေးပါ။ လုံလောက်တဲ့ ရေဓာတ် ရနေတဲ့အတွက် အဆာလွန်ပြီး မစားမသောက်နိုင် ဖြစ်တာကို ကာကွယ်ပေးပါတယ်။ (အပူချိန် ခံနိုင်ရည် ရှိတဲ့ ရေဗူးကို ၀ယ်ပြီး ရေဖြည့်သောက်ပါ။ ရေသန့်ဗူးချည့် ၀ယ်သောက်နေပြီးမှ မင်းနည်းက ငွေကုန်လိုက်တာ ပြောခံနေရမှာ စိုးလို့ :-P )

2. ကော်ဖီသောက်နေကျ နေရာမှာ တစ်ဝက်လောက်ကို ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) ပြောင်းသောက်ပေးပါ။

နေ့တိုင်းလိုလိုမှာ ကျွန်တော်တို့ ကော်ဖီ၊ ဒါမှ မဟုတ် လ္ဘည့်ရည် ဘယ်နှစ်ခွက် သောက်သလဲ။ သောက်နေကျထက် တစ်ဝက်ကို လျှော့သောက်လိုက်ပါ။ အဲဒီ လျှော့လိုက်တဲ့ တစ်ဝက် နေရာကို ကာဖိန်းဓာတ်လွတ်တဲ၊့ ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) နဲ့ အစားထိုးလိုက်ပါ။ ကျန်းမာရေး ပညာရှင်တွေက ကာဖိန်းဓာတ်ကို တစ်ရက် 400 မီလီဂရမ်ထက် မပိုစေဖို့ တားမြစ်ထားပါတယ်။ အဲဒါက ကော်ဖီကြမ်း လေးခွက်၊ ဒါမှမဟုတ် အသင့်ဖျော်သောက်နိုင်တဲ့ ကော်ဖီထုပ် ခုနှစ်ထုပ်နဲ့ ညီမျှပါတယ်။ (တော်သေးရဲ့၊ တစ်ရက်မှ coffeemix နှစ်ထုပ်ထက် ပို မသောက်ပေလို့)

3. နို့ဓာတ်ပါဝင်မှု များတဲ့ ကော်ဖီလိုမျိုး သောက်စရာတွေကို ရှောင်ပါ။

Cafe Latte လိုမျိုး နို့များတဲ့ ကော်ဖီကို မနက်ခင်းတိုင်း မက်မက်မောမော သောက်ဖြစ်နေသလား။ အင်း.. ဒါဆိုရင်တော့ အဲဒီ တခွက်ထဲနဲ့တင် ကိုယ်ခန္ဒာထဲမှာ နာရီဒိုင်ခွက်လေးကတော့ 300ကယ်လိုရီ မကဘူးလို့ အချက်ပြနေပြီ။ ဒီလိုဆိုရင်လဲ ကာဖိန်းဓာတ်မပါတဲ့ ချောကလက် ပူပူလေး တစ်ခွက်လောက်တော့ သောက်ပါရစေ။ အင်း.. ကောင်းပါပြီး ကာဖိန်းဓာတ် တော့မပါဘူး။ တစ်ခွက်ထဲနဲ့တင် 400ကယ်လိုရီ မက ပါတယ် ဆိုတော့ကာ.. ဆိုတော့ကာ....

4. တစ်ပါတ်မှာ လေးရက်တော့ အယ်လ်ကိုဟော လွတ်အောင် နေပါ။

အလုပ်ကပြန်တိုင်း ညဘက်တွေ အရက် သွားသောက်တတ်သလား။ ဒါမှမဟုတ်ရင်လဲ ၀ိုင် တစ်ပုလင်းလောက်ကို အဖော် တစ်ယောက်ယောက်နဲ့ အတူ စားကောင်းရုံ သောက်ဖြစ်နေသလား။ ဒါဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ကျောက်ကပ်ကို ကောင်းကောင်းကြီး ဖိအားပေးနေပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဒာ အလေးချိန်ကိုလဲ အယ်လ်ကိုဟောက မထိန်းသိမ်း ပေးနိုင်တော့ဘူး။ သူ့မှာ ကယ်လိုရီတွေ အများကြီး ပါနေတာကိုး။ (ဘီယာတစ်ပုလင်းမှာ၊ ဒါမှမဟုတ် ၀ိုင် ခွက်လတ် တစ်ခွက်မှာ 200ကယ်လိုရီ ပါဝင်ပါတယ်)။ နောက်ပြီး အယ်လ်ကိုဟောက ဒေါသစိတ်ကို ပိုဖိအားပေးသလို ဗိုက်ကိုလဲ ပိုပြီး ဆာလောင်စေပါသေးတယ်။

