Friday, June 5, 2009

ကကြိုးပျောက်သူများ




လွမ်းတငွေငွေ့
ဆွေးးတမြေ့မြေ့
မိုးနေ့လကွယ်
ဒေါင်းသငယ်တွေ
ကရေး မကြွယ်လေတော့။ ။






(ဓာတ်ပုံလေးကို ဒီကနေ ယူထားပါတယ်ခင်ဗျာ။)

မွေးဖွားလာကတည်းက ကျွန်တော်တို့ အမြင့်ကို မပျံနိုင်ခဲ့ကြဘူး။
အတု ဖန်ဆင်းပေးထားတဲ့ ကောင်းကင်ကြီးက ကျွန်တော်တို့ ပျံသန်းဖို့ အတွက် နိမ့်လွန်းလှတယ်။
ကျွန်တော်တို့ ကိုယ်ပေါ်မှာ လှပတဲ့ အရောင်စုံ အမြီးလေးတွေ ရှိတယ်။
ကျွန်တော်တို့ ပျံသန်းလွတ်မြောက်မှာ စိုးလို့တဲ့။
တစ်လွှာချင်းစီကို သူတို့ စိမ်ပြေနပြေ ချိုးချထားလိုက်ထာများ။
အမေ မွေးကတည်းက သင်ကြားတတ်မြောက်လာမယ့် ကျွန်တော်တို့ ကကွက်တွေကိုတောင် မေ့လို့။
တချို့ကျတော့လဲ ဗီဇ သဘာဝက ပါရမီအခံလေးတွေပါတော့ ကကြိုးကကွက်တွေကို မသင်ကြားပဲ တတ်မြောက်ကြပါရဲ့။ သူတို့ကျ အမွှေးအတောင်တွေ အကုန် ဆွဲနှုတ်ခံလိုက်ကြရရော။
တချို့ကျ သူတို့ရဲ့ ကောင်းကင်အတုကို ဖောက်ထွင်းပြီး ပျံသန်းလွတ်မြောက်သွားကြတယ်။
အတောင်အလက်တွေ နှောင်ဖွဲ့ခံထားရတဲ့ အမေ့ကို သူတို့ သတိတရ ရှိ၊ မရှိ ဘုရားနဲ့ သူတို့ကိုယ်တိုင်မှ သိနိုင်မှာပ။
တခါတခါကျ ကကြိုးပျောက်တဲ့ ဒေါင်းသငယ်တွေ ရင်ထဲမှာ ဘာတွေ ခံစား နာကျည်းရမလဲ။
တနေ့တနေ့ လှောင်အိမ်လေးထဲ ရှင်သန် အသက်ဆက်ရဖို့၊ လှပတဲ့ အမွှေးအတောင်တွေ ဆွဲနှုတ်မခံရဖို့ ကြိုးစား ရှောင်တိမ်း နေကြရပြန်ရော။
ပျံသန်းလွတ်မြောက်သွားတဲ့ ဒေါင်းသငယ်တွေ အိမ်ကလေးကို လွမ်းဆွတ်နေကြမလား၊ မေ့လျော့နေကြမလား။
အမွှေးအတောင်တွေ အကုန် နှုတ်ခံထားရတဲ့ ဒေါင်းသငယ်တွေရော လှပသစ်လွင်တဲ့ သူတို့ အမြီးလေးတွေ အသစ် တဖန် ပြန်မွေးဖွားလာနိုင်ကြပါ့မလား။
အမေ့သားသမီးတွေထဲက ဒေါင်းတကောင် ရွှေဝါရောင်ကကြိုးကို ငေးမော အိပ်မက်ရင်း မျက်ရည်ကျနေတယ်။
အမေ့ အနှောင်အဖွဲ့တွေ အမြန်လွတ်မြောက်ပါစေ။ မျက်စိစုံမှိတ်ရင်း တစ်မိနစ်စာ အမေ့ကို ငြိမ်သက်အာရုံပြုပြီး ကောင်းကင်ကြီးကို မော့ကြည့်တော့ ကွန်တစ်ခုက သူ့ကို ဆီးကြိုလို့။ တကယ်ပါ။ သူဟာလည်း သတ္တိနည်းတဲ့ အမေ့ရဲ့ ဒေါင်းတကောင်။
အပြင်မှာ မိုးတွေသည်းနေတယ်။ ကောင်းကင်မှာ နေရောင်လရောင်က ကွယ်လို့။ ဒါဟာ အခိုက်အတန့်ပါလို့ ဒေါင်းသငယ် ယုံကြည်နေသေးတယ်။


မေတ္တာဖြင့်
မိုးကုတ်သား

3 comments:

Sein Lyan Tun said...

အကိုနဲ့ထပ်တူဝိုင်းဆုတောင်းပေးပါတယ်
ယုံကြည်မှုအပြည့်နဲ့ပေါ့
ထပ်တူခံစားမိပါတယ် အကို
ချစ်ညီ
ဖိုးစိန်

ထာဝရမိုး said...

အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆန္ဒပြုရင်း

မယ့်ကိုး said...

ဒီစာလေး အရမ်းကောင်းတယ်။
ကျွန်မလည်း သတ္တိနည်းတဲ့ အမေ့ရဲ့ ဒေါင်းတကောင်။
မိုးတိတ်ဖို့  ဆုတောင်းလို့ လည်း မရတဲ့ဘဝမှာ ....