Monday, June 29, 2009

စနေသားနဲ့ သူ့အိမ်မက်များ


“အရောင်လက်ကြိုးစများ”
တဲ့။ ညီမလေး မယ်ကိုး ဖွဲ့ချည်တဲ့ ကြိုးလေးတစ်စ။
ရေးချင်လှတာ ကြာနေတဲ့အထဲ ပထမဆုံး အတက်ဂ် ခံရတဲ့ အကြောင်းအရာ ဆိုတော့ အလုပ်မအားတာ၊ လူရောစိတ်ပါ ဖျားနာနေတာတွေ ဘေးဖယ်ပြီး ကျနော် အိပ်မက်တွေကို တူးဖော်ကြည့်မိတယ်။
အိပ်မက်ဆိုတာတွေက ခဏတာမက်ပီး ပျောက်သွားတာတွေလဲ ရှိရဲ့။ မမှတ်မိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ စွဲလန်းမိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ အဲ့ဒီထဲကမှ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ လိုက် စီရရီ ကြည့်မိတော့ ပကတိ ပုံရိပ်တစ်ခု ထွက်လာတယ်။
ငယ်စဉ်အခါက ကျနော်ဟာ ဖေ့ မျိုးဆက်သွေးတွေတော့ ပါခဲ့ပါရဲ့။ ဖေ့ ဖေဖေက တယောနဲ့ စန္ဒရား အတီးကောင်းပြီး ဖေ့ မေမေက သီချင်းဆို အင်မတန်ကောင်းသူပေါ့။ ဖေကတော့ ဘင်ဂျိုနဲ့ ဂစ်တာ အတီးကောင်းသလို သီချင်းဆိုလဲ ကောင်းလေတယ်။ ဖေ့အမတွေ ညီမတွေ အကုန်လုံးလဲ သီချင်းဆို ကောင်းကြသူတွေပါ။ ဂီတကို မြတ်နိုးပေမဲ့ ကျနော် ကျမှ အသံကလဲ မကောင်း၊ ဘာ ဂီတ တူရိယာမှလဲ မတီးတတ်ပါပဲ ရူးသွပ်ခဲ့တဲ့ အိမ်မက်တစ်ခုက “က” တာ။ ငယ်ငယ်ကတော့ “ဘရိတ်ဒန့်စ်” တွေ ခောတ်စားတဲ့အချိန်မှာလဲ ရူးသွပ်၊ “ပါရာနာဝေ၊ ပါရာနဝေ့ ပါရနာ” ဆိုပီး သိုင်းကွက်နဲ့ ကတာတွေ ခောတ်စားတော့လဲ လိုက်ကခဲ့တာပေါ့။ မအားတဲ့ကြားက အဲဒီပိုးက ရှစ်တန်း၊ ကိုးတန်းထိ တော်တော် ပြင်းတုန်း။ “ငါကြီးလာရင် Professional Dancer လုပ်မယ်” လို့ အိပ်မက်တွေ မက်ထားခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ဆယ်တန်းမှာ အိမ်မိသားစု စီးပွားရေးတွေ တစ်စတစ်စ တာဝန် ယူလာရတော့ ဒါဟာ စိတ်ကူးယဉ် အိပ်မက် တစ်ခုလိုသာ ကျနော် လွှတ်ချ ပစ်ခဲ့ရတော့တယ်။ (ခုတော့ တခါတလေ အားကစားသင်တန်းမှာ ကျန်းမာရေး အကြောင်းပြ သွားသွားပြီး “က” ဖြစ်နေလေရဲ့ တခါတခါလဲ ကလပ်ထဲ သွားသွားပြီး မမုးပဲ “က” နေတတ်ပါတယ်ခင်ဗျ။ )
နောက် အိပ်မက်တစ်ခုကတော့ ဓာတ်ပုံတွေ။ ကျနော်က တစ်နေရာရာရောက်ရင် အဲ့ဒီ အချိန်လေးတွေကို အမှတ်တရ ပုံလေးတွေအဖြစ် သိမ်းထားချင်ခဲ့တယ်။ ကျနော်တို့ မိသားစုက နှစ်စဉ် နှစ်တိုင်း မြို့ကလေးမှာ ကျင်းပတဲ့ တပေါင်းပွဲတော်မှာ မိသားစု ဓာတ်ပုံ ရိုက်လေ့ရှိတယ်။ ငွေစလေးတွေ ရွှင်နေတဲ့ နှစ်တွေမှာပေါ့။ ဓာတ်ပုံရိုက်ဖို့ ငွေပိုလျှံမရှိတဲ့ နှစ်တွေမှာ ကျနော်က တပေါင်းပွဲမှာ မပျော်ရလို့ ၀မ်းနည်းတာထက် မိသားစု အတူတူ ဓာတ်ပုံ တွဲ မရိုက်ရတဲ့အပေါ်မှာသာ စိတ်မကောင်းတွေ ဖြစ်နေရော။ ကျောင်းတွေ တက်လို့ အိမ်နဲ့ ခွဲနေရချိန်တွေမှာ ကျနော်က အဲ့ဒီ မိသားစု ဓာတ်ပုံလေးတွေနဲ့ အိမ်ကို အလွမ်း ဖြေရတာပေါ့။ ရူးသွပ်တဲ့ စွဲလန်းမှု တစ်ခုလို့ ဆိုချင်ဆို၊ ခု ချိန်ထိ ဓာတ်ပုံလေးတွေ ပြန်ကြည့်တိုင်း အဲ့ဒီ အချိန်တွေကို ပြန်ပြန် ရောက်သွား တတ်တယ်။ ကျနော်ဟာ အဲဒီ ဘ၀အခိုက်အတန့် အမှတ်တရချိန်လေးတွေ တန်ဖိုးထားသလို သူတပါးတွေ အဲ့ဒီလို အမှတ်တရအချိန်တွေ ကြုံရတိုင်း ကိုယ်က မှတ်တမ်းတင်ပေးနိုင်သူ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုလဲ အဲ့ဒီ အချိန်ထဲက ရင်ထဲ တိတ်တဆိတ် အိပ်မက် မက်ခဲ့ဖူးတာပေါ့။ (ခုတော့ အခြေအနေလေး ပေးလို့ ကင်မရာလေး တစ်လုံး လက်ဝယ် ရှိတဲ့အခါ အဲဒီ အိပ်မက်လေးတွေကို အကောင်အထည်ဖော်ခွင့် ရခဲ့တယ်။ ဓာတ်ပုံ ပညာအကြောင်း ဘာမှ သိပ်နားမလည်ပေမဲ့ ကျနော် ဓာတ်ပုံ ရိုက်ပေးလို့ သူငယ်ချင်းတွေ အမှတ်တရ ဖြစ်ကျန်ခဲ့ရင်၊ ပျော်နေကြရင်ပဲ ကျနော်က ၀မ်းတွေသာလို့ပေါ့ဗျာ။ ကျနော်ဟာ နာမည်ကြီး ဓာတ်ပုံဆရာတော့ မဟုတ်ပါဘူး။ အပျော်တမ်း ဓာတ်ပုံ ၀ါသနာရှင် တစ်ယောက်ပါ။ လိုအပ်ချက်တွေအများကြီး ရှိပေမဲ့ ကျနော် ကျေနပ်ပါတယ်။)
နောက်ပြီး ကျနော် ငယ် ကတည်းက စာတွေဖတ်၊ ပန်းချီတွေ စိတ်ကူးပေါက်ရာဆွဲ၊ ကဗျာတွေ စာတွေရေး။ အဲတာတွေလဲ ၀ါသနာ ပါခဲ့တာပါပဲ။ စိတ်တွေ ပျော်တိုင်း၊ ညစ်တိုင်း၊ လွတ်လပ်တိုင်း၊ မွန်းကျပ်တိုင်း ဒိုင်ယာရီဆန်ဆန် စာတွေ ရေးမှတ်ထားတတ်တယ်။ ကျနော့်ကိုယ် ကျနော် ပျောက်ဆုံးတဲ့ အခါတိုင်း အဲဒီ ဒိုင်ယာရီတွေ ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန် တည်ဆောက် ယူခဲ့ရတာပေါ့။ (ခုတော့ ဒီ Wonderful Universe မှာ စာတွေ၊ ကဗျာတွေ ချပြီး ရေးဖြစ်နေပြန်တယ်။ ကျနော့် အိပ်မက်လေးတစ်ခု ဒီနေရာမှာ ခင်းကျင်းပြထားတာ စာဖတ်သူတွေအတွက် စိတ်အပန်း မပြေအုံးတောင် အဆိပ်အတောက်တော့ မဖြစ်လောက်ဘူး ယုံကြည်ထားပါရစေ။)
တဖြည်းဖြည်းနဲ့ ဘ၀ပင်လယ်ထဲမှာ လှော်ရင်းခတ်ရင်း အိမ်မက်တွေလဲ ကျနော်ချစ်တဲ့ တိမ်တိုက်တွေလို အသွင်ပြောင်းလာ ခဲ့တော့တယ်။ မန္တလေး စက်မှုတက္ကသိုလ် ကို ရောက်လာတော့မှ “ဗိသုကာ” ဆိုတာနဲ့ ကျွမ်းဝင်ထိတွေ့ခွင့် ရခဲ့တဲ့သူ။ လျှပ်စစ်အင်ဂျင်နီယာကြီး လုပ် ဆိုပီး အိမ်က လွှတ်လိုက်တဲ့ ကျနော်၊ ပထမနှစ် စာမေးပွဲ ဖြေအပြီးမှာ “ဗိသုကာ” ဘာသာရပ်အတွက် ၀င်ခွင့်လျှောက်လွှာတင်ပြီး အိမ်ကို ပြန်တယ်။ အိမ်ကတော့ သူတို့ စီစဉ်ပေးထားတဲ့ ဘာသာရပ်ကို မယူပဲ တခြားဘာသာရပ်ကို ယူခဲ့တော့ စိတ်ဆိုးချင်နေတာ၊ Mechanical Engineer ဖြစ်သူ ဦလေးတစ်ယောက်က “မင်း ကျောင်းပြီးရင် ဘာလုပ်စားမှာလဲ။ အဲဒီဘာသာ ယူတဲ့သူတွေ တော်တော်များများက လမ်းဘေးမှာ ဆိုင်းဘုတ်ရေးနေရတာ” တဲ့။ စိတ်ဓာတ်တွေတောင် ကျ ချင်သွားတော့တယ်။ အဲ့ဒီအချိန်တုန်းက မြို့ကလေးမှာ “ဗိသုကာ” ဆိုတာ ဘယ်လို ထင်ကြသလဲ။ လူတယောက်က “ အော်၊ ဗိသုကာ ဆိုတော့ ပန်းပုတွေ ထုရမှာပေါ့နော် ” တဲ့။ “ ဘုန်းကြီးကျောင်းတွေ ဆောက်ရမှာပေါ့ ” လို့ ပြောကြတာက အနီးစပ်ဆုံးလို့ ပြောလို့ ရခဲ့တာပေါ့။ ဒါပေမဲ့ “ဗိသုကာ” ဘာသာရပ်တွေကို စပြီး သင်ကြားလာရ ကတည်းက ကျနော် ရွေးချယ်မှု မှန်သွားခဲ့ပြီဆိုတာ သိလာတော့တယ်။ ကျောင်းမှာ သင်ရတဲ့ ဘာသာရပ်ပိုင်းဆိုင်ရာတွေ၊ စာအုပ်တွေ၊ လုပ်ရတဲ့ ပရောဂျက်နဲ့ ဒီဇိုင်း ချဉ်းကပ်စဉ်းစားရတာတွေ ကြားမှာ တခါတရံ ကျနော် ထမင်းမေ့၊ဟင်းမေ့၊ အချိန်နာရီမေ့ နစ်မျောလို့ နေတတ်ပြီ။ သို့သော် အဆောက်အဦး ဗိသုကာဘာသာရပ်နဲ့ အဝေးကြီး ဝေးတဲ့အရပ်ကနေ လာခဲ့သူ ကျနော်ဟာ၊ သင်ကြားရတဲ့၊ မြင်တွေ့ရတဲ့ အသစ်အဆန်းတွေနောက် မနည်း မှီအောင် လိုက်ရတယ်။ နဂိုကလည်း ခပ်ညံ့ညံ့ဆိုတော့ ပိုပြီး ကြိုးစားရတာပေါ့။ “ဗိသုကာ” ဘာသာရပ်တွေကို လေ့လာနေရတဲ့ ကျောင်းတက်ချိန် တလျှောက်မှာတော့ “ဗိသုကာပညာရှင်” ဆိုတဲ့ အိပ်မက်တစ်ခု ကျနော့်ဘ၀ထဲ တိုးဝင်လာခဲ့ပါရော။
