Saturday, November 30, 2013

ကိုယ် လည်း လေ လော ကီ သား ပေ မို့

ဒီကနေ့ X-Factor USA မှာ ကိုယ် ဖိုင်နယ်ရောက်မယ်လို့ထင်ထားတဲ့ သူ သုံးယောက်ထဲက တစ်ယောက်ဟာ ထွက်သွားရတယ်။ ကျန်တဲ့ နှစ်ယောက်က Bottom 2ထဲမှာ။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ် ဖိုင်နယ်ထိ တက်မယ်ထင်ထားတဲ့ ဒီသုံးယောက်စလုံး ရှုံးနိမ့်ခြင်းနဲ့ ရင်ဆိုင် ကြုံတွေ့ ခံစားကြရတယ်။ ပြိုင်ပွဲဆိုတာ ပထမဆုကို လိုချင်မက်မောလို့ ပြိုင်ဆိုင်ကြတာပဲ မဟုတ်ဘူးလား။ အရှုံးဆိုတာကို ဘယ်သူ လိုချင်မလဲ.. နော။ ကိုယ်လည်း ကိုယ်သိပ်သဘောကျတဲ့ အဆိုရှင်ကို ပထမ ရစေချင်တာပဲ။ ဒီထဲက တစ်ယောက်ဟာ Final 6 အထိတောင် တက်မသွားရရှာပဲ Final 8 အဆင့်ကနေ နောက်ထပ် မတက်နိုင်ပဲ ထွက်လိုက်ရတယ်။ နှစ်ယောက်ကလဲ Final 6 ထဲ ပါဖို့အတွက် Survival Song ကို ဆိုကြရတယ်။ ဒါ.. ကိုယ် ဘယ်လိုမှ ခံစားမရတဲ့ပွဲ။ တကယ်ဆို တစ်ယောက်နဲ့တစ်ယောက် ဆိုပုံ သံပေါက် မညီတဲ့ ဟိုသုံးယောက်အဖွဲ့ ထွက်ရမှာ။ အသံသိပ်မရပေမဲ့ ရုပ်ကလေးနဲ့ ဗုတ်ကလေးနဲ့ တက်လာတဲ့ ချာတိတ်လေးက ထွက်ရမှာ..။ အဲဒီလို အလိုမကျစိတ်တွေနဲ့ ကျိတ်မနိုင်ခဲမရ။ ဒေါသတောင် စွက်လာလိုက်သေးတာများ....။ Final 6 ကို တက်ဖို့ အသည်းအသန် ယှဉ်နေရသူ နှစ်ယောက်ကို ဒါ Final 2 သာ ဖြစ်လိုက်စမ်းပါ လို့ မဖြစ်နိုင်တာ သွားပြီး စိတ်ကူးယဉ်နေမိလိုက်သေးတာ..။ ကိုယ်ဟာ ပုထုစဉ် လူသား ဆိုတော့လဲ...။

ကိုယ်က X Factor ကို UK, USA, Australia  အကုန် အားပေးလာခဲ့တာ။ ပြိုင်ပွဲအစမှာတော့ ရီစရာတွေလဲ ရှိ မောစရာတွေလဲ ရှိ.. တဖြည်းဖြည်း Final 10 ကနေ စပြီး.... ကိုယ်မကြိုက်တဲ့သူတွေက တက်သွားရင် စိတ်တွေတို၊ ကိုယ် ကြိုက်တဲ့သူတွေ ထွက်သွားရရင် ဒေါမနဿတွေ ပွားရ ၀မ်းနည်းရ....၊ ကိုယ် ကြိုက်တဲ့သူ ကျန်နေသေးရင် final 8, Final 6, Final 4 ကနေ နောက်ဆုံး ပထမဆု ပေးတဲ့ အချိန်အထိ ဒေါသဖြစ်လိုက်၊ အားမလို အားမရ ဖြစ်လိုက်၊ စိတ်မကောင်းဖြစ်လိုက်၊ ထခုမ်မိတဲ့အထိ ပျော်ရွှင်လိုက်၊ စိတ်လှုပ်ရှားမှု အမျိုးမျိုးနဲ့ အားပေးလာရတာ။ ကိုယ် အားပေးနေတဲ့သူတွေထဲက တစ်ယောက်က ပထမဆု ရသွားတယ်ဆို အဲ့တစ်နှစ်စာ ကျေနပ်လို့ မဆုံးပေါ့။ ဒီနှစ် Australia မှာ Demi ဆိုတဲ့ တရုတ်မလေး ပထမဆု ရသွားတော့လည်း အော် သူတို့ နိုင်ငံသူ နိုင်ငံသား လူမျိုးရင်း မဟုတ်ပေမဲ့ မျှမျှတတ စိတ်ရှိသားပါလားဟ ဆိုပြီး အော်ဇီသူ အော်ဇီသားတွေကို ကျေးဇူးတင်ရ လေးစားရတာလဲ အမော။