5. ဆိုဒါ အစား ရေကိုပဲ သောက်ပါ။

မိတ်ဆွေက ဆိုဒါ ကို သိပ်ပြီး ကြိုက်လား။ ဓာတ်စာ ဖြစ်စေတဲ့ဆိုဒါ တောင် မိတ်ဆွေအတွက် သိပ် မကောင်းလှဘူး။ ပုံမှန်အားဖြင့်တော့ ဆိုဒါမှာ ပြုပြင်ထားတဲ့ ဓတ်ပေါင်းတွေ ပါနေတယ်။ ဆိုဒါ သောက်မဲ့အစား ရိုးရိုး ရေကိုပဲ သောက်ပါ (ရိုးရိုးရေ မသောက်ချင်ရင်လဲ သံပရိုသီး စိတ်လေးဖြစ်ဖြစ် ဖျော်ရည်လေးဖြစ်ဖြစ် နည်းနည်း ထည့်သောက်ပေါ့)











လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့
နေ့စဉ် လေ့ကျင့်ခန်း လုပ်တဲ့ အလေ့အထ ပုံစံ

1. နေ့စာစားချိန်မှာ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။

နေ့လည်နေ့ခင်းဘက်တွေမှာ လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေး မရှိဘူးဆိုရင် နေ့စာစားချိန်မှာ ကိုယ့် အလုပ်ခုံကနေ ထပြီး မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။ ဒါဟာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မိနစ်နှစ်ဆယ်လောက် အလုပ်တွေရဲ့ အဝေး တွန်းပို့ ပေးလိုက်သလို စိတ်နဲ့ ခန္ဒာကိုယ်ကိုလဲ လန်းဆန်းစေပါတယ်။

2. အလုပ်ဆင်းချိန်တိုင်း လမ်းလျှောက်ကျင့် လုပ်ပါ။

အသွားအပြန် ပုံမှန်သွားလာ လှုပ်ရှားနေရတဲ့ ရုံးတက်ရက်တွေမှာ အလုပ်ဆင်းချိန်ရောက်တိုင်း လမ်းလျှောက်ပေးပါ။ ဘတ်စ်ကားနဲ့ ပြန်တဲ့သူကလည်း ကိုယ်ဆင်းမဲ့ မှတ်တိုင် မရောင်ခင် တစ်မှတ်တိုင်အလိုမှာ ဆင်းပြီး လမ်းလျှောက်ပေးပါ။ ကိုယ်ပိုင်ကားနဲ့ ပြန်လာတဲ့သူ ဆိုရင်လဲ ကားများရပ်ရန်နေရာ ရောက်ရင် အိမ်နဲ့ ဝေးတဲ့ နေရာမှာ ကားကို ရပ်နား ထားခဲ့ပါ။



3. တပါတ်မှာတစ်ခါဖြစ်ဖြစ် ကျန်းမာရေး လေ့ကျင့်ခန်း သင်တန်း တစ်ခုခု တက်ပါ။

အလုပ်လုပ်တဲ့သူဖြစ်ဖြစ်၊ မလုပ်တဲ့သူပဲ ဖြစ်ဖြစ် ကိုယ်နဲ့ နီးစပ်ရာ နေရာ တစ်ခုခုမှာ ကျန်းမာရေးလေ့ကျင့်ခန်း သင်တန်း တစ်ခုခု သွားတက်နိုင်ဖို့ အဆင်ပြေချိန် တစ်ပါတ် တစ်ရက်တော့ ရှိမှာပါ။ (အားကစားရုံ တော်တော်များများမှာ နေ့စာစားချိန် အမြန်နည်းစနစ်နဲ့ ကျင့်ပေးတဲ့ လေ့ကျင့်ခန်းသင်တန်တွေ၊ ညနေပိုင်း အထူးသင်တန်းတွေ ရှိတတ်ပါတယ်) ကိုယ်လုပ်နိုင်မဲ့ သင်တန်းတစ်ခုခုကို ရှာဖွေပြီးတက်ပါ။ နောက် တစ်ပါတ်တစ်ခါ ပုံမှန် လေ့ကျင့်ပေး၊ ကစားပေးပါ။

4. တနင်္ဂနွေ နေ့လည်ခင်းတွေကို လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ဖြတ်သန်းပါ။

လူအတော်များများ မနှစ်သက်ချင်ကြတဲ့ စိတ်ပျက်ဖွယ် တနင်္လာနေ့ကို မရောက်ခင်မှာ ကျွန်တော်တို့ အာရုံတွေ ခွန်အားပြည့်ဝ လန်းဆတ်နေဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းကတော့ တနင်္ဂနွေ နေ့ခင်းတွေမှာ လှုပ်ရှားတက်ကြွတဲ့ အစီအစဉ်တစ်ခုခု ဖန်တီးပေးခြင်းပါ။ ရေသွားကူးမလား၊ စကိတ်၊ စက်ဘီး စီးကြမလား၊ ပန်းခြံထဲမှာ သွားပြီး တော့ကစားမလား၊ ဒါမှမဟုတ် ရှုခင်းတွေ ကြည့်ရင်း အေးအေးလူလူ လမ်း လျှောက်နေမလား၊ အပါတ်စဉ်တိုင်း မရိုးရအောင် တစ်ခုခု ပြောင်းလဲ လှုပ်ရှားနေလို့ ရတယ်လေ။







5. တီဗွီ ကြော်ငြာ အစီအစဉ်တွေ လာနေချိန်မှာ လေ့ကျင့်ခန်း လုပ်ပါ။


တီဗွီကြည့်နေတုန်း ကြော်ငြာတွေ ၀င်လာတဲ့ အချိန်မှာ ဆိုဖာပေါ်ကနေ ထပြီး လေ့ကျင့်ခန်းတစ်ချို့ လုပ်ပေးပါ။ အကြောလျှော့တာမျိုး၊ ပုံမှန်လေး ပြေးတာမျိုး၊ ဒါမှမဟုတ် အလေးမတာမျိုး၊ တစ်ခုခုပေါ့။ တစ်ကြီမ်မှာ မိနစ် အနည်းငယ်ပဲ လေ့ကျင့်ခန်း လုပ်ဖြစ်ပေမဲ့ တီဗွီ အစီအစဉ် ပြီးသွားချိန်မှာ ကျွန်တော်တို့ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပြီးသွားခဲ့ပြီလေ။ နောက်ပြီး ကောင်းတာ တစ်ခုက လေ့ကျင့်ခန်း လုပ်နေတော့ ကြော်ငြာတွေ လာချိန်မှာ မုန့်ပဲ သွားရည်စာတွေ စားတဲ့ အကျင့်ကိုလဲ တားပြီးသား ဖြစ်ရော။

ကျွန်တော်တို့လို တစ်ပါတ်မှာ လေး၊ ငါးရက် လောက် ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ သူတွေအတွက်ကတော့ ပိုအကျိုးရှိမယ်ထင်တာပဲ။ တစ်နေကုန် ပြေးလွှား လှုပ်ရှားနေရတဲ့ သူတွေ အတွက်ကတော့ တစ်ချို့ အချက်လေးတွေ ရှောင်လို့ ရပါတယ်။ အသောက်အစား မလျှော့နိုင်သူတွေကတော့ မေတ္တာပို့ချင် ပို့နေမယ် ထင်ရဲ့။ ဘာပဲဖြစ်ဖြစ်ဗျာ မိတ်ဆွေတို့အတွက် အကျိုးတစ်ခုခု ဖြစ်မယ်ဆို ကျေနပ်ပါတယ်။



မတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား


Thursday, April 30, 2009

အပြန်မရှိတဲ့လမ်း


ကိုယ့်မှာ
မေတ္တာ အပြည့်ပါ ချစ်သူ။
မထိုက်ရင် မရဘူး ဆိုတဲ့စကား
ဟော့ဒီ နှလုံးသားအတွက်
အေးစက်.. ခါးသက်နေလို့။
မတန်လိုက်တာ
ဒါဟာ... ပေးဆပ်မှုတွေနောက်က
အသွားအပြန် လမ်းအတွက်ဆိုရင်တော့
ရက်စက်တဲ့ မိုင်တိုင်တခုပါ။
ကျေနပ်ပါတယ်..
မင်းပျော်မယ်ဆို ထားခဲ့ပါ့
လွမ်းတကြေကွဲနေမှာထက်
ဓားထက်ထက်နဲ့သာ
အဲ့ဒီ ကြိုးမျှင်တွေ ဖြတ်ချခဲ့ပါ။
မင်းကို လက်လွှတ်ဖို့အတွက်
ကိုယ် ရင့်ကျက်လိုက်ပါ့မယ်။

ရေးသားသူ - မိုးကုတ်သား



Thursday, April 23, 2009

စိန်ခေါ်မှုတွေ မရှိတဲ့ နေရာ

တခါက ဒေါက်တာဆမ် ဆိုတဲ့ ဆရာဝန်တယောက် ရှိတယ်။ သူက အောင်မြင် ကျော်ကြားပြီး အင်မတန် အလုပ်များတဲ့ ဆရာဝန်။ ဆေးပညာရပ်မှာ ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ဘူး၊ အင်မတန် စိတ်ရှည် သည်းခံတဲ့ စိတ်ထားကို မွေးမြူထားနိုင်တဲ့အတွက်လည်း သူက နာမည် ကြီးတာပါ။ တညသားတော့ ည ဆယ်နာရီခွဲကျော်မှာ လူနာတစ်ယောက်က သူ့အခန်းထဲ ရောက်လာပါတယ်။ အမှန်က ဒေါက်တာဆမ် အိမ်ပြန်တော့မှာ။
“ဒေါက်တာဆမ်၊ဆရာ့ကို ကျွန်တော် အင်မတန် လေးစားပါတယ်။ အခုလေ ကျွန်တော် မေးခွန်းတစ်ခုအတွက် ရိုးရှင်းမှန်ကန်တဲ့ အဖြေတစ်ခု လိုချင်လို့ လာတာပါ။”
လူနာက အဲလိုမေးတော့ ဒေါက်တာဆမ်လဲ ဘာပြဿနာရှိလို့လဲ ပြန်မေးပါတယ်။
“ဒီကမ္ဘာမြေ လောကကြီးပေါ်မှာ စိန်ခေါ်မှု တွေ မရှိတဲ့နေရာလေး တစ်ခု ရှိ၊ မရှိ ကျွန်တော်သိချင်လို့ပါ။”
ဒေါက်တာဆမ်က ဘာဖြစ်လို့ဒီလို မေးတာလဲ မေးတော့ လူနာက သူအဲဒီနေရာမှာ သွားနေချင်လို့ ဆိုပြီး ဖြေပါတယ်။
ဒါနဲ့ ဒေါက်တာဆမ်လဲ မိုးချုပ်နေလို့ နောက်နေ့မနက် ခုနှစ်နာရီမှာ သူ့အိမ် လာခဲ့ဖို့ လူနာကို ပြောလိုက်တယ်။ လူနာကိုလဲ အဲဒီနေရာကို လိုက်ပြပေးမယ် ကတိပေးလိုက်ပါတယ်။ လူနာလဲ အိမ်ပြန်လမ်းတလျှောက်လုံး ဒီဆရာဝန် မနက်ဖြန်မနက် သူ့ကို ဘယ်ခေါ်သွားမလဲ တွေးတောလာခဲ့တယ်။ တညလုံးလဲ မအိပ်ပျော်နိုင်ပဲ မနက်မိုးလင်းဖို့ စောင့်စားနေခဲ့ပါတယ်။ မနက် ခုနှစ်နာရီထိုးတာနဲ့ လူနာလဲ ဒေါက်တာဆမ် ရဲ့ အိမ်ပေါက်ဝကို ရောက်နေပြီ။ ဒေါက်တာဆမ် ကလဲ လူနာကို စောင့်နေပါတယ်။ နောက် သူတို့ အိမ်ကနေ လမ်းလျှောက်ထွက်လာပြီး တက္ကစီ တစ်စီး ငှားလိုက်တယ်။
သူတို့ အဲဒီနေရာကို တနာရီလောက် ကြာအောင် ကားစီးပြီး သွားခဲ့ရတယ်။ အဲဒီနေရာက အင်မတန် ကျယ်ဝန်းပြီး နံရံ မြင့်မြင့် ကာထားတယ်။ ကြီးမားတဲ့ အ၀င်ပေါက်တံခါးလဲ ရှိတယ်။ လူနာလဲ အဲဒီနေရာကို မြင်တော့ ဒီဆရာဝန် ရူးများ ရူးနေသလား၊ ဘာများ ဖြစ်နေသလဲ၊ ဘာကြောင့် ဒီနေရာကို ခေါ်လာသလဲ အမျိုးမျိုး တွေးထင်နေတာပေါ့။ ဟုတ်ပါတယ်။ ဒေါက်တာဆမ်က လူနာကို သင်္ချိုင်းရှိရာ ခေါ်သွားတာကိုး။
“ငါ့ အတွေ့အကြုံအရ ဆိုရင်တော့ စိန်ခေါ်မှု၊ တိုက်ပွဲတွေ မရှိတဲ့နေရာက ဒီနေရာတစ်ခုတည်းပဲ ရှိတယ်ကွ။” ဒေါက်တာဆမ်က တက္ကစီပေါ်ကဆင်းပြီး သူ့လူနာကို ပြောလိုက်ပါတယ်။


