Saturday, October 18, 2008

Four Wives In Our Lives (ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်)

ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်

ဟိုး ရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ မိဘုရား လေးဦး ရှိသတဲ့။
အားလုံးထဲမှာ အငယ်ဆုံး၊ အချောဆုံး မိဘုရားငယ်လေးကို ဘုရင်ကြီးက အချစ်ဆုံးပေါ့။ အကောင်းဆုံး၊ အလှဆုံး၊ တန်ဖိုး အကြီးဆုံး ဆိုတဲ့ အ၀တ်အစား မှန်သမျှကို ဆင်ပေးပြီး ဖူးဖူးမှုတ် ထားတာပေါ့။
ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကိုလဲ တော်တော်ချစ်တယ်။ တိုင်းခန်းလှည့်လည်တိုင်း၊ တစ်ခြား တိုင်းပြည်တွေ အလည်အပတ် သွားတိုင်း အတူ ခေါ်သွားလေ့ ရှိတယ်။ ဒါပေမဲ့ ဘုရင်ကြီးက အဲ့ဒီ တတိယမိဘုရား သူ့ကို ထားရစ်ပြီး တစ်ခြား ထွက်သွားမှာကို အမြဲ စိုးရိမ် ကြောင့်ကျ နေရတယ်။
ဘုရင်ကြီးက သူ့ရဲ့ ဒုတိယမိဘုရား ကိုလဲ ချစ်ရှာပါတယ်။ သူမက သူ့ရဲ့ ယုံကြည်မှုပဲ။ ဒုတိယမိဘုရားက ဘုရင်ကြီးကို ကြင်နာယုယ သလို နားလည်သည်းခံမှု အပြည့်နဲ့ ချစ်ရှာတယ်။ ဘုရင်ကြီး အခက်အခဲတွေ ကြုံတိုင်း ဒုတိယမိဘုရားကို အမြဲ ရင်ဖွင့် တိုင်ပင်လေ့ ရှိသလို ဒုတိယမိဘုရားကလည်း နှစ်သိမ့်အားပေးရင်း ဒုက္ခတွေကို အတူ ရင်ဆိုင် ဖြေရှင်း ပေးတတ်တယ်။
ဘုရင်ကြီးရဲ့ ပထမမိဘုရား ကတော့ ဘုရင်ကြီးအပေါ် အင်မတန်မှ သစ္စာရှိ သလို တိုင်းပြည်ရဲ့ ကြွယ်ဝ ချမ်းသာမှု၊ ငြိမ်းအေးသာယာမှုကို ထိန်းသိမ်း စောင့်ရှောက်ပေးသူ ဖြစ်တယ်။ ဒါပေမဲ့ ဘုရင်ကြီးက ပထမမိဘုရားကို မချစ်ဘူး။ ပထမမိဘုရားက ဘုရင်ကြီးကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ချစ် ဘုရင်ကြီးက ဘယ်တော့မှ အသိအမှတ် ပြုလေ့ မရှိဘူး။
တစ်ချိန်တော့ ဘုရင်ကြီးက အသဲအသန် နာမကျန်း ဖြစ်တယ်။ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန် ရောက်ပြီ ဆိုတာ သိတော့ သူ့ဘ၀ရဲ့ ပျော်ရွှင်ဖွယ်ရာ နေ့တွေကို ပြန်သတိရတယ်။ ငါ့မှာ မိန်းမ လေးယောက်ရှိပေမဲ့ သေရင် ငါတစ်ယောက်ထဲ ပါလား လို့လဲ တွေးမိတယ်။
ဒါနဲ့ သူအချစ်ဆုံး မိဘုရားငယ်လေးကို ခေါ်ပြီး မေးတယ်။
