Monday, November 9, 2009

“ကကြိုးမဲ့ အိပ်မက်”



(အကို MTK ဆီကနေ ဒီ ၀တ္ထုတိုလေး တင်ခွင့်ရတော့ ကျွန်တော် သိပ် ၀မ်းသာမိပါတယ်။ မိုးကုတ်သား အချင်းချင်းမို့ မိုးကုတ်အကြောင်းတွေ ပြောဖြစ်ကြရင်းက အကို ရေးနေတဲ့ ရေးလက်စ ဒီဝတ္ထုတိုလေးကို အပြီးသတ်ရေးပေးဖို့ မရမက အပူကပ်ပြီး ကျွန်တော့် ဥယျာဉ်လေးထဲမှာ သိမ်းဆည်းထားဖို့ ခွင့်တောင်းခဲ့ပါတယ်။ စာမူခလေး ၇၅ကျပ်ကိုတောင် အမြဲ မက်မောတွယ်တာခဲ့တဲ့ အကိုတစ်ယောက်၊ အကိုချစ်သော စာပေ အနုပညာ အကျိုးကို ထာဝရ သယ်ပိုးနိုင်သောသူ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း
“ကကြိုးမဲ့ အိပ်မက်” ကို ရေးပေးတဲ့ အကို့ကို အတိုင်းမသိ ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောကြားလိုပါတယ်။ ကျွန်တော့် ဥယျာဉ်လေးထဲ လာရောက် လည်ပတ်ကြတဲ့ မိတ်ဆွေအားလုံး မိုးကုတ်မြို့ရဲ့ ဓလေ့စရိုက်၊ သက်မွေးဝမ်းကြောင်း ရပ်တည်မှု နဲ့ ဘ၀တစ်ချို့ ကို ထိတွေ့ခံစားမိကြရင်ဖြင့် အကို MTK ကျေနပ် ၀မ်းမြောက်မယ် မျှော်လင့်ပါတယ်။)
ဒီစာလေးက အောက်ဆုံးမှာရောက်နေလို့ မဖတ်မိကြဘူးထင်ပြီး အခု အပေါ်ဆုံးမှာ ပြန်တင်ထားပါတယ်။



မေတ္တာဖြင့်
မိုးကုတ်သား


ဒီဇာတ်လမ်းလေးက ကျနော်သပြေမှာ လွန်ခဲ့တဲ့နှစ် ၂၀လောက်ကရေးခဲ့တဲ့ ကျနော့်ရဲ့ပထမဦးဆုံးသော ဝတ္ထုတိုလေး “တောင်နေကြာတွေပွင့်ပြီ သူငယ်ချင်း” ရဲ့ နောက်ဆက်တွဲလေးပါ။ တကယ့်အဖြစ်မှန်လေးတွေပဲ ရေးချင်တော့တာကြောင့် စာသိပ်မရေးတော့တဲ့ကျနော် နည်းနည်းထပ်ကားထားတာကလွဲလို့ အဖြစ်မှန်လေးပါ။ စာသိပ်မရေးတတ်လို့ ဖတ်ရတာအဆင်မပြေရင် ခွှင့်လွှတ်ကြပါဗျာ။ အဲဒီတုန်းက စာမှုခ ရ၅ကျပ်ကို လွမ်းတာတော့ ဒီနေ့ထက်ထိပါပဲ။
(MTK)


“ကကြိုးမဲ့ အိပ်မက်”

အနောက်ဖက်ဆီမှ လေပြင်းတစ်ချက်ဖြတ်အပြေး ကျန်ရစ်တဲ့မိုးတိမ်တို့ ရှိုက်ကြီးတငင်ငိုချနေ၏။ မနေ့ကခပ်ပြင်းပြင်းရွာချသော မိုးကြောင့် တစ်နွေလုံးဟန်ဆောင်ကောင်းခဲ့တဲ့ ဓနိတို့လည်း အပျိုရည်ပျက်ခဲ့သည်။ ကျွတ်မကျရုံသာသာ ဝါးထရံမှာလည်း အပေါက်အပြဲပရပွ။ တဲအတွင်းပိုင်းသို့ တိုးဝင်လာသော
လေနှင့်မိုးငွေ့များကြောင့် စိမ့်ခနဲ အေးသွားသည်။ ဒီနှစ်မိုးဦးကျသည် တနေ့ထက်တနေ့ ပိုညစ်ပတ်လာသော ကမ္ဘာကြီးအား အစောတလျင် ဆေးကြောချင်နေပုံရ၏ ။ ဘာပဲဖြစ်ဖြစ် တတိယမြောက်ဒုက္ခထက် ပထမဒုက္ခ စားရေးကိုဖြေရှင်းဖို့အတွက် သူ မိုးကိုကျေးဇူးတင်နေသည်။
ရွာလိုက်စမ်းပါ၊ သဲသဲမဲမဲရွာချလိုက်စမ်းပါ....။

အဲ....ဒါပေမယ့် ည ၁၀နာရီထက်ကျော်အောင်မရွာစေ့ချင်။ တစ်ညလုံးအဆက်မပြတ်ရွာနေရင်လည်း မနက်ဈေးထဲမှာ ဒီဒီး မျက်နှာငယ်ရော့မည်။ ဖား ငါးဆိုတာကလည်း မိုးဆက်တိုက်ရွာနေလျင် အတော်ရှာရခက်တယ်လေ။ သူ့အနေနဲ့ လက်ရှိအချိန်မှာ ဒီအလုပ်ကလွဲ၍ ဘာမျှမလုပ်တတ်။ ဒီကိုရောက်ခါစကတော့ အိပ်မက်တွေ တနင့်တပိုးနဲ့ ရောက်လာခဲ့တာသူမငြင်းလိုပါ။ မိုးကုတ်မှာ ကျောက်တူးပြီး နေ့ချင်းညချင်း ချမ်းသာသွားတာတွေ ဇာတ်လမ်းတွေထဲမှာ တွေ့နေရတာကိုး။ မြေကို တစ်တောင်ထက်နက်အောင်မဆွဖူးတဲ့ အညာသားသူ့အတွက်တော့ ကြွက်တကောင်လို လူအရပ်၂၀လောက်နက်အောင်လည်း တူးဖူးခဲ့ပြီ။ ငရဲမင်းနဲ့တောင် ဗြုံးကျော(ပတ္တမြား၊နီလာ ရှိသောမြေ) မကုန်လို့ဆက်တူးရင် တွေ့မလားတောင်ထင်ခဲ့တာ။