ဘ၀ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ ကြိုးစားရမှာက ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။

စိန်ခေါ်မှု တွေက သင့်ကို ပိုပြီး ရင့်ကျက်တည်ငြိမ်စေသလို စိတ်ကို ပိုပြီး ခိုင်ကျည်စေတယ်။

စိန်ခေါ်မှုဆိုတာတွေ ရှိနေမှသာ ဘ၀ဟာ ရှင်သန်နေမှာပါ။


Dsarathy ရဲ့ A Place without any Challenges ကို ဆီလျှော်အောင် ပြန်ရေးထားတာပါ။

ဘာသာပြန်သူ - မိုးကုတ်သား

Tuesday, April 21, 2009

ဘ၀အတွက် အချက် လေးဆယ်တဲ့ဗျာ

ဘ၀အတွက် အချက် လေးဆယ်တဲ့ဗျာ

ဒီ Forward Mail တစ်စောင်ကို ရဖူးပြီး ဖြစ်ချင် ဖြစ်ကြမှာပါ။ သိသမျှ သယ်ရင်း၊ မိတ်ဆွေတွေကို ဝေမျှ ပို့ပေးပြီး ဒီမှာလဲ ဖတ်ဖို့ သိမ်းထားချင်တဲ့အတွက် သိမ်းထားလိုက်ပါတယ်။ မူရင်း ရေးသားသူကိုရော၊ ပေးပို့ ကြသူတွေကိုရော ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ မူရင်းရေးသူ ဘယ်သူဘယ်ဝါ မသိတဲ့အတွက် *Credit* ပေးလို့မရတာ နားလည်ပေးကြပါခင်ဗျာ။

အရေးကြီးတဲ့ အချက် 40 တိတိကိုရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward လုပ်လိုက်ပါတဲ့။


မေတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား

Saturday, April 18, 2009

ပိုးဖလံ

ပိုးဖလံ

မုသားစကား ပျားရည်စက် တွေကိုမှ
ကိုယ်က ချိုမြိန်လှချည်ရဲ့ပေါ့
ကိုယ့်ကိုယ်ကို လောင်ကျွမ်းဖို့သက်သက်
အဲဒီမီးလျှံထဲ ခုန်ခုန်ချ
အချစ်တွေနဲ့ လင်းပလာမလားရယ်။

ယုံကြည်မှုတွေ နေ၀င်သွားတဲ့
အိပ်မက်တစ်ခုထဲမှာ
ငါ့ ၀ိဥာဉ်တစ်ခု ပျောက်ဆုံးခဲ့ရ
အလင်းကွယ် ညတွေက ခါးသက်လိုက်တာ။

နာကျည်းမှုတွေ အထပ်ထပ်ကပဲ
မင်းကို မမေ့စေရော့လေသလားကွယ်
မင်းကိုမုန်းတယ်
သိပ်သည်းဆ ကြီးလွန်းလှတဲ့
အဲ့ဒီ လောင်ကျွမ်းမှုသံစဉ်ကို
ဖန်တလဲလဲ ရေရွတ်နေရင်းက
မင်းကို လွမ်းရတာများ......