မင်းကို ငါအချစ်ခဲ့ဆုံးပဲ။ ကောင်းပေ့၊ ညွန့်ပေ့ ဆိုတဲ့ အ၀တ်အစား၊ အသုံး အဆောင် မှန်သမျှ ငါဆင်ပေးပြီး စောင့်ရှောက်ခဲ့တယ်။ အခုတော့ ငါ သေရတော့မယ်။ ငါသေတဲ့အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား မေးတော့ မိဘုရားငယ်လေးက
လုံးဝ မလိုက်ပေးနိုင်ဘူး အဲ့ဒီလို ခပ်ပြတ်ပြတ် ပြောပြီး အဝေးကို ထွက်သွားခဲ့တယ်။ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ဓားထက်ထက်နဲ့ အမွှန်းခံရသလို ခံစားရတာပေါ့။
ဝမ်းနည်းနေတဲ့ ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကို ခေါ်ပြီးမေးပြန်တယ်။
ါ့ဘ၀ တစ်ခုလုံးအတွက် မင်းကို ချစ်ခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
မလိုက်ပေးနိုင်ပါဘူး၊ ဘ၀က ပျော်စရာ ကောင်းတယ်။ ရှင် သေတဲ့အခါ ကျွန်မက နောက်တစ်ယောက် ထပ်ပြီး ယူမှာပေါ့
အဲ့ဒီ အဖြေစကား ကြားရတော့ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ရေထဲဆွဲနှစ် ခံရသလို အေးစက် ထုံကျင်နေအောင် ခံစားရရှာတယ်။
ဒါနဲ့ ဘုရင်ကြီးလဲ ဒုတိယမိဘုရားကို ခေါ်ပြီးမေးပြန်တယ်။
ငါ အကူအညီ လိုတဲ့ အခါတိုင်း မင်းက ငါ့အတွက် အမြဲ အဆင်သင့် ရှိပေးခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
ကျွန်မ စိတ်မကောင်းပါဘူး၊ ဒီတစ်ခုကို မကူညီနိုင်တာတော့ ခွင့်လွှတ်ပါ။ ရှင့်ရဲ့ ဈာပနကိုတော့ ကျွန်မ သေချာ လိုက်ပို့ပေးမှာပါ။
ဒုတိယမိဘုရားရဲ့ အဖြေစကားက ကောင်းကင်ပေါ်က လျှပ်စစ်မိုးကြိုးသွား တစ်စင်းလို ဘုရင်ကြီးကို အထိ နာသွားစေပါတယ်။ ဘုရင်ကြီးရဲ့ မျှော်လင့်ချက်တွေ အားလုံး ပျက်စီးကုန်ပါပြီ။ သူ အင်မတန် ချစ်မြတ်နိုးလှတဲ့ သူတွေ အားလုံးက ဒီတစ်ခါမှာတော့ သူ့ ဆန္ဒကို ဘယ်သူမှ မဖြည့်ဆည်း ပေးနိုင်ကြတော့ ပါဘူး။
ရှင်ဘယ်ကို သွားသွား၊ ဘာပဲ ကြုံရကြုံရ၊ ရှင်နဲ့အတူ ကျွန်မ လိုက်ခဲ့မယ်။
စိတ်ဓာတ်တွေကျပြီး ခေါင်း ငိုက်စိုက် ကျနေတဲ့ ဘုရင်ကြီး ဟာ ရုတ်တရက် ထွက်လာတဲ့ စကားသံကြောင့် ခေါင်းမော် ကြည့် လိုက်တော့ သူ့ရဲ့ ပထမမိဘုရား ဖြစ်လို့ နေတယ်။ သူမက ဘုရင်ကြီးရဲ့ ပစ်ပယ် ထားမှု တွေကြောင့် ညှိုးဖျော့ ပိန်လှီလို့ နေတယ်။
ငါ့မှာ အခွင့်အရေးတွေ ရှိနေ ခဲ့တုန်းက မင်းကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့ သင့်တယ်။
အင်မတန်မှ စိတ်သက်သာရာ ရသွားတဲ့ ဘုရင်ကြီးက အဲ့ဒီလို မချိတင်ကဲ ရေရွတ်လိုက် မိပါတယ်။ နောင်တတွေလဲ ရ လို့ပေါ့။

