Thursday, March 19, 2009

အတွေးစများ (၁)

မနက် အိပ်ယာထ နောက်ကျ ပြန်ပြီ။ အလောသုံးဆယ် ရေမိုးချိုးပြီး ထွက်လာတော့ ပုံမှန် အိမ်က ထွက်ချိန်ထက် မိနစ်နှစ်ဆယ်လောက် နောက်ကျနေသည်။ ဘတ်စ်ကားကလဲ တော်တော်နှင့်ရောက်မလာတော့ လူက စိတ်သိပ် မရှည်ချင်တော့။ လမ်းလျှောက်ပြီး ဘူတာကို သွားလိုက်ရမလား စဉ်းစားပြန်တော့ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရအုံးမည်။ ကဲ မထူးတော့။ ကားသာ စိတ်ရှည်ရှည်ထားပြီး စောင့်ပေတော့။ ဆယ်မိနစ်ကျော်လောက်မှ ကားရောက်လာတော့ စိတ်က တော်တော်နှင့်မလာနိုင်သော ကားအပေါ် မရှိတော့။ နှိုးစက်ပိတ်ပြီး ဆက်အိပ်နေမိသော ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရမည် မဟုတ်လား။ ဘူတာရောက်တော့ ကားပေါ်က အပြေးအလွှား ဆင်းမိပြန်သည်။ ခု လာနေသည့်ရထား လွတ်သွားလျှင် နောက် လာမည့် ရထားကို လေး၊ ငါးမိနစ် လောက် ဆက်စောင့်နေရ အုံးမည်လေ။
"ဒေါက်"
ကားပေါ်က အဆင်းမှာ ကြားလိုက်ရသော အသံကြောင့် အသံလာရာကို ကြည့်တော့ ကျွန်တော့်ဖုန်းကလေး။ ဖုန်းအိတ်ထဲက လွှင့်ကျသွားခြင်း ဖြစ်သည်။ သွားပါဘီ။ ကွန်ကရိ ကြမ်းပြင်ပေါ် လွှင့်ကျမှတော့ တခုခု ဖြစ်ပီပေါ့။ ဖုန်းအိတ်ကလေးက ခုတလော ခပ်ချောင်ချောင် ဖြစ်နေတာကို မေ့နေမိတာကိုး။ လွှင့်ကျသွားသောဖုန်းကို ပြန်ကောက်ပြီး ဘူတာဘက် သုတ်ချေတင်ရင်း စစ်ဆေးကြည့်တော့ ဖုန်းဆားဗစ်စ်က အလုပ်လုပ်နေသေးသည်။ တော်ပါသေးရဲ့။ ဒါပေမဲ့ ဖုန်းထောင့်နားက အဖြူရောင် မက်တယ်လ်နှင့် အနက်ရောင် ဘော်ဒီမှာတော့ တော်တော်လေး ပွန်းရှသွား ခဲ့ပြီ။ ဘယ်လိုမှ အရင်လို အပြစ်အနာအဆာ ကင်းကင်း ပြန် မဖြစ်နိုင်တော့။ တခါတခါမှာတော့ ကျွန်တော်တို့တစ်တွေ အဲဒီလို မတော်တဆဖြစ်မှုတွေနှင့် အမှားတစ်ချို့ လုပ်မိရင်း ဘ၀မှာ ခုလို ပွန်းပဲ့ရာ အပြစ်အနာအဆာတွေ ကြုံရတတ်သည်။ ထို အနာအဆာများကို ကျွန်တော်တို့ တိုက်ချွတ်ဆေးကြောလို့ ရတာတွေ ရှိသည်။ ခု ဖုန်းကလေးလို တိုက်ချွတ်ဆေးကြောမရပဲ ထာဝရ ပွန်းပဲ့ စွန်းထင်း သွားရတာလဲ ရှိမည်။ အဲဒီလို တိုက်ချွတ် ဆေးကြောမရတော့သော အနာအဆာတွေ များမလာအောင် ကျွန်တော်ကိုယ်တိုင်က သတိပြု နေထိုင်ရမည် မဟုတ်လား။ သို့သော် ကျွန်တော်က ယခုကဲ့သို့ အခါများစွာ နမော်နမဲ့နိုင် မေ့လျော့တတ်လွန်းပါသည်။
မရည်ရွယ်ပဲ ဖြစ်တတ်ခဲ့သော အမှားများအတွက် ဆင်ခြင်တွေးတောစရာ စာတိုလေးတွေကို ဖတ်နိုင်အောင် ဒီနေရာလေးမှာ လာသိမ်းထားပါတယ်။

Mistakes are a part of being human. Appreciate your mistakes for what they are: precious life lessons that can only be learned the hard way. Unless it's a fatal mistake, which, at least, others can learn from.
Al Franken, "Oh, the Things I Know", 2002

The greatest mistake you can make in life is to be continually fearing you will make one.
Elbert Hubbard (1856 - 1915)

Experience is that marvelous thing that enables you to recognize a mistake when you make it again.
Franklin P. Jones

When you make a mistake, don't look back at it long. Take the reason of the thing into your mind and then look forward. Mistakes are lessons of wisdom. The past cannot be changed. The future is yet in your power.
Hugh White (1773 - 1840)

If you have made mistakes, even serious ones, there is always another chance for you. What we call failure is not the falling down but the staying down.
Mary Pickford (1893 - 1979)

To avoid situations in which you might make mistakes may be the biggest mistake of all.
Peter McWilliams, Life 101

Creativity is allowing yourself to make mistakes. Art is knowing which ones to keep.
Scott Adams (1957 - ), 'The Dilbert Principle'

မျှဝေခံစားသူ - မိုးကုတ်သား

Tuesday, March 17, 2009

လူ ဘယ်ကဖြစ်

လူ ဘယ်ကဖြစ်

ခလေးမလေး တစ်ယောက်က သူမရဲ့ အမေကို မေးတယ်။
'မေမေ၊ မေမေ။ လူမျိုးနွယ်စုတွေ ဘယ်လိုက စဖြစ်လာကြတာလဲဟင'်
'ထာဝရ ဘုရားသခင်က အာဒမ်နဲ့ ဧ၀ကို ဖန်ဆင်းခဲ့တယ်။ သူတို့ ခလေးတွေ မွေးကြတော့ ခုလို လူသားမျိုးနွယ်တွေ ဖြစ်လာကြတာပေါ့ကွယ'် လို့ အမေဖြစ်သူက ပြန်ဖြေတယ်။
နောက် နှစ်ရက်လောက်နေတော့ အဲဒီ မေးခွန်းကိုပဲ ခလေးမလေးက အဖေဖြစ်သူကို ပြန်မေးပြန်တယ်။
'ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ရှိတဲ့ မျောက်မျိုးနွယ်က နေ အဆင့်ဆင့် ပြောင်းလဲလာပြီး ဖေဖေတို့ လူသားမျိုးနွယ်တွေ ဖြစ်လာကြတာပေါ့ သမီးရ'
အဖေလုပ်သူဆီက အဲဒီ အဖြေစကား ကြားရတော့ ခလေးမလေးလဲ စိတ်တော်တော် ရှုပ်ပီး ဝေခွဲမရ ဖြစ်သွားတယ်။ ဒါနဲ့ သူမရဲ့ အမေကို သွားပြီး မေးပြန်တယ်။
'မေမေ၊ အဲဒါဘယ်လို ဖြစ်နိုင်မလဲ။ မေမေပြောတော့ လူမျိုးနွယ်ဆိုတာ ထာဝရဘုရားသခင်က ဖန်ဆင်းခဲ့တာဆို။ ဖေဖေ ပြောတော့ လူဆိုတာ မျောက်မျိုးနွယ်ကနေ ဖြစ်လာတာတ'ဲ့
အဲဒိတော့ အမေလုပ်သူက ပြန်ဖြေပါတယ်။
'အော်၊ သမီးလေးရယ်။ မေမေက မေမေ့ဘက်က အမျိုး အကြောင်း ပြောသလို သမီးဖေဖေကလဲ သူ့ဘက်က အမျိုးအကြောင်း သူ ပြောတာပေါ့ကွဲ့'

အီးမေးလ်က တဆင့် ရတဲ့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေပါ။
ဘာသာပြန်သူး မိုးကုတ်သား

Saturday, March 14, 2009

CRY ON MY SHOULDER

ဒီသီချင်းလေးကို ခုတလော ခဏခဏ နားထောင်ဖြစ်နေတယ်။ မိတ်ဆွေတို့လဲ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။




Cry on my shoulder



Hm... Oh...

If the hero never comes to you

If you need someone you're feeling blue

If you wait for love when you're alone

If you call your friends the light is hold

You can run away but you can't hide

Through the storm and through the lonely night

Then i show you there's a destiny

The best things in life they are free

But if you wanna cry, cry on my shoulder

If you need someone who cares for you

If you feeling sad your heart gets colder

Yes, I show you what will love can do


If your sky is Grey, oh let me know

There's a place in heaven where we'll go

If heaven is a million years away

Oh, just call me and I make your day

When the night are getting cold and blue

When the days are getting hard for you

I will always stay here by your side

I promise you I'll never hide

But if you wanna cry, cry on my shoulder

If you need someone who cares for you

If you feeling sad your heart gets colder

Yes, I show you what will love can do






သီချင်းစာသားနဲ့ ပုံကို ဒီနေရာက ကူးယူ ထားတာပါခင်ဗျာ။

မျှဝေခံစားသူ - မိုးကုတ်သား

Thursday, March 5, 2009

ကော်ဖီခွက်ထဲ ယင်တစ်ကောင် ကျသွားတဲ့အခါ


What happens when a fly falls into a coffee cup?

coffee-cup-01.jpg

ကော်ဖီခွက်ထဲ ယင်တစ်ကောင် ကျသွားတဲ့အခါ

အီတာလျံ : ကော်ဖီခွက်ကိုလွှင့်ပစ်လိုက်ပြီး နာလိုခံခက်တဲ့ စိတ်တွေနဲ့ အဝေးကို ထွက်သွားခဲ့တယ်။

ပြင်သစ်: ယင်ကောင်ကို ဖယ်ထုတ်လိုက်ပြီး ကော်ဖီကို သောက်လိုက်တယ်။

တရုတ်: ယင်ကောင်ကို စားလိုက်ပြီး ကော်ဖီကို သွန်ပစ်လိုက်တယ်။

ရုရှား: ကော်ဖီကို ယင်ကောင်နဲ့ တွဲသောက် ပစ်လိုက်တယ်။ ငွေပိုမပေးရပဲ အလကားရတဲ့ အပိုဆုလို့ သူက သတ်မှတ်ထားတယ်လေ။

အစ္စရေး : ကော်ဖီကို ပြင်သစ်ကို ရောင်းတယ်။ ယင်ကောင်ကို ကျတော့ တရုတ်ကို ရောင်းလိုက်တယ်။ ရတဲ့ငွေနဲ့ ကော်ဖီ အသစ်တစ်ခွက် ပြန် ၀ယ်သောက်တယ်။ ပိုတဲ့ ငွေကိုတော့ ကော်ဖီထဲ ယင်ကောင် မကျအောင် ကာကွယ်တဲ့ စက်ပစ္စည်း ထုတ်လုပ်ဖို့ ရင်းနှီး မြှုပ်နှံလိုက်တယ်။

ပါလက်စတိုင်း : ကော်ဖီခွက်ထဲ ယင်ကောင် ကျတဲ့အတွက် အစ္စရေးကို အပြစ်တင်တယ်။ အကြမ်းဖက်မှုတွေ အတွက် UN ကိုဆန္ဒ ပြတယ်။ EU ကနေ ငွေချေးပြီး ကော်ဖီ အသစ်တစ်ခွက် ၀ယ်တယ်။ ငွေတွေကို ဖောက်ခွဲရေး လက်နက်တွေ ၀ယ်ပြီး ကော်ဖီဆိုင်ကို ဖောက်ခွဲ ပစ်လိုက်တယ်။
အီတာလျံ၊ ပြင်သစ်၊ တရုတ် နဲ့ ရုရှား တို့က သူတို့ရဲ့ ကော်ဖီခွက်ကို ပါလက်စတိုင်းကို ပေးပစ်ခဲ့သင့်တယ်လို့ အစ္စရေးကို ၀ိုင်းပြောနေကြပါတယ်။

ကျွန်တော်တို့ရော... ကိုယ့်ကော်ဖီခွက်ထဲ ယင်ကောင် ကျသွားခဲ့ရင် ဘာလုပ်ကြမှာပါလိမ့်။

ဖတ်မိတဲ့ စာတိုလေးတစ်ပုဒ်ကို ဘာသာပြန်ကြည့်တာပါ။

မိုးကုတ်သား

Tuesday, February 17, 2009

ရင်ထဲရောက်နေတဲ့ ကဗျာလေးတွေ



အင်္ဂါမစုံတဲ့ကောင်းကင်



ဖေဖေဖျော်ထားတဲ့ ကော်ဖီကို
မေမေ၀ယ်ထားတဲ့ မုန့်ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။

လူစုံအောင်စောင့်တတ်တဲ့
မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။

မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို
ဘယ်လိုမှမကုနိုင်ပါဘူး ...။


မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။

အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ ...
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။
*မြစမ်းမျက်ရည်*

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။
မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။
သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။
ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။
သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။
(၁၁၊ ၅၊ ၂၀၀၁)

တင်မိုး
e-mail ထဲ ၀င်လာတဲ့ စာတစ်စောင်ကိုတ်ေပြီး အိမ်လွမ်းနေတဲ့ ကျွန်တော် Heart ထိသွားလို့ ဒီမှာတင်ပြီး မိတ်ဆွေတွေနဲ့ မျှဝေခံစားတာပါ။ အင်္ဂါမစုံတဲ့ကောင်းကင်ကင်က ရေးသူနာမည်မပါလို့ ဘယ်သူမှန်းမသိပါဘူး။ *မြစမ်းမျက်ရည်* ကတော့ ဆရာတင်မိုးလို့ ရေးထားပါတယ်။ မူရင်းရေးသားသူ၊ နောက်ပြီး ဒီe-mail ပေးပို့သူ၊ တကယ်လို့ ဒီ ကဗျာတွေဟာ blog တစ်ခုခုက ဖြစ်နေခဲ့မယ်ဆိုရင် မူရင်းပိုင်ရှင်အားလုံးအားလုံးကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။

