Monday, February 9, 2009

ချစ်သူများနေ့ ချစ်ပုံပြင်

မယုံရင် ပုံပြင်လိုကသာ မှတ်ပေးကြပါဗျာ။
အင်တာနက်ကနေ ကျွန်တော် Rose ဆိုတဲ့ နှင်းဆီပန်းလေးနဲ့ တူတဲ့ သူမကို သိကျွမ်းခဲ့တယ်။ မိတ်ဆွေတွေအဖြစ် တော်တော်ကြာကြာ ရင်းနှီးခဲ့ကြပြီး နောက်ပိုင်းမှာတော့ တစ်ယောက်ကို တစ်ယောက် ပို နားလည်လာပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ကြတယ် ဆိုပါတော့။ အင်တာနက်ချစ်သူ၊ onlineချစ်သူ ကြိုက်သလိုသာ သတ်မှတ်ကြပါဗျာ။
ဘာပဲဖြစ်ဖြစ် ကျွန်တော် သူမကို တကယ်ချစ်သလို သူမကလဲ ကျွန်တော့်ကို တကယ်ချစ်တယ် ဆိုတာ နှလုံးသားချင်း နားလည်ခံစားလို့ ရပါတယ်။ ကျွန်တော့် အီးမေးလ်ထဲကို စကင်န်ဖတ်ပြီး သူမ ရေးပို့လိုက်တဲ့ စာတွေ ရောက်လာတတ်လို့သာ သူမရဲ့လက်ရေးကိုပဲ ကျွန်တော် ရင်းနှီးခွင့် ရခဲ့တာပါ။ ဒါပေမဲ့ သူမက သူမရဲ့ ဓာတ်ပုံကို ဘယ်တော့မှ ကျွန်တော့်ကို မပြခဲ့ပါဘူး။ သူမကို တကယ်ချစ်တယ်ဆိုရင် ရုပ်ရည်ဆိုတာက အရေးကြီးလို့လား လို့ အမြဲ ပြန်ပြောတတ်ပါတယ်။ သူမကိုလဲ Rose လို့ သိထားရုံကလွဲပြီး ဘယ်သူဘယ်ဝါ ကျွန်တော် လုံးဝ မသိခဲ့ရပါဘူးဗျာ။ ဒါပေမဲ့ သူမ ကျွန်တော့်ကို နှစ်နှစ်ကာကာ ချစ်တယ် ဆိုတာတော့ ရင်ထဲ၊ အသဲထဲကနေကို ခံစား နားလည်လို့ ရတယ်ဗျ။
ဒီလိုနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်လာကြတာ တစ်နှစ်နီးပါး ကြာလာခဲ့ပြီ။ အရင်နှစ် ချစ်သူများနေ့ မတိုင်ခင်ကတော့ သူမနဲ့ ကျွန်တော်က မိတ်ဆွေတွေလိုပဲ ရင်းနှီးနေကြတော့ မတွေ့ဖြစ်ကြဘူး။ ဒီနှစ် ချစ်သူများနေ့မှာတော့ ကျွန်တော် သူမကို အပြင်မှာ မြင်ဖူးချင်နေပြီလေ။ ကိုယ့်ချစ်သူကို ဘယ်သူဘယ်ဝါမှန်းမသိဘဲ အချိန်အကြာကြီး ကျွန်တော် စွဲစွဲလန်းလန်း ချစ်မြတ်နိုးခဲ့ တာပဲ။ သူမဆီက ချစ်သူများနေ့အတွက် အလိုချင်ဆုံး လက်ဆောင်က သူမနဲ့ တွေ့ခွင့်ရဖို့ပါ။ အဲ့ဒီ အခွင့်အရေးကို သူမက ပေးခဲ့ပါတယ်။

"ကိုယ် Rose ကို ဘယ်လို သိနိုင်မှာလဲ"

ကျွန်တော်က သူမကိုမေးတော့ "မောင်ရယ်၊ ကျွန်မကို မောင်မှတ်မိမှာပါ။ ကျွန်မရင်ဘတ်မှာ အနီရောင် နှင်းဆီလေး ထိုးထားမယ်လေ"

"ကိုယ့်ကိုရော Rose က မှတ်မိမှာမို့လို့လား"

"မှတ်မိတာပေါ့။ Rose မှာ မောင်ပေးထားတဲ့ ဓာတ်ပုံတွေ ရှိတယ်လေ"

"ဓာတ်ပုံက အတုတွေ ဖြစ်နေရင်ကော" လို့ ကျွန်တော်က ပြန်မေးတော့

"Rose ရဲ့ကံပေါ့ မောင်ရယ်။ မောင့်ကို ယုံတယ်" တဲ့။

ဒီလိုနဲ့ပဲ ချစ်သူများနေ့ကို ရောက်လာပါပြီ။
သူမချိန်းထားတဲ့ နေရာကို ချိန်းထားတဲ့ အချိန်ထက် စောပြီး ကျွန်တော် ကြို ရောက်နေခဲ့တယ်။ ချိန်းထားချိန် နီးလာတော့ ခပ်လှမ်းလှမ်းကနေ အစိမ်းနုရောင်ဝတ်စုံနဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ဘက်ကို လျှောက်လာတယ်။ သွယ်လျတဲ့ ကိုယ်ဟန်၊ ဆံနွယ်ရှည်ရှည်လေးတွေနဲ့ သူမဟာ နွေဦးရာသီက အသက်ဝင်လာသလို ကဗျာဆန်လှပ လွန်းနေတယ်။ ကျွန်တော့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ သူမရဲ့ ပုံရိပ်လေး အတိုင်းပါပဲ။ ဒါဟာ Rose လို့ ရင်ထဲက အတိအကျ သိလိုက်ပါတယ်။ သူမ ကျွန်တော့်အနား ရောက်လာတဲ့အထိ မစောင့်နိုင်တော့ပဲ သူမရှိရာကို ကျွန်တော် ပြေးသွားခဲ့တယ်။

"Rose လား"

ဝမ်းသာအားရနဲ့ ကျွန်တော်မေးတော့ လှစ်ခနဲပြုံးလိုက်တဲ့ သူမကြောင့် ကျွန်တော့် ရင်ခုန်သံတွေကို အနိုင်နိုင်ထိန်းရင် အရှက်ပြေ ရယ်လိုက်မိတယ်။

"အကို လူမှားနေပြီ" တဲ့

ဒီတော့မှ သူမရဲ့ ရင်ဘတ်မှာ နှင်းဆီပန်းအနီလေး ပါမလာတာကို သတိထားမိသွားပါတယ်။

"အိုး၊ ဆောရီး"

သူမက ချိုသာတဲ့ ရယ်သံ လွင်လွင်လေးနဲ့ အတူ ဆက်လျှောက်သွားခဲ့တယ်။ သူမကို ငေးကြည့် ကျန်ခဲ့ရင်း ကျွန်တော့ ရင်ဘတ်ထဲမှာ လွတ်ဟာပြီး ကျန်ရစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ အမျိုးသမီး တစ်ယောက်က ကျွန်တော့် မြင်ကွင်းထဲ ရောက်လာပါတယ်။ သူမက အသက် လေးဆယ် ကျော်ကျော်လောက် ရှိနေပါပြီ။ တော်တော်လေး ဝလွန်းနေတဲ့အတွက် သူမစီးထားတဲ့ ဒေါက်မြင့်ဖိနပ်ကတောင် ယိုင်တိုင်တိုင် ဖြစ်နေသလိုပဲ။ တစ်ခုရှိတာက သူမရဲ့ ရင်ဘတ်မှာ နှင်းဆီပန်း အနီရောင်တစ်ပွင့် ထိုးထားတယ်။ နောက်ပြီး သူမ မျက်နှာက ကြင်နာ သနားတတ်တဲ့ ပုံမျိုး။ အရောင်မှိန်စ ပြုနေတဲ့ သူမရဲ့ အညိုရောင် မျက်လုံးတွေက နွေးထွေးမှု အပြည့်နဲ့။ ကျွန်တော့ ရင်ထဲမှာ နွေးထွေးလို့ သွားခဲ့တယ်။ ဒါဟာ အချစ်ကြောင့် မဟုတ်ဘူး။ သူမရဲ့ ဖော်ရွေတဲ့ အပြုံးတွေနဲ့ ကြင်နာတတ်တဲ့ မျက်ဝန်းတွေကြောင့် ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော် သိနေတယ်။ ကျွန်တော့ အဒေါ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ကျွန်တော့ရဲ့ ချစ်သူ မဟုတ်အုံးတောင် အရင်းနှီးဆုံး မိတ်ဆွေတော့ ဖြစ်နိုင်တယ်မဟုတ်လား။

"ကျွန်တော်က ဖိုးကို ပါ။ အန်တီက Rose လားခင်ဗျာ"

အမျိုးသမီးက တစ်ချက် ပြုံးလိုက်တယ်။

"ဒို့တွေ စားသောက်ဆိုင် တစ်ခုခုမှာ ညနေစာ စားရင်း အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ဒို့ကို မြင်တော့ ရှောင်မသွားပဲ နှုတ်ဆက်တာ အရမ်း ကျေးဇူးတင်တယ်"

စားသောက်ဆိုင်ကို အတူတူ လျှောက်သွားရင်း ကျွန်တော် မနေနိုင်ပဲ မေးမိတယ်။

"Rose က အသက် နှစ်ဆယ့်နှစ်နှစ်လို့ ကျွန်တော့်ကို ညာခဲ့တယ်နော်"

"Roseက မညာခဲ့ပါဘူး ငါ့တူရယ်။ ငါ့တူက အန်တီ့ကို လာနှုတ်ဆက်ပြီး အခုလို စားသောက်ဆိုင်ကို လိုက်ခဲ့မယ်ဆိုရင် ခေါ်ခဲ့ဖို့ အန်တီ့ကို မှာထားလို့ပါ။ စောစောက အင်္ကျီ အစိမ်းရောင်နဲ့ ကောင်မလေးက Rose ပဲပေါ့။ သူအခု သားကို စားသောက်ဆိုင်ထဲမှာ စောင့်နေပါတယ်။ အန်တီ့ တူမက သားကို စမ်းသပ်ချင်လို့ အန်တီ့ကို အကူအညီတောင်းထားလို့ပါ။ တစ်ကယ်လို့ သားကသာ အန်တီ့ကို လာနှုတ်မဆက်ပဲ ထွက်သွားရင်တော့ သား Rose ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူးလေ"


ချစ်သူများနေ့မှာ ချစ်ခင်ကြသူတိုင်း အတူတကွ ပေါင်းဆုံ ပျော်ရွှင်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

ဝန်ခံချက် -
A Valentine Day Story ဆိုတဲ့ စာလေးကို ခံစားပြီး ဆီလျှော်အောင် ပြန်ရေးထားတာပါ။

3 comments:

Anonymous said...

သိပါဘူး။ တကယ်မှတ်လို့

မေလေး said...

တူတကယ်ရေးချင်တာ တစ်မျိုး
ဒီကသိတယ်နော်။
ဟွန်းးးး

cristoper said...

တကယ့်အဖြစ်အပျက်လေးလား

ကောင်းတယ် အရမ်းပဲ

အားပေးသွားပါတယ်