Saturday, November 30, 2013

ကိုယ် လည်း လေ လော ကီ သား ပေ မို့

ဒီကနေ့ X-Factor USA မှာ ကိုယ် ဖိုင်နယ်ရောက်မယ်လို့ထင်ထားတဲ့ သူ သုံးယောက်ထဲက တစ်ယောက်ဟာ ထွက်သွားရတယ်။ ကျန်တဲ့ နှစ်ယောက်က Bottom 2ထဲမှာ။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ် ဖိုင်နယ်ထိ တက်မယ်ထင်ထားတဲ့ ဒီသုံးယောက်စလုံး ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင် ကြုံတွေ့ ခံစားကြရတယ်။ ပြိုင်ပွဲဆိုတာ ပထမဆုကို လိုချင်မက်မောလို့ ပြိုင်ဆိုင်ကြတာပဲ မဟုတ်ဘူးလား။ အရှုံးဆိုတာကို ဘယ်သူ လိုချင်မလဲ.. နော။ ကိုယ်လည်း ကိုယ်သိပ်သဘောကျတဲ့ အဆိုရှင်ကို ပထမ ရစေချင်တာပဲ။ ဒီထဲက တစ်ယောက်ဟာ Final 6 အထိတောင် တက်မသွားရရှာပဲ Final 8 အဆင့်ကနေ နောက်ထပ် မတက်နိုင်ပဲ ထွက်လိုက်ရတယ်။ နှစ်ယောက်ကလဲ Final 6 ထဲ ပါဖို့အတွက် Survival Song ကို ဆိုကြရတယ်။ ဒါ.. ကိုယ် ဘယ်လိုမှ ခံစားမရတဲ့ပွဲ။ တကယ်ဆို တစ်ယောက်နဲ့တစ်ယောက် ဆိုပုံ သံပေါက် မညီတဲ့ ဟိုသုံးယောက်အဖွဲ့ ထွက်ရမှာ။ အသံသိပ်မရပေမဲ့ ရုပ်ကလေးနဲ့ ဗုတ်ကလေးနဲ့ တက်လာတဲ့ ချာတိတ်လေးက ထွက်ရမှာ..။ အဲဒီလို အလိုမကျစိတ်တွေနဲ့ ကျိတ်မနိုင်ခဲမရ။ ဒေါသတောင် စွက်လာလိုက်သေးတာများ....။ Final 6 ကို တက်ဖို့ အသည်းအသန် ယှဉ်နေရသူ နှစ်ယောက်ကို ဒါ Final 2 သာ ဖြစ်လိုက်စမ်းပါ လို့ မဖြစ်နိုင်တာ သွားပြီး စိတ်ကူးယဉ်နေမိလိုက်သေးတာ..။ ကိုယ်ဟာ ပုထုစဉ် လူသား ဆိုတော့လဲ...။

ကိုယ်က X Factor ကို UK, USA, Australia  အကုန် အားပေးလာခဲ့တာ။ ပြိုင်ပွဲအစမှာတော့ ရီစရာတွေလဲ ရှိ မောစရာတွေလဲ ရှိ.. တဖြည်းဖြည်း Final 10 ကနေ စပြီး.... ကိုယ်မကြိုက်တဲ့သူတွေက တက်သွားရင် စိတ်တွေတို၊ ကိုယ် ကြိုက်တဲ့သူတွေ ထွက်သွားရရင် ဒေါမနဿတွေ ပွားရ ၀မ်းနည်းရ....၊ ကိုယ် ကြိုက်တဲ့သူ ကျန်နေသေးရင် final 8, Final 6, Final 4 ကနေ နောက်ဆုံး ပထမဆု ပေးတဲ့ အချိန်အထိ ဒေါသဖြစ်လိုက်၊ အားမလို အားမရ ဖြစ်လိုက်၊ စိတ်မကောင်းဖြစ်လိုက်၊ ထခုမ်မိတဲ့အထိ ပျော်ရွှင်လိုက်၊ စိတ်လှုပ်ရှားမှု အမျိုးမျိုးနဲ့ အားပေးလာရတာ။ ကိုယ် အားပေးနေတဲ့သူတွေထဲက တစ်ယောက်က ပထမဆု ရသွားတယ်ဆို အဲ့တစ်နှစ်စာ ကျေနပ်လို့ မဆုံးပေါ့။ ဒီနှစ် Australia မှာ Demi ဆိုတဲ့ တရုတ်မလေး ပထမဆု ရသွားတော့လည်း အော် သူတို့ နိုင်ငံသူ နိုင်ငံသား လူမျိုးရင်း မဟုတ်ပေမဲ့ မျှမျှတတ စိတ်ရှိသားပါလားဟ ဆိုပြီး အော်ဇီသူ အော်ဇီသားတွေကို ကျေးဇူးတင်ရ လေးစားရတာလဲ အမော။

ကနေ့ည X-Factor USA ကတော့ တကယ်ကို စိတ်မကောင်း အကြီးကြီး ဖြစ်ရတဲ့ညပေါ့။ ဒါတောင် နောက်ဆုံး Final ပွဲစဉ် မဟုတ်သေးဘူး။ ဒီ အစီအစဉ်က နှစ်တိုင်း ရှိနေတာပဲ။ နှစ်တိုင်းလည်း X-Factor Seasonမှာ ကိုယ်က ခုလို ရောဂါတက်နေကျပါပဲ။ မထူးဆန်းပါဘူးလေ..။ ပြိုင်ပွဲဆိုတာ အနိုင် နဲ့ အရှုံးပဲ ရှိတာ။ မနိုင်ရင် ရှုံးမှာပဲပေါ့။ ပြိုင်ပွဲဝင်နေချိန်မှာတော့ အကောင်းဆုံး ကြိုးစားကြရတာကြီးပါပဲ။

ကိုယ်ကတော့ အရှုံး ဆိုတာကို ရင်မဆိုင်ချင်တဲ့သူ၊ ပီးတော့ ကြိုးစားရမှာလဲ ပျင်းတဲ့သူ ဖြစ်နေလေတော့ ပြိုင်ပွဲ ဆိုတာတွေနဲ့ ဝေးဝေးမှာသာ နေခဲ့ပြီး ပရိတ်သတ်ထဲမှာပဲ ပုန်းကွယ်နေတတ်တဲ့သူ တစ်ယောက်ပါ။ စင်ပေါ်ကခေါ်လို့ မိတ်ဆက်ခွင့်ရမယ်ထင်ပြီး ဘုမသိ ဘမသိ စင်ပေါ်တက်မိကာမှ မထင်မှတ်ပဲ ပြိုင်ပွဲတစ်ခုထဲ အလိုလို ရောက်သွားရတဲ့အခါ... ကိုယ်က မပြိုင်ချင်ပါဘူး လို့ ဘယ်လောက်ပဲ ငြင်းဆန်လို့ မရတဲ့အခါ.... အရှုံးပေးပါတယ် ပန်းပေးပါတယ် ဆိုပြီး စင်ပေါ်ကနေ စကတည်းက ပြေးမဆင်းပဲ တွေဝေမိတဲ့အခါ..... ကိုယ်ထင်မှတ်မထားတဲ့ ပြိုင်ပွဲမှာ... ယက်ကန်ယက်ကန်နဲ့ ဒလိမ့်ခေါက်ကွေး ရုန်းကန်နေရတော့တာ..။ ..... အနိုင်မလိုချင်ပေမဲ့ အရှုံးလဲ မပေးချင်တဲ့ စိတ်အခံလေး ရှိနေလေတော့ ပထမဆုလေး ရလေမလားး လို့ ကိုယ် ဆက်ကြိုးစားရမှာလားး...။ ခုချိန်မှာတော့ အရှုံးပေးပါတယ် ဆိုကာ မျက်နှာငုံ့ချဖွက်ပြီး စင်အောက်ကို ပြန်ဆင်းဖို့ရာကလည်း ကိုယ်က ရှက်နေပြန်သေးလေတော့..။ အလိုမတူပါပဲ၊ ကိုယ် ထင်မှတ်မထားပါပဲ အလိုလို ဖန်တီးလာတဲ့ ယှဉ်ပြိုင်ပွဲမှာ အစကတည်းက ပြတ်ပြတ်သားသား နှုတ်ထွက်ခဲ့သင့်တာ လို့ အကြိမ်ကြိမ် နောင်တရမိပေမဲ့....

ကိုယ်လည်းလေ လောကီသားပေမို့....

ကိုယ် လည်း လေ လော ကီ သား ပေ မို့ ... ပေါ့ ကွယ်။    ။

မေတ္တာဖြင့်
မိုးကုတ်သား

Saturday, August 24, 2013

ဆည်းဆာ

 

ဆည်းဆာ (၁)
နေ၀င်ဖျိုးဖျ...
ဟိုခပ်လှမ်းလှမ်းက
ကွန်ကရစ်တောင်တန်းတွေကြား မေးတင်..
မနှုတ်ဆက်ချင်ပဲ နှုတ်ဆက်လိုက်ရတဲ့ ညနေခင်းများ
အိပ်တန်းပျံစရာမဲ့ ငှက်ပေါင်းများစွာ....
'ငါ" .....ဘယ်မှာခိုနားရမလဲ.....




ဆည်းဆာ (၂)

ကိုယ့်နေ့ကို လင်းချင်းစေတဲ့
အပျိုမလေးရဲ့ မျက်လုံး...
နှုတ်ဆက်အပြုံးတို့ ရောင်စုံခြယ်သ
အကျည်းတန်တို့ လှချိန် ပေါ့
နီမှိုင်းမှိုင်းမှာ .. ခရမ်းရင့်တွေပါချင်ပါမယ်
နီစွေးစွေးနဲ့ ပုဇွန်ဆီရောင်သွေးတွေ ဖြန်းချင်ဖြန်းထားမယ်...
မီးခိုးမှိုင်းမှိုင်းနဲ့ မဟာဆန်ကာ ငြီးငွေ့စရာ ကောင်းချင်ကောင်းပေမပ...
သူ အချက်ပြနေတာက..
မကြာခင် အမှောင်လာတော့မယ်
မကြာခင် အိပ်စက်အနားယူရတော့မယ်...
"ဘ၀ဟာ.... ဒါပါပဲ..."
သူမကတော့ နောက်နေ့မနက်ကျ
မရိုးတဲ့ ဒီဝတ်စုံနဲ့ပဲ မိုးသောက်ပြန်အုံးမယ်...