ဖတ်မိတဲ့ ကဗျာ တစ်ချိုကလေးတွေကို မျှဝေခံစား ချင်လို့ပါ။
မိုးကုတ်သား

Wednesday, February 11, 2009

ကျွန်းများတဲ့ပင်လယ်


ကျွန်းများတဲ့ပင်လယ်

"လက္ခဏာဆရာက ပြောတယ်မေရယ်၊ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်" တဲ့။ မကြာခဏ ကြားဖူးနေကျ ကိုထီးရဲ့ သီချင်းတစ်ပုဒ်။ ဒီသီချင်းနဲ့မှ ကျွန်တော်က တည့်တည့်ကြီး ဝင်ဝင် တိုက်နေမိတာ ခဏ ခဏ။ ကျွန်တော့်မှာက ကျွန်းတွေခံရုံမက သောကြာလို့ ခေါ်တဲ့ ခါးပတ်တစ်ခု လက်ဖဝါး နှစ်ဖက်လုံးမှာ အဆစ် ပါနေလိုက်သေးတယ်။ ထားလိုက်ပါလေ။ ဒါတွေကို အယုံအကြည်မရှိတဲ့ ကျွန်တော်က တိုက်ဆိုင်မှုပါ လို့ပဲ သဘောထားပါတယ်။
ကျွန်တော်ငယ်ငယ်က ကျောင်းသားဘဝမှာ အင်မတန်ကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ထားဖူးတယ်။ ဆယ်တန်း မအောင်မချင်း ရီးစားမထားဘူးပေါ့။ ငါ့ချစ်သူက ဘယ်လိုစံမျိုး ရှိရမယ် ဆိုပြီးတော့တောင် ပေတံကြီးနဲ့ တိုင်းထားလိုက်သေးတယ်။ အလယ်တန်း ကျောင်းသားဘဝ၊ အထက်တန်း ကျောင်းသားဘဝတွေမှာ အဲ့ဒီ ဆုံးဖြတ်ချက်တွေကို လာလာပြီး ယိုင်အောင် လှုပ်တဲ့ မိန်းခလေးတွေနဲ့ ကြုံရပေမဲ့ မယိုင်ခဲ့ဘူး။ ရင်တော့ အခုန်သား၊ ဟားဟား။ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်ပဲ အာရုံထဲမှာ ထည့်ထားတယ်။ အများအမြင်အရ လူရိုးလေးပေါ့နော (ပိန်လွန်းတာကိုး)။

ဒီလိုနဲ့ ဆယ်တန်း စာမေးပွဲကြီး ပြီးသွားပါလေရော။ ဒီတစ်ချီ လွတ်လွတ်ကျွတ်ကျွတ်ကြီး အောင်ပြီဆိုတာ သေချာတော့ ဘာစိတ်ကူးလဲ ရိပ်မိနေကြပြီဟုတ်။ ရီးစားရဖို့အရေး ဒို့အရေး လုပ်တော့တာပေါ့ဗျာ။ ကိုယ့်ဘေးနားက ကောင်မလေးတွေကို ပေတံကြီးနဲ့ လျှောက်တိုင်းတော့တာပေါ့။ ဒီလို လိုက်တိုင်းနေတုန်း ဗြုန်းဆို အချစ်ဦးနဲ့ တွေ့ရော။ မိုးပေါ်က ကျလာတာတော့ မဟုတ်ပါဘူး။ အဲ့ဒီ အချိန်တုန်းက ကျွန်တော် ဗွီဒီယို ခွေငှားဆိုင် တစ်ခုမှာ ညနေပိုင်းအလုပ်လုပ်နေတာ၊ ဆယ်တန်းစာမေးပွဲ မဖြေခင်ကရင်းဆိုပါတော့။ (ဆယ်တန်းစာမေးပွဲ နီးလာတော့မှ တစ်လအလိုမှာ အလုပ်ထွက်ပြီး စာကို ဖိလုပ်ခဲ့ရတယ်။ စာမေးပွဲ ဖြေပြီးတော့ ဆိုင်ပိုင်ရှင် သူငယ်ချင်းတွေက ခွေဆိုင်ကို ပြန်ထိုင်ပေးဖို့ လာခေါ် ကြတာနဲ့ ပြန်လုပ်ဖြစ်တယ်။ ဒီခွေဆိုင်လေးက ကျွန်တော့်ဘဝရဲ့ တစ်ထောင့်တစ်နေရာက အရေးပါတဲ့ ဆိုင်ကလေးပါ။ နောက်မှ ဆိုင်ကလေးအကြောင်း ရေးပါဦးမယ်) အဲ့ဒီ ခွေဆိုင် စထိုင်တဲ့ နေ့ကတည်းက မကေ တို့ အုပ်စုက ကျွန်တော့်ကို လောင်စိန်လုပ်နေကျ။ လူတောမတိုးတဲ့အပြင် ရှက်တတ်တဲ့ ကျွန်တော်က သူတို့အုပ်စုဒဏ်ကို ဆိုင်စရောက်ကတည်းက ခံလာနေရတာ။ နောက်တော့ မကေတို့အုပ်စုနဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။
မကေ က ကျွန်တော့ စံပေတံထဲမှာ ရိုးသားပွင့်လင်းရမယ် ဆိုတဲ့ တစ်ချက်ပဲ ကိုက်ညီတယ်။ ဘာသာတောင် ကွဲနေလိုက်သေးတယ်။ ဒါပေမဲ့ "ဘာသာလူမျိုးမခွဲဘဲ ချစ်တာ ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား" ဆိုတဲ့ သီချင်းနဲ့ အရာရာကို ရင်ဆိုင်ကျော်လွှားကြမယ်လို့ အိပ်မက်တူတူ မက်ခဲ့ကြပါတယ်။ အချစ်ဦးဆိုတော့ ကျွန်တော် မကေ ကို ချစ်တာ အရူးအမူးပေါ့ဗျာ။ ကျွန်တော်ကတော့ မကေ ရဲ့ ဒုတိယမြောက်ချစ်သူပေါ့။ ပထမရီးစားနဲ့တုန်းက ဒေါသထွက်လို့ဆိုပြီး လဖ္ဘည့်ရည်ဆိုင်မှာ ထိုင်ခုံနဲ့ ရိုက်ခွဲလိုက်တာ သူ့ ရီးစားဦး ခေါင်းကွဲပြီး ဆေးရုံ တက် ချုပ်လိုက်ရတယ် ဆိုပဲ။ အဲ့ကတည်းက ပြတ်ကောတဲ့။ ဒေါသကြီးပြီး တစ်ခုခုဆို သေချာ မစဉ်းစားပဲ ကမူးရှူးတိုး လုပ်တတ်တဲ့ မကေ ရဲ့ စရိုက်၊ အင်မတန် ရှက်တတ် အားနာတတ်တဲ့ ကျွန်တော့်စရိုက် မတူတာတွေ အများကြီး။ ပြဿနာ အတက်ရဆုံးကိစ္စက မကေ ဟာ ကျွန်တော် ဘယ်မိန်းခလေး သူငယ်ချင်း နဲ့မှ ရင်းရင်းနှီးနှီး နေတာ မကြိုက်ပါဘူး။ မိန်းခလေး သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်မိရင်၊ အတူတွဲသွားမိရင် ကျွန်တော့် ကွယ်ရာမှာ အဲ့ဒီမိန်းခလေးတွေကို လိုက်ရန်ရှာတတ်တယ်။ သူငယ်ချင်းမိန်းခလေးတွေက အရင်လို မဟုတ်ပဲ ရှောင်ဖယ်ဖယ် တွေ ဖြစ်လာမှ မကေ ပြဿနာရှာမှာ ကို ကြောက်လို့ ဆိုတာ သိရတယ်။ အဲ့ဒီလို မလုပ်ဖို့ ပြောလဲ မရတော့ နောက်ဆုံး ကျွန်တော့်မှာ ဘယ် သူငယ်ချင်း မိန်းခလေးနဲ့မှ သိပ်ပြီး အတူသွားလာ လည်ပတ်တာမျိုး မလုပ်တော့ဘူး။ (ဒီအချစ်ဦး ဇာတ်လမ်းကို နောက်မှ ရင်ဖွင့်ပြတော့မယ်) တစ်ရက်တော့ မကေ ခရီးထွက်နေရာက အကြောင်းမကြားပဲ ပြန်ရောက်လာတယ်။ ကျွန်တော် ပေးခဲ့ဖူးတဲ့စာတွေ အကုန်လုံး ကျွန်တော့်ကို ပြန်ပေးပြီး နင်နဲ့ငါနဲ့ ပြတ်ပြ တဲ့။ အစက ဘာဖြစ်တာလဲ ကျွန်တော် စဉ်းစားလို့မရဘူး။ ဘာဖြေရှင်းခွင့်မှ မရခင် မကေ က သူ့ဆိုင်ကယ်ကို အကြမ်း မောင်းထွက်သွားခဲ့တယ်။ အဆိုးဝါးဆုံး ဖြစ်သွားတာကတော့ ကျွန်တော့်ဆီ မလာခင် ကျွန်တော်နဲ့ ရှစ်တန်းကျောင်းသား ဘဝကရင်း ခင်လာတဲ့ ကောင်မလေး တစ်ယောက်ကို သူ့အိမ်ဆေးဆိုင်ထဲ ဝင်ပြီး ပါးရိုက်ခဲ့တယ် ဆိုတာ နောက်မှ သိရတယ်။ သူ တောင်ကြီးကို အလုပ်ကိစ္စနဲ့ သွားနေတုန်း ကျွန်တော် အဲ့ဒီ ကောင်မလေးနဲ့ တွဲနေတယ် ကြားလို့ တဲ့။ အမှန်ကတော့ အထင်လွဲတာပါ။ ကျွန်တော်က နေ့လည်ဘက်တွေဆို ကျွန်တော့် အဖေ မန်နေဂျာ လုပ်နေတဲ့ အအေးဆိုင်မှာ ခဏ သွားထိုင်ကူရတယ်။ အဲ့ဒီ သူငယ်ချင်းမလေးက အအေး လာသောက်ရင် ကျွန်တော်နဲ့ စကားပြော ဖြစ်ကြတယ်။ ဒါကို ဘယ်သူက ဘယ်လို သတင်းမှားပို့လိုက်လဲ ကျွန်တော် မသိဘူး။ ကျွန်တော့် သူငယ်ချင်းမလေးလဲ မဆီမဆိုင် အရှက်ကွဲရတယ်။ ဒီလိုနဲ့ အချစ်ဦးက ချစ်သူသက်တမ်း ခြောက်လ မပြည့်တပြည့်မှာ ကျွန်းခံသွားရပါတော့တယ်။ တကယ်တော့ မကေနဲ့ ဇာတ်လမ်းက အဲ့ဒီမှာ မပြီးသေးဘူး။ ကျွန်တော့်ကို ပိုင်ဆိုင်လိုစိတ်တွေနဲ့ သူလျှောက်လုပ်လေ ကျွန်တော်က သူနဲ့ ပိုဝေးသွားလေ ဖြစ်ခဲ့ရတယ်။ သူမွှေးတဲ့ မီးစတွေကြားမှာ တစ်နှစ်နီးပါးလောက် ကျွန်တော် လှိမ့်နေအောင် ခံရပါသေးတယ်။ ထားပါ။ အဲ့ဒီမှာ ကျွန်တော် သင်ခန်းစာ ကောင်းကောင်းကြီး ရသွားတာက မချစ်တတ်ရင် အချစ်ဟာ မီးပဲ လို့ သိသွားခဲ့တာပါ။

ဒီလို သိသွားခဲ့ပြီး ကျွန်တော် နောက်ထပ် ချစ်မိဖို့ အရေးကို တော်တော် တွန့်သွားတယ်။ တစ်သက်မှာ တစ်ယောက်ကိုပဲ ချစ်ပြီး အချစ်ဦးဟာ ကျွန်တော့် အိမ်သူပဲ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်လေးက အဲ့ဒီ ကျွန်းမှာ ကျန်နေရစ်ခဲ့ပါတယ်။

ကျွန်တော့် နှလုံးသားထဲကို ဒုတိယမြောက် ဝင်ရောက်လာတဲ့ မိန်းခလေးက တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်ရဲ့ ဒုတိယ ရာသီ လိုပဲ။ ၀သန် တဲ့။ ၀သန့် ကို ကျွန်တော် ပထမဆုံး မြင်ဖူးတာက ... ဆယ်တန်းစာမေးပွဲကြီး နီးတော့ ကျူရှင်မှာ ဖွင့်တဲ့ အနီးကပ် သင်တန်းတစ်ခုမှာပါ။ ကျွန်တော်တက်နေတဲ့ ကျူရှင်က အခမဲ့ ပြပေးတဲ့ မြန်မာစာ အနီးကပ်သင်တန်းကို ၀သန် က လာတက်တယ်။ ကျွန်တော်ထိုင်နေတဲ့ ခုံရဲ့ ရှေ့ခုံမှာ ၀သန် က ထိုင်တယ်။ ၀သန့် ရဲ့ ဆံပင် ရှည်ရှည်လေးတွေက အရမ်းလှတယ်။ ဆံပင်လေးတွေ အရမ်းလှတယ်နော် လို့ ဘေးက သူငယ်ချင်းကို ထောက်ခံမဲ တောင်းတာ ကြားသွားလို့ထင်တယ်။ ၀သန် က ကျွန်တော့်ကို လှည့်ကြည့်တယ်။ အဲ့ဒီခဏမှာပဲ လှလိုက်တဲ့ ကောင်မလေးလို့ အသိအမှတ်ပြုမိသလို ကျွန်တော့် စိတ်ကူးထဲက ချစ်သူရဲ့ ပုံစံအတိုင်းပဲ လို့လဲ တွေးမိသေးတယ်။ ဒါပေမဲ့ စာမေးပွဲကြီး နီးနေတော့ စာဘက်ကိုပဲ စိတ်က ပိုဖိအားများနေတာနဲ့ နာမည်လေးတောင် မသိလိုက်ရသေးဘူး။ အနီးကပ်သင်တန်း ငါးရက်က ကုန်သွားတော့ ထပ်မတွေ့ ရတော့ဘူး။ ၀သန့် ကို ကျွန်တော် မေ့သွားပြီလို့ ထင်နေပေမဲ့ နောက် တစ်နှစ်လောက် အကြာမှာ ပြန်တွေ့တော့ သူရော ကျွန်တော်ပါ တစ်ယောက်ကို တစ်ယောက် မှတ်မိနေကြတယ်။ (အဲ့ဒီ အချိန်က မကေ နဲ့ လမ်းခွဲပြီး ငါးလကျော်လောက်ပေါ့။) ၀သန် က အင်မတန် ရှက်တတ်တယ်။ ခဏခဏလဲ ငိုတတ်တယ်။ လူလေးကလဲ ဖြူဖြူသွယ်သွယ် နွဲ့နွဲ့လေး။ ဒါပေမဲ့ မထင်ရလောက်အောင်ကို ခေါင်းမာပြီး ဇွဲလဲ ရှိတယ်။
အဲ့ဒီတုန်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်ဖို့ စောင့်နေချိန်ပေါ့။ မနက်တိုင်း ကျွန်တော်တို့ ကြက်တောင် ရိုက်ဖြစ်ကြတယ်။ ၀သန် လဲ ကျွန်တော်တို့ အုပ်စုထဲမှာ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာတယ်။ အဲ့ဒီ အချိန်ကတည်းက ကျွန်တော့်ကြောင့် ၀သန် ခဏခဏ ငိုရတာတွေ အစက မသိခဲ့ဘူး။ စိတ်ဝင်စားပေမဲ့ ပထမ တစ်ချီနဲ့တင် သင်ခန်းစာ တော်တော် ရထားတော့ ချစ်သူရီးစားလဲ မထားချင်ဘူး။ ဘဝမှာ ကြိုးစားစရာတွေ အများကြီး ရှိသေးတယ်။ ကိုယ့်ကြောင့်လဲ သူတပါးကို ဒုက္ခ မရောက်စေချင်တာ ပါ ပါတယ်။ စုတ်ချာချာ ကျွန်တော့်ဘဝနဲ့ ၀သန့် ရဲ့ အနေအထားက မိုးနဲ့မြေလို ကွာနေတယ်လေ။ ကျွန်တော်တို့ တက္ကသိုလ် တတိယနှစ် ရောက်တဲ့အထိ အရင်းနှီးဆုံး သူငယ်ချင်းတွေလို ၀သန် နဲ့ ကျွန်တော် ခင်မင်ခဲ့ကြတယ်။ ကျွန်တော်က အဲ့ဒီ အချိန်တွေမှာ "ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး၊ ဆင်စွယ်ရောင် အသားလေးနဲ့" ဆိုတဲ့သီချင်းကို မကြာမကြာ ညည်းမိ နေတတ်ပြီ။ တစ်ခု ထူးခြားတာကတော့ ၀သန် နေမကောင်းဖြစ်ပြီဆို ကျွန်တော်က ၀သန့် ကို အိပ်မက် မက်တတ်တာ ဘာကြောင့်မှန်းမသိဘူး။ ၀သန့် ကို အိပ်မက်လို့များ နောက်ရက် အဆောင်မသွားလိုက်နဲ့။ ဖျားနေတာ ဗေဒင်မေးစရာကို မလိုဘူး။ အိပ်မက်ထဲကို လာမလည်ရဲအောင် ဖြစ်နေပြီ လို့တောင် ၀သန် က ကျွန်တော့်ကို နောက်နေကျ။ တတိယနှစ်တက်နေတဲ့ အချိန်မှာတော့ ၀သန့် ရဲ့ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်က ကျွန်တော်နဲ့ ၀သန့်ရဲ့ ဇာတ်မျောကြီးကို စိတ် မရှည်တော့ဘူး ထင်ပါရဲ့။ ဘေးလေးနဲနဲ တီးပေးလိုက်တာ ချစ်သူ ဖြစ်သွားကြရော။ နှစ်ယောက်လုံးကလဲ တစ်ယောက် နှလုံးသားကို တစ်ယောက် နားလည်နေကြတာ နှစ်ချီ ကြာနေပြီ ဆိုတော့ ဖွင့်ပြောစရာ မလိုတော့တာလဲ ပါတာပေါ့။ တကယ်တမ်းတော့ ကျွန်တော်နဲ့ ၀သန့် ကို သူ့အိမ်က သဘော မတူနိုင်ဘူး ဆိုတာကို အစောကြီးကတည်းက သိနေတယ်။ အသင့်အတင့် ချမ်းသာတဲ့ ၀သန် ရဲ့မိသားစု က ချစ်သူကို အအေးလေးတိုက်၊ မုန့်လေး ကျွေးဖို့ မပြောနဲ့၊ လဖ္ဘည့်ရည် တစ်ခွက်ဖိုးတောင် မတတ်နိုင်တဲ့ ကျွန်တော်လို ငမွဲကို သဘော မတူနိုင်တာ မဆန်းပါဘူး။ ကိုးတန်းနှစ်ကနေ ခုချိန်ထိ ၀သန့် ကို စွဲစွဲလန်းလန်း ပိုးပန်းနေတဲ့ သူဌေးသား၊ ကုန်သည် ပေါက်စလေးနဲ့ပဲ ၀သန့် အမေက ၀သန့် ကို သဘောတူတယ်။ အဲ့ဒီတစ်ယောက်ကို ၀သန့် ရဲ့ သူငယ်ချင်းတွေက စက္ကန်း (second)လို့ ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပြီးရင် ၀သန့် ကို သူတို့ သဘောအတူဆုံးက အဲ့ဒီတစ်ယောက်မို့လို့တဲ့။ ၀သန်ကတော့ ဘာမဆို ရင်ဆိုင်မယ် ဆုံးဖြတ်ထားပေမဲ့ ကျွန်တော်က ၀သန့် ကို ဒုက္ခတွင်းထဲ ဆွဲမခေါ်ချင်ဘူး။ မရေရာတဲ့ ဘဝခရီးမှာ ကျွန်တော့်ကို စောင့်နေပါ လို့လဲ ချစ်သူကို မပြောရက်ဘူး။ ဒီလိုနဲ့ ကျွန်တော် စတုတ္ထနှစ်အောင်တော့ ပြည်ကို ကျောင်းပြောင်းတက်ရတယ်။ မိန်းမှာ တက်တဲ့ ၀သန် က တကယ်ဆို သုံးနှစ်နဲ့ ကျောင်းပြီးမှာကို ကျွန်တော်နဲ့ မန္တလေးမှာ ကျောင်းဖွင့်ချိန် အတူရှိအောင်ဆိုပြီး Honest တန်း မဝင် ဝင်အောင် ကြိုးစား တက်ခဲ့သမျှ အလဟဿ ဖြစ်သွားရရှာတာပေါ့။ အဲ့ဒီတုန်းက Honest တန်းတက်ရင်း ၀သန့် မှာ နေ့တိုင်း ငိုခဲ့ရတာတွေ အချိန်နှောင်းမှ ကျွန်တော်သိရတယ်။ ကျွန်တော်က ၀သန့် ကို မပွင့်လင်းခဲ့ဘူး။ ကျွန်တော့် ပန်းတိုင်တွေဆီ ဦးတည်သွားနေချိန်မှာ ၀သန့်ကို နှောင်ကြိုးးတွေ မချည်ချင်တာနဲ့ အဆက်အသွယ် မလုပ်ပဲ နေခဲ့မိတယ်။ အဲ့ဒီတုန်းက ကျွန်တော် ကျောင်းဆက်တက်ဖို့ မပြေလည်လို့ ဦးလေးတွေ အဒေါ်တွေရဲ့ အထောက်အပံ့နဲ့ ကျောင်းတက် နေရတဲ့အချိန်။ ဘာမှ မရေရာ မသေချာတဲ့ အချိန်။ လမ်းတွေ ပျောက်နေတဲ့ အချိန်။ ၀သန့် ကို စိတ်ဒုက္ခ မပေးရက်ဘူး။ ကျွန်တော့်အတွေးနဲ့ ကျွန်တော်ကတော့ ဟုတ်နေပေမဲ့ ၀သန့်ရဲ့ သူငယ်ချင်းမလေး နှစ်ယောက်ကတော့ ကျွန်တော့်ကို တူးတူးခါးခါး မုန်းသွားကြပြီ။ ၀သန် ဘယ်လောက်ခံစားနေရလဲ သူတို့ အသိဆုံးပဲပေါ့။ ပဉ္စမနှစ်ဖြေပြီး နောက်ဆုံးနှစ်ကျောင်းတွေ ပြန်မဖွင့်ခင် ကျောင်းထားပေးတဲ့ ဦးလေးတွေ အဒေါ်တွေက အိမ်ပြန်မလာပဲ ပြည်မှာ ကျောင်းပြန်ဖွင့်တဲ့ထိ နေဖို့ မှာထားပေမဲ့ ချစ်ချုပ် ကုပ်ကပ်ပြီး ချန်ထားတဲ့ ငွေလက်ကျန်တစ်ချို့နဲ့ အိမ်ပြန်သွားခဲ့တယ်။