ရေးသားသူ - မိုးကုတ်သား

Friday, April 17, 2009

မင်္ဂလာ နှစ်သစ် ၁၃၇၁ (2009)

နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဘေးအန္တရယ် ခပ်သိမ်းတို့မှ ကင်းဝေးပြီး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး အေးချမ်းကြပါစေ။

မင်္ဂလာနှစ်သစ်တွင် မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း ။

မြန်မာနှစ်သစ် မှာ ကျန်းမာ ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် ။

မေတ္တာဖြင့် - မိုးကုတ်သား

Wednesday, April 15, 2009

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဆေးပညာ လေ့လာချက်တွေအရ အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ ဟာသလေးတွေက

၁။ ကိုယ်ခန္ဒာက အလိုအလျောက်ထုတ်ပေးတဲ့ ခုခံအားတွေကို တိုးတက် ကောင်းမွန်စေတယ်။

၂။ သွေးဖိအားကို သမ မျှတစေဆယ်။

၃။ ကိုယ်တွင်းကလီစာတွေကို ဖြေလျှော့ပေးတယ်။

၎။ သွေးလေ လည်ပတ်မှု မှန်ကန်စေတယ်။

၅။ ကိုယ်ခန္ဒာက ကြွက်သားတွေထဲ အောက်စီဂျင်ကို ပိုမို ရရှိအောင် လှုံ့ဆော်ပေးတယ်။

ဒီတော့ စိတ်တင်းကျပ်မှုတွေကို အဲဒီ ဟာသတွေက ဖြေလျော့ပေးနိုင်တာ မဆန်းပါဘူး။


နောက်တစ်ခုက - အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ အပျော်အပါးတွေက

၁။ စိတ်ပူပန်သောကနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ပေးတယ်။ လူမှုရေး ပြဿနာတွေ၊ စိတ်အနှောက်အယှက် ဖြစ်ရတာတွေ၊ အိပ်မပျော်တဲ့ညတွေကိုလဲ လျှော့သွား စေပါတယ်။

၂။ အလုပ်ပျက်အကိုင်ပျက်၊ မကျန်းမမာ ခံစားနေရတာတွေကိုလဲ လျှော့ချပေးတယ်။

၃။ အလုပ်၊ ကျောင်းစာ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ ဖြောင့်ဖြောင့်ဖြူးဖြူး နဲ့ အောင်မြင်စေတယ်။ မိသားစုအတွက် အားလပ်ချိန်တွေ ပိုရလာမယ်။ ဘ၀ရဲ့ ကိုယ့်အချိန်လေးတွေ ပိုတန်ဖိုးရှိလာမယ်။

၎။ ကိုယ့်ကိုယ်ကို ကျေနပ် နှစ်သက်စေတယ်။ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင် နှစ်လိုဖွယ်ကောင်းသူ တစ်ယောက် ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀မှာ ဘာတွေပဲ ကြုံရရ၊ ဖြစ်ခဲ့ခဲ့ မိနစ်တိုင်း၊ အချိန်တိုင်းမှာ ဘယ်လို စိတ်ချမ်းမြေ့ပျော်ရွှင်အောင် နေနိုင်သလဲဆိုတဲ့ သော့ချက်ကလေးကို ဖွင့်ထားခဲ့လို့ပါ။

အပျော်စိတ်ကလေး မွေးလိုက်တာဟာ ကိုယ့်ဘ၀ နေထိုင်မှုပုံစံ တစ်ခုလုံးကို ပြောင်းလဲဖို့မလိုအပ်ပေမဲ့ ရတဲ့ အကျိုးတွေကတော့ အများသား။

အဲတာလေးတွေကို သိလိုက်ရတော့ အနော် ဒီလို စိတ်ဖြစ်သွားတယ်။ ပျော်စရာ ဟာသလေးတွေ ပြောတတ်တဲ့ သယ်ရင်းတွေနဲ့ပဲ စကားပြောတော့မယ်။ ပြီးတော့ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ (ကိုရီးယားဇာတ်လမ်းထဲက သူရဲကောင်း) သော့ဝိဇ္ဇာ ငတက်ပြား ကို လိုက်ရှာပီး ဆရာတင်မယ်။ အချိန်တိုင်း ပျော်ရွှင်မှုကို ပေးမဲ့ သော့လေး ဖွင့်နိုင်အောင်လို့လေ။


မေတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား

Tuesday, April 14, 2009

Birthday Song



Birthday Song - Ben Lee


မွေးနေ့ သီချင်း

ဟေး ဒီမှာ ကိုယ်ပြောလိုက်မယ်

ကိုယ်မင်းကိုချစ်နေတယ်

တို့နှစ်ယောက်ကြားမှာ

ပင်လယ်ကြီးက ကာဆီး………..

ကိုယ်လို့ပဲ ပြာပြာနဲ့ ရှိုင်းနက်လို့

ကိုယ်ကတော့

များသောအားဖြင့် ကိုယ့်မှာ ဘာမှမရှိခဲ့ပါဘူး

ဒါပေမယ့်

ဒီတညတော့ မင်းကလွဲပြီး ကိုယ် ဘာကိုမှ မလိုချင်မိ

မင်းကသာ

တခုတည်းသော ကိုယ်လိုချင်တဲ့အရာပါ

တခုတည်းသော ကိုယ်လိုချင်တဲ့အရာပါ

တခုတည်းသော ကိုယ်ရဲ့ စိတ်အာရုံထဲမှာ ရှိနေခဲ့တဲ့အရာပါ

အချိန်တိုင်းလိုလိုပါပဲ

အာရုံတက်တဲ့ အချိန်အထိ နေနေဖို့အတွက် တို့တွေ ဘာ အဖိုးအခ မှပေးစရာမလိုပါဘူး

သောက်တယ် ဆိုတာကလည်း တို့တွေ အိုလာတဲ့ အခါ အအေးကို တိုက်ထုတ်ပစ်ဖို့ လုပ်တဲ့အရာတခုပါ

မင်းရော

မင်းကလဲ ငါ့လို အမှန်တရားဆိုတာ ဘာလဲလို့ သိရှိပြီး လိုက်လံ ရှာဖွေနေတာပဲပေါ့

မင်းကသာ

တခုတည်းသော ကိုယ်လိုအပ်တဲ့အရာပါ

တခုတည်းသော ကိုယ်လိုအပ်တဲ့အရာပါ

တခုတည်းသော ကိုယ်ရဲ့ စိတ်အာရုံထဲမှာ ရှိနေခဲ့တဲ့အရာပါ

အချိန်တိုင်းလိုလိုပါပဲ

ပြီးတော့

ငါ့ရဲ့ စိတ်ဝိညဉ်ကိုမင်းကိုပေးဖို့အတွက်

မင်းက ငါ့ကို ကြောင်းကျိုးဆီလျော်မှုတခုလဲပေးခဲ့ပါရဲ့

အဲဒီအတွက် ငါကလဲ

ငါ့ရဲ့ စိတ်ဝိညဉ်ကိုမင်းအတွက် အလုံးစုံ ပုံပေးခဲ့ပါတယ်

မင်းကသာ

တခုတည်းသော ကိုယ်လိုချင်တဲ့အရာပါ

တခုတည်းသော ကိုယ်လိုအပ်တဲ့အရာပါ

တခုတည်းသော ကိုယ်ရဲ့ စိတ်အာရုံထဲမှာ ရှိနေခဲ့တဲ့အရာပါ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ



ကိုမိုးကုတ်သားကြီးအတွက် …………..

ချစ်ချမ်း….မှ

ပင်ပန်းပြီး နားချင်နေတဲ့ ချမ်းကို အတင်းရော ဇွတ်ရော ရေးခိုင်းလို့ လူပေါင်းမှားရှာသူမှာ အိပ်ချိန်တန် မအိပ်ရပဲ ရေးပေးရ ရှာပါတယ်။ ကျေးဇူး အများကြီး တင်ပါတယ် တီချမ်းလို့ အများ သိကြ ချစ်ကြတဲ့ ချမ်းရေ....