ကျောင်းတွေ ပြီးပြန်တော့ အိပ်မက်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ “ဗိသုကာ” နယ်ပယ်မှာပဲ အလုပ် လုပ်ခွင့် ရခဲ့တာ အင်မတန် ကံကောင်းပါတယ်။ လုပ်ငန်းခွင် ၀င်တော့မှ ကျယ်ပျံ့လာတဲ့ အမြင်တွေထဲ တဖြည်းဖြည်း တွေးမိလာတာက ကိုယ်တွေ ဒီပညာကို သင်ကြားတာဟာ လူချမ်းသာတွေအတွက် သက်သက်ပဲလား ဆိုတဲ့ အတွေးတစ်ခုပါ။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကို တစ်ထောင့်တနေရာက ဖန်တီးခွင့်ရမယ်လို့ ထင်ထားတဲ့ အိပ်မက်တွေဟာ တပိုင်းတစမှာတင် ရပ်တန့်လို့ နေတော့တယ်။ အဆောက်အဦး တစ်ခုကို ငွေကြေးချမ်းသာသူတွေမှ အကောင်းမွန်ဆုံး ဆောက်လုပ်နေထိုင်ခွင့် ရသတဲ့လား။ တန်ဖိုးကြီး၊ အဖိုးတန် ပစ္စည်းတွေနဲ့ ဆင်ယင်ပြီး ထူးခြားဆန်းပြားမှ မျက်စိ ပသာဒဖြစ်မှ ဗိသုကာတစ်ဦးရဲ့ တာဝန် ကျေသတဲ့လား။ အလုပ်တွေထဲ နစ်မြှုပ်ရင်းက ကျနော့်အိပ်မက်က တစ်ခုထဲမှာပဲ အဆင် ကွဲထွက်သွားပြန်တော့တယ်။ “ဗိသုကာ ပညာရှင်” တစ်ယောက်ဟာ လူတွေ အပန်းဖြေ မျက်စိပသာဒ ဖြစ်စရာ အဆောက်အဦးတွေကိုပဲ ဖန်တီးဖို့ တာဝန် တစ်ခုထဲ ရှိတာမဟုတ်။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကိုလည်း ဖန်တီးပေးနိုင်ဖို့ အခွင့်အရေးတွေ ရှိနေတယ်။ ကျနော်တို့တတွေဟာ လူချမ်းသာတွေ အတွက်သာမက လူတန်းစားမရွေး လူ့ဘောင်လောက တစ်ခုလုံး သာယာလှပအောင် ဖန်တီး ပေးနိုင်ရမယ်။ အခုလို Green Architecture တွေ ပေါ်လာတာ၊ စွမ်းအင် ချွေတာ သုံးစွဲနိုင်ပြီး သဘာဝအရင်းမြစ်တွေ မပြုန်းတီးစေနိုင်တဲ့ ဆောက်လုပ်ရေး နည်းစနစ်တွေ ထွန်းကားစ ပြုလာတာ၊ အဲတာတွေက ကျနော့် အနာဂါတ် လူ့ဘောင်လောကကြီး အတွက် မက်ခဲ့တဲ့ အိပ်မက်လေး လက်တွေ့ ဖြစ်လာနိုင်ဖို့ ယုံကြည်ချက်တွေ အားဖြည့်ပေးနေခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို အကျယ်တ၀င့် ကျနော် ဒီမှာ မရေးတော့ဘူး။ ခုတောင် တော်တော် လေကြော ရှည်နေမိပြီ။ ခု လောလောဆယ်မှာတော့ ကျနော့် အိပ်မက်တွေထဲက တစ်ခုဖြစ်တဲ့ “ဗိသုကာ” ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းခွင့် ရထားတာ ကံကောင်းလှပါပြီ။
လိုအပ်တာကတော့ အိပ်မက်တွေ အမှန်တကယ် လှပ ဖို့ရာအတွက် ကျနော် အများကြီး ဆက် ကြိုးစားကာ နေရပါဦးမယ်။
အိပ်မက်တွေ (၁) မှာ ကျနော် ရေးခဲဖူးသလိုပေါ့။ ကျွန်တော်တို့ ဘ၀တွေမှာ ဖြစ်လာခဲ့သော အိပ်မက်တွေ ရှိသလို ဖြစ်မလာခဲ့သော အိပ်မက်သေတွေလဲ ရှိသည်။ တစ်ချို့ အိပ်မက်တွေက အိပ်မက်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အိပ်မက်တွေ မမက်လို့ မဖြစ်။ အိပ်မက်တွေ ဆက်မက်နေဖို့ လိုအပ်သည်။
အစကို ပြန်ကောက်ရမယ် ဆိုရင်တော့ ကျွန်တော် သီကြည့်မိတဲ့ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ ရဲ့ ပကတိ ပုံရိပ်လွှာက အနုပညာ ဆိုတာပါပဲ။ အဆင်ကွဲပေမဲ့ မိတ်ဆွေတို့ အားလုံးနဲ့ တစ်အိမ်မက် တူနေတာ အနုပညာဆိုတဲ့ ကျနော့်ရဲ့ ၀ါသနာပါ။