အိမ်ကို လွမ်းတာကြောင့်ရော၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ၀သန့် ကိုပဲ အိပ်မက်တွေ ဆက်တိုက် မက်နေတာ ကြောင့်ရောပေါ့ဗျာ။ ခရီးအဝေးကြီးကနေ အိမ်ကို ပြန်ရောက်ရောက်ချင်း အပြင် ခဏသွားမယ် ပြောပြီး ၀သန် တို့အိမ်ကို အပြေးသွားတော့တာ။ တကယ်တမ်းတော့ ကျွန်တော်လာရင် မကြိုက်ကြောင်း ပေါ်ပေါ်တင်တင်ကို အမူအယာ ပြတတ်တဲ့ ၀သန့်ရဲ့ အမေကြောင့် ၀သန်တို့အိမ်ကို ကျွန်တော် သိပ်ပြီး မသွားချင်လှဘူး။ ဒါပေမဲ့ ၀သန့်ကို စိတ်ပူလှပြီ ဆိုတော့ စဉ်းစား မနေနိုင်တော့ဘူးလေ။ ၀သန် တို့အိမ်ရောက်တော့ ၀သန် ရဲ့ အမနဲ့တွေ့တယ်။ ၀သန် တော်တော် နေမကောင်းဖြစ်နေတယ်တဲ့။ ကျွန်တော့်ကို မြင်တော့ ၀သန် ရဲ့ အမေက ၀သန်မရှိဘူးလို့ မျက်နှာထား တင်းတင်းနဲ့ ပြောတယ်။ ကျွန်တော့် အသံကို ကြားတော့ ၀သန်က အိမ်အပေါ်ထပ် ဝရံတာဘက်ထွက်လာတယ်။ ကျွန်တော့် နာမည်ကို ယဲ့ယဲ့လေး ခေါ်သံ ကြားလို့ ကြည့်တော့ မျက်တွင်းတွေ ညိုမည်းပြီး ဖြူဖျော့ ပါးလျနေတဲ့ ၀သန့် ကို တွေ့ရတယ်။ ကျွန်တော့် ရင်တွေ နင့်ခနဲ နာကျင်သွားလိုက်တာ။ ၀သန် အအေးမိပြီး နမိုးနီးယား ဝင်နေတယ်တဲ့။ တစ်ယောက်ယောက် အကူပါမှ အိပ်ယာက ထနိုင်တဲ့ ၀သန်၊ ကျွန်တော့် အသံကြားတာနဲ့ မရရ အောင် ကြိုးစားပြီး အပြင်ထွက်လာတယ်။ ၀သန့်ရဲ့ အိမ်သားတွေလဲ အိမ်ပေါ်ထပ်ကို အပြေးအလွှား၊ ကျွန်တော် လိုက်ဝင် လာတာကိုတောင် ၀သန့် အမေလဲ မတားနိုင်တော့ဘူး။ အမှန်တကယ်တော့ ၀သန့် ကို ဆရာဝန်က ဆေးရုံ တင်စေချင်တယ်။ ၀သန် က ခေါင်းမာပြီး ဆေးရုံမတက်ဘူး။ ဘာလို့ ဆိုးရတာလဲ ၀သန် ရယ်။ ကျန်းမာရေးက အရေးကြီးတာကို လို့ ကျွန်တော် ပြောတောကျွန်တော် ပြန်လာမယ်လို့ သူသိနေတယ်။ လွဲသွားမှာ စိုးလို့ စောင့်နေတာ တဲ့။ ၀သန် ကို ရင်ခွင်ထဲ ထည့်ပြီး ယောက်ျားတန်မဲ့ ကျွန်တော် မျက်ရည် တိတ်တိတ် ကျမိတယ်။ စာသင်နှစ် တစ်နှစ်လုံးလုံး သူ့ကို မဆက်သွယ်ခဲ့တာတွေ၊ ကျွန်တော့်ကြောင့် သူ နေ့တိုင်း ငိုခဲ့ရတာတွေ တစ်ခွန်းမှ မပြောပြသလို အပြစ်လဲ မတင်ဘူး။ နင့်ခြံထဲက ကြက်ဆိုတော့ ဘယ်အချိန် ဖမ်းဖမ်းရတယ် ဆိုတဲ့ အချိုးမျိုး ချိုးတာလား။ နင့်ကြောင့် ၀သန် ဘယ်လောက်ခံစားရလဲ။ ၀သန့် ရဲ့ အချစ်ဆုံးသူငယ်ချင်းက ကျွန်တော့်ကို နာနာကျည်းကျည်း ပြောပေမဲ့ ကျွန်တော် သူ့ကို စိတ်မဆိုးခဲ့ဘူး။ ၀သန့် ဘက်ကနေ သူက မခံစားနိုင်တော့လို့ ပေါက်ကွဲထွက်လာတဲ့ စကားဆိုတာ နားလည်ပါတယ်။ ကျွန်တော် ဘာမှ ဖြေရှင်းပြ မနေချင်တော့ဘူး။ ကျွန်တော် ပြန်ရောက်တဲ့နေ့ နောက်ရက်မှာပဲ ၀သန် ဆေးရုံတက်တယ်။ မြို့ကလေးရဲ့ ဆေးရုံကြီးက ဆရာဝန် အကြံပေးလို့ ၀သန့် ကို မန္တလေး ဆေးရုံ ပို့ဖို့ စီစဉ်ရတယ်။ အဲ့ဒါတွေ အားလုံးကို စက္ကန်းကပဲ တာဝန်ယူ ဖြေရှင်းပေးသွားတယ်။ သူ့ကားနဲ့ ၀သန်ရယ် ၀သန့် အမေနဲ့ အမရယ်ကို မန္တလေး လိုက်ပို့ပေးတယ်။ ၀သန်က ကျွန်တော့်ကို လိုက်ခဲ့စေချင်တယ်။ ၀သန့် အမေရဲ့ ပြဿနာကောင်လို့ ပြောနေတဲ့ မျက်လုံးတွေကို ဥပက္ခာ ပြုပြီး လိုက်သွားချင်ပေမဲ့ အဲ့ဒီနေ့ည အိပ်မပျော်နိုင်ပဲ တညလုံး စဉ်းစားနေမိတယ်။ မိန်းခလေးတစ်ယောက်ရဲ့ ဘဝကို ဘာအာမခံချက်မှ မပေးနိုင်တဲ့ ကျွန်တော်၊ အခုလို သေရေးရှင်ရေး ဖြစ်နေချိန်မှာတောင် သူ့ဘဝ လုံခြုံမှုကို ကျွန်တော် မပေးနိုင်ဘူး။ သိမ်ငယ်စိတ်တစ်ခု ဝင်လာတယ်။ ငါသူနဲ့ မထိုက်တန်ပါဘူး လို့။ နောက်ရက်မနက် သွားတော့ ကျွန်တော့် ဆုံးဖြတ်ချက်ကို ၀သန် အမေက အတည်ပြုပေးလိုက်တယ်။ ၀သန် က ဆေးအရှိန်နဲ့ အိပ်နေတုန်း။ မင်းလဲ ကျောင်း မပြီးသေးဘူး။ ကျောင်းပြီးရင်လဲ မင်းမိသားစုကို တလှည့် ပြန်ကြည့်ရအုံးမှာ။ ကိုယ့်ဘဝကိုယ် နားလည်ရင် အန်တီ့သမီးကို ဒုက္ခမပေးပါနဲ့တော့ကွယ် တဲ့။ ၀သန့် အမေက ပြောတယ်။ ၀သန် နိုးလာရင်သာ ကျွန်တော် လာသွားတယ်။ မန္တလေးကို ကျွန်တော် မလိုက်နိုင်ဘူးသာ ပြောထားပေးပါ ဆိုပြီး ၀သန့် အနိုးကို မစောင့်ပဲ ပြန်လာခဲ့တယ်။
ကျွန်တော့် စိတ်ထဲမှာ ၀သန် စောင့်နေမယ်လို့ ယုံထားတယ်။ အဆက်အသွယ်မရှိပေမဲ့ ကျွန်တော့် ရင်ထဲမှာ ၀သန် အမြဲ ရှိသလို ၀သန့် ရင်ထဲမှာ ကျွန်တော် အမြဲ ရှိနေမယ်လို့ ယုံထားတယ်။ ကျွန်တော် နောက်ဆုံးနှစ်မှာ ပြည်ကနေ ရန်ကုန်ရောက်လာတယ်။ မြို့ကလေးက သူငယ်ချင်း တစ်ယောက်နဲ့ တွေ့တော့ ၀သန် စက္ကန်းနဲ့ အိမ်ထောင်ကျသွားပြီ တဲ့။ မယုံနိုင်ဘူး။ စာမေးပွဲ နီးနေတဲ့ကြားက မြို့ကို ပြန်ပြီး သေချာစုံစမ်းချင်တယ်။ ဒါပေမဲ့ ကျွန်တော် မပြန်ဖြစ်ခဲ့ဘူး။ ဟုတ်နေတယ်ဆိုရင် ကျွန်တော် ဘာတတ်နိုင်မလဲ။ မဟုတ်ဘူးဆိုရင်ကော ကျွန်တော် ဘာတွေ ၀သန့် အတွက် ကတိပေး နိုင်မှာလဲ။ ဒီလိုနဲ့ ရင်ထဲက ဝေဒနာကို ကျိတ်ခံပြီး ကျောင်းစာပဲ ဖိလုပ်နေခဲ့တယ်။ စာမေးပွဲ ပြီးတော့ အိမ် မပြန်ဖြစ်တော့ဘဲ ရန်ကုန်မှာပဲ အလုပ်လုပ်နေခဲ့တယ်။
တစ်ရက်တော့ ပလာဇာတစ်ခုမှာ ၀သန် နဲ့ စက္ကန်းတို့ကို တွေ့တယ်။
မိန်းမရပြီး နိုင်ငံခြား ထွက်သွားပြီဆို တွေ့တွေ့ချင်း ၀သန် ကမေးတယ်
အာ မဟုတ်ပါဘူး။ ဘယ်သူပြောလဲ ဆိုတော့ ၀သန် က (---) တဲ့။ ကျွန်တော့်ကို ၀သန် အိမ်ထောင်ကျသွားပြီ လို့ ပြောခဲ့တဲ့ တစ်ယောက်ပါပဲ။ မအံ့ဩောတော့ပါဘူး။
ဝသန် တို့ရော ရန်ကုန် အလည်လာကြတာလား မေးတော့
ကျွန်တော်တို့ မင်္ဂလာဆောင် အတွက် ခန်းဝင်ပစ္စည်း လာဝယ်ဖို့ ရန်ကုန် ရောက်နေတာ လို့ စက္ကန်းကဖြေတယ်။ ဟန်မဆောင်တတ်တဲ့ ၀သန့် မျက်နှာက ညိုနေပြီ။ စက္ကန်းက ခဏ ရေအိမ်သွားလိုက်အုံးမယ် ဆိုပြီး ကျွန်တော်တို့ နှစ်ယောက်ကို အအေးဆိုင်မှာ ထားခဲ့တယ်။ တမင် ရှောင်ပေးမှန်း ကျွန်တော် သိပါတယ်။ ၀သန့် အပေါ် အင်မတန် ချစ်သလို သဘောထား ပြည့်ဝလွန်းတဲ့ စက္ကန်းကို ကျွန်တော် လေးစားပါတယ်။
ဝသန် အိမ်ထောင်ကျသွားပြီ လို့ ကျွန်တော်ကြားထားတာ ကြာလှပြီ လို့ ပြောထွက်တော့မဲ့ စကားတွေကို ပြန်မျိုချလိုက်တယ်။ ရီဝေကြေကွဲနေတဲ့ ၀သန့်ရဲ့ မျက်လုံးတွေကြောင့် မညာချင်ပဲ ကျွန်တော် ညာလိုက်ပါတယ်။ ကျွန်တော်လဲ ကျွန်တော့်ကောင်မလေးနဲ့ လက်ထပ်ပြီးရင် နိုင်ငံခြား ထွက်မလို့ စီစဉ်နေတာ။ ကြိုးစားနေတုန်းပါပဲဗျာ ဆိုတော့မှ ၀သန် က ကျလုလု သူမရဲ့ မျက်ရည်တွေကို ပြန်ထိန်းလိုက်ပါတယ်။
ဝသန့်  မင်္ဂလာဆောင်ကို မဖိတ်တော့ဘူနော်။ သူ့မင်္ဂလာဆောင်လဲ ၀သန် လာနိုင်မှာ မဟုတ်ဘူး
လှုပ်ခတ်နေတဲ့ ၀သန့် ရဲ့ လေသံဖျော့ဖျော့ကို ကြားရတော့ ကျွန်တော့်ရင်ထဲမှာ နာလိုက်တာဗျာ။ စိတ်ကို ချုပ်တည်း ထားရလွန်းလို့ ရင်ထဲက ကလီစာတွေ ပြောင်းပြန် လှန်ထွက်တော့မဲ့ အတိုင်းပဲ။ ကျွန်တော့်အပေါ် ၀သန်က ခုချိန်ထိ မျှော်လင့်နေတုန်း။ အဲ့ဒါ ကျွန်တော် အခံစားရဆုံးပဲ။ ၀သန့်အပေါ် ဒီလောက် စိတ်ဒုက္ခ ပေးခဲ့တဲ့ ကျွန်တော့်ကို ၀သန် စိတ်မနာခဲ့ဘူး။
ဘာကိုမှ မျှော်လင့်မထားပဲ အချစ်သက်သက်နဲ့ ကျွန်တော့်ကို ချစ်ခဲ့တဲ့ ၀သန့် ရဲ့ အချစ်တွေကို လေးစားတယ်။ အချစ်ဆိုတာ ချစ်တယ်လို့ ခဏ ခဏ ပြောပြနေစရာ မလိုဘဲ စိတ်ထဲ နှလုံးသားထဲက အလိုလို ခံစားနားလည်လို့ ရတဲ့ ဘာသာဗေဒ တစ်ခုပါ။ အချစ်ဟာ စွန့်လွှတ် အနစ်နာခံခြင်း လို့ ၀သန်က သင်ကြားပေးခဲ့ပါတယ်။