သူမျှော်လင့်တဲ့ သူဌေးဖြစ်ဖို့ဆိုတာ သူ့လိုတွင်းသမားတစ်ယောက်အတွက် မလွယ်ကူမှန်း သိပ်မကြာခင်သိခဲ့ရသည်။ သူ့တွင်းက ကျောက်ပွင့်တော့ ပျော်လိုက်တာ၊ ၇ သိန်းတောင်ရတယ်ဆိုပဲ၊ အဲဒီခေတ်က ၈၈မော်ဒယ်ဗန်တစ်စီး ၅သိန်းရွရွလေးကျော်တာ။ တကယ်တန်းဝေစုရတော့ ပေါလန်(မိုးကုတ်အခေါ်သူဌေး)က ၂သောင်းကျော်သာ သူ့ကိုပေးခဲ့သည်။ တွက်ကြည့်တော့လဲ ဟုတ်နေတာပဲ။ တွင်းသား ၅ ယောက်က ၅စု၊ စားရိတ်ခံ သူဌေးက ၄စု၊ စားရိတ်ဆိုတာက တွင်းမှာသုံးတဲ့ အသား(သစ်မာတိုင်)။ မြက်(ရေစိုခံ၊ အနံ့ထွက်သက်သာ၊ မရိလွယ်သော သစ်ခက်)။ တွင်းသုံးကိရိယာတွေအတွက်ကတစ်စု၊ ဆက်ကြေးငွေ စိုက်ခကတစ်စု။ ရေစုပ်စက်ဆီဖိုးက တစ်စု။ ပေါလန်ဖြစ်တဲ့အတွက်တစု ဆိုပြီး ၉ စုခွဲပြီး သူရတဲ့အစုထဲက နေစရာနှင့်စားစရာပေးထားတဲ့အတွက် တစ်ဝက်ဖြတ်ယူလိုက်တော့ ဒါပဲကျန်တော့သည်။ ဒီကြားထဲ သူအသေးသုံး ယူထားတာလေးတွေပါ ပြန်နုတ်လိုက်တော့ လက်ထဲ ဘာမျှမကျန်။

လေးငါးနှစ်မှာ စုဆောင်းမိတာဆိုလို့ ကနယ်(မြေစေး) ကိုက်ထားလို့ ခြေကျင်းဝတ်မှာတက်နေတဲ့ အရစ်တွေ၊ အေးလွန်းတဲ့ ရာသီဒဏ်ခံနိုင်ဖို့ သောက်ရင်း အကျင့်ရလာတဲ့ လီရှောအရက်။ ပြီးတော့ ဂေါ်ရခါးမလေး ဒီဒီး၊ ဓါတ်တော်ခဲတွင်း(နဝတ ပတ္တမြားထွက်သည့်တောင်)မှာ ကျောက်ကျောမိုင်းခွဲရင်းမုကျောက် ခဲစမှန်ပြီး ထော့သွားတဲ့ ဘယ်ခြေထောက်။
“အယ်....အစ်ကို မိုးတိတ်နေပြီ၊ မသွားသေးဘူးလား ဘာတွေစဉ်းစားနေတာလဲ”
အတွေးထဲ နောက်ပြန်မောင်းနေတဲ့ကား ဒီးဒီး တွန်းချမှ ပစ္စက္ခ ဝါးကြမ်းခင်းပေါ်ရောက်တော့၏။ ခေါင်းရင်းဖက်မှ ဓါတ်ဆီမီးခြစ်ကိုစမ်းပြီး လေးငါးချက်ခြစ်ကာ ခြူးဆေးပေါ့လိပ်အတိုကို ငါးသေတ္တာဘူးခွံ ဟောင်း ဆေးလိပ်ခွက်ကြမ်းပြင်တွင် ပြာစသပ် မီးညှိကာ ခပ်ပါးပါးရှိုက်လိုက်ရင်း အိပ်ရာထက်မှထလိုက်သည်။ လှုပ်သွားသော ဝါးကြမ်းခင်းနှင့်အတူ ဖျာနှင့်ပွတ်တိုက်သံကြောင့် ဒီဒီးမျက်လုံးလှန်ကြည့်သည်။ ခေါင်းဦးအောက်မှ လက်နှိပ်ဓါတ်မီးယူတော့ သူ့လက်ကိုလာကိုင်ရင်း သက်ပြင်းချသံ သူကြားဖြစ်အောင်ကြားလိုက်မိ၏ ။ အင်းလေ သူမအနေနှင့် အခုလိုမိုးအေးအေးမှာ တစ်ယောက်ထဲ တောင်ပေါ်တဲလေးမှာဘယ်နေခဲ့ချင်ရှာမလဲ...။

ဝတ်ထားသော အင်္ကျီချွတ်၊ လေဘေးကုတ်အထူဝတ်၊ မြေကြီးရောင်ပေါက်နေသော စစ်ဘောင်းဘီနှင့်လဲ၊ ချွတ်လဲလိုက်သော မလေးရှားပုဆိုး နွမ်းနွမ်းကို ဒီဒီး ကိုယ်ပေါ်ထပ်ခြုံပေးရင်း ထုပ်တန်းမှာတွဲလဲချိတ်ထားတဲ့ ဖန်မိးအိမ်လေးကို မီးဇာလျော့ချလိုက်သည်။ တဖြေးဖြေး သိမ်းသွားတဲ့မီးဇာရဲ့ အလင်းရောင်မကုန်ခင် ငါးထောင် ကိုင်းထည့်ထားတဲ့ ပလိုင်းနှင့် သေချာအကြောသပ်ထားတဲ့ ဖါးရိုက်ဝါးခြမ်းပြားကိုယူပြီး တဲအပြင်ထွက်လိုက်သည်။ မိုးက မောင်းမောင်းလေးကျနေဆဲ။ ကမ္ဘာ၏ တစ်နေရာရာမှာ လမင်းချိတ်ငြိနေသည်ထင်။ ရာသီဥတုက သူ့အကြိုက်။ ဝေ့ကနဲတိုက်လာတဲ့လေကြောင့် စိမ့်သွားတဲ့ကိုယ်က မေ့ကျန်ခဲ့တဲ့ လီရှောအရက်ပုလင်းပြားလေးကို ပြန်လှည့်ယူဖြစ်စေသည်။

တဲခပ်လှမ်းလှမ်းတောင်ဆင်းလမ်းအတိုင်း တောင်အောက်ဆင်းလာခဲ့၏ ။ ဂိဇ္ဈကုတ်တောင်နားရောက်တော့ ဖားအော်သံတို့မြိုင်နေပြီ။ ရေနီချောင်းကူးတံတား ခနော်ခနဲ့လေးကို ဖြတ်လိုက်တာနဲ့ ပိတ်စွယ်ရပ်ကွက်အပိုင် ကွင်းပြင်ထဲရောက်ပြီ။ ကွင်းတစ်ဖက်အစပ်တွင် ပိတ်စွယ်အင်း။ အင်းရေစပ်မှ ပိတ်စွယ်ပင်တောတို့က မိုးလေ အရိုက်မှာ တစ္ဆေတွေအုပ်လိုက်ကနေသလို။ လမ်းတလျှောက်ဟိုခုန်ဒီခုန် တွေ့နေရသောဖားတို့ကို ရိုက်ချင်စိတ်က လက်ယားနေသည်။ ဒီထက် ညဥ့်နက်သွားလျှင် ငါးအရနဲသွားမည်။ အင်းစပ်ရောက်တာနဲ့ လွယ်ထားတဲ့ပလိုင်းထဲမှ ကိုင်းတံတွေစီချပြီး ငါးမြားချိတ်တွေမှာ တောင်တီမဲမဲများတပ်ရင်း ရေစပ်တွင်ကပ်နေသော ဗေဒါအုပ်အနေအထားကို သုံးသပ်၏ ။ တောင်တီမဲမဲတွေက ငါးခူ နှင့်ငါးရံ့ ပိုဆွဲသည်။ ငါးရှဥ့်သိပ်မကြိုက်။ ငါးရှဥ့်ဆိုတာကလဲ အကောင်သေးသာ
မိသည်။ အကောင်ကြီးပါက ကြိုးပြတ်လျှင်ပြတ် မပြတ်လျှင်လဲ ကိုင်းဖြုတ်မရလောက်အောင် ပိတ်စွယ်ပင်တွေနဲ့ငြိနေတတ်သည်။ ဒီတော့ တောင်တီမဲမဲတွေက သူ့အတွက် အဆင်ပြေလှ၏ ။

ပထမဆုံးကိုင်းတံကို ဗေဒါအုပ်ခပ်ကျဲကျဲအကြား ဒူးခေါင်းလောက်ရေစပ်မှာ ရေအောက်မြေထဲ ခပ်စောင်းစောင်းစိုက်ချလိုက်သည်။ ဝါးကိုင်းတံ အရင်းဖက်က့ မြားတံလိုချွန်ထားတဲ့အတွက် သဲဆန်ဆန်မြေထဲ တစ်ထွာလောက်နစ်ဝင်သွား၏။ ဒါဆိုတော်ရုံ အရွယ်လောက်တော့ ဆွဲမပြေးနိုင်တော့။ လေးငါးကိုင်းထောက်အပြီး သူ့ခြေသလုံးမှာ ကျွဲမျှော့သုံးကောင် အမိအရတွယ်နေပြီ။ အိပ်ထဲမှ ထုံးဘူးကိုဖွင့်ပြီး တို့လိုက်တော့ ငနဲသား သုံးကောင်လုံး ခြေသလုံးထက်မှ ဂျွမ်းပစ်ဆင်းသွားကြပြီး မပဋာ အက ကနေကြလေရဲ့။ အင်းတစ်ဝက်လောက်ရောက်တော့ သူငါးကိုင်းထောက်လို့ပြီးပြီ။ ဝန်းကျင်တစ်ခုလုံးက ဖါးအော်သံတို့ စီဝေလျက်၊ အင်းစပ်မှခွာပြီး ကွင်းပြင်ထဲ ကူးလာခဲ့၏။ ရေအိုင်စပ်စပ် လေးဘေးမှာ ခပ်ငယ်ငယ်တစ်ကောင်ကို စတွေ့သည်၊ အစာဝပြီး မိုးဖွဲဖွဲလေးအရသာ ခံစားနေပုံမှာ ဘုရင်ခံတစ်ယောက်လို မိန့်မိန့်ကြီး။
လက်ဆမှန်မှန်ဖြင့် ရိုက်ချက်က ပွဲဦးထွက်ဆိုပေမယ့် ထိထိမိမိရှိလှသည်။ ဖြာကနဲ လွင့်စဉ်သွားသော ရေစက်တို့နှင့်အတူ ကားကနဲဖြစ်သွားသော အကောင်ကို ကောက်ယူပြီး ပလိုင်းထဲ ထည့်လိုက်သည်။ ဟော.. ခပ်လှမ်းလှမ်း စိန်နားပန်း ခြုံစပ်မှာ နှစ်ကောင်ထပ်လျက်၊ လက်ဆ နဲနဲတင်ပြီး ဖြန်းကနဲ ရိုက်ချပစ်လိုက်သည်။ တနေရာဆီ လွင့်ပြီးသေသွားသော နှစ်ကောင်လုံး ကောက်ထည့်လိုက်သည်။

ဓာတ်မီးရောင်ရှေ့ဝင်လာသမျှ အကောင်တွေ တစ်ကောင်ပြီးတစ်ကောင် ရိုက်လာရင်း ရေနီချောင်းစပ် ဖက်ရောက်လာသည်။ ရေနီချောင်း ဟိုဖက်ကူးလိုက်တာနဲ့ ဂိဇ္ဈကုတ်တောင်ခြေက ကွင်းထဲရောက်ပြီ၊ အဲသည်ဖက်မှာ အကောင်ကြီးကြီးတွေ ပိုရသည်။ တောင်အောက်ခြေမှ သဘာဝဥမင်ပေါက်တွေကြောင့်ထင်၏။ နောက်ဖက်ကို ပြန်လှည့်ကြည့်တော့ အမှောင်ထုအောက်မှာ ပိတ်စွယ်အင်းက ပက်လက်အိပ်မောကျနေသလို။ ခံတွင်းချဉ်လာသလိုလို ရှိတာကြောင့် အာရုံက ဆေးပေါ့လိပ်ဆီ ရောက်သွားသည်။ မိုကဖွဲဖွဲ ကျနေတုန်းမို့ သောက်လို့ရမည်မထင်။ ချောင်းတစ်ဖက်ဆီက မီးကင်းတဲလေးရောက်မှ ခနနားရင်းသောက်မည်။ ချောင်းကိုသတိထားပြီး သူဖြေးဖြေးခြင်းကူးရင်း ဆာနေသော ခြေတစ်ဖက်ကို အားမလိုအားမရ ဖြစ်မိသည်။ ဒီနေရာတွင် ချောင်းကပြန့်ကျယ်သဖြင့် ရေကဒူးခေါင်းသာသာ သာရှိ၍ တော်သေးသည်။ အေးစိမ့်နေတဲ့ ရာသီဥတုက နာနေတဲ့ ခြေတစ်ဖက်ကို တစစ်စစ် ကိုက်ခဲစေသည်။

..............................................

နွေရာသီ ကင်းတဲလေးက ယခုလိုမိုးရာသီမှာ ခနော်ခနဲ့၊ ခြေတံရှည် ကင်းတဲအောက်ထဲ သူဝင်လိုက်တော့ ပလိုင်းထဲမှ ဖားတစ်ကောင် မသေသေးပဲ အပြင်ခုန်ထွက် လာသည်။ ရိုက်ချက်က ခြေထောက်ထိထားပုံရ၏ ၊ ဒီအကောင်ခြေထောက်တစ်ချောင်း တန်းနေသဖြင့် ထပ်မခုန်နိုင်၊ ပြူးကြောင်ကြောင်မျက်လုံးတွေဖြင့် ဓာတ်မီးရောင်ကို ပြန်ကြည့်နေသည်။ သူ ဖားလေးကို တွေပြီးငေးနေမိ၏ ။ ဖားကမီးရောင်အောက်မှလွတ်ရန် ထပ်ခုန်သော်လည်း ကြိုးနေသောခြေထောက်ကြောင့် အနည်းငယ်သာရွေ့သည်။ သူခေါင်းကို ဘယ်ညာရမ်းပြီး သက်ပြင်းတစ်ချက်ချရင်း ဖားငယ်ကို ခြေထောက်မှ လှမ်းကိုင်လိုက်ပြီး မြေပြင်ပေါ် ပစ်ပေါက်လိုက်သည်။ ပလိုင်းထဲမှ မသေမရှင် ဖြစ်နေသော အကောင်တွေပါ ထပ်ပြီး တစ်ကောင်စီ ရိုက်သတ်လိုက်သည်။ မဟုတ်လျှင် ဒီကောင်တွေ အမူးပြေပြီး ခုန်ထွက်ကျန်ခဲ့မှာသေချာသည်။ လေးငါးကောင် ခြေလက်တွေ တဆတ်ဆတ်တုန်ပြီး ငြိမ်သက်သွား၏ ။

ကင်းတဲ အောက်ခြေတိုင်ကိုကျောမှီရင်း ရေလုံအောင်ပလပ်စတစ်အိတ်နှင့် ထည့်ထားသော ဆေးပေါ့လိပ်ကိုထုတ်ပြီး မီးညှိလိုက်သည်၊ မိုးငွေ့ကြောင့် ဓာတ်ဆီမီးခြစ်က လေးငါးခါနှင့် မီးမတောက်၊ မီးတောက်တော့ အလျင်စလို ဆေးပေါ့လိပ်မီးကို ရဲခနဲဖြစ်သွားအောင် ဖွာလိုက်ပြီး အဆုတ်ထဲအထိ ရှိုက်သွင်း လိုက်သည်။ ရင်ထဲနွေးသွားသလို အမောပဲပြေသွားသလိုလို။ ပြန်ထုတ်လိုက်သော ဆေးလိပ်အခိုးအငွေ့ တို့နှင့်အတူ သက်ပြင်းတချို့ ကာလာမဲ့ ပျော်ဝင်သွားမှာသေချာသည်။ “လူဆိုတာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေ အောင်မြင်မူတွေ အပွန်းအပဲ့ မခံနိုင်ကြတာ သဘာဝပဲလေ”

ကောင်းကင်သည် မျက်လှည့်ဆရာတစ်ယောက် လေသံလို ချော့တလှည့် ခြောက်တလှည့်။ တစစ်တစ် ကိုက်လာသောဒူးကို တေဇောဘမ်း ပွတ်လိမ်းလိုက်ရင်း ဆေးလိပ်ကို ခပ်နာနာ ဖွာလိုက်သည်။ ညနေစောင်းကတည်းက ကိုက်တဲ့ဒူး ငါးကိုင်းထောက်မှာမို့ ဆေးမလိမ်းဖြစ်၊ ဒီအနံ့က ရေထဲမှာဘယ်လိုကျန်ခဲ့ မကျန်ခဲ့ သူမသိပေမယ့် အတွေ့အကြုံအရ ကိုင်းကိုငါးမဆွဲတာတော့ သေချာသည်။ လက်ကျန် လီရှောအရက် အနည်းငယ်ကို မော့ချလိုက်တော့ နေသာသလိုလို။ ကင်းတဲ ညာဖက်ဘေးဆီမှ ဖားအော်သံ စူးစူးဝါးဝါး၊ ဒါဖားကို မြွေကိုက်နေတဲ့အသံမျိုး၊ အင်... ဒါလဲမဖြစ်နိုင် မိုးကုတ်မှာ မြွေဆိုတာက အင်မတန်တွေ့ရခဲတဲ့ သတ္တဝါ၊ သိပ်စဉ်းစားမနေတော့ပဲ သူ ပလိုင်းလွယ်၊ ဖားရိုက်တုတ်ယူပြီး အသံလာရာဆီထွက်ခဲ့သည်။

တွေ့ပါပြီ.. ဆင်ငိုမြက်ဖုတ် အုပ်အုပ်လေးပေါ်မှာ ဖားငယ်လေးရဲ့ ခါးကို ကိုက်ထားတဲ့ တောင်ဖားကြီးတစ်ကောင်၊ တဖြန်းဖြန်းနှင့် သူသုံးချက်ဆင့်ရိုက်လိုက်သည်၊ လျှာထွက်ပြီး ဆန့်သွားသော တောင်ဖားကြီးပါးစပ်မှ ဖားငယ်လေး ခုန်ထွက်သွားတော့ သူလိုက်မရိုက်ဖြစ်တော့။ “နင့်အသက်တစ်ခါလွတ် ငါအသက်ဆယ်ခါလွတ်ပါစေ” ဆိုင်မဆိုင်သူသိပ်မတွေး၊ လူပီသစွာ ဆုတောင်းလိုက်တာပဲရှိသည်။ ပလိုင်းထဲ ဖားကြီးကိုကောက်ထည့်ပြီး တောင်ခြေအစပ်ဖက် သူလျှောက်လာခဲ့သည်။
ဒီလိုမျိုး လေးငါးခြောက်ကောင်ရလျှင် ပလိုင်းပြည့်ပြီ၊ ဒီကောင်တွေက ဈေးကောင်းလည်းရသည်။ ရောင်းရငွေနှင့် ဒီဒီး ကြိုက်တတ်သော ဝက်သုံးထပ်သား ဝယ်ကြွေးမည်။ အင်း... မစားရတာလဲကြာပေါ့။ ဒါမှမဟုတ် အရင်လိုပဲ အကောင်ကြီးတွေ၊ ဈေးကောင်းရမှာတွေရောင်းပြီး အကောင်သေးသေးလေးတွေပဲ ဒီဒီး ချက်မှာလား။
နာရီဝက်လောက်ကြာတော့ ပလိုင်းထဲပြည့်သွားပြီ၊ ကောင်းကင်ကိုမော့ကြည့်ရင်း ပိတ်စွယ်အင်းဖက် လှမ်းမျှော်ကြည့်ကာ နောက်ကြောင်းပြန်လှည့်
လိုက်သည်။ တစ်ချက်တစ်ချက် ထထလက်လိုက်သော လျှပ်စီးရောင်အောက်မှာ ပတ်လည်ကတောင်တန်းတွေက မိုးအေးအေးမှာ ကွေးပြီးကုန်းအိပ်နေသလို၊ ဒယ်အိုးပုံ မြို့လေးထဲမှာ ဘဝရဲ့အပူတွေနဲ့ ရုန်းကန်နေရတာ နှစ်တွေလည်း မနည်းတော့ပါ။

.....................................................

မှောင်မဲမဲမှာ ဓာတ်မီးတလက်နဲ့ နောက်ဆုံးထောက်ခဲ့တဲ့ ကိုင်းဖက်ဆီ မှန်းပြီးလာခဲ့သည်။ မီးရောက်အောက်မှ ဖြတ်ပြေးသွားသော ဖားတို့ သူဆက်မရိုက်ဖြစ်တော့။ ကိုင်းတံဆီ ရောက်တော့ ကမ်းစပ်မှာပလိုင်းကိုချရင်း ရေစပ်ဆင်းပြီး ကိုင်းကိုဆွဲမလိုက်သည်။ ခပ်လတ်လတ် ငါးရံ့တစ်ကောင်မိနေ၏ ။ ပိတ်စွယ်ပင် တစ်လက်ဆွဲဖြတ်ပြီး တစ်ဝက်ခွဲကာ သီတံလုပ်၊ ငါးမျှားချိတ်မှ ငါးကိုဖြုတ်သီလိုက်သည်။ နောက်တစ်ကိုင်း ကြတော့ အစာတပ်ထားတဲ့ တီကောင်မွစာကျဲနေသည်။ ငါးပေါက်တွေ လာတွတ်သွားတာဖြစ်မည်။ နောက်ထပ် တစ်ကိုင်းကြတော့ ကိုင်းတံက ဗေဒါနှင့် ပိတ်စွယ်ပင်တွေကြား လုံးထွေးနေသည်။ ဒီကိုင်းက ငါးတော်တော်ကြီးကြီးမိနေပုံရသည်။
ကိုင်းဖျားပိုးကြိုးတစ်လျောက် တဖြေးဖြေး စမ်းပြီး ငါးမျှားချိတ်ဆီ သူလက်ရွေ့လိုက်လိုက်တော့ အတွေ့အကြုံက သိလိုက်သည် ငါးခူတစ်ကောင်။

ဒီကောင်တော်တော်သန်သည်၊အတော်ရုန်းထားပုံရသည်။ သူခက်ခက်ခဲခဲ ဖြုတ်လိုက်ရ၏။ နောက်ဆုံးကိုင်း ရောက်တော့ ငါးခူအရွယ်စုံ ၅ ကောင်၊ ငါးရံ့ ၉ ကောင်၊ ငါးပနော် ၂ကောင် ရပြီ ။ နောက်ဆုံးကိုင်းက ထောက်ထားတဲ့နေရာမှာမရှိ။ ခပ်သာသာ ဗေဒါဖုတ်ထဲမှာ ကိုင်းဖင်ထောင်နေ၏၊ တော်တော်လေး အားစိုက်ပြီး ချော့ဆွဲလိုက်တော့ တဖြေးဖြေးပါလာသည်။ ချော့မဆွဲလို့ကလည်း ကြိုးပြတ်သွားတတ်တာကိုး။ ရေပေါ်ပေါ်လာသော ကြိုးထိပ်မှာ တဖြေးဖြေးမြင်နေရတဲ့ ခေါင်းက ငါးရှဥ့်တစ်ကောင်။ အံသြစရာ ဒီကောင်အစာတော်တော်ငတ်နေပုံ။ တော်တော်ကြီးတာ ။ ဒီကောင့်ကို မရောင်းတော့ပဲ ဒီဒီးနှင့်သူ ကင်ပြီးမှချက်စားမည်။ ဒီည တော်တော်ကံကောင်းတာပဲ၊ “သတ္တဝါတစ်ခုရဲ့ ကံကောင်းခြင်းဆိုတာ တစ်ခြားသတ္တဝါတစ်ခုရဲ့ ကံဆိုးခြင်းများလား” မဆီမဆိုင်ဝင်လာတဲ့ အတွေးကြောင့် သူတစ်ယောက်ထဲပြုံးလိုက်မိ၏ ။

ငါးကိုင်းတံတွေ အစီအရီ ထပ်ပြီး ပိတ်စွယ်ရွက်တံ နှင့်စည်းလိုက်ကာ ပြန်ရန်ခြေဦးလှည့်လိုက်သည်။ ဒီအချိန်လောက်ဆို ဒီဒီးတစ်ယောက် တောင်ယာကွက်သေးသေးလေးထဲမှာ မုံညင်းဖြူ၊ မုံညင်းစိမ်းတွေနုတ်နေလောက်ရောပေါ့။ သူ့အတွက် ရေနွေးတစ်အိုး၊ ထမင်းကြမ်းကြော် တစ်ပန်းကန် အဆင်သင့်ပြင်ထားလောက်ပြီ။ တောင်ယာဆိုလို့ ပြီးခဲ့တဲ့အပတ်ကတည်းက သက်ဆိုင်ရာက ပြောင်းခိုင်းထားတာ သူမပြောင်းဖြစ်သေးတာ တွေးမိရင်း စိတ်မောနေမိသည်။
သူ့ယာတဲလေး ခပ်လှမ်းလှမ်းအထိ သက်ဆိုင်ရာ ကျောက်တွင်းမျောလုပ်ကွက်က တဖြေးဖြေး ရောက်လာပြီ။ မျောတိုက်(ကမ်းပါးကို ရေအားနှင့်ထိုးချပြီး ကျောက်ရှာခြင်း) တယ်ဆိုတာကလည်း ကျောက်ပိုထွက်တဲ့ နေရာဖက်ကို တဖြေးဖြေးဖြိုချရတာဆိုတော့ သူ့လိုဘာအထောက်အထားမှမရှိတဲ့ အဆင်ပြေရာ
တောင်ယာလုပ်နေသူအတွက် တားပိုင်ခွင့်မရှိ။ ကျောက်ကလဲ သူ့တောင်ယာဖက်မှ ပိုထွက်ပိုကောင်းနေရသလား။
“တန်ဖိုးကြီးကြီး ရတနာတွေ သူ့ခြေထောက်အောက်မှာ ဘယ်လောက်ရှိနေမှန်းမသိ၊ သူမှာတော့ နေ့ဖို့ညစာက မရေမရာ”
မနက်ဖန်ဆိုတဲ့ မမြင်ရသေးတာတွေ သူသိပ်မစဉ်းစားချင်။ စဉ်းစားလောက်အောင်လဲ ရင့်ကျက်တဲ့ အသိဥာဏ် ဥစ္စာဓန သူ့မှာမရှိ။
အပြန်လမ်းက သူ့အတွက် လေးလံလွန်းနေသည်။ ပခုံးထက်က ပလိုင်းကြောင့်လား၊ လက်ထဲက ငါးကိုင်း ငါးသီတံတွဲတွေကြောင့်လား မဝေခွဲတတ်။

......................................

ပန်ရှိုးတောင်ခြေအစပ် ရောက်တော့ သူခဏပစ္စည်းတွေချပြီး အနားယူလိုက်သည်။ မယူလို့လဲမဖြစ်တော့ ထိခိုက်ထားတဲ့ ခြေထောက်က တစစ်စစ်နာနေပြီ။ ရေညှိတက်နေသော မုကျောက်တုံးတခုပေါ်ထိုင်ချလိုက်ရင်း အိမ်အပြန်အတက်လမ်းကို မော့ကြည့်မိသည်။ မှောင်မဲမဲ ညအောက်မှာ ပန်ရှိုးလုပ်ကွက်က ငြိမ်သက်စွာ ငုတ်တုတ်ထိုင်နေသလို၊ အဲဒီလုပ်ကွက် အစိုးရမသိမ်းခင်က သူခိုးတွင်းလုပ်ဖူးခဲ့သည်။ ခိုးတွင်းဆိုတော့လည်း ညဖက်မှာ ဖယောင်တိုင်မီးအားကိုးနဲ့ လုပ်ရတာပေါ့၊ ဆောင်းတွင်း ရေခဲမှတ်နီးနီး ရာသီဥတုမှာ သူတို့ချွေးတလုံးလုံးနဲ့ တညလုံးတူး၊ ဗြုံးတွေ ရေမြောင်းနားက ဗြုံးခွက်ထဲ ထမ်းပို့၊ ဝေလီဝေလင်းကျတော့ ဗြုံးဆေးကျ။ အဲဒီနောက်တနေ့က သူ့ဘဝထဲ ဒီဒီး ဝင်လာခဲ့စေတဲ့ အပြောင်းအလဲ ခပ်ကြမ်းကြမ်း အနီရောင် ပန်ချီကားတစ်ချပ်ဖြစ်ခဲ့တယ်။

လူငါးယောက် လုပ်တဲ့အထဲမှာ ရာဂျူးတစ်ယောက်သာ လုပ်ဖော်ကိုင်ဖက်။ ကျန်တာက သူဌေးထည့်ပေးလိုက်တဲ့ လူတွေ။ ဗြုံးစဆေးတော့ မိုးကုတ်ဘိုးဘိုးကြီးကို ပသဆုတောင်းထားတဲ့ ငါးပြားတန်ချိုချဉ်အနီရောင်လေးကို ရာဂျူးကကောက်ငုံလိုက်တာ သူတစ်ယောက်ပဲတွေ့လိုက်သည်။ ဇကာလှည့်တော့ ရာဂျူးကကျွမ်းကျင်သူမို့ ဒိုင်ခံလှည့်၊ သူတို့လေးယောက်က ဗြုံးထည့်ပေးသူပေး၊ ကျောက်ရွေးသူရွေးပေါ့။ တလှည့်မှာ ရာဂျူး ဇကာထဲက ၁၀ ကာရက်လောက်ရှိမဲ့ ပတ္တမြားတပွင့်ကို “ဟာ ပွင့်ပြီဟေ့” ဆိုပြီး ပါးစပ်ထဲကောက်ငုံထားလိုက်တယ်လေ။ အားလုံးလဲ ပျော်နေကျတာပေါ့။ ရာဂျူး မျက်နှာကတော့မချိုမချဉ်နဲ့။ အလုပ်တွေအားလုံးပြီး ကျောက်ကို တောင်းကြည့်ကျတော့မှ “အဲတာ ချိုချဉ်၊ မင်းတို့ကို စတာဟ” ရာဂျူး အစသန်မှန်း သူသိပေမယ့် သူအနေနဲ့လည်း မြင်ခဲ့ရတာ ချိုချဉ်တစ်လုံးမဖြစ်စေချင်။ ဟိုလူသုံးယောက် မျက်နှာတွေ ပျက်နေပြီ။

ခဏနေတော့ တစ်ယောက်က “လူလည်ကျဦးကွာ” ဆိုပြီး ပေါက်ပြားနဲ့ ရာဂျူးကို နောက်မှ လှမ်းခုတ်ချလိုက်သည်။ ပုခုံးစပ်ကို အရှိန်ပြင်းပြင်း ခုတ်မိသံက အား ကနဲအော်သံနှင့်အတူ စူးစူးဝါးဝါး။ ဖြာထွက်လာသောသွေးတို့မြင်မကောင်း။ တစ်ချက်မှ တစ်ချက်ထဲရယ်။ လဲကျသွားသောရာဂျူးကို တစ်ယောက်က အပေါ်မှ ခွထိုင်ရင်း အကျီ င်္ရင်ဘတ်ဆွဲဖြုတ်ကာ ပါလာသောဓါးနှင့် ရင်ဘတ်ကိုခွဲနေတော့ သူလည်းမျှော်လင့်တကြီးပေါ့။ အတွင်း ကလီစာတလျှောက်၊ ပြီးတော့ အစာအိမ် ။ မရွံမရှာ စေ့စေ့စပ်စပ် ရှာပေမယ့် သူတို့မျှော်လင့်တာ အရောင်ဆင်ဆင်မျှမတွေ့။ သူကိုယ်တိုင် မပါဝင်လိုက်ပေမယ့် သူဘာလို့ မတားမိခဲ့တာလဲ သူမစဉ်းစားတတ်။ လေးယောက်သား ရာဂျူး အလောင်းကို တွင်းထဲပစ်ချပြီး ပထမအဆက်က အသားတိုင်တွေ ကလန့်ဖြုတ်ချလိုက်သည်။ မနက်ဆို ပြိုကျနေသော တွင်းအနေနဲ့သာ မြင်ရတော့မည်။ တွင်းပြိုကျသွားလို့ ရာဂျူး တွင်းပိသွားတယ်ဆို ကိစ္စကပြီးပြီ။

တစ်ယောက်ထဲကျန်ခဲ့သော ရာဂျူးညီမ ဒီဒီးနှင့် တကိုယ်ရေသမား သူ့ကို သူဌေးက လက်ထပ်ပေးခဲ့သည်။ လွင့်သွားသောအတွေးတို့ သူ့ထံပြန်ကပ်လာချိန် သူ လေးလံစွာသက်ပြင်းချလိုက်မိ၏။ တောင်တက်လမ်း စလိုက်သောခြေလှမ်းတို့က အားအင်မဲ့လျက်။ ခပ်မတ်မတ် ဆင်ခြေလျောတခုကို ကောင်းနေသေးသည့် ခြေတစ်ဖက်အားပြုရင်း သူကြိုးစားတက်နေသည်။ ဒီလမ်းမှာ ဒီနေရာတခုသာ အနည်းငယ်မတ်ပြီး လမ်းတစ်ဖက်ခြမ်းက ချောက်ငယ်တစ်ခု၊ ချောက်တစ်ဖက် ခြုံစပ်စပ်မှာ ရာဂျူး ဆုံးခဲ့တဲ့နေရာ။ မိုးရွာထားလို့ မြေလမ်းက အနည်းငယ်ချော်နေသည်။ သူ သတိထားထိမ်းတက်နေရင်း ဆင်ခြေလျော လမ်းထိပ်ဖက်ဆီကြည့်လိုက်တော့ လည်ပတ်နေတဲ့သွေးတို့ တခဏတွင်း ဆောင့်တက်လာသလို၊ ဖြန်းကနဲထသွားသည့် ကြက်သီးတို့က အရေပြားအနှံ့။
“ရာဂျူး”
ဟုတ်ပါသည် ရာဂျူးမှ ရာဂျူး သူ့ကို မီးတောက်မတတ်မျက်လုံးတွေနှင့်စိုက်ကြည့်နေသော ရာဂျူး။ သူ အယောင်ယောင်အမှားမှားဖြင့် လက်ထဲမှ ငါးသီတံ ငါးကိုင်းတို့ လွှတ်ချလိုက်မိသည်။ ခြေတစ်လှမ်းနောက်အဆုတ် ထောက်အားက မသန်တော့သောခြေတစ်ဖက်အပေါ် အားပြု ရက်မိသား။ သတိရလို့ ထိမ်းလိုက်တဲ့ အချိန်က
အရမ်းနောက်ကျသွားပြီ။ လေထဲမြောက်တက်သွားသော ခန္ဒာကိုယ်က လမ်းပေါ်အရှိန်နှင့်ပစ်ဆောင့် ကျသွားသည်။ ဆင်ခြေလျောအတိုင်း ဒလိမ့်ခေါက်ကွေး ကျသွားတဲ့ သူ၊ လမ်းဘေးက ကျောက်တုံးတစ်ခုပေါ် ခါးတည့်တည့် ပစ်ကျမိလိုက်တဲ့အချိန် နာကျင်မှုက အသည်းခိုက်မတတ်။ အာရုံထဲ သူ့ရိုက်ချက်အောက်က ဖားလေးတွေ ကားကနဲဖြစ်ဖြစ်သွားတာ မြင်နေရင်း။
တစ်စ....စ...။



ဘဝအမောများပြေပါစေ

(MTK)

22 comments:

မိုးမောင် said...

သဘာဝဇာတ်ရုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖြစ်ရပ်မှန်အခြေခံဆိုပေမယ့် ရေးသားသူကိုယ်တိုင်က ရသမြောက်အောင် သရုပ်မဖော်နိုင်ရင်... ကျနော် သာမာန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ပဲ ဖတ်မိမှာပါ။ အခုတော့ အရေးအသားက မျက်လုံးထဲ ကိုယ်တိုင်ပဲ ဖားလိုက်ရိုက်နေသလိုလို၊ ငါးပဲ လိုက်ဖမ်းနေသလိုလိုဖြစ်သွားတယ်။ သရဲလည်း ခြောက်လို့ ဇာတ်ကောင်လည်းပြုတ်ကျရော ကိုယ်ပါစာဖတ်နေရင်း ခုံပေါ်ကမကျအောင် ထိန်းလိုက်ရတယ်။ :D ။(မယုံချင်နေ)

တောင်ပေါ်သား said...

အကိုရေ အရေးအသားကော ဇာတ်အိမ်လေးပါ တော်တော်လေး ဆွဲဆောင်မူရှိပါတယ်။ လူသားတွေရဲ့ ဒုက္ခဘ၀ကိုလဲ မျက်လုံးထဲမှာ မြင်ယောင်နေမိတယ် ကျေးဇူး အထူးတင်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

ဆောင်းနှင်းရွက် said...

ကိုတောင်ပေါ်
ပြောသလိုပဲ ..
အရေးအသားရော ၊
ဇာတ်အိမ် လေးပါ
တော်တော်လေး ဆွဲဆောင်မှု့ ရှိတယ် ..

ဖတ်နေရင်းနဲ့
မျက်လုံးထဲမှာ
ဖားတွေ ရိုက်နေတာ
မြင်ယောင်ပြီး ကြက်သီးထမိတယ် ...

kaungkinpyar said...

ဘို ရေ သေချာ ခံစားပြီး ၂ခေါက် ၃ခေါက် ဖတ်သွားတယ်၊ တင်ပေးတာ ကျေးဇူး၊ မိုးကုတ်မြို့ရဲ့ ဓလေ့စရိုက်၊ သက်မွေးဝမ်းကြောင်း ရပ်တည်မှု နဲ့ ဘ၀တစ်ချို့ ကို သေချာ ခံစားသွားတယ်နော်..

မငုံ said...

သိပ်ဖတ်လို့ ကောင်းတယ်။ ဖတ်ရင်း နှစ်မြောနေတာ။ မိုးကုတ်ကျောက်တွင်းရဲ့ အဖြစ်အပျက်လေးတွေကိုလဲ သိရတာပေါ့။

Lucifer said...

အကို တော်တော်စာရေးကောင်းပါတယ်..
အဖြစ်မှန်ကို ချရေးသည်ဖြစ်စေ
တွေးပြီး ရေးတာပဲဖြစ်စေ.. ဘယ်လို ပုံစံမျိုးမျိုး ရေးရေး
အရေအသားကတော့ တော်တော်ကောင်းတယ်

သီဟသစ် said...

ကိုဘိုရေ

ဖတ်ရတာ ကောင်းလိုက်တာဗျာ။
ရင်တမောမောနဲ့ တစ်ခုခုဖြစ်မယ်တော့ သိတယ် ဘာဖြစ်မှန်းမသိ ဆိုတာမျိုး

ခင်မင်စွာဖြင့်
သီဟသစ်

Ree Noe Mann said...

အကို

ဖတ်လို့ အရမ်းကောင်းပါတယ်။

ကိုမိုးကုတ်သားက မိုးကုတ်က ကျောက်တွင်း

အကြောင်းကိုရေးတဲ့ အကို(MTK) မိုးကုတ်သားဆီက

ဒီဇာတ်လမ်းလေးကို တင်ခွင့်ရတာဟာ အမှတ်တရပါပဲဗျာ။

ချစ်ညီ ရီနို

အိန္ဒြာ said...

အကို မင်းသုခရေ..
နာမည်ဝှက်မနေပါနဲ့...
မင်းသုခ(အော်ရီဂျင်နယ်)လို့ နာမည်တပ်ပါ နောက်ဆိုရင်..း)
နာမည်တူလို့ရရင်ရမယ် အနုပညာတူမလား.အကို
အဲဒါလာပြောတာ..မမန့်သေးဘူး..ဖတ်ဦးမှာ..

ရေတမာ said...

ဒီလိုဘ၀ သရုပ်ဖော်တွေ မဖတ်ရတာကြာပြီ။ အရမ်းကောင်းတယ်။ ကျေးဇူးအကို

Thandar said...

Really nice story! Thanks for sharing.

မေဇင် said...

ဘ၀ အမောတွေ မပြေဘူး...ပိုမောသွားတယ်...။ အဲ့လိုပဲလား...လူတစ်ယောက် အသက်က အဲ့လောက်လွယ်လား... ရာဂျုးကို ရင်ခွဲပြီး ကျောက်ရှာတယ်တဲ့...။ အဲ့ဒီ ကျောက်တစ်လုံးက လူတစ်ယောက်အသက်ထက် ပိုတန်လို့ ပေါ့နော်..။ စာဖတ်ပြီး စိတ်ထဲ နင့် နေတယ်..။

Orange Chit Thu said...

အော်...ကိုယ့်ဝမ်းပူစာ မနေသာ ဆိုသလိုပေါ့လေ။
ဒါပေမယ့်လဲ....လူ့အသက်ကိုတောင် မငဲ့နိုင်တော့သလို။
အရေးအသားကလဲ ကောင်းလိုက်ပုံများ ကိုယ်တိုင် လဲကျသွားသလို။
ဲလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဆိုလို့ပိုလို့ တောင်အံ့သြမိပြန်ရော။
ချီးကျုးပါတယ်ဗျာ။

အိန္ဒြာ said...