အမှန်တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀မှာ ကြင်ယာဘက် မိန်းမ လေးယောက်စီ ရှိကြပါတယ်။

စတုတ္ထမြောက် မိန်းမက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် နဲ့ တူပါတယ်။ အချိန်နဲ့ ငွေကြေးတွေ ဘယ်လောက်ပဲ အကုန်အကျ ခံပြီး ကြည့်ကောင်းအောင် ဘယ်လောက် ဂရုစိုက်စိုက်၊ ဒီ ခန္ဓာကိုယ်ကြီးက ကျွန်တော်တို့ သေဆုံးချိန်မှာ ထားရစ်ခဲ့ မှာပါဘဲ။
တတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှု၊ စည်းစိမ်နဲ့ ဂုဏ်ပကာသန ဖြစ်ပါတယ်။ ကျွန်တော်တို့ သေဆုံးချိန်မှာ ဒါတွေအားလုံးဟာ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားပါလိမ့်မယ်။
ဒုတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေပေါ့။ ဘယ်အချိန် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ကိုယ်လိုအပ်ချိန်မှာ အတူရှိနေ ပေးနိုင်ပေမဲ့ ဒါဟာ ကိုယ် သင်္ချိုင်းမြေပေါ် ခြေမချခင် အချိန် အတိုင်းအတာ တစ်ခုထိဘဲ ဖြစ်နိုင်ပါ လိမ့်မယ်။
ပထမ မိန်းမကတော့ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ် ပါပဲ။ လောကကြီးမှာ ငွေကြေး စည်းစိမ်ဥစ္စာ၊ အာဏာနဲ့ ပျော်ရွှင်မှု တွေနောက် လိုက်ရင်း သူ့ကို ကျွန်တော်တို့ မေ့လျှော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့ ဘယ်သွားသွား ဘာလုပ်လုပ် ဒီ စိတ်ဝိဥာဉ်က ကျွန်တော်တို့နဲ့ အမြဲ ရှိနေခဲ့ ပါတယ်။ ဘုရင်ကြီးလို အချိန် မနှောင်းခင်မှာ မဆုံးသေးတဲ့ ဘဝခရီးတွေ အတိုင်း အမြဲ ကိုယ်နဲ့ မခွဲတမ်း သေတစ်ပန် သက်တစ်ဆုံး အတူ ရှိနေတဲ့ စိတ်ဝိဥာဉ်ကို ခွန်အား အပြည့် ရှိအောင် ပြုစု ပျိုးထောင်ပြီး ချစ်ခင် မြတ်နိုးစွာ စောင့်ရှောက်တတ်ဖို့ လိုပါတယ်။

ကိုယ့် ခန္ဓာကိုယ် ကို ကျန်းမာအောင် ပြုစု စောင့်ရှောက်ပါ။ ဒါမှ ဘဝရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင် ပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့ ပိုင်ဆိုင်မှုနဲ့ သက်တောင့်သက်သာ ရှိမှု အပေါ် ကျေနပ်ပါ။ ကိုယ့် မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်း တွေဆီက ရတဲ့ ချစ်ခြင်းမေတ္တာတွေကို လေးစား တန်ဖိုးထားပါ။ ကြင်နာ မြတ်နိုးစွာ တုန့်ပြန် ပြုစု စောင့်ရှောက်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ဝိဥာဉ် ကို အဟာရ ပြည့်ဝအောင် ဂရု စိုက်ဖို့ မမေ့လျှော့ ပါနဲ့။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘဝ အရင်းခံ ရေသောက်မြစ် ဖြစ်သလို ဘဝ တစ်သက်လုံး အတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်း တစ်ဦးလဲ ဖြစ်ပါတယ်။

ကမ္ဘာလောကကြီးက သင့်ကို ဒူးထောက် လဲကျအောင် လုပ်တဲ့ အခါတိုင်း ဘုရားကို ဝတ်ပြု ဆုတောင်းဖို့ အသင့်တော်ဆုံး အခွင့်ရေး ပေးထားတယ် ဆိုတာ သတိရပါ။

ဘာသာပြန်သူ - မိုးကုတ်သား
မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။









Thursday, October 16, 2008

Some Pagodas from Mogok (မိုးကုတ်က စေတီပုထိုး၊ ဘုရား တစ်ချို့)

ကျွန်တော် အင်မတန် ချစ်တဲ့ ကျွန်တော်တို့ရဲ့ မြို့ ကလေးကို ခဏပြန်ခွင့် ရတုန်း ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေပါ။