နေ၀င်ချိန်လွန်ပါမှ.....
ကြယ်စင်တွေ က တာ မြင်ရချင်မြင်ရမယ်
လရောင်ကို ချိုးလှုံခွင့်ရချင်ရမယ်
တိမ်ညိုမဲမဲနဲ့ မှောင်မိုက်ညတွေလဲ ကြုံနိုင်သေးရဲ့
အတိတ်..
ပစ္စုပ္ပန်...
အနာဂါတ်....
အဲဒီအားလုံးသော လိုက်ကာတွေကို ဆွဲချလိုက်
ပိတ်ပစ်လိုက်..
ငါ့ အသက်ရှုမှုတွေကို မမေ့မလျော့ သတိရလိုက်...
နောက် ရင်ခွင်နှလုံးသားကို နူးညံ့သိမ်မွေ့စေလိုက်...
အဆိပ်လို ခါးတဲ့အမုန်းတရား အတ္တများကို ခြေလက်တွေနဲ့အတူ ဆေးကျောသုတ်သင်လိုက်...
အမှောင်တွေကို မေတ္တာနဲ့ လုံခြုံစေလိုက်..
ပျံသန်းရောက်ရှိလာမဲ့ အိပ်မက်တွေကို ကြိုဆိုဖို့
ငါ့ရင်ခွင်တံခါးကို ဖွင့်ထားရအုံးမယ်..
မနက်ဖြန်မှာ တောက်ပတဲ့ အာရှုဏ်ဦးကို
ငါတို့ မြင်ရအုံးမယ်လို့ ယု့ကြည်စိတ်နဲ့....
ညတွေကို အိပ်စက်စေခဲ့ကြတာပေါ့ကွယ်...

ဆည်းဆာရေ..
နင်ဟာ.. မနက်ဖြန်တိုင်းမှာ...
အာရှုဏ်ဦး အဖြစ်နဲ့ ပြန်ရောက်လာခဲ့တာ..
ကမ္ဘာဦး အစကနေ အဆုံးထိပေါ့ကွယ်...။
ငါတို့မှာသာ...
မှောက်မှားခြောက်ခြားးး..
တိမ်းမူးနေခဲ့ကြ...
"ဒါဟာဘ၀ပဲပေါ့" လို့ မရိုးတဲ့ အိပ်ယာဝင်ပုံပြင်တွေ ပြောပြီး
နင် အပြုံးမပျက်.. နှုတ်ဆက် ဆက် သွားခဲ့တာ...။

မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, August 21, 2013

"လ" ၀ှက်ထားတဲ့ ကိုယ်



နီးနီးလေးပေမဲ့ နီးစပ်ခွင့်မရခဲ့ကြ
မင်းဟာ...... ကိုယ် နာကြားလို့ မရတဲ့ တရား.......
မင်းဟာ...... ကိုယ် ရှာဖွေမတွေ့ရှိနိုင်မဲ့ လျှို့ဝှက်သောလမ်း ....
မင်းဟာ...... ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားစေတဲ့ မာယာ .......
မင်းဟာ...... ကိုယ့်ကို ဖြတ်ရှစီးဆင်းသွားတဲ့ ဂီတ....
မင်းဟာ...... ကိုယ့် စိတ်စေတသိက်ကို လိုရာ ကြိုးဆွဲနိုင်တဲ့ ကဝေ ....
မင်းဟာ...... ကိုယ့်အိပ်စက်ခြင်းတွေကို ဖွက်ထားတတ်တဲ့ တစ္ဆေ .....
မင်းဟာ...... ကိုယ့် ၀ိဥာဉ်ကို တစ်လွှာခြင်း ဖဲ့ခြွေနေတဲ့ မိစ္ဆာ ......
မင်းဟာ...... ကိုယ့် မျက်ဝန်းအိမ်ကို လှိုင်းထန်စွတ်စိုစေတဲ့ မုန်တိုင်း....
မင်းဟာ...... ကိုယ် ဝေခွဲမရတဲ့ တိမ်တိုက်တစ်ခုပေါ့ .....
ဇူလိုင်အလွန်မိုးနဲ့ ... ကိုယ့် သီလတွေ ခိုးခိုးသွားတဲ့ "လ"...
အဲဒီ "လ" ကိုမှ ..... ကိုယ်က... နှစ်နှစ်... ကာကာ........
သံ သ ရာ .... တစ်........ ဆုံး.........


မေတ္တာဖြင့်

မိုးကုတ်သား

Thursday, August 15, 2013

Put It On Me [teaser] - Angie Miller


Put It On Me by Angie Miller



အပြုံးတုတစ်ခုနဲ့ ပြုံးလို့နေပေမဲ့

မင်းရဲ့ မျက်လုံးက တောက်ပတဲ့ အရိပ်တွေ စွန်ပခွာထွက်ပြေးသွားခဲ့ကြ
မင်း.. မျက်ရည်ကျပြီး မငိုကြွေးခုဘြူး
မင်းရဲ့ ရင်တွင်းမှာသာ ထိခိုက်ကြေကွဲ ပြိုလဲနေခဲ့တာလေ

မင်း က မာကျောတယ်... စိတ်ခိုင်တယ် လို့.. ပြောပေမဲ့
ငါ့ကို မင်းဘ၀ထဲ ၀င်ခွင့်ပေးပါ အချစ်ရယ်...
ငါ.. မင်းကို ကူညီပေးချင်လို့ပါ

တစ်ယောက်ယောက်ကိုတော့ မင်းလိုအပ်ပါတယ်
မပြီးဆုံးနိုင်သေးတာတွေအတွက်...
မင်းရဲ့ နာကျင်ဆင်းရဲတွေဟာ ငါ့အတွက်တော့ တုန်လှုပ်စရာ မဟုတ်ခဲ့ပါဘူးကွယ်
မင်း ထမ်းပိုးထားတဲ့ တာဝန် ၀တ္တရားတွေက အင်မတန် လေးလံလွန်းလှရဲ့

ငါ့ကို မင်းရဲ့ ၀န်ထုပ်ဝန်ပိုးတွေသာ အကုန် ပေးလိုက်ပါ..
အကုန်ပေးလိုက်စမ်းပါ့

မင်း ထပ်ပီး ထမ်းပိုးထား မနေပါနဲ့တော့

ကိုယ့်ကိုသာ သယ်ယူခွင့် ပေးလိုက်စမ်းပါ

မင်းရဲ့ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အားလုံး ကိုယ့်တာဝန်သာ လွှဲပေးလိုက်စမ်းပါ

မင်းတစ်ယောက်ထဲ အဲ့ဒီ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အခုချက်ချင်းသာ ကိုယ့်ကို ကူညီသယ်ပိုးခွင့် ပေးလိုက်ပါတော့

ကိုယ်ဟာ ဒီနေရာလေးမှာ (မင်းအပါးမှာ) ရှိနေခဲ့တာ...
ဘာကြောင့်များ မင်းတစ်ယောက်ထဲ ရုန်းကန်ဆင်းရဲ ခံနေခဲ့သလဲ ကိုယ့်ကို ပြောစမ်းပါ့

မထိုက်တန်လိုက်တာအချစ်ရယ်...မင်း နိုးထလာတဲ့အခါ
မနက်ခင်း မနက်ခင်းတိုင်းမှာ.... ပိုပိုပြီး အထီးကျန်နေတော့မှာပေါ့....

မင်း က မာကျောတယ်... စိတ်ခိုင်တယ် လို့.. ပြောပေမဲ့
ငါ့ကို မင်းဘ၀ထဲ ၀င်ခွင့်ပေးပါ အချစ်ရယ်...
ငါ.. မင်းကို ကူညီပေးချင်လို့ပါ

တစ်ယောက်ယောက်ကိုတော့ မင်းလိုအပ်ပါတယ်
မပြီးဆုံးနိုင်သေးတာတွေအတွက်...
မင်းရဲ့ နာကျင်ဆင်းရဲတွေဟာ ငါ့အတွက်တော့ တုန်လှုပ်စရာ မဟုတ်ခဲ့ပါဘူးကွယ်
မင်း ထမ်းပိုးထားတဲ့ တာဝန် ၀တ္တရားတွေက အင်မတန် လေးလံလွန်းလှရဲ့
ငါ့ကို မင်းရဲ့ ၀န်ထုပ်ဝန်ပိုးတွေသာ အကုန် ပေးလိုက်ပါ..
အကုန်ပေးလိုက်စမ်းပါ့

မင်း ထပ်ပီး ထမ်းပိုးထား မနေပါနဲ့တော့

ကိုယ့်ကိုသာ သယ်ယူခွင့် ပေးလိုက်စမ်းပါ

မင်းရဲ့ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အားလုံး ကိုယ့်တာဝန်သာ လွှဲပေးလိုက်စမ်းပါ

မင်းတစ်ယောက်ထဲ အဲ့ဒီ ၀န်ထုပ်တွေကို ဆက် ထမ်းပိုးမနေပါနဲ့တော့ အချစ်ရယ်
အခုချက်ချင်းသာ ကိုယ့်ကို ကူညီသယ်ပိုးခွင့် ပေးလိုက်ပါတော့


တို့တွေ.. အတူတကွ ပြိုလဲကျကြ
တို့တွေ.... အတူတကွ ပြန်လည်ထူမတ်ကြ

အခက်အခဲတွေ... ဘယ်လောက် ပဲ ကြုံလာကြစမ်းပါစေလေ
မင်းဟာ ကောင်းမွန်တဲ့ လူသားတစ်ယောက်ဆိုတာ မင်းကိုယ်မင်း သိပါတယ်
တို့တွေ.. အတူတကွ ပြိုလဲကျကြ
တို့တွေ.... အတူတကွ ပြန်လည်ထူမတ်ကြ

အခက်အခဲတွေ... ဘယ်လောက် ပဲ ကြုံလာကြစမ်းပါစေလေ
...........................