ကဲ၊ ကျနော့် ချစ်မိတ်ဆွေများလဲ ကျနော့် ၀ါသနာ တစ်ဖြစ်လဲ စနေသားရဲ့ အိပ်မက်တွေကို ခပ်ယူ မြည်းစမ်း ကြည့်ပြီးကြရောပေါ့။
ဒီနေရာလေးကနေ ဖိတ်ခေါ်ချင်တာကတော့ “က” ချင်သူ ကောင်မလေးများ စာရင်းပေးကြပါ လို့။ စနေသား အခမဲ့ ကူညီကာ ကလပ် ခေါ်ပါမည်။ (မိန်းခလေးတွေဆို ကလပ်က ပိုက်ဆံ ပေးဝင်စရာ မလိုဘူးတဲ့၊ ဒါကြောင့် မိန်းခလေးများကို ရွေးခေါ်တာ အထင် မလွဲကြစေလို။)
မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ ပဲ ဖြစ်ဖြစ်၊ အမှတ်တရ တစ်ခုခုအတွက် ဓာတ်ပုံ ရိုက်လို သူများကိုလဲ “အပျော်တမ်း ဓာတ်ပုံရိုက်သူ” ကျနော် ကြိုဆိုပါတယ်။ မော်ဒယ်ဂဲလ် လေးတွေလဲ စိတ်ဝင်စားရင် ဆက်သွယ် လိုက်ပါခင်ဗျ။ မေတ္တာဖြင့် အခမဲ့ လိုက်လံ ရိုက်ကူးပေးပါတယ်။ အဲဒီအတွက် ကင်မရာ Zoom Lens တွေ လက်ဆောင် ပြန်ဝယ်ပေးကြတယ် ဆိုရင်ဖြင့် မေတ္တာကို စေတနာနဲ့ တုံ့ပြန်တာ ဆိုကာ အားနာနာနဲ့ လက်ခံပါ့မယ်။
ချစ်ခင်ရသော မိတ်ဆွေတွေ တကယ်လို့များ အိမ်၊တိုက်တာ၊ အဆောက်အဦးတွေ ပုံစံအတွက် စိတ်ကူးများ လိုအပ်ပါက “ဗိသုကာ” ပိုင်း ဆိုင်ရာ ရှုထောင့်ကနေ ကူညီပေးဖို့ အဆင်သင့်ပါ။ ကျနော်ကတော့ ညီမလေး မယ်ကိုးလို လျှော့ဈေးနဲ့ ဒီဇိုင်း မဆွဲပေးပါဘူး။ ခင်မင်မှုအရ ငွေကြေး လက်ခံမယူပဲ အလကား ဆွဲပေးမှာပါ။ ကျနော် ပုံစံ ထုတ်ပေးတဲ့ အဆောက်အဦး ကုန်ကျစားရိတ် အတိုင်းအဆ အတိုင်း သာ တိုက်ခန်း၊ မြေကွက် စတာတွေကို အလိုက်သတိ လက်ဆောင်ပေးကြမယ် ဆိုရင်ဖြင့် အစောနက ပြောသလို အားနာနာလေးနဲ့ပဲ လက်ခံပေးပါရစေ။
(လိုချင် ရချင်လို့ ပြောတာမဟုတ်ပါဘူး။ တစ်ချို့က ၀ယ်ပေးချင်လျက် အပြောခက်သူတွေ ရှိနေကြလို့ပါ။ :-P )