အင်း။ ကျွန်တော့်ကို အချစ်တွေ သိပ်ပေါတဲ့ လူပဲ လို့ ထင်နေ ကြတော့မှာပါ။ ဟုတ်ပါတယ်လေ။ ရင်ဖွင့်လက်စနဲ့ ဆက်ဖွင့်ပြ ပါရစေတော့။

ကျွန်တော့် နှလုံသားထဲကို တတိယမြောက် ရောက်လာတဲ့ မိန်းခလေးက ဟန်နီ။ နောက်ဆုံးနှစ် အောင်စာရင်း ကပ်မယ် သတင်းကြားလို့ ကျောင်းမှာ သွားကြည့်ကြတော့ ဟန်နီ့ကို စတွေ့ဖူးတယ်။ အလုပ်ဝင်တော့ ရုံးချုပ်က ဆောက်လက်စ တိုက်တွေကို သွားပြီး ကြီးကျပ်ပေးရတဲ့ အလုပ်။ ပရောဂျက်မန်နေဂျာက အော်ဇီတစ်ယောက်။ ကျွန်တော်ကလဲ အဲ့ဒီ siteတွေမှာ အလုပ် စဝင်တဲ့အချိန်၊ အဲ့ဒီ အော်ဇီကလဲ ပြောင်းရွှေ့တာဝန်နဲ့ ရောက်လာချိန်။ နောက်ပိုင်း သူ တာဝန်ယူရတာတွေ များလာတော့ အတွင်းရေးမှုး တစ်ယောက် ခန့်လိုက်တယ်။ အစည်းအဝေး မှာ မိတ်ဆက်ပေးတော့ သူ့အတွင်းရေးမှူးက ဟန်နီ ဖြစ်နေတယ်။ ဟန်နီရော ကျွန်တော်ရော မြင်မြင်ချင်း မှတ်မိကြတယ်။ တစ်ခါပဲ တွေ့ဖူးပေမဲ့ ကျောင်းက ဆိုတဲ့ အသိက သူငယ်ချင်းလို ရင်းနှီးနှင့်နေခဲ့ပြီ။ တစ်နေရာထဲမှာ အလုပ် အတူတူ တွဲလုပ်ရတယ် ဆိုပေမဲ့ ကျွန်တော်က site ထဲမှာ၊ ဟန်နီက ရုံးမှာ။ အစည်းအဝေး ရှိမှ ဆုံဖြစ်ကြပေမဲ့ နောက်တော့ ကျွန်တော်တို့ နေ့စာကို အမြဲ အတူ စားဖြစ်တယ်။ ငယ်သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးသိလာတော့ ဟန်နီ့ကို လေးစား လာတယ်။ ဟန်နီက အလုပ်ကြိုးစားတယ်။ လုပ်ရမဲ့ အလုပ် တာဝန်တွေကို စနစ်တကျနဲ့ စိတ်ပါလက်ပါ လုပ်တတ်တယ်။ လက်တွေ့ကျတယ်။ အချိန်တိုင်းမှာ လောကကို သူဘယ်လောက် အကျိုးရှိအောင် တာဝန် ထမ်းနိုင်မလဲ အမြဲတွေးတယ်။ ဘဝရဲ့ ရည်မှန်းချက် ကြီးမားတယ်။ လက်အောက်ငယ်သား တွေအပေါ်မှာ ကြင်နာ စောင့်ရှောက် တတ်တယ်။ မိန်းခလေး တစ်ယောက်ရဲ့ ရှိသင့်တဲ့ သိက္ခာ၊ မာနတွေကို တန်ဖိုးထားတယ်။ သူဌေးသမီး ဆိုပြီး အဆင့်အတန်းလဲ မခွဲခြားတတ်ဘူး။ လူတစ်ဖက်သားကို တန်ဖိုးထား လေးစားမှု ပေးတတ်တယ်။ အင်း၊ ပြောရရင် ကုန်မှာ မဟုတ်တော့ဘူး။ ကျွန်တော်နဲ့ ဟန်နီနဲ့က တခြားစီ။ ကျွန်တော်က အလုပ်ကို စနစ်တကျ မလုပ်တတ်ဘူး။ ရည်မှန်းချက်လဲ ဟန်နီလောက် မကြီးဘူး။ အချိန်တွေကိုလဲ တန်ဖိုးထားရ ကောင်းမှန်းမသိဘူး။ ခံစားချက်ကို ဦးစားပေးတယ်။ ပျော့ညံ့တယ်။ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တဲ့သူမျိုး။ ဟန်နီ လေးစား အထင်ကြီးစရာ တကွက်မှ ကျွန်တော့်မှာ မရှိဘူး။ ဒါပေမဲ့ ဟန်နီက သူငယ်ချင်းကောင်း အင်မတန် ပီသပါတယ်။ နောက်ပြီး ဟန်နီက အင်မတန် မှတ်ဥာဏ်ကောင်းတယ်။ ကျွန်တော်တို့ စတွေ့တဲ့နေ့က အောင်စာရင်းကပ်မဲ့နေ့ရဲ့ ရက်စွဲကို အတိအကျ မှတ်မိရုံမကဘူး။ ကျွန်တော် ဘာဝတ်ထားတယ် ဆိုတာပါ မှတ်မိတယ်။ သူဘာဝတ်ထားလဲ မေးတော့ ကျွန်တော် မမှတ်မိဘူး။ မြန်မာဆန်ဆန်လေး ဝတ်ထားတာ၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ လှတာ အဲ့ဒါပဲ မှတ်မိတော့တယ်။ ဟန်နီက အဲ့ဒါကို မကျေနပ်သလို ဒုတိယအကြိမ် ပြန်တွေ့တာ အစည်းအဝေးမှာ မိတ်ဆက်ပေးတဲ့ အခါဆိုတော့ မဟုတ်ဘူး တဲ့။ အဲ့ဒီမတိုင်ခင် တစ်ခါ ဆုံသေးတယ် ပြောတယ်။ ကျွန်တော် မမှတ်မိတော့ သူ့ကို အရေးမထားဘူးလို့ စိတ်မကောင်းဖြစ်ကော။ ကျွန်တော်က အဲ့ဒီလိုလဲ မှတ်ဥာဏ် တုံးပါ သေးတယ်။ ဒါပေမဲ့ ကဗျာတွေ စာတွေ ရေးတတ်တဲ့ ဝါသနာ တစ်ခုတော့ တူတယ်။ ဟန်နီရဲ့ ကဗျာတွေကို ဖတ်တော့ စကားလုံး ရွေးချယ်မှုကော၊ အတွေးအခေါ်ရော အင်မတန် ကောင်းတာ။ ရင့်ကျက်တဲ့ သူမရဲ့ စိတ်ကို လှမ်းမြင်နေရတယ်။ ကျွန်တော့်ကဗျာတွေက ဟန်နီ့ ကဗျာတွေလို မလေးနက်ဘူး။ စကားလုံး တွေလဲ မလှပဘူး။ ခပ်ပေါ့ပေါ့လေးတွေ။ ပေးဖတ်ရတာတောင် တော်တော် ရှက်တယ်။
နောက်ပိုင်းမှာတော့ ကျွန်တော်တို့ အလုပ်ကိစ္စနဲ့ မဟုတ်ပဲလဲ ဖုန်းဆက် ဖြစ်လာကြတယ်။ Site ထဲကနေ မြို့ထဲမှာရှိတဲ့ ကျွန်တော့် ရုံးချုပ်ကို ညနေတိုင်း ကျွန်တော်က ပြန်ပြီး အလုပ်အနေအထားကို သတင်းပို့ရတယ်။ ကျွန်တော် ရုံးကိုရောက်တာနဲ့ ကျွန်တော့် ဖုန်းကဝင်ပြီ။ အလုပ်အား၊ ဖုန်းလဲ အားတယ်ဆို စကား ပြောဖြစ်ကြပြန်တယ်။ နောက်တော့ ရုံးမှာတောင် ဖုန်းကျူနိုင် ဆိုတဲ့ နာမည်ပြောင်တစ်ခု ရလာတဲ့ အထိပေါ့ဗျာ။ ဟန်နီလဲ ဘာထူးလဲ။ အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ အခန်းတံခါးပိတ်ပြီး ကျွန်တော့် ကဗျာစာအုပ်တွေ၊ ကဗျာမဟုတ် စာမဟုတ် စာအတို အပိုင်းအစတွေ တိတ်တိတ် ခိုးဖတ်တော့တာ။ အရင်လို အိမ်ရောက်တာနဲ့ တအိမ်လုံးကို ပတ်ပြီး ခလေးလုပ်ပြီး ချွဲနေတဲ့ သူက အဲ့ဒီလို အချိုးပြောင်းနေတာ အိမ်သားတွေ ရိပ်မိတဲ့အထိ။ ဟန်နီက အပြင်မှာ လူကြီးဆန်သလောက် အိမ်မှာတော့ အရမ်း ခလေးလုပ်တယ်။ နွဲ့ဆိုး ဆိုးတတ်တယ်လေ။ မိဘတွေ အလစ်မှာ ကျွန်တော်နဲ့မို့ ဖုန်းပြောနေပြီဆိုရင်လဲ ဟန်နီ့မောင်လေးက သူငယ်ချင်းလို့ ပြောပေမဲ့ ခိုးချစ်ရသူလေး ရှိဖူးတယ် ဆိုပြီး ဒီဘက်က ကျွန်တော် ကြားအောင် အော်ဆိုနေသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်နေ့မတွေ့ရရင် မနေနိုင်လောက်အောင် သံယောဇဉ်တွေ ကြီးလာတော့ ရုံးပိတ်ရက်တွေမှာ ဖုန်းအကြာကြီး ပြောကြတယ်။ တွေ့မှ မတွေ့ရတာကိုး။ ပြန်တွေးကြည့်လိုက်တော့ ကျွန်တော့်ကိုယ် ကျွန်တော် ရီးစားမထားဖူးတဲ့ ဆယ်ကျော်သက် ချာတိတ်လေးလို ရင်ခုန်နေခဲ့တာ ပြန်မြင်ရတယ်။
ဒီလိုနဲ့ ကြည်နူးလို့ ကောင်းတုန်းမှာ ဟန်နီ နိုင်ငံခြားမှာ ကျောင်းသွားတက်ရတော့မယ်တဲ့။ ခွဲရတော့မယ် ဆိုတဲ့ အသိက ကျွန်တော့်ကို လောင်မြိုက်နေတယ်။ ဟန်နီကို သူငယ်ချင်းထက်မကတဲ့ အချစ်တွေနဲ့ ချစ်နေမိပြီ ဆိုတာ ကိုလဲ သေချာသိတယ်။ ကျွန်တော် မခွဲနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံခြားမှာ ကျောင်းတက်နိုင်ဖို့ ဆိုတာ စိတ်ကူးယဉ်ဖို့ မပြောနဲ့၊ အိပ်မက်ထဲတောင် ကျွန်တော်က ထည့်မက်နိုင်တဲ့ အနေအထား မရှိဘူးလေ။ ရတဲ့လစာလေးထဲက အိမ်ကို ပို့နိုင်အောင် ချစ်ကုပ်ချွေတာနေရတာ၊ လကုန်ရက် နီးလာရင် နေ့စာနဲ့ ညစာ ပေါင်းစားနေရတဲ့ ဘဝ။ ဟန်နီနဲ့ အတူ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရင်ထဲမှာ ခံစားရပြန်တယ်။ စိတ် ထွက်ပေါက် အနေနဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ကို ကျွန်တော် ရေးဖြစ်တယ်။ အဲ့ဒီ ၀တ္ထုတိုလေးက ချစ်ခွင့်ပန်တဲ့ စာတစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။ ဟန်နီကတော့ အရင်လို ပေးဖတ်နေကျ စာတွေ ကဗျာတွေလို့ ထင်ပြီး ဖတ်ကြည့်တော့မှ သူ့ကို ချစ်ကြောင်း ဖွဲ့ထားတဲ့ စာတွေ ဖြစ်နေတာ သိသွားတယ်။ ဟန်နီ့ကို ကျွန်တော် ဘယ်လောက် ချစ်ခဲ့သလဲ ဆိုတာ သူအသိခဲ့ဆုံးပါ။ အဲ့ဒီ ဝတ္ထုတိုလေးမှာ ဟန်နီ နောက်ဆုံး ရေးပေးခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ပါတယ်။ ကဗျာက အလွတ်မရတော့ဘူး။ ငှက်ကလေး တစ်ကောင်က သူ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ အားသွန်ခွန်စိုက် ပျံသန်းနေရင်း ပန်းတိုင်ကို မြင်လို့ ဘေးက အဖော်ကို ကြည့်လိုက်တော့ သူ့အဖော်လေးက ဟိုးအဝေးကြီးမှာ သူ့ကို လက်ပြ နှုတ်ဆက်ရင်း ကျန်နေရစ်ခဲ့တဲ့ အကြောင်းပါ။
နိုင်ငံခြား ထွက်ရတော့မဲ့ ရက်တွေ နီးလာတော့ အလုပ်ကနေ ထွက်သွားတယ်။ အလုပ်တွေ ရှုပ်နေတဲ့ ကြားက ကျွန်တော်နဲ့ တွေ့ဖို့ အချိန်တစ်ချို့ကို ပေးခဲ့တယ်။ ဟန်နီ မသွားခင် တစ်ပါတ်အလိုမှာ ကျွန်တော့်ကို D-Form ရုံးရှေ့မှာ စောင့်နေမယ်။ လာခဲ့ပါ လို့ ဖုန်းဆက်ခေါ်တာနဲ့ site ထဲကနေ ခွင့်ယူပြီး အပြေးအလွှား သွားတွေ့တယ်။ နောက်တော့ မြို့တော်ခန်းမနားက တိုကျို ကြက်ကျော်ဆိုင်မှာ ကျွန်တော့်ကို နေ့စာ လိုက်ကျွေးတယ်။ အခွင့်အရေး ယူတယ်ပဲ ပြောပြော ကျွန်တော် သူ့ကို အဖြေ တောင်းတော့မယ်လို့ ဆုံးဖြတ် ထားခဲ့ပါတယ်။ အဲ့ဒီမှာ ကျောင်းသွားတက်ရင် ဘယ်လောက်ကုန်လဲ လို့ မေးကြည့်တော့ ဟန်နီ တွက်ပြတဲ့ ကိန်းဂဏန်းတွေကို နားထောင်ပြီး ကျွန်တော် ရင်လေးသွားတယ်။ တစ်လမှာ ငွေတစ်ထောင်တောင် မစုနိုင်တဲ့ ကျွန်တော်က သိန်းဆယ်ချီ မကတဲ့ ငွေပမာဏကို ဘယ်လို သွားရှာနိုင်မလဲနော်။ အဖြေကို သိပြီးသား ပေမဲ့ ဒီကို ပြန်လာဖို့ စိတ်မကူးဘူးလား မေးတော့ ခဏတော့ ပြန်လာလည်မယ်လေ တဲ့။ သူမရဲ့ အသိပညာ၊ အတတ် ပညာတွေကို ပြည့်ပြည့်ဝဝ အသုံးချလို့ ရတဲ့ နေရာမှာပဲ နေဖို့ ဆုံးဖြတ်ထားတဲ့ ဟန်နီက ကျွန်တော်နဲ့ တကယ်ကို ဝေးသွား ခဲ့တော့မှာပါ။
ကျွန်တော်က ဟန်နီ စံထားထားတဲ့ သတ်မှတ်ချက်တွေကို အမှတ်မှီမှာ မဟုတ်ဘူးနော် လို့ မေးဖူးတုန်းက အင်း လို့ ရယ်ကျဲကျဲနဲ့ ပြန်ပြောခဲ့တဲ့ စကားကို ပြန်သွား သတိရတယ်။ ဒါနဲ့ ကျွန်တော် အဖြေတောင်းဖို့ စိတ်ကူးကို ဖျက်ပစ်လိုက်ပါတယ်။
ဘာတွေ ပြောချင်လဲ။ ပြောစရာ ရှိတာ ပွင့်ပွင့်လင်းလင်း ပြောနော်
ကျွန်တော့် ဘယ်ဘက်လက်သန်းက လက်သည်းကို သူ့လက်ညှိုးနဲ့ တို့လိုက်ရင်း တွေဝေငေးငိုင်သွားတဲ့ ကျွန်တော့်ကို ပြောတယ်။ အဲ့ဒီ အချိန်မှာ ကျွန်တော် ဆုံးဖြတ်ပြီးသွားခဲ့ပြီ။
ဘာမှ မပြောတော့ပါဘူး။ ဟန်နီရော လို့ ပြန်မေးတော့ ငေးငိုင်သွားတာက သူမဖြစ်သွားလိုက်တာ ကျွန်တော့် လက်သန်းကို ထိထားတဲ့ သူမရဲ့ လက်ကို ပြန်ရုပ်သိမ်းဖို့တောင် မေ့လျော့ နေခဲ့ပါတယ်။ ဟန်နီရဲ့ လက်ကလေးကို တင်းတင်း ဆုပ်ကိုင်လိုက်ချင် စိတ်တွေကို အနိုင်နိုင် ထိန်းထားရတယ်။ အိနြေ္ဒသိက္ခာကို တန်ဖိုးထားတဲ့ ဟန်နီ့အပေါ် ဘာတစ်ခုမှ အခွင့်အရေး မယူရက်လောက်အောင် ကျွန်တော် တန်ဖိုးထားပါတယ်။ ဘာစကားမှ မပြောဖြစ်ပဲ ကျွန်တော်တို့ နှစ်ယောက် အကြာကြီး ထိုင်နေခဲ့ကြတယ်။
ဟန်နီ မသွားခင် လေးရက် အလိုမှာ ထင်မှတ်မထားတာ တစ်ခု ဖြစ်လာတယ်။ ကျွန်တော့်အဘွားရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ။ အသက်မှီချင်ရင် ပြန်လာပါ လို့ အိမ်က ဖုန်းဆက်လာတယ်။ ဟန်နီ့ကို လေဆိပ် လိုက်ပို့ပေးမယ် ကတိပေးထားပြီးမှ ကတိပျက်ရတော့မယ်။ အိမ်က ဖုန်းချချသွားချင်း ဟန်နီကို လှမ်းအကြောင်းကြားတော့ ကလဲ့စားချေတာလား တဲ့။ ဘာကြောင့် ဒီလို ပြောလဲ ကျွန်တော် နားလည်ပါတယ်။ ဟန်နီက ကျွန်တော့်ကို နှုတ်ဆက် ချန်ထားခဲ့ရမဲ့သူ၊ ခုတော့ ကျွန်တော်က သူ့ကို အရင်ဆုံးနှုတ်ဆက် ချန်ထားပြီး အိမ်ပြန်မှာ ကြောင့်ပါ။
အိမ် အပြန် ခရီးတစ်လျှောက်လုံးမှာ ရွှေဘုံပေါ်မှာ ပျော်ပါ ဟန်နီ(နေခြည်)၊ အမှောင်တွေအလယ်မှာ ကိုယ်တစ်ယောက်ထဲ ထားပြီး ဆိုတဲ့ သီချင်းကို အထပ်ထပ်ဆိုရင်း ကြေကြေကွဲကွဲ။
အဲ့ဒီ အချိန်တုန်းက အင်တာနက်ဆိုတာ ကြားဖူးရုံက လွဲပြီး နားမလည်။ အီးမေးလ်ဆိုတာလဲ မရှိ။ ဟန်နီ့ကို ဘယ်လိုဆက်သွယ်ရမှန်းလဲ မသိသလို သူမရဲ့ အိမ်ကိုလဲ ဖုန်းဆက် မမေးဖြစ်ခဲ့ဘူး။ ဒါနဲ့ အဆက်အသွယ် အကြာကြီး ပြတ်နေခဲ့ပါတယ်။ ဟန်နီကတော့ ကျွန်တော် သူမကို အလေးအနက်မထားဘူး လို့ ထင်နေခဲ့မှာပါ။ ကျွန်တော့်ကို ဘာမှ အလေးအနက်မထားပဲ ပေါ့ပေါ့ပါးပါး ပျော်နေနိုင်တဲ့သူလို့ သိထားတာကိုး။ ဟန်နီ သွားပြီး ခြောက်လကျော်ကျော်မှာ ကျွန်တော်အီးမေးလ် စသုံးဖြစ်တယ်။ ဟန်နီနဲ့ ပြန် အဆက်အသွယ် ရသလို တခြား သူငယ်ချင်း တွေနဲ့လဲ ပြန် အဆက်အသွယ် ရတယ်။ နောက်တော့ ဟန်နီက လူတစ်ယောက်နဲ့ တွဲနေပြီလို့ ကြားရတယ်။ ကျွန်တော်နဲ့ သူနဲ့က ချစ်သူတွေ ဖြစ်ခဲ့ဖူးတာ မဟုတ်တော့ ဘယ်လို မေးရမယ်မှန်း မသိပေမဲ့ ဟန်နီ့ဆီက တစ်ခုခုတော့ ကျွန်တော် ကြားချင်တာနဲ့ အီးမေးလ်ပို့ပြီး မေးလိုက်ပါတယ်။ နောက်ရက်တော့ ဟန်နီ့ဆီက စာတစ်စောင် ပြန်လာတယ်။ "လုံးဝမျှော်လင့်မထားဘူး။ ဒါပေမဲ့ သူက အရမ်းဂရုစိုက်ပြီး ကြင်နာတတ်တယ်။ ဟန်နီ့ကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခွင့်လွှတ်ပါ" တဲ့။ တကယ်တမ်းက ကျွန်တော် ခွင့်လွှတ်စရာတောင် မလိုပါဘူး။ ဒါဟာ သူမရဲ့ ရွေးချယ်ပိုင်ခွင့်ပဲလေ။ တကယ်ဆို ဟန်နီနဲ့ ကျွန်တော်က သူငယ်ချင်းကောင်း ဆိုတဲ့ အနေအထားမှာပဲ ရပ်တန့်နေခဲ့ ကြတာမလား။ ဟန်နီ့ရဲ့ ပြန်စာကို ဖတ်ပြီး ကြေကွဲ ပေမဲ့ ကျွန်တော် ကျေနပ်ခဲ့ပါတယ်။