Put It On Me by Angie Miller



Fake smile won't hide
The spark that has left your eyes
The tears you don't cry
Just break you down from the inside
You say you're tough and you're strong enough
But it's ok to let me in I wanna help you up
Oh I wanna help you up
You need someone
You're coming undone, undone
But your pain doesn't scare me now
The weight's too much
So give it all up, all up
You can put it on me
Don't carry that weight,
Don't carry that weight, alone
You can put it on me now
Don't carry that weight
Don't carry that weight, alone
You can put it on me
I've been right here
Tell me why you did it on your own
It's not worth it you'll wake up
Every morning feeling more alone
You say you're tough and you're strong enough
But it's ok to let me in I wanna help you up
Oh I wanna lift you up
You need someone
You're coming undone, undone
But your pain doesn't scare me now
The weight's too much
So give it all up, all up
You can put it on me
Don't carry that weight,
Don't carry that weight, alone
You can put it on me now
Don't carry that weight
Don't carry that weight, alone
You can put it on me now
We fall down down down
We get up up up
Let it out out out
'Cause you know you're good enough
We fall down down down
We get up up up
Let it out out out
'Cause you know you're good enough
We fall down down down
We get up up up
Let it out out out
'Cause you know you're good enough
We fall down
We get up
Let it out
'Cause you know you're good enough
You say you're tough and you're strong enough
But it's ok to let me in I wanna help you up
You need someone
You're coming undone, undone
But your pain doesn't scare me now
The weight's too much
So give it all up, all up
You can put it on me
Don't carry that weight,
Don't carry that weight, alone
You can put it on me now
Don't carry that weight
Don't carry that weight, alone
You can put it on me
And on ….



မေတ္တာဖြင့်

မိုးကုတ်သား

Sunday, June 23, 2013

Forever Young

*But People don't die from being out of love*

************************

အချစ်ဆိုတာ တချို့တွေအတွက် ပျော်ရွှင်ဖွယ်ရာ ဗိမ္မာန်၊ အဖိုးတန်ရတနာ၊ မြင့်မြတ်ကြီးကျယ်ခန်းနားသော သစ္စာတို့ တည်ရာမြေ... မျှော်လင့်ခြင်း မိုးကောင်းကင်
အချစ်ဆိုတာ တချို့တွေအတွက် ရယူပိုင်ဆိုင်လိုမှုတွေ စစ်ခင်းတဲ့ပွဲ၊ အပျော်သက်သက် စိတ်ကစားတဲ့ကွင်း၊ လှည့်စားခြင်းတွေနဲ့ မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ ပွဲတော်
အချစ်ဆိုတာ တချို့တွေအတွက် ငရဲခန်း ၊ ယုံကြည်မှုနဲ့ ဘ၀အဓိပ္ပါယ်တွေ ခမ်းခြောက်သွားတဲ့မြစ်၊ ရက်စက်ခြင်းတွေနဲ့ လောင်ကျွမ်းခြင်းခံလိုက်ရတဲ့ တောအုပ်တောင်တန်းများ
အချစ်ဆိုတာ တချို့တွေအတွက် ၊ လူမသိသူမသိ တသက်လုံး မြတ်နိုးနေရတဲ့ ပန်းစည်းလေး၊ စွန့်လွှတ်ပေးဆပ်ခြင်းတွေနဲ့ ဘာကိုမှ မနှောင်ဖွဲ့ထားသော လေပြည်၊
အချစ်ဟာ ဒီကမ္ဘာတည်သရွေ့ ကျွန်တော်တို့တွေ လက်ဆင့်ကမ်းပြောသွားရမဲ့ မဆုံးတဲ့ ပုံပြင်တစ်ပုဒ်ပေါ့

Friday, June 21, 2013

မီးခိုးရောင် ရက်စွဲများးး



မီးခိုးရောင် ရက်စွဲများးး


ဒီကနေ့ မနက်ခင်းမှာ အသက်ရှူရကျပ်ပီး လန့်နိုးလာခဲ့တယ်။
မီးခိုးနံ့တွေ မွှန်ထူနေတာ စိတ်များ စွဲနေလို့လား၊ အိပ်မက်ကနေ မနိုးသေးလို့လား။ မရေရာသေးခင်မှာ အဲကွန်းကို ပိတ် လေသန့်စင်စက်ကို ပိတ်ပီး အိပ်ပျော်သွားခဲ့မှန်း အမှတ်ရသွားတယ်။
အဲကွန်းကိုဖွင့် လေသန့်စင်စက်ကို ရေအသစ်လဲပေးဖို့ အိမ်နောက်ဖက်ကို အသွားမှာ ဧည့်ခန်း၊ မီးဖိုခန်း အကုန်လုံးဟာ မီးခိုးနံ့တွေ မွှန်ထူလို့။ သေချာပြီ။ ဒါဟာ... အိပ်ချင်မူးတူးနဲ့ စိတ်စွဲနေတဲ့ စိုးရိမ်မှုကြောင့်မဟုတ်တော့ဘူး။
ဒါနဲ့ ကမန်းကတန်း လေထုတိုင်းတာတဲ့ အခြေအနေပြဇယားကို ကြည့်လိုက်တော့ ပြန်ပီး ဇဝေဇ၀ါ ဖြစ်သွားပြန်တယ်။ တိုင်းတာမှုဟာ နံနက် ခြောက်နာရီမှာ 110 တဲ့။ အပြင်ကို တံခါးဖွင့်ပီး ကြည့်လိုက်တော့ မနေ့က 361ဆိုတဲ့ တိုင်းတာမှုထက်တောင် မီးခိုးမြူတွေက ပိုမို ထူထပ်သိပ်သည်းကာ မီးခိုးနံ့တွေက ပိုပြင်းရှလို့။
ချောင်းတွေ တဟွတ်ဟွတ် ဆိုးလာတာနဲ့ ကမန်းကတန်း ပြူတင်းတံခါးကို ပြန်ပိတ်။ ခန်းစည်းတွေကို အလုံ လိုက်ပိတ်ထားလိုက်ရတယ်။
တစ်ခုခုတော့ လွဲနေပြီ။ သေသေချာချာ လွဲနေပြီ။ ကျွန်ောတကပဲ အဖြစ်သည်းသလား၊ သူတို့ တိုင်းတာချက်ကပဲ လွဲနေသလား။
ကျွန်တော်ဟာ ရုံးတက်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ ဒါနဲ့ ရုံးကို ဆေးခွင့်ရထားတဲ့ စာနဲ့အတူ အိမ်မှာဆက်နားနေဖို့ခွင့်တင်လိုက်တယ်။
နောက်တော့ သောက်ထားတဲ့ ဆေးရှိန် မပြယ်သေးလို့ ဆက်အိပ်ပျော်သွားတယ်။ မအိပ်ပျော်ခင်မှာ ပြန်မနိုးလာတော့ရင်ဆိုတဲ့ အတွေးကိုတောင် တခုတ်တရ ပူပန်မနေနိုင်တော့ဘူး။
ပြန်နိုးလာတော့ မနေ့က အပြေးအလွှား လုယက်ပီး ၀ယ်လာတဲ့ OSIM က ထုတ်တဲ့ uMist baby (Hydrating ultrasonic humidifier) ခပ်လွယ်လွယ် လေသန့်စက်ပဲ ဆိုပါစို့.. ရဲ့ အကူအညီကြောင့် ထင်ပါရဲ့။ အသက်ရှူရတာ မခက်ခဲတော့သလို လည်ပင်းတွေလဲ အသက်ရှူတိုင်း ရှမနေဘူး။ နှာခါင်း အတွင်းပိုင်းမှာလဲ နှပ်ချေးခြောက်နဲ့ သွေးစတွေ ပိတ်ဆို့ ခြောက်ကပ်မနေတော့ဘူး။ 
PSI ဇယားကို စစ်လိုက်တော့ သူတို့တိုင်းတာချက်ဟာ လေထုညစ်ညမ်းမှုအဆင့် လေးရာတဲ့။ မဖြစ်မနေ မျက်နှာဖုံးစွပ် ၀ယ်မှ ဖြစ်တော့မှာပဲ. အစိုးရကလဲ ဒီက ဆေးဆိုင်တွေမှာ မျက်နှာဖုံးတွေ လုံလုံလောက်လောက် ၀ယ်ယူနိုင်ပါပြီ လို့ ကြေညာထားတယ်တဲ့။ ခုချိန်ထိတော့ အပြင်ထွက်ဖို့ စိတ်က မရဲတင်းသေးဘူး။ နှာခေါင်းမှာ သွေးစတွေခဲနေတတ်တာ အသက်ရှူလမ်းကြောင်း တစ်ခုလုံး ခြောက်ကပ် ရှတနေတာ.. အပြင်ဘက်ထွက်ရင် ပိုဆိုးသွားမလား။
မျက်နှာဖုံးကြီးတပ်ပီး အပြင်မှာ လျှောက်သွားနေရင်လဲ ခောတ်မှီအောင် ပေါ်ပင် လိုက်လုပ်တယ် လှောင်ချင်သူများရဲ့ စကားတင်းကို ကြို ရှက်နေရပြန်သေးတယ်။
မဖြစ်သေးပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ဒီတော့ ထွက်ဝယ်မှဖြစ်မယ် ဆိုပြီး အိမ်တံခါးဖွင့်တော့ ဇဝေဇ၀ါ ပြန်ဖြစ်ပြန်ရော။ မျှော်လင့်ထားတာက မီးခို့ငွေ့တွေ ပိန်းပိတ်နေမယ်လို့လေ။ ဒါပေမဲံ အပြင်မှာ နေရောင် မြင်နေရတယ်။ တံခါးပေါက်ကနေ တိုးဝင်လာတဲ့ လေထုထဲမှာလဲ မီးခို့န့တွေက မနက်ကလောက် မွှန် မနေတော့ဘူး။ တစ်ခုခုတော့ လွဲနေပြန်ပြီ။
လွဲနေတာ ဂရုမစိုက်အားဘူး၊ အပြင်လေရှူလို့ သိပ်ဆိုးဆိုးဝါးဝါးအခြေအနေ မဟုတ်သေးချိန် အမြန်ထွက်ဝယ်ဖို့ ဆုံးဖြတ်ပီး နီးစပ်ရာ ကုန်တိုက်ဆီ ချီတက်သွားတယ်။
မျက်နှာဖုံးစွပ်တွေလုံလုံလောက်လောက် ရနိုင်ပါပြီလို့ အစိုးရက ကြေငြာထားတဲ့ ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ မနဲမနော လူအုပ်ကြီးကို တွေ့လိုက်ရတယ်။
ဆေးကောင်တာမှာ သွားပြီး မျက်နှာဖုံး ၀ယ်ချင်လို့ပါဆိုတော့ အဲ့ဒီ လူအုပ်ကြီးဘက် လက်ညှိုးထိုးပြပြီး သွားတန်းစီပါတဲ့။ စိတ်လေသွားတယ်။
ကိုယ်တွေလိုပဲ မျက်နှာဖုံးကို အပြေးအလွှား လာဝယ်သူတွေ မနဲမနောပဲကိုး။ ဒီလိုနဲ့ တန်းစီနေတုန်း မကြာပါဘူး။ မျက်နှာဖုံးတွေ ကုန်သွားပြီတဲ့။ ကြိုတင်မှာယူထားဖို့ ဖောင် ဖြည့်ထားခဲ့ပါတဲံ.
ဟမ်.. ကြေငြာထားတော့ လုံလုံလောက်လောက် ၀ယ်ယူနိုင်ပါပြီ ဆို ဆို ဆို........။
ဒီကနေ့တော့ အကုန် တလွဲတွေပဲ ကြုံနေရပါလား။ လူတန်းရှည်ကြီးထဲ တစ်နာရီ နီးပါး ရပ်စောင့်လိုက်ရတော့မှ... ကိုယ့်အလှည့်. ၀မ်းသာအားရ ကျနော့်အတွက်ပါမက သယ်ရင်းတွေအတွက်ပါ တခါထဲ ပိုမှာလိုက်မယ်ဆို..... လူတစ်ယောက်ဟာ တစ်ဗူးပဲ မှာလို့ ရပါတယ် ဆိုပါလား။ တခြားသူအတွက်ရော မှာပေးလို့မရဘူးလား။ သူတို့အိုင်စီ နဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပါ ငါပေးခဲ့မယ်လေ ဆိုတော့လဲ နိုး နိုးးး နိုးးးးးး ပါပဲ။
နောက်ဆုံးတော့ ကိုယ့် ကိုယ်တာ ရနိုင်တဲ့ တစ်ဗူးပဲ မှာခဲ့လိုက်ရပါတယ်။
မှာပီးလို့မှ မဆုံးသေးဘူး ဖုန်းထဲ စာတစ်စောင် ၀င်လာပြန်တယ်။
ထီးကြီးကြီးကို ဆောင်ထားပြီး အပြင်ထွက်ကြပါတဲ့။ အစိုးရဟာ တိမ်အတုတွေ ဖန်တီးပြီး မိုးအတုရွာချဖို့ စီစဉ်ပေးနေပါတယ်ဆိုပဲ။
အင်း.... မိုးရွာလိုက်ရင် ဒီ မီးခိုးငွေ့တွေ လွင့်ပါးသွားမှာ ပျော်စရာပေါ့။
စာကို ဆက်ဖတ်လိုက်ောတ့ ဒီမိုးအတုဟာ လူတွေရဲ့ အရေပြားကို ထိခိုက်ပျက်စီးစေတယ် တဲ့။ အောင်မလေးဗျ... မိုးရွာရင် မိုးရေချိုးမယ် ဆိုပြီး တပျော်ကြီး မိုးရေထဲ ဆင်းပြေးဆော့ဖို့ မကြိုးစားပါနဲ့။
ဒါတင်ပဲလား၊ ဟုတ်သေးဘူး။ အဲဒီ မိုး အတု ရွာစေတဲ့အခါ ဓာတုဗေဒ ပါဝင်ပစ္စည်းတွေထဲ ရေမှာ မပျော်ဝင်နိုင်တဲ့ ဓာတ်ပေါင်းတစ်ချို့ ပါရှိနေတယ်။
နှာခေါင်းထဲမှာ အကာအရံအဖြစ်ရှိနေတဲ့ အမွှေးတွေ ကြွက်သားတွေကို ဖြတ်သန်းပြီး အဲဒီ ဓာတ်တွေဟာ အဆုတ်ထဲကို ရောက်သွားနိုင်ပါတယ်တဲ့။
ရောက်သွားတော့ ဘာဖြစ်လာမလဲ။ အဲတာတေံား အဆုတ်ထဲမှာ ခိုအောင်းနေပြီး ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်တဲ့။
ဘုရားဘုရားး.......