ဟဲဟဲ။ ကျနော် စသလို၊ နောက်သလို၊ အတည်လို ပြောသွားတာတွေက မိတ်ဆွေတို့ကို ပြုံးစေချင်လို့ စနောက် မိတာပါ။ ခုတလော ကျနော်တင်သမျှတွေ ဖတ်ဖတ်ပြီး စိတ်ညစ် ပြန်ရတဲ့ မိတ်ဆွေတွေကို အားလဲ နာတယ်။ ကျေးဇူးလဲ တင်ပါတယ်ခင်ဗျ။
ခု တကယ် အတည် ပြောလိုတာက ဘာသာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ ကျွန်တော် တတ်ကျွမ်းတဲ့ ပညာရပ်လေး အနည်းငယ်မျှနဲ့ပဲ ဖြစ်ဖြစ် ကုသိုလ်ပြုနိုင်ခွင့် ရမယ် ဆိုရင် အချိန်မရွေးသာ လက်တို့လိုက်ပါ။ ဥပမာအားဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အဲ့ဒီလို အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဗိသုကာပုံစံတွေ လိုအပ်တဲ့ အခါမျိုးပေါ့။ ကျနော် စနေသား ကိုယ့် အတတ်ပညာနဲ့ တတ်စွမ်းသလောက် ကုသိုလ်ပြုရမှာလဲ ၀ါသနာ ပါ ပါတယ်ခင်ဗျား။