အကိုရေ.

အတွေ့အကြုံ ဖြတ်သန်းလာခဲ့ လမ်းခရီးနဲ့ စိတ်ဝမ်းစာဟာ
ဘာနဲ့မှ ပေးဝယ်ချိန်စက်လို့ မရနိုင်ပါဘူး.အနုပညာဆိုတာကတော့ ဆိုဖွယ်ရာမရှိပေါ့လေ..

သုတ ရသအမျိုးမျိုးပေးပြီး..သေသပ်ကျစ်လစ်လွန်းလှတဲ့ စကားပြေ အရေးအဖွဲ့ ကိုအတုယူလေးစားသွားပါတယ် အကိုရေ..။

သုဒြေ္န said...

ညီရေးတဲ့ အချိန်ခါကိုပြန်စဉ်းစားမိတော့  ခိုးတွင်းတွေဇတ်သိမ်းခါနီးအချိန်ပါလား ဖက်စပ်တွင်းတွေမပေါ်သေးဘဲကိုး အဲဒီအဖြစ်ပျက်သတင်းသဲ့ သဲ့ တော့ ကြားမိတယ် ညီပြောတဲ့ အင်းက မိုးကုတ် အင်းမဟုတ်လား အေ၇းသား ကောင်းလွန်းလို့  အတွေးမြင်ကွင်းထဲ ကွက်ကွက် ကွင်းကွင်း မြင်မိတယ် တကယ်ဆို ဒီစာမူက ၇၅ ကျပ်ထိုက်ထိုက် တန်တန်ရသင့် တာ နှမြောမယ်ဆိုလဲ နှမြော လောက်စရာ ရာဂျုးနဲ့ ဒီဒီးက ဂေါ်ရခါး လုမျိုးတွေများလား အားရပါးရ ဆက်လက် အားပေးနေမဲ့အကို သုဒြေ္န

Mogok Thar said...

ကော်မန့် တစ်ချို့အရ ဒီ ၀တ္ထုတိုလေးကို ကျွန်တော် ရေးသလို ဖြစ်နေပါတယ်။

အောက်မှာ “MTK” လို့ စာရေးသူရဲ့ နာမည်ကို ဖော်ပြထားသလို ဒီ ၀တ္ထုတိုလေးကို အကိုတစ်ယောက် ဆီက အပူကပ်ပီး တောင်းထားတာပါလို့ ဖော်ပြထားပေမဲ့ ကျွန်တော်ရေးတယ်လို့ အမှတ်မှားသွားကြတာ ကျွန်တော့်ရဲ့ လိုအပ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ခုလို အကို “MTK” ရဲ့ ၀တ္ထုတိုလေးကို အားပေးကြတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ် ခင်ဗျာ။

စာဖတ်သူတွေကို ဗဟုသုတရော၊ ရသပါ ပေးတဲ့ ဒီဝတ္ထုတိုလေး တင်ဆက်ခွင့်ပေးတဲ့ အကို “MTK” ကို ကျေးဇူးတင်ကြောင်းကိုလည်း ဒီနေရာကနေ ထပ်လောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

မေတ္တာဖြင့်

မိုးကုတ်သား

တောင်ပေါ်သား said...

ဟုတ်ကဲ့ အောက်ဆုံးက MTK ဆိုတာကို ကျနော်သဘောမပေါက်ဘူး အကိုရဲ့ စာပေနာမည်ထင်နေတာ အကိုရ တောင်းပန်ပါတယ်း)
ခုမှ သေချာ သဘောပေါက်တယ်


လေးစားလျက်
တောင်ပေါ်သား

သုဒြေ္န said...

ဟုတ်တယ်ညီရေ စောစောပိုင်းကသဘောမပေါက်လို့  ညီရေးတယ်ထင်ခဲ့ မိတယ် ဒီတကြိမ် ပြန်ဖတ် ကြည့် တော့မှ MTK ကိုသတိထားမိပြီး ပြန်မန့် မယ်ပေါ့  ဒီအတွေးနဲ့ မန့် ဘို့ လာတာ ကောမန့် ထဲမှာညီရှင်းပြတာတွေ့ လိုက်ရတယ် ပြောချင်တာက အပေါ်ပိုင်းမှာမန့် တာ MTK အတွက်ဖြစ်ပြီး မှားမန့် မိတဲ့ အတွက်ဆောရီးပါ ညီ့ ရဲ့ ရှင်းပြချက်ကိုတွေ့ တော့  ရိုးသားစွာေ၇းသားဖြေရှင်းတတ်တဲ့ ညီ့ကို ပိုပြီးလေးစားမိတယ် ကိုပြောတာညီသဘောပေါက်မှာပါနော် ရိုးသားမှုကို မြတ်နိုးတတ်တဲ့  ကိုကြီး သုဒြေ္န

စိုင်းစိုင်းလားရှိုး said...

မိုးကုတ်ရဲ့ မြင်ကွင်း လောကဓံရဲ့ မင်းသား ဖတ်ကောင်းတယ်ဗျာ........

Angel Shaper said...

ရေးတဲ့ အကို MTK ရော ပြန်မျှဝေပေးတဲ့ ကိုဘိုကြီးရော ခုလို မိုးကုတ်မြင်ကွင်းလေး မြင်ခွင့်ရဖို့ တင်ပြပေးလို့ ကျေးဇူးပါ။ ဖတ်လို့ဂယ်ကောင်းတာ အကိုတို့ရေ....

ကိုလူထွေး said...

ကိုမိုးကုတ်သားရေ..

သာယာကုန်းရွာမှာ အကိုရေးပေးသွားတဲ့ ကော်မန့်ကို ကျေးဇူးတင်စွာနဲ့ အထပ်ထပ် ပြန်ဖတ်ဖြစ်တယ်ဗျ...

ကျနော်ရေးလိုက်တဲ့စာကြောင့် စိတ်ကသိကအောင့် ဖြစ်သွားတယ်ဆိုရင် တကယ်ပဲ တောင်းပန်ပါတယ်...

အခုတော့ ဇာတ်သိမ်းကို ပိုအဆင်ပြေအောင် ပြင်လိုက်ပါပြီ...

http://koluuhtwe.blogspot.com/2009/11/blog-post.html

နောင်ကိုလည်း အမြင်မတော်တာရှိရင် အခုလိုပဲ ပြောပြ ထောက်ပြပေးဖို့ တောင်းဆိုချင်ပါတယ်...

ကြိုဆိုလျှက်ပါပဲ...

ခင်တဲ့
ကိုလူထွေး...

မိုးခါး said...

စာကိုဖတ်ရင်း ကျောတောင်ချမ်းသွားတယ် .. အကောင်လေးတွေလည်း သနားပါတယ် ..း((