"ဒဏ်ရာတွေကတော့
မကြာခင် ပြန်ကောင်းသွားမှာပါ" ...တဲ့။
လူမမာလေးဟာလည်း
သူရဲကောင်း ဖြစ်ချင်ရှာလွန်းလို့
ဓားတွေ...လှံတွေ... သွေးပါတယ်။
ဒါပေမဲ့...
"..တူ..
တူ....တူ..." ဆိုပြီး
ထွက်ခွာသွားတဲ့ ရထားတစ်စင်းရဲ့
ဥဩဆွဲသံ ပျော့ဖတ်ဖတ်ထဲမှာပဲ
လေးကြိုးလေးဟာ
"ထောင်းခနဲ" ပြတ်သွားပါတော့တယ်...
ဩော်.. ရှုံးပြန်ပြီကွယ်။

ဆရာ တာရာမင်းဝေရဲ့ ကဗျာလေးကို အထပ်ထပ် ဖတ်ရင်း အချစ်ဆိုတာ တိုက်ပွဲတစ်ခု မဟုတ်ဘူး။ အရှုံးနဲ့ အနိုင် ရွေးချယ်တဲ့ ပြိုင်ပွဲတစ်ခုလဲ မဟုတ်ဘူး။ အချစ်ဟာ ကိုယ်ချစ်တဲ့သူရဲ့ ဘဝ မြင့်မားတိုးတက်တာ၊ ပျော်ရွှင်နေတာမြင်ရရင် ကျေနပ်နေတယ် လို့ နားလည်ခဲ့ပါတယ်။

အခုတော့ မကေ၊ ၀သန်၊ ဟန်နီ အားလုံး သားသမီးတွေ ကိုယ်စီနဲ့။ မကေ ကတော့ အိမ်ထောင်ရေး အဆင်မပြေရှာဘူး။ ကျွန်တော့်ကို အရွဲ့တိုက်ပြီး ကျွန်တော့်အိမ်ဘေးက သူငယ်ချင်းတစ်ယောက်ကို တွဲရင်း တကယ် အိမ်ထောင် ကျသွားခဲ့တယ်။ သားလေး တစ်ယောက် သမီးလေး တစ်ယောက် ရပြီးမှ အိမ်ထောင်ကွဲသွားခဲ့တယ်။ ကျွန်တော် မြို့ကလေးကို ခဏ ပြန်ဖြစ်တော့ ခလေးနှစ်ယောက်နဲ့အတူ ကျွန်တော့်ကို လာတွေ့တယ်။ နင့်ကို အခုလို မြင်ရတာ ငါအရမ်း ဝမ်းသာတယ်။ မိန်းမ မယူသေးပဲ ဒီအချိန်အထိ နင့်မိသားစုကို စောင့်ရှောက်နေတာ ငါ ဂုဏ်ယူတယ် တဲ့။ ထုံးစံအတိုင်း စကားတွေ အားရပါးရ ပြောသွားတယ်။ မကေ ကတော့ သူ့ဘဝကို သူ ကျေနပ်နေပုံ ရပါတယ်။
ဝသန် ကတော့ သမီးလေး တစ်ယောက်ရနေပြီ။ ငါးနှစ်တောင် ရှိနေပြီ။ ဟား၊ သမီးလေးက ချစ်စရာလေးဗျ လို့ ကျွန်တော်ပြောတော့ ၀သန် နဲ့ ချွတ်စွပ်ပဲလေ။ စောင့်နိုင်ရင် စောင့်၊ သမီးလေးနဲ့ ပေးစားမယ် လို့ ကျွန်တော့်ကို ပေါက်ပေါက်ရှာရှာ နောက်နေသေးတယ်။ ကျွန်တော် အိမ်ထောင်မကျတာ ဘယ်နားကနေ သိသွားလဲ မပြောတတ်ဘူး။ သူ့ အမျိုးသားကတော့ ဘေးမှာ ပြုံး ပြုံး၊ ပြုံးပြုံးနဲ့။ သူ့ မျက်လုံးတွေထဲမှာ ၀သန့် ကို ချစ်ခင် မြတ်နိုး ရိပ်တွေက ဟိုးတုန်းကထက် ပို သိပ်သည်းလာတာ တွေ့ရတယ်။
ဟန်နီကတော့ သားလေး တစ်ယောက် မွေးပြီး ကတည်းက အလုပ်ရှုပ်နေလို့ ထင်ရဲ့။ ဖုန်းမဆက်ဖြစ်ကြတာ ကြာပြီ။ တခါတလေ အွန်လိုင်းမှာ တွေ့ရင် အရင်လို ဟေး၊ လူပျိုကြီး မစွံသေးဘူးလား ဆိုတဲ့ အဖြေရ ခက်တဲ့ မေးခွန်းနဲ့တောင် မစ မနောက်နိုင်တော့ဘူး။ သားဦးလေးနဲ့ ပျော်လို့။
ကိုယ်ချစ်တဲ့ သူတွေ ခုလို ဘဝမှာ အဆင်ပြေ ပျော်ရွှင်နေတာ မြင်ရတော့ ကျေနပ်တယ်။ ဝမ်းလဲ သာတယ်။ ဖြူစင်တဲ့ မေတ္တာနဲ့ သူငယ်ချင်း မိတ်ဆွေတွေလို အခင်အမင် မပျက်တာကိုလဲ ကျေးဇူးတင်တယ်။
အချစ်ဆိုတာ ပင်လယ်ကြီးနဲ့တူတယ်တဲ့။ အမြဲတမ်း လှုပ်ရှားရွှေ့လျား နေတယ်။ ပင်လယ် ကမ်းခြေတွေရဲ့ သဘာဝပေါ် မူတည်ပြီး ချစ်စရာကောင်းတဲ့ ပင်လယ်ကြီးကို ရှုမြင်ခံစားရတဲ့ ခံစားမှုခြင်းကတော့ မတူကြဘူးတဲ့။ ငပလီရဲ့ အလှ၊ ငွေဆောင်နဲ့ ချောင်းသာတို့ရဲ့ အလှ မတူသလိုပဲပေါ့ဗျာ။
ကျွန်တော်ကတော့ ပင်လယ်ကြီးထဲက လှိုင်းလေးတစ်ခုလောက်ပဲ ကိုယ့်ကိုယ်ကို သဘောထားပါတယ်။ အဲ့ဒီ လှိုင်းကလေးက ကမ်းခြေတစ်ခုမှာ ရပ်နားရမှာပါ။ ခုလောလောဆယ်တော့ အဲ့ဒီ လှိုင်းကလေး ဖြတ်သန်းလာရာ လမ်းက ကျွန်းတွေ ထူထပ်လွန်းလို့ ကမ်းခြေကို မရောက်နိုင်သေးဘူး။
အခုလတ်တလောမှာ ကမ်းခြေဆိုတဲ့ ရပ်နားစရာ နေရာလေး ရောက်ပြီ ထင်နေတုန်း ကျွန်းတစ်ခုက ခံနေပြန်လို့ လှိုင်းကလေးလဲ ပြိုကွဲရပြန်ပါတယ်။ ဒီတစ်ခါတော့ စတုတ္ထမြောက် လေပြည်ကလေး က ရှည်လျားတဲ့ မှာတမ်းစာ တစ်စောင်နဲ့ ကျွန်းကလေးမှာ ခြေရာ ချန်ထားခဲ့ပြီး ဘယ်တော့မှ ပြန်မဆုံနိုင်အောင် ဝေးတဲ့ ခရီးတစ်ခုကို အပြီးတိုင် ထွက်သွားခဲ့ပြန်ပါပြီ။ အဲ့ဒီ မှာတမ်းစာလေးကို ကျွန်တော့်စိတ်တွေ ပြန်ဆောက်တည်ရာ ရမှပဲ မိတ်ဆွေ တို့နဲ့ မျှဝေခံစား ချင်ပါသေးတယ်။


(တော်သေးတာပေါ့နော်။ လှိုင်းကလေးလို့ ယူဆထားပေလို့။ ပင်လယ်ကြီးလို့သာ ယူဆထားရင်တော့ မလွယ်ဘူး လို့ တော့ မပြောကြပါနဲ့ဗျာ။ တစ်နေ့တော့ ကျွန်တော် ရပ်နားရမဲ့ ရင်ခွင်ကမ်းခြေတစ်ခု ရှိနေမှာကို ယုံကြည်ဆဲပါ။)





ချစ်ကြသူတိုင်း ရာသက်ပန် မခွဲစတမ်း ပေါင်းသင်း ချစ်ခင် နိုင်ကြပါစေ။
မေတ္တာဖြင့်
ရေးသားသူ -မိုးကုတ်သား


Monday, February 9, 2009

ချစ်သူများနေ့ ချစ်ပုံပြင်

မယုံရင် ပုံပြင်လိုကသာ မှတ်ပေးကြပါဗျာ။
အင်တာနက်ကနေ ကျွန်တော် Rose ဆိုတဲ့ နှင်းဆီပန်းလေးနဲ့ တူတဲ့ သူမကို သိကျွမ်းခဲ့တယ်။ မိတ်ဆွေတွေအဖြစ် တော်တော်ကြာကြာ ရင်းနှီးခဲ့ကြပြီး နောက်ပိုင်းမှာတော့ တစ်ယောက်ကို တစ်ယောက် ပို နားလည်လာပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ကြတယ် ဆိုပါတော့။ အင်တာနက်ချစ်သူ၊ onlineချစ်သူ ကြိုက်သလိုသာ သတ်မှတ်ကြပါဗျာ။
ဘာပဲဖြစ်ဖြစ် ကျွန်တော် သူမကို တကယ်ချစ်သလို သူမကလဲ ကျွန်တော့်ကို တကယ်ချစ်တယ် ဆိုတာ နှလုံးသားချင်း နားလည်ခံစားလို့ ရပါတယ်။ ကျွန်တော့် အီးမေးလ်ထဲကို စကင်န်ဖတ်ပြီး သူမ ရေးပို့လိုက်တဲ့ စာတွေ ရောက်လာတတ်လို့သာ သူမရဲ့လက်ရေးကိုပဲ ကျွန်တော် ရင်းနှီးခွင့် ရခဲ့တာပါ။ ဒါပေမဲ့ သူမက သူမရဲ့ ဓာတ်ပုံကို ဘယ်တော့မှ ကျွန်တော့်ကို မပြခဲ့ပါဘူး။ သူမကို တကယ်ချစ်တယ်ဆိုရင် ရုပ်ရည်ဆိုတာက အရေးကြီးလို့လား လို့ အမြဲ ပြန်ပြောတတ်ပါတယ်။ သူမကိုလဲ Rose လို့ သိထားရုံကလွဲပြီး ဘယ်သူဘယ်ဝါ ကျွန်တော် လုံးဝ မသိခဲ့ရပါဘူးဗျာ။ ဒါပေမဲ့ သူမ ကျွန်တော့်ကို နှစ်နှစ်ကာကာ ချစ်တယ် ဆိုတာတော့ ရင်ထဲ၊ အသဲထဲကနေကို ခံစား နားလည်လို့ ရတယ်ဗျ။
ဒီလိုနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်လာကြတာ တစ်နှစ်နီးပါး ကြာလာခဲ့ပြီ။ အရင်နှစ် ချစ်သူများနေ့ မတိုင်ခင်ကတော့ သူမနဲ့ ကျွန်တော်က မိတ်ဆွေတွေလိုပဲ ရင်းနှီးနေကြတော့ မတွေ့ဖြစ်ကြဘူး။ ဒီနှစ် ချစ်သူများနေ့မှာတော့ ကျွန်တော် သူမကို အပြင်မှာ မြင်ဖူးချင်နေပြီလေ။ ကိုယ့်ချစ်သူကို ဘယ်သူဘယ်ဝါမှန်းမသိဘဲ အချိန်အကြာကြီး ကျွန်တော် စွဲစွဲလန်းလန်း ချစ်မြတ်နိုးခဲ့ တာပဲ။ သူမဆီက ချစ်သူများနေ့အတွက် အလိုချင်ဆုံး လက်ဆောင်က သူမနဲ့ တွေ့ခွင့်ရဖို့ပါ။ အဲ့ဒီ အခွင့်အရေးကို သူမက ပေးခဲ့ပါတယ်။

"ကိုယ် Rose ကို ဘယ်လို သိနိုင်မှာလဲ"

ကျွန်တော်က သူမကိုမေးတော့ "မောင်ရယ်၊ ကျွန်မကို မောင်မှတ်မိမှာပါ။ ကျွန်မရင်ဘတ်မှာ အနီရောင် နှင်းဆီလေး ထိုးထားမယ်လေ"

"ကိုယ့်ကိုရော Rose က မှတ်မိမှာမို့လို့လား"

"မှတ်မိတာပေါ့။ Rose မှာ မောင်ပေးထားတဲ့ ဓာတ်ပုံတွေ ရှိတယ်လေ"

"ဓာတ်ပုံက အတုတွေ ဖြစ်နေရင်ကော" လို့ ကျွန်တော်က ပြန်မေးတော့

"Rose ရဲ့ကံပေါ့ မောင်ရယ်။ မောင့်ကို ယုံတယ်" တဲ့။

ဒီလိုနဲ့ပဲ ချစ်သူများနေ့ကို ရောက်လာပါပြီ။
သူမချိန်းထားတဲ့ နေရာကို ချိန်းထားတဲ့ အချိန်ထက် စောပြီး ကျွန်တော် ကြို ရောက်နေခဲ့တယ်။ ချိန်းထားချိန် နီးလာတော့ ခပ်လှမ်းလှမ်းကနေ အစိမ်းနုရောင်ဝတ်စုံနဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ဘက်ကို လျှောက်လာတယ်။ သွယ်လျတဲ့ ကိုယ်ဟန်၊ ဆံနွယ်ရှည်ရှည်လေးတွေနဲ့ သူမဟာ နွေဦးရာသီက အသက်ဝင်လာသလို ကဗျာဆန်လှပ လွန်းနေတယ်။ ကျွန်တော့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ သူမရဲ့ ပုံရိပ်လေး အတိုင်းပါပဲ။ ဒါဟာ Rose လို့ ရင်ထဲက အတိအကျ သိလိုက်ပါတယ်။ သူမ ကျွန်တော့်အနား ရောက်လာတဲ့အထိ မစောင့်နိုင်တော့ပဲ သူမရှိရာကို ကျွန်တော် ပြေးသွားခဲ့တယ်။

"Rose လား"

ဝမ်းသာအားရနဲ့ ကျွန်တော်မေးတော့ လှစ်ခနဲပြုံးလိုက်တဲ့ သူမကြောင့် ကျွန်တော့် ရင်ခုန်သံတွေကို အနိုင်နိုင်ထိန်းရင် အရှက်ပြေ ရယ်လိုက်မိတယ်။


ဒီတော့မှ သူမရဲ့ ရင်ဘတ်မှာ နှင်းဆီပန်းအနီလေး ပါမလာတာကို သတိထားမိသွားပါတယ်။

"အိုး၊ ဆောရီး"

သူမက ချိုသာတဲ့ ရယ်သံ လွင်လွင်လေးနဲ့ အတူ ဆက်လျှောက်သွားခဲ့တယ်။ သူမကို ငေးကြည့် ကျန်ခဲ့ရင်း ကျွန်တော့ ရင်ဘတ်ထဲမှာ လွတ်ဟာပြီး ကျန်ရစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ အမျိုးသမီး တစ်ယောက်က ကျွန်တော့် မြင်ကွင်းထဲ ရောက်လာပါတယ်။ သူမက အသက် လေးဆယ် ကျော်ကျော်လောက် ရှိနေပါပြီ။ တော်တော်လေး ဝလွန်းနေတဲ့အတွက် သူမစီးထားတဲ့ ဒေါက်မြင့်ဖိနပ်ကတောင် ယိုင်တိုင်တိုင် ဖြစ်နေသလိုပဲ။ တစ်ခုရှိတာက သူမရဲ့ ရင်ဘတ်မှာ နှင်းဆီပန်း အနီရောင်တစ်ပွင့် ထိုးထားတယ်။ နောက်ပြီး သူမ မျက်နှာက ကြင်နာ သနားတတ်တဲ့ ပုံမျိုး။ အရောင်မှိန်စ ပြုနေတဲ့ သူမရဲ့ အညိုရောင် မျက်လုံးတွေက နွေးထွေးမှု အပြည့်နဲ့။ ကျွန်တော့ ရင်ထဲမှာ နွေးထွေးလို့ သွားခဲ့တယ်။ ဒါဟာ အချစ်ကြောင့် မဟုတ်ဘူး။ သူမရဲ့ ဖော်ရွေတဲ့ အပြုံးတွေနဲ့ ကြင်နာတတ်တဲ့ မျက်ဝန်းတွေကြောင့် ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော် သိနေတယ်။ ကျွန်တော့ အဒေါ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ကျွန်တော့ရဲ့ ချစ်သူ မဟုတ်အုံးတောင် အရင်းနှီးဆုံး မိတ်ဆွေတော့ ဖြစ်နိုင်တယ်မဟုတ်လား။

"ကျွန်တော်က ဖိုးကို ပါ။ အန်တီက Rose လားခင်ဗျာ"

အမျိုးသမီးက တစ်ချက် ပြုံးလိုက်တယ်။

"ဒို့တွေ စားသောက်ဆိုင် တစ်ခုခုမှာ ညနေစာ စားရင်း အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ဒို့ကို မြင်တော့ ရှောင်မသွားပဲ နှုတ်ဆက်တာ အရမ်း ကျေးဇူးတင်တယ်"

စားသောက်ဆိုင်ကို အတူတူ လျှောက်သွားရင်း ကျွန်တော် မနေနိုင်ပဲ မေးမိတယ်။

"Rose က အသက် နှစ်ဆယ့်နှစ်နှစ်လို့ ကျွန်တော့်ကို ညာခဲ့တယ်နော်"

"Roseက မညာခဲ့ပါဘူး ငါ့တူရယ်။ ငါ့တူက အန်တီ့ကို လာနှုတ်ဆက်ပြီး အခုလို စားသောက်ဆိုင်ကို လိုက်ခဲ့မယ်ဆိုရင် ခေါ်ခဲ့ဖို့ အန်တီ့ကို မှာထားလို့ပါ။ စောစောက အင်္ကျီ အစိမ်းရောင်နဲ့ ကောင်မလေးက Rose ပဲပေါ့။ သူအခု သားကို စားသောက်ဆိုင်ထဲမှာ စောင့်နေပါတယ်။ အန်တီ့ တူမက သားကို စမ်းသပ်ချင်လို့ အန်တီ့ကို အကူအညီတောင်းထားလို့ပါ။ တစ်ကယ်လို့ သားကသာ အန်တီ့ကို လာနှုတ်မဆက်ပဲ ထွက်သွားရင်တော့ သား Rose ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူးလေ"


ချစ်သူများနေ့မှာ ချစ်ခင်ကြသူတိုင်း အတူတကွ ပေါင်းဆုံ ပျော်ရွှင်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

ဝန်ခံချက် -
A Valentine Day Story ဆိုတဲ့ စာလေးကို ခံစားပြီး ဆီလျှော်အောင် ပြန်ရေးထားတာပါ။

Saturday, February 7, 2009

အချစ်ဆိုသည်မှာ

ချစ်သူများနေ့ အကြိုအတွက် ဒီ အချစ်ဆိုသည်မှာ ကို မျှဝေခံစားလိုက်ပါတယ်။


အချစ်ဆိုသည်မှာ ကိုယ်ချစ်တဲ့သူ ပျော်နေတာနဲ့တင် ကိုယ်ပါ အလိုလို ပျော်နေမိတာမျိုး၊ သူ စိတ်မချမ်းသာချိန်မှာ ကိုယ်လဲ မပျော်နိုင် ဖြစ်နေတတ်တာမျိုးပါ။ ကံကြမ္မာအကောင်း၊ အဆိုးမှန်သမျှကို ရင်ဆိုင်ရချိန်တိုင်းမှာ အတူတကွ အမြဲ ရှိနေကြပါတယ်။ အချစ်က ခွန်အားတွေရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ အချိန်တိုင်း ကိုယ့်ကိုယ်ကို ရိုးသားမှုရှိနေသလို ကိုယ်ချစ်တဲ့သူ အပေါ်မှာလဲ အချိန်ပြည့် ရိုးသား နေတာမျိုးပါ။ မှန်ကန်တဲ့ စကားပဲ ပြောတယ်။ မှန်မှန်ကန်ကန် နားထောင်တယ်။ မှန်တဲ့ ချစ်ခင်လေးစားမှု ရှိမယ်။ ဘယ်တော့မှ ဟန်ဆောင် ဖုံးကွယ်မထားဘူး။ အချစ်က အမှန်တရားရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ကိုယ်ချစ်တဲ့သူဟာ ကိုယ့်ဘဝရဲ့ အလိုအပ်ဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ နားလည်ခံစား
ရတာမျိုးပါ။ ကိုယ် ချစ်တဲ့သူကို ဘာကြီးဖြစ်အောင်၊ ဘယ်လိုဖြစ်အောင် ဆိုပြီး ဇွတ် ပြောင်းလဲခိုင်းဖို့လဲ ဘယ်တော့မှ မကြိုးစားပဲ သူတို့ရဲ့ ပင်ကိုယ် သဘာဝ စိတ်ဓာတ်၊ အသွင်အပြင်အတိုင်း လက်ခံနိုင်ရပါမယ်။ အချစ်ဆိုတာ ညီညွတ်စွာ ပေါင်းစည်းမှု ရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ကိုယ့် ဘဝ အတွေ့အကြုံတွေကို ကိုယ့်ချစ်သူနဲ့ မျှဝေခံစားရင်း တချိန်ထဲမှာပဲ ကိုယ့်ရဲ့ စိတ်ခံစားမှု၊ စိတ်ကူးယဉ်မှုအာရုံ တွေကိုပါ လွတ်လပ်စွာ ဖမ်းယူနိုင်တဲ့ ငြိမ်းချမ်း လွတ်လပ်မှုကို ခံစားလို့ ရနေတာမျိုးပါ။ ကိုယ်တိုင်ရဲ့ဘဝကို တိုးတက်ရင့်ကျက်စေသလို ချစ်သူရဲ့ဘဝကိုပါ မြင့်မားစေတဲ့ ပွားစည်းမှုမျိုးပေါ့။ အချစ်ဆိုတာ အောင်မြင်မှုရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ဘဝရှေ့ရေးကို အတူတကွ ကြံစည်ညှိနှိုင်းရင်း စိတ်လှုပ်ရှား ရင်ဖို ရတာမျိုး၊ အလုပ်တစ်ခုကို အတူတကွ လုပ်ဆောင်ရင်း စိတ်လှုပ်ရှား ရင်ဖို ရတာမျိုးပါ။ အချစ်ဆိုတာ အနာဂါတ်ရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ မုန်တိုင်းတစ်ခုရဲ့ ဒေါသလဲ ဖြစ်သလို သက်တန့်တစ်စင်းရဲ့ တည်ငြိမ်လှပမှုလဲ ဖြစ်တယ်။ အချစ်ဆိုတာ စိတ်လှုပ်ရှားမှု ဇောအဟုန်ရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထဲက ပိုင်ဆိုင်ရယူမှု၊ စွန့်လွှတ်ပေးဆပ်မှု တွေပဲပေါ့။ ဆစ်ယောက်ရဲ့လိုအပ်ချက်နဲ့ စိတ်ခံစားမှုတွေကို တစ်ယောက်က နားလည် သည်းခံနိုင်တာမျိုးပေါ့။ အချစ်ဆိုတာ မျှဝေခံစားမှုရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘေးမှာ သူအမြဲ ရှိတယ်လို့ ခံစားသိနေတာမျိုး၊ ကိုယ့်ဘေးမှာ သူမရှိရင် လွမ်းနေတတ်ပေမဲ့ ကိုယ့်ရဲ့ နှင်္လုးသားထဲမှာ အချိန်တိုင်း နီးနီးကပ်ကပ် ရှိနေတယ်လို့ ခံစားနေရတာမျိုးပါ။ အချစ်ဆိုတာ လုံခြုံမှုရဲ့ အရင်းအမြစ်ပါ။

တကယ်တော့ အချစ်ဆိုတာ ဘဝရဲ့ အရင်းအမြစ်ပါပဲ။



Susan Polis Schutz ရဲ့ Love Is... ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
မိုးကုတ်သား








Thursday, February 5, 2009

ဲမြစ်ထဲ မျောတဲ့ရေ

မြစ်ထဲမျောတဲ့ရေ
-------
မျှော်လင့်ယုံကြည်ချက်
ရွှေအိုရောင် အိပ်မက်တွေနဲ့
ဘဝကိုတည်ဆောက်ချင်သူဟာ
ကံကြမ္မာဆိုတဲ့
မျက်လှည့်ဆရာရဲ့ရှေ့မှောက်
ဒူးထောက်နေရပေါ့။
အဖော်မဲ့ ညခရီးကြမ်းတွေကို
ဖြတ်သန်း
တပင်တပန်း
လျှောက်လှမ်းလာခဲ့ပြီးမှ
အာရုံတက်ချိန် မမြင်ရတဲ့အဖြစ်လောက်
ရင်နာစရာကောင်းတာ
ဘာရှိအုံးမှာလဲ တဲ့။
ခုများတော့...
ယိုင်နဲ့နေတဲ့စိတ်ဓာတ်
မဖြတ်လတ်တဲ့အာရုံတွေသာ
အနိုင်နိုင်
ပန်းတိုင်လည်းမှုန်ဝါးဝါး
ခွန်အားသွတ်သွင်းတဲ့ အခါတိုင်း
ရိုင်းစိုင်းလှတဲ့ကြမ္မာကို
အပြစ်ဆိုပုံချ..
ကဲ...
ဘဝဇာတ်ဆရာရေ
ကချင်တိုင်းက...။
---------------------------------------
ကျောင်းဆက်မတက်နိုင်တော့တဲ့အတွက် ဘာဆက်လုပ်ရမယ်မှန်းမသိ။ တက္ကသိုလ်တက်၊ ပညာတတ်ဘွဲ့ရပြီး ပညာနဲ့ အသက်မွေးဝမ်းကျောင်းမယ် ဆိုတဲ့ ရည်မှန်းချက်တွေ လဲပြိုခဲ့ရချိန်ကေ၇းဖြစ်ခဲ့တာပေါ့။ မှတ်မှတ်ရရ ရှိနေတာက ဆရာမ မေငြိမ်းရဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်ပြီးမှ အိပ်ပျော်သွားတယ်။ တရေးနိုးလာတော့ ဒီကဗျာလေးကို စိတ်ထွက်ပေါက်အနေနဲ့ ချရေးဖြစ်တယ်။
ရေးသားသူ - ဖိုးတာ