(ဒီ ပို့စ်လေးကို ရေးဖြစ်ဖို့ ဖိတ်ခေါ်တဲ့ ညီမလေး မယ်ကိုး ကို ကျေးဇူး အထူးတင်ပါတယ်။ ညီမလေးကို စာထဲ ထည့်သွင်း နောက်ပြောင်မိတာလဲ စိတ်မဆိုးဘူး ထင်ရဲ့။ အကိုလဲ ညီမလေးလို စာဖတ်သူတွေ ပျော်စေချင်လို့ပါ။
ဒီပို့စ်လေးကို အတော်များများ ရေးပြီး နေကြပါပြီ။ ဆရာမ အပြုံးပန်း ကို ညီမလေး မယ်ကိုးက တက်ဂ်ထားပြီးပေမဲ့ ကျနော် ပြန်ပီး ဖိတ်ခေါ်ပါရစေခင်ဗျာ။ ထပ်ပြီး ကျနော် သိချင်တဲ့ ၀ါသနာအိပ်မက် ပိုင်ရှင်လေးတွေ ကတော့ ညီလေး ဖိုးစိန်နေဒေးညီမင်းအိမ် နဲ့ ညီမ မေလေးမမီး (မိုးသောက်ကြယ်) တို့ပါပဲ။ ညီလေး၊ ညီမလေးတွေရဲ့ ၀ါသနာအိပ်မက်လေးတွေ မျှဝေပေးကြမယ် မျှော်လင့်ပါတယ်။)
ဆရာမ အပြုံးပန်း က တနေ့တော့ အိမ်အလည်ခေါ်ချင်တယ် လို့ ဖိတ်ခေါ်ထားတာလေး ဒီစာ ရေးပြီးမှ တွေ့လို့ပါ။ လာဗျာ။ ကျနော်နဲ့အတူ ဆရာမရဲ့ “မြတ်လေးရုံ” ကို လည်လည်သွားစို့ရဲ့။

မေတ္တာဖြင့်
မိုးကုတ်သား


15 comments:

မယ့်ကိုး said...

၁- ကောင်မလေးတွေကို က ဖို့  ခေါ်တဲ့ အတွက် ကောင်မလေးတစ်ယောက်နဲ့  တိုင်ပြောမယ်။
၂-ညီမနဲ့ အပြိုင် ဈေးလျှော့တဲ့အတွက် ဆရာမနဲ့ တိုင်ပြောမယ်။

:D ...

အစ်ကိုရေ... အခုကပဲစပြီး အတည်ပြောပါတော့မယ်နော်။

အစ်ကို့ စာလေးတွေ ဖတ်တိုင်း စိတ်ထဲငြိမ်းချမ်းပါတယ်။ အဆိပ်အတောက်လည်း မပါ ပါဘူး။
အစ်ကိုဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ ဗိသုကာကို ဒီထက် ပိုလို့  အကောင်အထည်ဖော်နိုင်ပါစေလို့ ...

မင်းအိမ်ဖြူ said...

မင်္ဂလာပါ ကိုကြီးရေ

မထင်မှတ်ပဲ စာလေးတွေ ဖတ်ကြရင်း ရင်ဘက်ခြင်း ၊ ခံစားချက်ခြင်း ၊ နီးစပ်ခဲ့ကြပါတယ် ၊၊ အပြင်မှာ မမြင်ဘူးကြပေမယ့် နှလုံးသားခြင်း နီးစပ်ခဲ့ကြတဲ့ ဘလော့ဂါ မောင်နှမတွေ ပေါ့ ၊၊

ကိုကြီးဝါသနာတွေ က များသားလားနော် ၊၊ ကောင်းပါတယ် ဗျာ၊၊ ကိုယ့်ရဲ့ အသက်မွေး မှူနဲ့ ၀ါသနာ ထပ်တူနီးပါး ကျနေတယ်လို့ ထင်မြင်ပါတယ် ၊၊ ၀မ်းသာ ပါတယ် ကိုကြီးရေ ၊ ဂုဏ်ယူဝမ်းမြောက်ပါတယ်၊၊

ကိုကြီးတပ်ထားတာလေး ရေးပေးပါမယ်ဗျာ၊၊ ခဏတော့ စောင့်ပေးပါနော် ၊၊

(အဟမယ်ကိုးဆီက မလာတော့ လွတ်ပြီထင်တာ ပတ်လာတာကိုး နောက်တာပါ )

ပျော်ရွှင်ပါစေ

ညီမင်းအိမ် @ မင်းအိမ်ဖြူ

မယ့်ကိုး said...

အစ်ကိုရေ...ကျေးဇူးတင်ကြောင်းလေး မပြောလိုက်ရသေးလို့  ထပ်လာပြောတာပါ။
စာလေးရေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်လို့  ...

မငုံ said...

စနေသား အိပ်မက်တွေကို လာလေ့လာတာ။
:) စာရင်းမပေးတော့ဘူးနော်။ ချိုမိုင်မိုင်တောင် မကတတ်လို့။ ဓာတ်ပုံလဲ မရိုက်ခိုင်းတော့ဘူး။ လက်ဆောင်ရမှာစိုးလို့
:)စတာပါ။

တတ်ကျွမ်းတဲ့ ပညာလေးနဲ့ ကုသိုလ်ပြုချင်တယ်ဆိုတာ သိရတော့ သာဓုခေါ်သွားပါတယ်။

Anonymous said...

ရုပ်တည်ကြီးနဲ့လည်း ရီအောင် ပြောတတ်ရဲ့ ....
စာတည်ကြီးနဲ့လည်း ပီအောင်နောက်တတ်ရဲ့ ....
ကျွန်တော်လည်း ဒီခေါင်းစဉ်မျိုးလေး ရေးချင်နေတာ ...
ကျွန်တော် ရက်ပိုင်းအတွင်း ကြိုးစားပေးပါ့မယ် ...
ကိုမိုးကုတ်သားရေးထားတာလေး ဖတ်ရတာ ကြည်နူးစရာဗျာ ...
ကိုယ်ဝါသနာပါတဲ့ အလုပ်မှာ ကိုယ်စိတ်သန်တဲ့ ပညာရပ်နဲ့ အားထုတ်နေရတာ သဘောကျလိုက်တာ ....
ဘဝကံ အကျိုးပေးပေါ့လေ ....

နေဒေးသစ်။

Sein Lyan Tun said...

စကာင်္ပူရောက်ရင် ကိုကို့ ကိုကခိုင်းမယ်။။။

ပြီးတော့ ညီနေဖို့ ကိုကိုအိမ်ပုံစံဆွဲပေးပါ..

ညီဂျီး မများဖူးဆိုတာသိတယ်နော်းးးးးးးးးးးးးးးးးးး


ကိုကို တက်တော့လဲ ညီရေးပေးမယ်...


ရေးမယ်ကြာမယ်

ချစ်တဲ့

ညီ

မေလေး said...

အကိုရေ
ဝါသနာနဲ့အသက်မွေးဝမ်းကြောင်းပြုရတာ ဂုဏ်သူစရာဘဲပေါ့။အကို့စာတွေဖတ်ရတာလဲ စိတ်အေးချမ်းရပါတယ်။စိတ်လဲမညစ်သလို အဆိပ်အတောက်လဲမပါပါဘူး။
ဓါတ်ပုံရိုက်မယ်ဆို အကြောင်းကြားလိုက်မယ်နော်။ဟဟ
ကဖို့ ကလပ်တော့ စာရင်းမပေးတော့ပါဘူး။မေလေးလာရင်သင်တန်းသားမရှိတော့မှာစိုးလို့လေ။
တက်ဂ်ထားတာလဲ ရေးပေးပါ့မယ်နော်။ရေးမယ်သိပ်တော့မကြာပါဘူး။

လင်းဒီပ said...

အစ်ကို့ဝါသနာတွေ ဖတ်လိုက်တော့ “က”တာက လွဲပြီး ကျန်တာအားလုံး ကျွန်တော်နဲ့အတူတူပါပဲ..။

ဓာတ်ပုံလေးတွေကတော့ ခံစားသူအဆင့်ပဲ ရှိပါတယ်။
ကဗျာတွေ စာတွေ သီချင်းတွေ မရှိရင်တော့ နေလို့မရတဲ့ ဘဝလိုဖြစ်သွားမှာဗျ..။

ဗိသုကာပညာနဲ့ပတ်သက်ရင် ချစ်ရက်နဲ့ လက်မထပ်ရဲခဲ့တဲ့လူလို့ သူ့အကြောင်းကြားတိုင်း ဘဝမှာ နောင်တတွေ အကြိမ်ကြိမ်ရနေရတာမျိုးပေါ့။
ဗိသုကာသမားတွေ သူ့တို့ ဖန်တီးတာတွေတွေ့တိုင်း အားကျနေတတ်တယ် ။ ဗိသုကာပညာက ကျွန်တော့်အမြင် အနုပညာနဲ့ရောယှက်ထားတဲ့ အင်ဂျင်နီယာပညာရပ်ပါပဲ...။စိတ်ခံစားမှုတွေ အများကြီးထည့်ထားတယ်လို့ ခံစားမိတယ်..။

အစစအရာရာ အဆင်ပြေပါစေ အစ်ကို

သီဟသစ် said...

ကိုကိုမိုးကုတ်

ကတတ်တာ အနော်တို့ကို မပြောပဲကိုးဗျ
မခေါ်ချင်လို့နေမှာ :P

အကို့အိပ်မက်လေးတွေက တကယ်ငြိမ်းချမ်းပါတယ်ဗျာ

ခုလိုအိပ်မက်လေးတွေ အမြဲတကယ်ဖြစ်ပါစေ အစ်ကိုရေ


ခင်မင်စွာဖြင့်
သီဟသစ်

ကောင်းကင်ပြာ said...

ရင်ဘတ်ကြီးနဲ့ လာခံစားဖတ်သွားတယ်

tune said...

ဖတ်

Lucifer said...

" က" ဖို့ ဖိတ်ခေါ်တဲ့ အကို့ကို မမီးကလည်းပြန် ဖိတ်ခေါ်ပါတယ်.. ရေခဲးပြင် စကိတ်သွားစီးရအောင်...

နွေးနေခြည် said...

ဦးရွှေရိုးကပြ....
သူများတွေများ ၀ါသနာပါတာလေးလုပ်ရင်း ထူးချွန်နေတာ ... ကိုယ့်မှာတော့ ယောင်ဝါးဝါးး(
ဓာတ်ပုံရိုက်တာတော့ ၀ါသနာမပါဘူး။ အရိုက်ခံရတာတော့ ၀ါသနာပါတယ် အတော်ပဲ ဟဲဟဲး)

msd said...

same dream like u. "professional dancer". at teenager time. :)

william said...

“ ဘုန်းကြီးကျောင်းတွေ ဆောက်ရမှာပေါ့ ” လို့ ပြောကြတာက အနီးစပ်ဆုံးလို့ ပြောလို့ ရခဲ့တာပေါ့။

It's damn true. you did get along with those monastery Projects last time...


Cheers
Criminal W