*တတ်နိုင်သမျှ အပြင် မထွက်ပဲ နေဖို့၊ နောက်ပြီး N95 အမျိုးအစား မျက်နှာဖုံးအကာတွေကို ၀တ်ထားဖို့၊ တကယ်လို့များ မိုးရွာလာရင် မိုးရေတွေ မထိစေဖို့၊ မိုးငွေ့တွေကို မရှုရှိုက်မိစေဖို့....
နောက်ပြီး နောက်ပြီး......  ဘာတွေ .. ဘ.ယ် လို...... ဖြစ်လာမလဲ...။*

ခု နေသာနေတယ်။ မီးခိုးနံ့တွေဟာ အိမ်ပြန် လမ်းတလျှောက် ခပ်ပါးပါးလေးသာ ရနေတော့ အသက်ကို ပြင်းပြင်း မရှူရဲပေမဲ့ နေသာထိုင်သာ ရှိနေတယ်။
အိမ်ပြန်ရောက်တော့ အလုံ ပိတ်ထားတာ ကြာပြီဖြစ်တဲ့ အိမ်ပြူတင်းပေါက်တွေ အကုန် ဖွင့်နိုင်သမျှ ကျယ်ကျယ် ဖွင့်ပြစ်လိုက်တယ်။ တံခါးမကြီးပါ မကျန် အကုန်ဖွင့်ပြီး လေတွေကို ဖြတ်သန်းသွားလာခွင့် ပေးလိုက်တယ်။
ဝယ်လာတဲ့ ဘုရားပန်းကို လဲရင်း ဘုရားသောက်တော်ရေလဲတာ ဘာညာ လုပ်တယ်။
အိမ်ထဲကဖုန်တေါကို လှဲကျင်း သုပ်သင်တယ်။
အခန်းထဲ အလှစိုက်တဲ့ ပန်းပင်တစ်ပင် ၀ယ်လာသေးတာကို သတိရလို့ အခန်းထဲက နေရောင်၇တဲ့ နေရာမှာ ထားလိုက်တယ်။ အခန်းထဲ အလှဆင်တာထက် သူဟာ အခန်းထဲမှာ လေထုကို ဘယ်လောက်သန့်စင်ပေးနိုင်မယ် မသိပေမဲ့ အနည်းဆုံးတော့ လေထုဟာ သဘာဝကျနေမယ်လို့ ကျွန်တော့်စိတ်ကို လှည့်စားပေးနိုင်ပါတယ်။

ညနေမှာ PSI rate (လွယ်လွယ်ဆို လေထုညစ်ညမ်းမှုနှုန်းတွေ) ဟာ ပိုသိပ်သည်းလာတတ်တယ်။
ဘယ်လောက်ထိ ဆိုးရွားလာမလဲ.. ဘယ်အချိန်မှာမှ လေထုဟာ နဂိုအခြေအနေကို ပြန်ရောက်လာမလဲ.. ဘယ်သူမှ အပ်ကျမတ်ကျ မပြောနိုင်ဘူး။ ခုချိန်မှာ ကိုယ့်တနိုင်တပိုင် သန့်စင်နိုင်သမျှ လေထုကို သန့်စင်နိုင်ဖို့ပဲ ရှိတယ်။
မနက်ဖြန် မပြောနဲ့ ဒီနေ့ နေ့လည်နဲ့ ညနေခင်းတောင် အခြေအနေက ချက်ချင်း ပြောင်းလဲ သွားနိုင်သေးတာမဟုတ်လား။

အလကားရတိုင်း ရှူနေရတဲ့ လေထုဟာ ကျွန်တော်တို့အတွက် ဘယ်လောက် အရေးပါသလဲ။ နောက်ပြီး အရင်က သန့်သန့်စင်စင် ကောက်လာရတဲ့ ရေတွေဟာ ခုတော့ ရေသန့်ဆိုပြီး ၀ယ်သောက်နေရတဲ့ အဖြစ်မျိုး ဟိုး ရှေးက လူတွေ ဘယ်တုန်းကမှ တွေးခဲ့ကြမယ် မထင်ဘူး။ နောင်တစ်ချိန်မှာ လေသန့်ကို ၀ယ်ယူသုံးစွဲနေရရင် ခက်ပါပေါ့လား။

အလို.. မီးခိုးနံ့တွေဟာ တချက်တချက် ပြန်ရလာပါပေါ့။

တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့..
မျက်နှာဖုံးအကာများ အသုံးပြုပါ
တကယ်လို့များ ရုတ်တရက် မိုးရွာချလာခဲ့မယ်ဆို မိုးရေထိ မခံပါနဲ့.. မိုးငွေ့တွေ အဆုတ်ထဲ အရောက်မခံပါနဲ့

ဘယ်အရာမှ မသန့်ရှင်း မစင်ကြယ်တော့ဘူး

ခုချန်မှာ လေထုကိုလဲ မယုံရဘူး

ရေထုကိုလဲ မယုံရဘူး

ငါ့ကိုလဲ မယုံရဘူး

မင်း ကိုလဲ မယုံရဘူး

သတင်းတွေလဲ မယုံရတော့ဘူးးး

အားလုံး သတိရှိကြပါ

ဘေးကင်းကြပါစေ။   ။


မေတ္တာဖြင့်

မိုးကုတ်သား









Tuesday, February 5, 2013

အညတြ (၃)

အညတြ (၃)


တကယ်တော့ ကိုယ်ဟာ အကောင်းဆုံးတွေကိုပဲ ပေးဆပ်ချင်ခဲ့တဲ့ကောင်ရယ်ပါ။
    
မှောင်မဲစုတ်ပြတ်နေတဲ့ ဘဝထဲ အလင်းလေးတစ်ခုမျှ ကိုယ် မပေးနိုင်မှတော့ 
မင်းဆီက အလင်းရောင်လည်း ကိုယ် မမျှော်လင့်ပါဘူး။
လရောင်ကို ချစ်ပေမဲ့ ကိုယ်က နေလိုကျင့်ချင်သူပဲလေ။
ဒီလိုနဲ့  အလင်းမဖြစ်လာတဲ့ အပူတွေနဲ့သာ
                                 
ငါ့ကိုယ်ငါ လောင်မြိုက်    
မှောင်မိုက်လိုက်ပါရစေတော့ ချစ်သူ . . .။



မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, January 15, 2013

ပါးစပ် ရာဇဝင်လေး ရှိခဲ့ဖူးတယ်


ပါးစပ် ရာဇဝင်လေး ရှိခဲ့ဖူးတယ်

ပတ္တမြားမှန်ရင် အပြစ်အနာအဆာ တစ်ခုတော့ ရှိစမြဲ။ အပြစ်တစ်စုံတရာမရှိ စင်းလုံးချော ကောင်းနေရင်တော့ ဒီပတ္တမြားဟာ အစစ်မဟုတ်နိုင် အတုဖြစ်ဖို့ရာခိုင်နှုန်း ပိုများတယ် လို့ ဆိုတတ်ကြတယ်။
  