Wednesday, February 4, 2009

ဒေါ်နန်းကြည့်တောင်ပေါ်က ကျောက်သေတ္တာ

ရီစရာ ပြောမလို့ဗျ။ မရီရလဲ ရီစရာလို့ မှတ်ဗျာ။
ကျွန်တော်တို့ မြို့ ကလေးက ဒေါ်နန်းကြည့်တောင် ဆိုတာကို သိတဲ့သူတွေလဲ ရှိကြမယ်။ မသိတဲ့ သူတွေကတော့ ဒီနေရာလေးမှာ ဖတ်လို့ရပါတယ်။ အဲ့ဒီ တောင်ပေါ်မှာ ထူးခြားတာလေးတွေ ရှိတယ်ဗျ။ ကျောက်သေတ္တာ နဲ့ နတ်ရေကန်ကိုတော့ မှတ်မိသေးတယ်။ ကျန်တာတွေက မေ့ကုန်ပြီ။ အမှတ်မိဆုံးက ကျောက်သေတ္တာပေါ့။ ဘာလို့လဲဆိုတာကိုတော့ ဖတ်ပြီး သိသွားပါလိမ့်မယ်။အဲ့ဒီ ကျောက်သေတ္တာရဲ့ ရာဇဝင်က ဂလိုဗျ။
ဟိုးအရင်တုန်းက ဒေါ်နန်းကြည့်တောင်ပေါ်မှာ ကျောက်သေတ္တာကြီးတစ်လုံး ရှိတယ်။ အဲ့ဒီ ကျောက်သေတ္တာကြီးထဲမှာ အမျိုးပေါင်းများစွာသော ရွှေ၊ငွေ၊ ပတ္တမြား၊ ကျောက်မျက်ရတနာ ပစ္စည်းတွေ ရှိသတဲ့။ လူတွေက ပွဲလမ်းသဘင်ရှိပြီ ဆိုတဲ့အခါ အဲ့ဒီ ကျောက်သေတ္တာကြီးဆီကို သွားပြီး လက်ဝတ်ရတနာတွေ ငှားရမ်း ဝတ်ဆင်ကြတယ်။ အဲ့ဒီလို ငှားဖို့ ခွင့်တောင်းလိုက်ပြီဆို ကျောက်သေတ္တာရဲ့ ကျောက်ဖျာ တံခါးကြီးက ပွင့်သွားပြီးရင် ကိုယ် ကြိုက်နှစ်သက်ရာ လက်ဝတ်ရတနာကို ငှားလို့ ရတယ်တဲ့။ ပြီးရင်တော့ ကျောက်သေတ္တာကြီးဆီ ပြန်လာ အပ်ရတာပေါ့။ နောက်ပိုင်းတော့ လူတွေလဲ ဟိုးတုန်းကလို သစ္စာမရှိကြတော့ဘူး။ လက်ဝတ်ရတနာတွေ ငှားပြီး ပြန်လာ မပေးကြတော့ဘူးတဲ့။ ဒါနဲ့ ကျောက်သေတ္တာကြီးလဲ စိတ်ဆိုးသွားလို့ ထင်ပါတယ်။ လာငှားရင် တံခါး မဖွင့်ပေးတော့ဘူးတဲ့။ သစ္စာ အဓိဌာန်ပြုပြီး သေချာပေါက် ပြန်လာအပ်မယ် ဆိုမှ ဖွင့်ပေးတော့တယ်တဲ့။ အရင်လို ရွှေတံခါးကြီးဖွင့်ပါဦး ဆိုရုံနဲ့ မရတော့ဘူး ဆိုပါစို့။ နောက်ပိုင်းမှာတော့ သစ္စာ အဓိဌာန်ပြုပြီး ငှားတဲ့ သူတွေထဲက တစ်ချို့က ကတိ မတည်ပဲ ပြန်လာ မအပ်တော့ သစ္စာစူးပြီး ဒုက္ခတွေ ဖြစ်ကုန်ကြရော။ ဒါနဲ့ နောက်ဆုံးတော့ ကျောက်သေတ္တာကြီးရဲ့ တံခါးက လုံးဝပိတ်သွားပါလေရော တဲ့။
အင်း၊ ပြောသံကြားတာကတော့ ကျောက်သေတ္တာကြီးကို ခုနှစ်ပတ် ပြည့်အောင် ပတ်ပြီး တစ်ခုခုကို အာရုံပြု လို့ မှန်ကန်တဲ့သစ္စာစကား ဆိုခဲ့ရင် ကျောက်သေတ္တာကြီး ပွင့်တယ်ဆိုပဲဗျ။ အဲ့ဒါကို ကျွန်တော် ပုံပြင်လေး ကြားပြီးကတည်းက စိတ်ကူးယဉ်ပြီး သွားသွား ဖွင့်ကြည့်နေခဲ့တာ (စိတ်ထဲမှာပါဗျ) ကြာပေါ့။
တစ်ခါတော့ ကျွန်တော်တို့ အိမ်ကို ရွာက အမျိုးတွေ လာလည်ကြတယ်။ ဧည့်သည်တွေက ဒေါ်နန်းကြည်တောင် တက်ချင်တယ် ဆိုတော့ အဖွားက ဟဲ့၊ အာလူး။ ဧည့်သည်တွေကို လိုက်ပို့ပေးလိုက် တဲ့။ နွေရာသီ ကျောင်းပိတ်လို့ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့ ကျွန်တော်လဲ အကြံနဲ့ ပျော်ပျော်ကြီး လိုက်ပို့ပေးတာပေါ့။ တောင်တက်လမ်းတစ်လျှောက် ဆရာကြီး လုပ်ပြီး လူကြီးတွေကို ခေါ်လာလိုက်တာ ပျော်မှပျော်။ လမ်းမှာတွေ့တဲ့ စေတီအဟောင်း အပျက်တွေကိုလဲ ဧည့်သည်တွေ တမေးထဲ မေးလာတာနဲ့ ကြုံသလို လေအာလူး ပေးပြီး ဖြီးဖျန်းလာခဲ့တာပေါ့။ တကယ်တော့ ကျွန်တော်က ထင်းခုတ်သွားတဲ့ အချိန်ကလွဲပြီး အဲ့ဒီတောင်ပေါ် တက်မလည်ဘူးသလို ဘာသမိုင်းမှလဲ ရေရေရာရာ သိတာမဟုတ်။ ဒါပေမဲ့ နာမည် ပျက် ဘယ်ခံမလဲဗျာ။ အတည်ပေါက်နဲ့ ရွှီးရွှမ်း ဖြီးဖျန်းလာလိုက်တာ ဧည့်သည်တွေလဲ ဟင်၊အော်၊ ဟုတ်လား။ ထူးဆန်းလိုက်တာနော် နဲ့ တောင်တက်လမ်းရဲ့ခရီး သုံးပုံနှစ်ပုံကို ဘယ်လိုမှတောင် မမောလိုက်ရပဲ ရောက်ကရော ဆိုပါတော့။
ဟဲ့၊ နင်ပြောတဲ့ ကျောက်သေတ္တာ ဆိုတာ ဟိုနားက မြင်နေရတဲ့ ကျောက်ဖျာကြီးလား
ဟုတ်တယ် ကြီးကြီးရေ့။ အဲ့ဒိကျောက်သေတ္တာကြီးက လူနှစ်ပြန်စာ ကျယ်ရုံမကဘူး သေတ္တာကြီး အတွင်းကလဲ နက်မှနက်ဆိုပဲဗျ။ အဲ့ဒီထဲမှာ ရတနာတွေ ဘယ်လောက်ရှိမလဲ စဉ်းစားသာ ကြည့်တော့
ဧည့်သည်တွေကလဲ မမြင်ရတဲ့ ရတနာတွေကို စိတ်ကူးယဉ်ကြည့်နေကြတယ်။ သိသားပဲဗျာ။ ကျောက်သေတ္တာကြီးနားမှာ ခဏ အမောဖြေနေတုန်း ကြိုတင် ကြံစည်ထားတဲ့ အတိုင်း စမ်းသပ်မှုကို စတော့တာပေါ့ဗျာ။
ကြီးကြီးတို့ရေ။ ကျွန်တော် ပြောပြဖူးသလိုပဲ ကျောက်သေတ္တာကြီးကို ပွင့်လား မပွင့်လား ခုနှစ်ပတ် ပတ်ကြည့်ကြပါလား အကဲစမ်းပြီး ပြောကြည့်တော
ဟဲ့၊ နင့်ဟာက ဟုတ်ကောဟုတ်ရဲ့လား။ တောင်တက်လာတဲ့သူတွေ တစ်ယောက်မှ ဒီမှာ လာပတ်တာ မတွေ့မိသေးပါဘူး
အင်း၊ အခြေအနေ ကြည့်ရတာတော့ သူတို့ ပတ်ချင်နေပုံပဲ။ ဘီးလေးနဲနဲတော့ တွန်းပေးရတာပေါ့ဗျာ။
အာ၊ ကြီးကြီးတို့ကလဲ။ သူတို့ လာပတ်ပြီး မပွင့်လို့ နေမှာပေါ့ဗျ။ ကြီးကြီးတို့ သစ္စာပြုတာလဲ မှန်မယ်၊ ကံလဲစပ်မယ်ဆိုရင် ပွင့်ချင် ပွင့်မှာပေါ့ဗျ
ဒါပဲ ပြောလိုက်ရတယ်။ ဖယောင်းတိုင်လေး မီးထွန်းပြီး လက်ထဲမှာကိုင်တဲ့သူကကိုင်၊ စိတ်ပုတီးလေးစိတ်တဲ့သူက စိတ်နဲ့။ ပါးစပ်ကလဲ လှုပ်စိလှုပ်စိနဲ့ ရွတ်ဆိုပြီး ပတ်ကြပါလေရော။
ဟဲ့၊ အာလူး။ ခုနှစ်ပတ်ပြည့်ရင် ပြောနော် လို့တောင် မှာကြရှာသေးတယ်။
တောင်ပေါ်တက်လာတဲ့ သူတွေက ကျောက်သေတ္တာကြီးကို ပတ်နေတဲ့ အမျိုးသမီး ခြောက်ယောက်ရယ်၊ သူတို့ကို လက်ပိုက်ပြီး ပြုံးစိစိ ကြည့်နေတဲ့ ဆယ့်နှစ်နှစ်သား ကောင်လေးရယ်ကို အထူးအဆန်း ဖြစ်ပြီး ရပ်ကြည့်သွားကြတယ်။
ဟဲ့၊ နင့်ဟာက ဟုတ်ရဲ့လား။ လူတွေက ငါတို့ကို ရပ်ရပ်ကြည့်ပြီး ပြုံးသွားကြတယ်။ အရူးတွေနဲ့ ငါတို့တူနေပြီလား မသိဘူး။
ဟာ၊ ကြီးကြီးတို့ကလဲ။ အဓိဌာန်ပြုပြီး ပတ်ပါဆို၊ အာရုံတွေ အခုလို လွင့်နေတော့ ဘယ်လိုလုပ်မလဲ။ ကျောက်သေတ္တာကြီးလဲ ပွင့်တော့မှာ မဟုတ်ဘူး။ အစကနေပြန်ပတ် ဆိုတော့ ပြန်ပတ်ကြတယ်ဗျာ။ ဒီတစ်ခေါက်တော့ မျက်လုံးလေးတွေတောင် မှိတ်လို့။ လူတွေ လာကြည့်နေကြတာ မြင်နေရရင် ရှက်လို့လား။ သေသေချာချာ အဓိဌာန်ပြီး ပတ်နေကြလားတော့ မသိဘူးပေါ့ဗျာ။
ကျွန်တော်လဲ စပ်စုတတ်တဲ့ တောင်တက်သူတွေက ဘာလုပ်နေကြတာလဲ မေးလာရင် အဓိဌာန်နေတာလေ လို့ ခပ်တည်တည်နဲ့ ပြောလွှတ်တယ်။ အသိတွေနဲ့ တွေ့ရင်ကတော့ လျှာထုတ်ပြီး မျက်စပစ်ပြလိုက်ရင် သဘောပေါက်ပြီး အာလူးတို့ကတော့ မနိုင်ဘူး ဆိုတဲ့ အကြည့်နဲ့ ပြုံးစိစိ ဖြစ်သွားကြတယ်။
ခုနှစ်ပတ်သာ ပြည့်ရော၊ ကျောက်သေတ္တာပေါ်က ကျောက်ဖျာကြီးက တုပ်တုပ်မှတောင် မလှုပ်ဘူး။ ဧည့်သည်တွေလဲ ပွင့်လာနိုးနဲ့ ကျောက်ဖျာကြီး ဘေးမှာ တန်းစီ ရပ်နေကြတယ်။
ကြီးကြီးတို့ကလဲ၊ နေ့ရောညရော ဘုရားရှိခိုးနေပြီး ဒီကျောက်ဖျာလေး ပွင့်အောင်တောင် အဓိမဌာန်နိုင်ကြဘူး
သူတို့စောဒက မတက်ခင် ကိုယ်က ဦးအောင် ပြောထားလိုက်တော့ ဧည့်သည်တွေလဲ ဘာမှ အထွန့် မတက်နိုင်တော့ဘူး။ ကျောက်သေတ္တာကြီးကို ဆယ်ပတ်မက ပတ်လိုက်ရတော့ တော်တော် မောသွားကြပြီလေ။ ဒါတောင် ကျောက်သေတ္တာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ နတ်ရေကန်က ရေတွေကို သောက်ခိုင်းမယ် ကြံထားတာ၊ ဖုန်းကြီးကျောင်းက ခွေးတစ်ကောင် ကန်စပ်မှာ သေးပန်းသွားတာ မြင်လို့ မသောက်ခိုင်းတော့ပါဘူး။
အင်း။ အာလူးဆိုတဲ့ကောင်က အဲ့ဂလို ဗရုတ်ကျ၊ ချောက်ချတတ်တဲ့ သူမျိုး။ ခုချိန် စာရေးရင်း ကြီးကြီးတွေရဲ့ ကျောက်သေတ္တာ ပတ်နေတဲ့ပုံတွေကို ပြန်မြင်ပြီး သနားလဲ သနားတယ်။ ရယ်လဲ ရယ်ချင်နေတုန်းပဲ။ မိတ်ဆွေတို့လဲ မိုးကုတ်ကို အလည်ရောက်လို့ ဒေါ်နန်းကြည့်တောင်ကို သွားပြီး ကျောက်သေတ္တာကြီး ကြည့်ချင်တယ်ဆို ပြောဗျို့။ အခမဲ့ လမ်းပြ လိုက်လုပ်ပေးမယ်။
လောလောဆယ်တော့မိုးကုတ်မြို့ကို ဒီနေရာလေးကနေ အလည်ဖိတ်ခေါ်လိုက်ပါတယ်ဗျို့။
အမှတ်တရ
အပျင်းပြေ ပြုံးစေ ပျော်စေသော်ဝ်
အာလူးလေး