---------------------------------------------------------------------------


ဟေး ဒီမှာကိုယ်ပြောပြမယ်

ကိုယ်မင်းကို သိပ်ချစ်တယ်

ဟောဟိုမှာ ပင်လယ်ကြီးက ကိုယ်တို့နှစ်ဦးကြားမှာ

နက်နက်ရှိုင်းရှိုင်း ပြာပြာလွင်လွင်

ကိုယ့် အတိုင်းပဲပေါ့ကွယ်။

ပြီးတော့ ကိုယ်ဟာ... ဒီအချိန်မှာ ဘယ်အရာမှ မပိုင်ဆိုင်သေး

ဒါပေမဲ့ ဒီတညတော့ မင်းကို ပိုင်ဆိုင်ခွင့်ကလွဲပြီး ကိုယ် ဘာမှမလိုအပ်တော့ဘူး

မင်းဟာ ကိုယ်လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ

မင်းဟာ ကိုယ်လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ ကွယ်

အချိန်တိုင်းမှာ

ကိုယ့် စိတ်ဝိဥာဉ်ထဲ ရှိနေတဲ့ တစ်ခုတည်းသော အရာပါ..

မိုးသောက်အာရုံရဲ့ ခေါင်းလောင်းထိုးသံကြားတဲ့ထိ

ကိုယ်တို့တွေ အိုမင်းတဲ့ထိ

အတူရှိကြမယ်လေ

နောက်ပြီး အတူ သောက်သုံးကြမယ်

ချမ်းအေးလှတာတွေကို ကိုယ်တို့ အဝေးကို တွန်းပို့ ပစ်ဖို့

နောက်.. မင်းလေး၊ မင်းလေး ကိုယ် ဘာကို ဆိုလိုသလဲ သိပါတယ်ကွယ်

စစ်မှန်ခြင်းတွေကို ကိုယ့်ဆီ မင်းရှာတွေ့ မှာပါ

မင်းဟာ ကိုယ် လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ

မင်းဟာ ကိုယ် လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ ကွယ်

အချိန်တိုင်းမှာ

ကိုယ့် စိတ်ဝိဥာဉ်ထဲ ရှိနေတဲ့ တစ်ခုတည်းသော အရာပါ..

နောက်ပြီး မင်းဟာ ကိုယ့်ရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ

ကိုယ့်ရဲ့ စိတ်ဝိဥာဉ် ကို မင်းဆီ ပုံအပ်ပေးပစ်ဖို့ပေါ့

ကိုယ် မင်းကို အရာအားလုံး ပေးဆပ်မှာပါ

မင်းဟာ ကိုယ် တောင့်တတဲ့ တစ်ခုတည်းသော အရာပါ

မင်းဟာ ကိုယ် လိုအပ်တဲ့ တစ်ယောက်တည်းသော သူပါကွယ်

အချိန်တိုင်းမှာ

ကိုယ့် စိတ်ဝိဥာဉ်ထဲ ရှိနေတဲ့ တစ်ယောက်တည်းသော သူပါ..

အချိန်တိုင်းမှာ


အချိန်တိုင်းမှာ



အချိန်တိုင်းမှာ


ကျွန်တော့်ရဲ့ မတောက်တခေါက် ပြန်ဆိုမှုလေးပါ။ မကျွမ်းကျင်တဲ့အတွက် အမှားတွေ ပါနေပါလိမ့်မယ်။ ဒီသီချင်းလေးကို မွေးနေ့တစ်ခု အကြောင်းပြုပြီး အမှတ်တရ တင်ပါတယ်။
---------------------------------------------------------------------

မူရင်း သီချင်းစာသားလေးကိုပါ တင်ထားပေးပါတယ်ခင်ဗျာ...


"Birthday Song"


Hey there I said it
I'm in love
With you

There's an ocean between us
Just like me
Deep and Blue

And I, at times have had nothing
But tonight I want nothing but you
You're the only thing I want
The only thing I want
The only thing on my mind
All the time

Staying up 'til dawn won't take its toll
'Til we get old
And drinking is just the way
We keep away the cold
And you, you know what it means
To be true and searching like me

You're the only thing I need
The only thing I need
The only thing on my mind
All the time

And you gave me a reason
To give you my soul
I'll give you it all

You're the only one I want
The only one I need
The only one on my mind
All the time
All the time
All the time
All the time

မေတ္တာဖြင့်
မျှဝေခံစားသူ - မိုးကုတ်သား