တခါတုန်းက သူဆင်းရဲ တစ်ယောက်ဟာ သူရင်းငှားအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုနေရတယ်။ တစ်နေ့တော့ တောထဲ ထင်းခုတ်သွားရင်း သစ်ဥသစ်ဖုတစ်ချို့ကို ဝမ်းစာအတွက် တူးဆွ ရှာရာက အပြစ်အနာအဆာကင်းကာ အရောင်အသွေး အင်မတန် လှပတဲ့ စင်းလုံးချောပတ္တမြား တစ်ပွင့်ကို ရခဲ့တယ်တဲ့။ သူဆင်းရဲဟာ ငါတော့ သူဌေးဖြစ်ပြီကွ ဆိုကာ မြို့ထဲ ဒုန်းပြေးကာ သူ အလုပ်လုပ်ရာ သူဌေးဆီကို ပတ္တမြား သွားရောင်းတယ်။ သူဌေးက အပြစ်အနာအဆာ မရှိတဲ့ ဒီ ပတ္တမြားကို အတုဖြစ်မှာ စိုးလို့ မဝယ်ရဲဘူး။ သူ့ မိတ်ဆွေ တခြား သူဌေးတွေ ရှိရာ လမ်းညွှန်လို့ သူဆင်းရဲဟာ ပတ္တမြားကို ကိုင်ကာ သူဌေးအိမ်တွေ တစ်အိမ်ပြီးတစ်အိမ်   လိုက်ရောင်းလို့ မြို့ထဲမှာရှိတဲ့ လူချမ်းသာအိမ်တွေသာကုန်ရော။ ဘယ်သူမှ မဝယ်ရဲကြဘူး တဲ့။

ဒီလိုနဲ့ သူဆင်းရဲဟာ ပြည်တန် ပတ္တမြားကို သူ့အသက်လို စောင့်ရှောက်ကာ ဝယ်ယူမဲ့သူကိုသာ မျှော်လင့်နေရတယ်။   ဒါဟာ ပြည်တန်ပတ္တမြားဆိုတာလည်း သူသိလေတော့ ဈေးကို ပေါပေါပဲပဲ လည်း သူ လုံးဝ မရောင်းတော့ဘူး လို့ ဆုံးဖြတ်ထားလိုက်တယ်။ ဒီတော့ စစ်စစ် တုတု ဈေးပေါပေါနဲ့ ရ ဝယ်ထားလိုက်မယ် ဆုံးဖြတ်ပြီး သူ့ဆီ ပတ္တမြား လာတောင်းဝယ်သူတွေကိုလဲ သူလိုချင်တဲ့ဈေးမရပဲ သူဆင်းရဲဟာ လုံးဝ မရောင်းတော့ဘူး။
သူ့မှာ သူပိုင်တဲ့ ဒီပတ္တမြားကို ခိုးသူဓားပြရန်ကလည်း ကြောက်လေတော့ အရင်လိုလဲ အပူအပင် ကင်းကင်း မအိပ်နိုင် မစားနိုင်ရှာဘူး။ သွားလေရာရာ သူ့ ပတ္တမြားကို ခါးပုံစထဲ ကျစ်ကျစ်ပါ ထည့်စည်းကာ အလုပ် လုပ်နေရင်းလည်း ဒီပတ္တမြားကို ပြုတ်ကျကျန်လေမလား  ခနခန စမ်းကာ နေ နေရသတဲ့။ နောက်ဆုံးတော့ ပတ္တမြားကို ဝယ်ယူနိုင်သူလဲ ရှာမတွေ့  တနေ့ ဝယ်သူ ပေါ်လာနိုး မျှော်ကိုးရင်း ဘာ အနာအဆာမှ မရှိ စင်းလုံးချောမွတ်နေတဲ့ ဒီ ပတ္တမြားကြီးကို စောင့်ရှောက်နေရတာ တဖြည်းဖြည်း စိတ်ပင်ပန်း ချိနဲ့ကာ             အိပ်ယာထဲ လဲပါလေရော။

အလုပ် မလုပ်နိုင်တော့ ဒုက္ခဖြစ်ရှာတဲ့ သူဆင်းရဲဟာ စိတ်တွေ ထွေကာ အဖျားတက်နေချိန် စိတ်ရူးနဲ့ ငါ ခုလိုဖြစ်ရတာ နင့်ကြောင့် ဆိုကာ ပတ္တမြားတုံးကြီးကို အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲပစ်လိုက်ပါလေရော။ နောက်တော့ သူဟာ အဖျားဒဏ်နဲ့ သေဆုံးသွားသတဲ့။

သူ့ အလုပ်သမား ပေါ် မလာလို့ အိမ်လိုက်လာတဲ့ သူဌေးရောက်လာမှ သူဆင်းရဲ သေဆုံးသွားမှန်း သိကြရတယ်။ နောက်ပြီး သူ တစ်ချိန်လုံး လိုက်ရောင်းနေတဲ့ အပြစ်အနာကင်းတဲ့ စင်းလုံးချော ပတ္တမြားတုံးဟာ ခုလို အစိတ်စိတ်အမွှာမွှာ ကွဲနေတော့မှ ပတ္တမြား အစစ်ဖြစ်မှန်း လူတွေ သိကြတော့တယ်တဲ့။

ဒါနဲ့ သူ့သူဌေးဟာ ကွဲကြေသွားတဲ့ ပတ္တမြား အစိတ်အပိုင်းတွေထဲက ရောင်းလို့ရတဲ့ အပိုင်းအစလေးတွေကို ရောင်းချကာ သူဆင်းရဲအတွက် ရည်စူးကာ စေတီလေးတစ်ဆူ ဆောက်လုပ်ကာ လှူဒါန်းပေးလိုက်ရသတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲခဗျာ။

မေတ္တာဖြင့်
မိုးကုတ်သား

Friday, January 4, 2013

လွဲရလေတယ် မိုးကုတ်သားရယ်



လွဲရလေတယ် မိုးကုတ်သားရယ်

ဒီနေ့ မိုးကုတ်သားတို့ နိုင်ခြံဂါးကြီးကို သွားရဖို့အရေးအတွက် ဆေးရုံ ရောက်နေပါတယ်။ တစ်လွဲ မတွေးကြပါနဲ့။ သယ်ရင်းတွေက ဆေးစစ်ချက်တွေ အကုန် ယူလာခဲ့ ဆိုလို့ အထူးကုဆေးခန်းမှာ ဆေးသွားစစ်ရတာပါ။
ဘာအမွေမှ မပေးပဲ ကျွန်တော့် အုပ်ထိန်းသူ ရာထူးကို အပိုင်စား ယူထားတဲ့ ညီမ သုံးယောက်ကလဲ သားတော်မောင်ကြီး ကို အားငယ်ရှာမှာ စိုးရိမ်ပြီး အထူးကုဆေးခန်းကို အဖော် လိုက်လာခဲ့ကြတယ်။ (သူတို့က ဟို ကောင်မလေးနဲ့ သဘောမတူဘူး။ ဒီကောင်မလေးနဲ့ သဘောမတူဘူး ဖျက်ကြလွန်းလို့ ခုထိ ကျွန်တော့်မှာ သတို့သမီး ရှာမရသေးပါဘူး။ မျောက်စိန် လို အတင်းပြောပြီး ကြော်ငြာဝင်တာ။ အမေတို့က ဒီဘလော့မှာ စာလာမဖတ်ဘူးလေ။ အမေတို့ကို သွားမပြောရဘူးနော်။ သိရင် တစ်ခါမှ မပေးဖူးတဲ့ အမွေတွေ ပြန်သိမ်းခံထိနေမှာ)
အဲဒီနေ့က ဆေးရုံမှာ လူက ခပ်ရှင်းရှင်း။ ကျွန်တော်ရယ်၊ အသက်လေးဆယ်အရွယ် အမတစ်ယောက်ရယ်၊ အသက် နှစ်ဆယ်ကျော်လောက် ရှိမဲ့ ကောင်မလေးတစ်ယောက်ရယ်။ စုစုပေါင်း သုံးယောက်ပေါ့။ ဆရာဝန်နဲ့ တွေ့ပြီး ဘာအတွက် ဆေးစစ်ရတဲ့အကြောင်း ဖြေပြီးတော့ ကျွန်တော့် အလှည့်ကို စောင့်ရအုံးမယ်တဲ့။ တုံကင်ပြားလေး ထုတ်ပေးတယ်။ ဒါနဲ့ အမေသုံးယောက်ကလည်း လ္ဘည့်ရည်ဆိုင်ကနေပဲ ထိုင်စောင့်နေမယ် ပြောပီး ထွက်သွားခဲ့ကြပြီ။
ကျွန်တော့် အလှည့်မှာ သွေး နမူနာ ယူဖို့ သွေးဖောက်တော့ နဲနဲ နာရုံလောက်၊ အေးဆေးပေါ့။ ကျွန်တော် က အပြုံး မပျက်။ အဲ စတာက အီးစီဂျီလား အိပ်စ်ရေး လား ရိုက်ဖို့ ဆိုတာကနေပေါ့ဗျာ။ ကျွန်တော့်ကို အခန်းတစ်ခုထဲ ခေါ်သွားရော။ ပြီးတော့ စက်ကြီး တစ်ခုရှေ့မှာ ရင်ဘတ်ကြီး ကပ်နေအောင် ကျွန်တော့်နောက်ကျောကို အတင်းတွန်းဖိထားပြီး ရပ်ခိုင်းပါလေရော။ ကျွန်တော်ကလဲ အဲဒီ ကပ်ထားရတဲ့ စက်ကြီးထဲက ရောင်ခြည်တွေ ဘာတွေ ထွက်လာပြီး ဗိုက်တွေ ရင်ဘတ်တွေ ဖောက်မလား ဇောချွေးတွေ ပျံလာပါရော။ ဘာလုပ်မှာလဲ ဆိုတာလဲ အဲဒီ အမကြီးက မပြောဘူး။ ရင်ဘတ်ကို မသိမသာ ခွာလိုက်မိတဲ့ ကျွန်တော့်ကို “ဟဲ့၊ ရင်ဘတ်ကို ဇွတ်ဖိ ကပ်ထားပါဆို” လို့ ပြောလဲပြော၊ ကျွန်တော့်ကိုလဲ ဆွဲစိထားပြန်ရော။ ရင်ဘတ်ကြီးနဲ့ သူကပ်ခိုင်းထားတဲ့ စက်ကြီး စိနေအောင် ဆွဲကပ်ထားတာ ပြောတာနော်။ ဗမာစကားကလဲ အနှောင့်အသွားက မလွတ်တလွတ်ဆိုတော့ သတိထားရတယ်။ အဲလို ဆွဲစိထားပြီး သူမက ခလုတ်တွေ တဂျောက်ဂျောက်နှိပ်နေသလား ကျွန်တော် မမြင်တော့ဘူး။ မျက်စိမှိတ်ထားတယ်လေ။ သူ လွှတ်မယ်ဆိုတဲ့ ရောင်ခြည်တန်းက ဖွင့်ထားတဲ့ မျက်စိထဲ ၀င်ပြီး တစ်ခုခု ဖြစ်သွားရင် ခက်သားလား။ သူမ က “ရပြီ” ပြောမှ ကျွန်တော် မျက်စိကိုဖွင့်၊ အသက် ၀၀ ရှူရဲတော့တယ်။
အီးစီဂျီဆိုလား အိပ်စ်ရေးဆိုလား အဲတာ ရိုက်ပြီးတော့ မပီးသေးဘူး။ ဆီးတဲ့.....။ ဆီး စစ်ရအုံးမယ်တဲ့။ အမလေးဗျာ ၊ ကျွန်တော် ရှက်တာပေါ့။ အစောနက အိပ်စ်ရေး ရိုက်ပေးတဲ့ အမရယ် ကောင်တာက ကောင်မလေးရယ် ရှေ့မှာ ဆီး စစ်ရရင် တစ်သက်လုံး ဖုံးထားသမျှ အရှက် ဆီးစစ်ချက်နဲ့ ပေါ်ရတော့မယ် ဆို ရှက်သိန်းတွေ (ရှက်လို့ ကြက်သီး တွေ ထတာ ပြောတာပါ) ဖြန်းဖြန်း ထပြီး ပါးတွေ နားတွေကို ရဲနွေးလို့။ အဲတာနဲ့ ဟို အမကြီးက “ဟဲ့၊ ဒီ ပုလင်းလေးထဲ ထည့်ခဲ့ရမှာ။ ဒီနေရာမှာ ဆီး ယူမှာ မဟုတ်ဘူး။ အနောက်ဘက်မှာ အိမ်သာ ရှိတယ်။ ဒီပုလင်းပြည့်အောင် ကိုယ့်ကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းခဲ့” လို့ ပြောတော့မှ ရှက်မျက်နှာ နောက်ထားပြီး “အဟီး” ဆို ဟင်းခနဲ သက်ပြင်း ကျိတ်ချနိုင်တော့တယ်။
အဲဒီမှာ ပြဿနာက စတာပါပဲ။ အိမ်သာထဲ ရောက်တော့ ညစ်ပတ်နံစော် ပေပွ။ ဘောင်းဘီ ဇစ်ဖြုတ်ဖို့လက်ထဲက ပုလင်းကို ဘေဇင်ပေါ်မှာ တင်မယ် ဆိုတော့လဲ ဘေဇင်က ပေပွနေတော့ စိတ်ကမသန့်ချေဘူး။ ပုလင်းလေး ကြည့်လိုက်တော့လဲ လက်မလောက်တောင် မရှည်သလို ဖန်ပြွန်သာသာ အပေါက်နဲ့။ ဘယ်လို ကိစ္စ ရှင်းရပါ့. ကျွန်တော် ခေါင်းစားနေပြီ။ အိမ်သာကလဲ အနံ့ဆိုးဝါးလွန်းတော့ မခံနိုင်။ မဖြစ်ချေတော့ဘူး။ ဒီ ကိစ္စ မြန်မြန်ရှင်းမှ ပေါ့။ မဟုတ်ရင် လူလဲ ဆီးမစစ်နိုင်ပဲ အိမ်သာခန်းထဲ ငုတ်တုတ် မေ့လဲတော့မယ်။ ဒါနဲ့ ဖြစ်ချင်ရာ ဖြစ်ချေတော့ဆို ဖျစ်ညှစ်ပီး ကိစ္စ ရှင်းရတာပေါ့။ ဟိုက်၊ ဟိုက် သေပြီဆရာ...။ ပုလင်းလေးထဲက လျှံကျကုန်ပြီ။ ဟို အမျိုးသမီးကလည်း ပုလင်းအပြည့်ယူလာခဲ့ ဆိုလေတော့ ပုလင်းလှုပ်ပီး စင်မှာ စိုးတာ တစ်မျိုး၊ လက်ကို ရှင်းလက်စ ဆီးတွေ ပေပွမှာ စိုးတာ တစ်မျိုး။ နောက်ဆုံးတော့ လက်ပဲ အပေခံလိုက်မယ်၊ ပုလင်းတော့ အလျှော့မခံနိုင်ဘူးဆို မျက်စိမှိတ်နေရတော့တာပါ့။ လက်က ပြန်ဆေးလို့ ရတယ်လေ။ ဒီလိုနဲ့ ကိစ္စ အောင်မြင်စွာ ပြီးဆုံးလေတော့ ၀မ်းသာအားရ ဘေဇင်မှာ ရေကိုလဲ ဖွင့်ရော ရေကမလာဘူး။ သေပြီဆရာ။ ဘီလိုလုပ်ရပါ့။ ကျွန်တော်လဲ ပြူးပြူးပြာပြာ ဘေးဘီ ၀ဲယာ ကြည့်တော့ ရေချောင်တစ်လုံးနဲ့ရေခွက်တစ်ခွက်။ ရေကတော့ တစ်ဝက်လောက် ရှိနေသေးတယ်။ ၀မ်းသာလို့က မရဘူး။ ရေခွက်က ချေးအထပ်ထပ် မဲတူးလို့။ နောက်ပြီး ရေက ဘာရေတွေမှန်းမသိ။ နောက်ကျိကျိ။ လက်တစ်ဖက်က ပုလင်းကိုကိုင်၊ လက်တစ်ဖက်က အဲဒီ ညစ်ပတ်နေတဲ့ ရေကို ခပ်.....။ ပြီးတော့မှ “ဟယ်၊ ထူးပါဘူး” ဆို ဘေဇင်မှာ ပုလင်းလေး အသာ တင်ပီ လက်ဆေးရတယ်။ အသက်ကလဲ အောင့်ထားရလွန်းလို့ လူလဲ လေပြတ်တော့မယ်။ ဒါနဲ့ ..... အိမ်သာထဲက အသာထွက် (ပြေးထွက်ရင် ပုလင်းလှုပ်ပြီး အပြည့် မပါရကောင်းလား ထပ်ပေါက်ခိုင်းမှာ စိုးလို့)၊ ခြေတစ်လှမ်း ကုဋေ တစ်သန်း ဟန်နဲ့ ကောင်တာကို သွားပေးရတယ်။ ၀ဋ်ကလေး ကျွတ်လို့ လေကောင်းလေသန့်လေး ရှူရပြီဟဲ့ဆို သူတို့ စောင့်ခိုင်းတဲ့ ဧည့်ခန်းမထဲ ထိုင်မယ် အသွားမှာ အစောနက ကျနော့်ထက် အရင် ရောက်နေတဲ့ အမျိုး သမီးရယ် ကောင်မလေးရယ်က ဧည့်ခန်းမထဲမှာ ရှိနေကြတုန်း။ သူတို့လဲ ကျွန်တော့်လိုပဲ စောင့်နေကြရတာ ထင်ပါရဲ့လေပေါ့။
အမျိုးသမီးက ကျွန်တော် လှမ်းလာတာ မြင်တော့ စိပ်ပုတီးကို တစ်ဂျောက်ဂျောက် စိတ်နေရင်းက မျက်လွှာ တစ်ချက် လှန်ကြည့်တယ်။ နောက် သူမ မျက်နှာက တစ်မျိုး ဖြစ်သွားရော။ ကောင်မလေးလည်း ထိုနည်းလည်းကောင်း.၊ဂျာနယ် ဖတ်နေရာက ကျွန်တော့်ကို လှမ်းကြည့်ပြီး ပြုံးစိစိနဲ့ ခေါင်းငုံ့သွားရော။ ထိုင်ခုံတွေဆီ လှမ်းနေတဲ့ ကျွန်တော့် ခြေလှမ်းတွေ လမ်းမှာ ရပ်တန့်သွားတယ်။ နဲနဲ ရှက်သွားလို့။ ဒါနဲ့ ကျွန်တော် မထိုင်တော့ပဲ အဲဒီနေရာမှာ ရပ်ပြီး ပြူတင်းက မြင်နေရတဲ့ လမ်းမကြီးဆီ အကြည့်တွေ ပို့ထားရတယ်။ ဒါတောင် မျက်စိထောင့်ကနေ ပုတီးစိပ်နေတဲ့ အမျိုးသမီးက ကျွန်တော့်ကို ခဏခဏ ခိုးခိုးကြည့်နေတာ၊ ကောင်မလေးက တစ်ချက် တစ်ချက် လှမ်းကြည့်ရင်း ရှက်စနိုး ဖြစ်နေတာရယ်ကြောင့် ဘာမှန်းမသိ မျက်နှာတွေ ပူနွေးလာပြီး ရင်တွေလဲ ခုန်နေတယ်။ ရှက်တာရော ကျေနပ်တာရောပေါ့။ ဆန်ကျင်ဘက် လိင်တွေက ကိုယ့်ကို စိတ်ဝင်တစား ကြည့်တာ ဘယ်သူက မကျေနပ် မသာယာပဲ နေမလဲဗျာ နော်။ ကျွန်တော်လည်း ပုထုဇဉ် လူသားပေပဲကိုး။ သိပ် ကျေနပ်နေတာပေါ့။ ဒါနဲ့ ပဲလေး အပြည့်နဲ့ သူတို့ရှေ့နား မလှမ်းမကမ်းမှာပဲ အသာ ရပ်နေလိုက်တယ်။ သူတို့တွေ ကြည့်နေတာ မသိသလို ဟန်ဆောင်ရင်းပေါ့။ ပုတီး စိပ်နေတဲ့ အမျိုးသမီးကလဲ ကျွန်တော့်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း တစ်ခုခု ပြောချင်သလို ဖြစ်နေ။ ကောင်မလေးကလဲ ထိုနည်းလည်းကောင်းဆိုတော့ ကျွန်တော်လဲ နေရခက်လာတာနဲ့ အမေသုံးယောက် ထိုင်နေတဲ့ လ္ဘည့်ရည်ဆိုင်ဘက် ထွက်လာခဲ့လိုက်တယ်။ လ္ဘည့်ရည်ဆိုင်ကလဲ ဆေးခန်းဘေး ကပ်ရက် ဖြစ်နေလို့သာပေပဲပေါ့။ ကျွန်တော့်ကို မြင်တာနဲ့ အမေသုံးယောက်ရဲ့မျက်နှာက ရဲခနဲ။ သုံးယောက်သား မျက်နှာတွေ ဇွတ်လွှဲနေကြတယ်။ ရော်၊ ဘာဖြစ်ကြတာလဲ။ မေးတာလဲ မဖြေပဲ လက်ညှိုးတွေက ကျွန်တော့်ဘက်မကြည့်ပဲ ထိုးမိထိုးရာ ထိုးပြနေကြတော့ ကျွန်တော်က နားမလည်ဘူး။ ဘာဖြစ်တာလဲ သဘောမပေါက်သေးဘူး။ သုံးယောက်သား ပြိုင်တူ ခေါင်းကို တဗျင်းဗျင်း ကုပ်ပြီး ချီတုံချတုံနဲ့ ပြောရမလို မပြောရမလို ပါးစပ်တွေ ဟစိဟစိ ဖြစ်နေကြတယ်။ နောက်တော့မှ မထူးတော့ပါဘူး ဆိုတဲ့ အိုက်တင်နဲ့ အမေပု (သူက အရပ်တော်တော်ပုလို့) က “ဘောင်းဘီ ဇစ် ပြုတ်ပြီး ဟ၀ှာထွက်နေတယ်” လို့ ရှက်ရဲရဲ ပြောတော့မှ “ဟိုက်” ခနဲ လူတစ်ကိုယ်လုံး ငရဲမီးနဲ့ ပက်ခံလိုက်ရသလို ရှက်စိတ်တွေ ဖျဉ်းခနဲ ရဲတက်သွားတော့တယ်။ သူပြောမှ ကျွန်တော့်မှာ ခေါင်းကို တူနဲ့ထုချလိုက်သလို ကိုယ့်ဘာသာတောင် ငုံ့မကြည့်ရဲတော့ဘူး။ လူလဲ ရှက်စိတ်နဲ့ မွှန်ထူပီး အဲနားမှာ လဲသာ သေလိုက်ချင်တော့တယ်။ ရှက်ရှက်နဲ့ ငုံ့ကြည့်တော့မှ နဲနဲ သက်သာရာရသွားတယ်။ တော်ပါသေးရဲ့။ ဘောင်းဘီဇစ်အပြင်ထွက်နေတာက ကျနော်ဝတ်ထားတဲ့ ရှပ်အင်္ကျီစကြီး ဖြစ်နေပေလို့။ အဲဒီတော့မှ သူတို့တွေ မသိအောင် သက်ပျင်းကျိတ်ချရင်း ပြာယီးပြာရာ ဇစ်ကို ပြန်တပ်ရတော့တယ်။ ဟို အမျိုးသမီးနဲ့ ကောင်မလေးရဲ့ အကြည့်တွေကို ရင်ခုန်ခဲ့မိ၊ ဘ၀င်လေဟပ်မိတဲ့ ကိုယ့်အဖြစ်ကိုယ် တွေးတွေးကာ ရှက်လိုက်ရတာ။ ဆေးခန်းထဲတောင် ပြန် မ၀င်ရဲတော့ပါဘူးဗျာ။ “လွဲရလေတယ် မိုးကုတ်သားရယ်” လို့သာ ကိုယ့်နဖူးကိုယ် ပြန် ပြန်ရိုက်ပီး ဟစ်လိုက်ချင်တော့တာပါပဲ။
မိုးကုတ်သားတို့ လွဲတတ်ပုံများတော့ အဲဒီလို၊ အဲဒီလိုပါပဲ ဗျာ။


*****************************************
NOTE: မိုးလေ၀သ ကြောင့် မောပြန်သွားရတဲ့ မိတ်ဆွေတွေကို အမောပြေဆေးလေး နဲနဲ တိုက်ကျွေးတာပါ။ တစ်ခါပြုံး၊ အမော တစ်ရာပြေစေသော်ဝ်။

မေတ္တာဖြင့်
မိုးကုတ်သား

Monday, September 3, 2012

အနှိုင်းမဲ့ မေတ္တာ




Saturday, May 9, 2009 မှာတုံးက တင်ခဲ့ပြီးသား ပို့စ်ပါ။ သတိတရ ပြန်ဖတ်မိပြီး ပြန်တင်လိုက်ပါတယ်။



အနှိုင်းမဲ့ မေတ္တာ







နံနက်ခင်းသစ်တစ်ခုမှာ အရာရာအားလုံး အသစ်တွေ ဖြစ်နေတယ်လို့ သူမ ခံစားရတယ်။ ဆေးရုံနံရံက ပြူတင်းပေါက် ရှည်ရှည်လေးတွေကနေ နေရောင်ခြည်က နွေးထွေးစွာ ဖြာကျလို့။ ခန်းဆီးစလေးတွေ လွန့်လွန့်လူးလူး ဖြစ်အောင် ကြည်ဆယ်ဆော့ကစားရင်း ၀င်လာတဲ့ လေပြည် နုအေးကလဲ စိတ်ခြမ်းမြေ့စရာ။ မိခင်သစ်တစ်ယောက် အတွက်တော့ ဒီနေ့ဟာ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ။ ဒီနေ့ နံနက်ခင်း စောစောမှာပဲ သူမ သားဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လေ။ အိုး၊ ကျွန်မသားလေးကို တွေ့ချင် လွန်းလှပါပြီ။



“ကျွန်မသားလေးကို တွေ့ခွင့် ရနိုင်မလားဆရာ”



ဆရာဝန်က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သားလေးကို သူမထံပါး ခေါ်လာတယ်။ နောက်တော့ သက်ပြင်း တစ်ချက်ချပြီး ဆေးရုံက နံရံဖြူဖြူတွေဆီ အဓိပ္ပါယ်မဲ့ ငေးမောလို့နေတယ်။ သားလေးက သူ့အဖေလို ခန့်ခန့်ငြားငြားနဲ့ ချောတဲ့ အဖေတူသားလေးလား။ ဒါမှမဟုတ် သူမလို နုနုနယ်နယ်နဲ့ ချောမဲ့ အမေတူသားလေး ဖြစ်မလား။ သူမရင်တွေ တဖျတ်ဖျတ်ခုန်ရင်း သားလေးမျက်နှာကို သိုင်းထုပ်ထားတဲ့ အနှီးစလေးကို ဖြေကြည့်မိတယ်။ ကြည့်စမ်းပါအုံး။ ချောလိုက်တဲ့သားလေး။ သူမနဲ့ပဲ တူသလိုလို၊ သူ့အဖေနဲ့ပဲ တူသလိုလို။ သားလေးခေါင်းပေါ်က အနှီးစလေးတွေ ဖြေချလိုက်တော့ ရင်ဘတ်ထဲက နှလုံးတစ်စုံလုံး ခုန်ထွက်သွားမတတ် နာကျင်သွားရပြီး ဘုရား တမိတယ်။ သားလေးမှာ နား၇ွက်လေး နှစ်ဘက် ပါမလာဘူး။ နားရွက်လေးတွေ နေရာမှာ အပေါက်လေးတွေ ဟောင်းလောင်းနဲ့။ ဘယ်လို ကံကြမ္မာကများ သားလေးကို ရက်စက် လိုက်တာပါလိမ့်။ သားလေးကို ကြည့်ရင်း သူမ ရှိုက်ငင် ငိုကြွေးမိတယ်။ သူမ ယောက်ျားက သူမပခုံးကို ဆုပ်ကိုင်ထွေပွေ့ရင်း သားလေးမှာ နားရွက်လေး နှစ်ဘက် ပါမလာတာက လွဲရင် ကျန်တဲ့ အင်္ဂါ အစိတ်အပိုင်း အားလုံး ပြည့်စုံကောင်းမွန်ကြောင်း နှစ်သိမ့်နေတယ်။



တဖြည်းဖြည်း ရက်တွေ ရလာတော့ သားလေးရဲ့ အကြားအာရုံက ထင်ထားသလို မချို့ယွင်းပဲ ကောင်းမွန်တာ သိသာလာတဲ့အခါ သူမ ပျော်လိုက်တာ။



ဒီလိုနဲ့ သားလေး တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး ကျောင်းထားရတဲ့ အရွယ် ရောက်လာခဲ့ပြီ။ ကျောင်းကနေ ပြန်လာတော့ သားက သူမရင်ခွင်ထဲ ပြေးဝင် ငိုရှိုက်နေခဲ့တယ်။ သူမ စိုးရိမ်ထားခဲ့သလိုပဲ။ သားလေးက သူတပါး လှောင်ပြောင်တာတွေကို ခံနိုင်ရည် မရှိရှာခဲ့ဘူး။ နောက်ပိုင်းမှာတော့ သားက ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ပဲ စာအုပ်တွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သားလေး အားမငယ်အောင် သူမ ဘယ်လောက်ပြောပြော သားက ဘယ် သူငယ်ချင်းနဲ့မှ မဆော့ကစားသလို အိမ်ခန်းနဲ့ စာကြည့်ခန်းထဲမှာသာ စာအုပ်တွေနဲ့ လုံးထွေး ကြီးပြင်းခဲ့တယ်။ သားလေးက ဥာဏ်အင်မတန် ကောင်းသလို စာလဲ အင်မတန်တော်တယ်။ အတန်းထဲမှာလဲ သူက အမြဲ ထိပ်ဆုံးက။ တစ်ခုဆိုးတာက သားလေး လူတော မတိုးတာပဲ။ ကျောင်းက ဆုပေးပွဲတစ်ခုမှာ သူစင်ပေါ်တက်တော့ လူတွေ ၀ိုင်းရီတာ ခံရပြီးနောက်ပိုင်း အဲဒီကျောင်းကပွဲ၊ ဆုပေးပွဲတွေကို ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ အင်မတန် စကားပြောကောင်းတဲ့ သားဟာ စင်မြင့်ပေါ်မှာ ပရိတ်သတ်ကို ဘယ်လောက်များ စိတ်ဝင်စားအောင် ပြောမလဲ။ ဒါပေမဲ့ သားကို ဘယ်လို အားပေးပေး စင်မြင့်ပေါ်တက်ဖို့ ခါးခါးသီးသီး ငြင်းဆန်တော့တယ်။ နားရွက်လေးတွေ မပါတာဟာ အညွန့်တလူလူနဲ့ သားလေးရဲ့ဘ၀ကို ရိုက်ချိုးချဖို့ထိ ဖန်တီးခဲ့ပြီလား။ သူမ အမြဲ စိုးရိမ် ကြောင့်ကျခဲ့ရပါတယ်။



ဒီလိုနဲ့ သားလေး တက္ကသိုလ်ဝင်တန်း ဖြေရမဲ့ အရွယ်တောင် ရောက်လာခဲ့ပြီ။ မြို့တော်ကြီးက အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ပညာတော်သင်ဆုရဖို့အတွက် သားလေး လျာထားခံရပေမဲ့ သားက မတက်ချင်ခဲ့ဘူး။ ဒါဟာ သားလေးစိတ်မှာ အရိုးစွဲနေတဲ့ သိမ်ငယ်မှုကြောင်းမှန်း သူမသိတယ်။ အဲ့ဒီ သိမ်ငယ်မှုကို ဖယ်ရှားပေးနိုင်အောင် သူမ ဘယ်လိုကြိုးစားကြိုးစား မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး သူမတို့ လင်မယားနှစ်ယောက် သားလေး ဘ၀ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်ပြီး သားလေးကို နားရွက်တစ်စုံ တပ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက် ကြတယ်။






မေမေ့ကို ကျွန်တော် ငယ်ငယ်က နားမလည်ခဲ့ဘူး။ နားရွက်လေးနှစ်ဘက် ပါမလာအောင် မွေးပေးခဲ့တဲ့အတွက်လဲ မုန်းချင်ချင်ရယ်။ ကျောင်းမသွားချင်ရင်လဲ ဘယ်တော့မှ မရ၊ စကြနောက်ကြ နှိမ်ကြလွန်းလို့ အပေါင်းအသင်း မထားချင်ပါဘူး ဆိုရင်လဲ မရ။ ကျောင်းကို ဇွတ်သွားခိုင်းတတ်သလို ကျောင်းက အတန်းဖော် တွေကိုတောင် အိမ်ခေါ် ချက်ပြုတ်ကျွေးမွေးပြီး ကျွန်တော်နဲ့ ကစားခိုင်းလိုက်သေးတယ်။ ကျွန်တော်ကတော့ ကလေးဘ၀ကို ဆော့ကစားပြီး မဖြတ်သန်းချင်ဘူး။ သူတို့တွေက ကျွန်တော့်ကို လှောင်ကြတယ်။ ဒီတော့ ကျွန်တော့်ကို ဘာမှ မလှောင်တဲ့ စာအုပ်တွေနဲ့ပဲ ကျွန်တော် နေခဲ့တာ အပြစ်မှ မဟုတ်တာဗျာ။ ကျောင်းကပွဲတွေဆိုလဲ ဇွတ်သွားခိုင်း၊ စင်ပေါ်လဲ ဇွတ်တက်ခိုင်းနဲ့။ သူတို့တွေက အိမ်က ဖေဖေနဲ့ မေမေလို ကျွန်တော့်ကို အားပေးကြဖို့ထက် လှောင်ပြောင်ကြဖို့ပဲ သိတာ မေမေ နားလည်မပေးခဲ့ဘူး။ ကျွန်တော့်မှာ နားရွက်လေး နှစ်ဘက် မပါတဲ့အတွက် လူကြားထဲ ဘယ်လောက် သိမ်ငယ်ရှက်ရွံ့ခဲရလဲ မေမေ မသိခဲ့ဘူးလား။ ကျွန်တော် မသွားချင်တဲ့ ဆုပေးပွဲတွေ မေမေက ခေါ်ရင် မေ့မေ့ကို သိပ် စိတ်ဆိုးတာပဲ။ စာကြည့်ခန်းထဲမှာပဲ ကျွန်တော် ပျော်တယ်။ လူတွေနဲ့ဝေးရာမှာပဲ ကျွန်တော် နေချင်တယ်။



ကျွန်တော် တက္ကသိုလ် ၀င်တန်း တက်ရတဲ့နှစ်မှာ နားရွက်အစားထိုးတပ်ဖို့ အလှူရှင်တစ်ယောက် ပေါ်လာတယ်။ ဆေးရုံသွားပြီး ခွဲစိပ်ကုသလိုက်တော့ ကျွန်တော့်မှာ လှပတဲ့ နားရွက်လေးတစ်စုံ ရှိလာခဲ့ပြီ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော် ပါဝင်ချင်ခဲ့တဲ့ ကျောင်းက အားကစားပွဲတွေ၊ အကပွဲတွေမှာ ပါဝင်လို့ ရခဲ့ပြီ။ ဆုပေးပွဲတွေ၊ ဟောပြောပွဲတွေမှာလဲ စင်မြင့်ပေါ် ကျွန်တော် ကြွားကြွားဝင့်ဝင့် တက်နိုင်ပြီ။ ကျွန်တော့်ကို လူထူးလူဆန်းလို ကြည့်ကြတဲ့ မျက်လုံးတွေ မရှိတော့သလို ဂြိုလ်သားလို့ လှောင်ပြောင်ကြတဲ့ ပါးစပ်တွေလဲ ပိတ်သွားခဲ့ကြပြီ။



တစ်ခုပဲ ရင်ထဲ မတင်မကျဖြစ်နေခဲ့တာက ကျွန်တော့်အတွက် နားရွက် အလှူရှင် ဘယ်သူဘယ်ဝါမှန်း မသိရတာပဲ။ ဖေဖေနဲ့ မေမေ့ကို မေးတိုင်း သိဖို့အချိန်မတန်သေးလို့ ကတိမဖျက်ပါရစေနဲ့ လို့ပဲ ဖြေကြတယ်။ ဒီလိုနဲ့ ကျွန်တော် တက်ချင်တဲ့ တက္ကသိုလ်ကိုလဲ အဆင့်မြင်အောင်ခဲ့ရုံမက ဘွဲ့လွန်သင်တန်းတောင် ပြီးခဲ့ပြီ။ ဘွဲ့လွန်သင်တန်းလက်မှတ်ကို တက်ယူပြီး စင်ပေါ်ကနေ ကျေးဇူးတင်စကား ပြောတော့ ဖေဖေနဲ့ မေမေ့ မျက်နှာမှာ ဂုဏ်ယူဝမ်းမြောက်မှုတွေ အပြည့်နဲ့။ မေမေများဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလို့ပေါ့။ အဲဒီနေ့မှာပဲ ကျွန်တော် မေမေ့ နဖူးကို မြတ်မြတ်နိုးနိုး နမ်းမိတယ်။ အမေတူသား လို့ ပြောခံရတဲ့ ကျွန်တော်ဟာ မေမေ့လို ချောမွေ့ ကျက်သရေ ရှိနေမှာပေါ့။ မေမေ့နဖူးကို နမ်းဖို့မေမေ့ခေါင်းကို အုပ်မိုးကိုင်မိချိန်မှာ ကျွန်တော့် ကမ္ဘာတစ်ခုလုံး အိုးထိန်းစက်လို ချာချာလည်သွားခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတော့ဘူး။ မေမေ့ ဆံနွယ်စတွေကို ကပျာကယာ ကျွန်တော် ဖယ်ကြည့်တော့ တကယ်ပဲ...။ မေမေရယ်။ မေမေ့ဆံပင်တွေကို ကျွန်တော် ငယ်ငယ်ကလို မစုသိမ်း မထုံးဖွဲ့တော့တာ ဘာကြောင့်လဲ ကျွန်တော် သိသွားပါပြီ။ ကျွန်တော် သိချင်၊တွေ့ချင်လွန်းလှတဲ့ နားရွက်ပိုင်ရှင်ဟာ မေမေကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတာတောင် လုံးဝမသိရသလို မေမေ့အလှကလဲ မပျက်ခဲ့ပါဘူး။ ကျွန်တော့်လို လူတောမတိုးလဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ကသာ မေမေ့ နားရွက်လေး တစ်စုံကြောင့် အများကြီး ပြောင်းလဲခဲ့ရတာပါ။ မေမေ့ကို တင်းတင်းဖက်ရင်း ကျွန်တော် ငိုကြွေးမိတယ်။



”မေမေ နားရွက်တွေ မရှိတော့ သားဖေဖေတောင် မေမေ့အတွက် နားကပ် ၀ယ်ဆင်ပေးရတာ သက်သာသေးတယ်” အဲဒီလိုတောင် မေမေက ရယ်ရယ်မောမော ကျွန်တော့်ကို နှစ်သိမ့် ပြောနိုင်ခဲ့ပါသေးရဲ့။



ကျောင်းစာတွေနဲ့ အတန်းထဲမှာ နံပါတ်တစ်ဖြစ်ဖို့လောက်သာ ၊ ထူးချွန်အောင်မြင်မှုတွေနောက် လိုက်ဖို့သာ အာသာပျင်းပြခဲ့တဲ့ ကျွန်တော့်ရင်ထဲကို မေမေ့ရဲ့ တုနှိုင်းမမှီတဲ့ မိဘ မေတ္တာတရားက အရှိန်အဟုန်ပြင်းပြင်း တိုးဝင်ခဲ့တယ်။



အဲ့ဒီအချိန်က စလို့ပေါ့ ကျွန်တော်ဟာ အောင်မြင်မှုဘ၀တစ်ခုကို ရဖို့ မမေ့လျှော့ခဲ့သလို မေမေ့ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့လဲ ဘယ်တော့မှ မပျက်ကွက်တော့ပါဘူး။ မေမေ့ရဲ့ ကျေးဇူးတရားတွေကို ပြန်ဆပ်မကုန်နိုင်ပေမဲ့ အချိန်မှီ ဆပ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလဲ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။









မေလ ဆယ်ရက်နေ့မှာ ကျရောက်မဲ့ မိခင်များနေ့အတွက် ဖတ်မိတဲ့စာတိုလေးတစ်ပုဒ်ကို ခံစားမိသလို ပြန်ရေးဖွဲ့ ပါတယ်။ မူရင်းစာကို ဘယ်မှာဖတ်မိမှန်းမသိတဲ့အတွက် မညွှန်ပြနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ။




မိခင်များအားလုံးကို ထာဝရ ဂုဏ်ပြုလျက်



မေတ္တာဖြင့်

မျှဝေခံစားသူ - မိုးကုတ်သား