ကနေ့ည X-Factor USA ကတော့ တကယ်ကို စိတ်မကောင်း အကြီးကြီး ဖြစ်ရတဲ့ညပေါ့။ ဒါတောင် နောက်ဆုံး Final ပွဲစဉ် မဟုတ်သေးဘူး။ ဒီ အစီအစဉ်က နှစ်တိုင်း ရှိနေတာပဲ။ နှစ်တိုင်းလည်း X-Factor Seasonမှာ ကိုယ်က ခုလို ရောဂါတက်နေကျပါပဲ။ မထူးဆန်းပါဘူးလေ..။ ပြိုင်ပွဲဆိုတာ အနိုင် နဲ့ အရှုံးပဲ ရှိတာ။ မနိုင်ရင် ရှုံးမှာပဲပေါ့။ ပြိုင်ပွဲဝင်နေချိန်မှာတော့ အကောင်းဆုံး ကြိုးစားကြရတာကြီးပါပဲ။

ကိုယ်ကတော့ အရှုံး ဆိုတာကို ရင်မဆိုင်ချင်တဲ့သူ၊ ပီးတော့ ကြိုးစားရမှာလဲ ပျင်းတဲ့သူ ဖြစ်နေလေတော့ ပြိုင်ပွဲ ဆိုတာတွေနဲ့ ဝေးဝေးမှာသာ နေခဲ့ပြီး ပရိတ်သတ်ထဲမှာပဲ ပုန်းကွယ်နေတတ်တဲ့သူ တစ်ယောက်ပါ။ စင်ပေါ်ကခေါ်လို့ မိတ်ဆက်ခွင့်ရမယ်ထင်ပြီး ဘုမသိ ဘမသိ စင်ပေါ်တက်မိကာမှ မထင်မှတ်ပဲ ပြိုင်ပွဲတစ်ခုထဲ အလိုလို ရောက်သွားရတဲ့အခါ... ကိုယ်က မပြိုင်ချင်ပါဘူး လို့ ဘယ်လောက်ပဲ ငြင်းဆန်လို့ မရတဲ့အခါ.... အရှုံးပေးပါတယ် ပန်းပေးပါတယ် ဆိုပြီး စင်ပေါ်ကနေ စကတည်းက ပြေးမဆင်းပဲ တွေဝေမိတဲ့အခါ..... ကိုယ်ထင်မှတ်မထားတဲ့ ပြိုင်ပွဲမှာ... ယက်ကန်ယက်ကန်နဲ့ ဒလိမ့်ခေါက်ကွေး ရုန်းကန်နေရတော့တာ..။ ..... အနိုင်မလိုချင်ပေမဲ့ အရှုံးလဲ မပေးချင်တဲ့ စိတ်အခံလေး ရှိနေလေတော့ ပထမဆုလေး ရလေမလားး လို့ ကိုယ် ဆက်ကြိုးစားရမှာလားး...။ ခုချိန်မှာတော့ အရှုံးပေးပါတယ် ဆိုကာ မျက်နှာငုံ့ချဖွက်ပြီး စင်အောက်ကို ပြန်ဆင်းဖို့ရာကလည်း ကိုယ်က ရှက်နေပြန်သေးလေတော့..။ အလိုမတူပါပဲ၊ ကိုယ် ထင်မှတ်မထားပါပဲ အလိုလို ဖန်တီးလာတဲ့ ယှဉ်ပြိုင်ပွဲမှာ အစကတည်းက ပြတ်ပြတ်သားသား နှုတ်ထွက်ခဲ့သင့်တာ လို့ အကြိမ်ကြိမ် နောင်တရမိပေမဲ့....

ကိုယ်လည်းလေ လောကီသားပေမို့....

ကိုယ် လည်း လေ လော ကီ သား ပေ မို့ ... ပေါ့ ကွယ်။    ။

မေတ္တာဖြင့်
မိုးကုတ်သား

No comments: