Tuesday, February 17, 2009

ရင်ထဲရောက်နေတဲ့ ကဗျာလေးတွေ



အင်္ဂါမစုံတဲ့ကောင်းကင်



ဖေဖေဖျော်ထားတဲ့ ကော်ဖီကို
မေမေ၀ယ်ထားတဲ့ မုန့်ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။

လူစုံအောင်စောင့်တတ်တဲ့
မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။

မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို
ဘယ်လိုမှမကုနိုင်ပါဘူး ...။


မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။

အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ ...
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။
*မြစမ်းမျက်ရည်*

ကိုယ့်နေရာ
သာယာသည် ဖြစ်စေ
နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ်၊ မိခင်မြတ်တည့်။
မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချေ၊ သူ့ရပ်မြေတည့်။
သူတို့ စကား၊ သူတို့ကြား၌
ပျားသို့ မချို၊ မှိုသို့ မလန်း၊ ပန်းသို့ မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။
ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။
သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။ ။
(၁၁၊ ၅၊ ၂၀၀၁)

တင်မိုး
e-mail ထဲ ၀င်လာတဲ့ စာတစ်စောင်ကိုတ်ေပြီး အိမ်လွမ်းနေတဲ့ ကျွန်တော် Heart ထိသွားလို့ ဒီမှာတင်ပြီး မိတ်ဆွေတွေနဲ့ မျှဝေခံစားတာပါ။ အင်္ဂါမစုံတဲ့ကောင်းကင်ကင်က ရေးသူနာမည်မပါလို့ ဘယ်သူမှန်းမသိပါဘူး။ *မြစမ်းမျက်ရည်* ကတော့ ဆရာတင်မိုးလို့ ရေးထားပါတယ်။ မူရင်းရေးသားသူ၊ နောက်ပြီး ဒီe-mail ပေးပို့သူ၊ တကယ်လို့ ဒီ ကဗျာတွေဟာ blog တစ်ခုခုက ဖြစ်နေခဲ့မယ်ဆိုရင် မူရင်းပိုင်ရှင်အားလုံးအားလုံးကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။

ဖတ်မိတဲ့ ကဗျာ တစ်ချိုကလေးတွေကို မျှဝေခံစား ချင်လို့ပါ။
မိုးကုတ်သား

2 comments:

Unknown said...

အင်္ဂါမစုံတဲ့ကောင်းကင်တွေထဲမှာ ကျနော်တို့တွေ ပျံသန်းနေကြရဆဲပါဗျာ...။

Unknown said...

ကြိုက်လို့ copy ကူးသွားပြီးနော်