ဆင်တောင်ကျောင်း




သုဿာန်ကျောင်းထိပ်က စေတီတစ်ဆူ




ဖောင်တော်ဦး ဘုရား နှင့် မင်္ဂလာတိုက်











ချမ်းသာကြီးဘုရား

ချမ်းသာကြီးဘုရား အတက် တစ်နေရာက ရှေးဟောင်းစေတီ


အာရုဏ်ဦး နှင့် အင်းနခမ်း တစ်နေရာက စေတီ


ပတ္တမြားစေတီ


ဘော့လုံးကြီးရွာ အသွား လမ်းတစ်နေရာက စေတီတစ်ဆူ












ကျောက်ပြဿာဒ်






ပေါ်တော်မူဘုရား




ဒေါ်နန်းကြည့်တောင် ဘုရား

Saturday, October 11, 2008

အခမဲ့



ဖေဖေ့ မွေးနေ့ပြီးရင် မေမေ့ မွေးနေ့လဲ ရောက်လာတော့မယ် ဆိုတော့ မေမေ့အတွက် စာရေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင် ဖော်ဝါ့ဒ် မေးလ် တစ်စောင် ဒီနေ့ ဝင်လာပါတယ်။ အီးမေးလ်နဲ့ သူငယ်ချင်းတွေကို ပို့ပေးဖို့ စိတ်ကူးရင်း ဒီ သီချင်းလေးထဲက စာသားလေးတွေကို မနိုင်းနိုင်းစနေ ဆီမှာ ဖတ်ဖူးလို့ သူ့ လင့်ခ်လေးကို ဒီမှာ မျှဝေပေးထားပါတယ်။














ဖော်ဝါ့ဒ် မေးလ် ထဲက ပါတဲ့ ဆရာချစ်စံဝင်းရဲ့ အမေ နှင့် အမေ့အကြောင်း ကိုလဲ ဒီမှာ ဒေါင်းနိုင်ပါတယ်။









သီချင်း နားဆင်ဖို့

Pictures of Mogok 2 (မိုးကုတ်ဓာတ်ပုံများ ၂)

These pictures are not my shot,.... just want to share the pictures that I grab from some web-pages.
(ကျွန်တော်ရိုက်ထားတဲ့ ပုံတွေတော့ မဟုတ်ပါဘူး။ web-pages တွေထဲက ရထားတာပါ။)


Wednesday, October 8, 2008

ရေကြီးခြင်း

မိုးကုတ်မှာ ရေတွေ ခဏခဏကြီးပြီး လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ နစ်မြှုပ်ကုန်တာ...၊ မြို့လည်ခေါင်က ကတ္တရာလမ်းမတွေပေါ်မှာ ရေတွေ ဒရဟော စီးဆင်းနေတာ… စတဲ့ အကြောင်းတွေကို မိုးကုတ်မီဒီယာက ဓာတ်ပုံတွေနဲ့တကွ မကြာခဏဆိုသလို သတင်းရေးသားနေရတာဟာ ကြာတော့ အားတောင် နာမိပါတယ်။
မိုးကုတ်မီဒီယာ ကနေ အဲ့ဒီသတင်းကို ဖတ်ရတော့ စိတ်ထဲ မကောင်းဘူး။ အင်း အသေအပျောက် မရှိတာပဲ တော်သေးရဲ့။
ယနေ့ (၈.၁၀.၂၀၀၈) နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့  တွင် ရေကြီးခြင်း တတိယအကြိမ် ဖြစ်ပေါ်ခဲ့သည်။ ဖြစ်ပွားမှုမှာ ရေနီချောင်းတာရိုး ကျိုးခြင်းမှ အိမ်တစ်လုံး ဆုံးရှုံးခဲ့ပါသည်။
ပတ္တမြားမြေ မှာ ဓာတ်ပုံတွေ စုံစုံလင်လင်နဲ. မြို့ကလေးရဲ့ သနားစရာ မြင်ကွင်းတွေကို တွေ့ရပြန်တော့ ...... ဩော်၊ ငါတို့ မြို့ကလေးလဲ ဒဏ်ရာတွေ ဗလပွနဲ့ ဘယ်တော့များမှ အရင်လို သာယာစိုပြေ နိုင်မလဲ ရင်မောရပါတယ်။
ငယ်ငယ်ကတော့ ရေကြီးပြီဟေ့ဆို သိပ်ပျော်တာပေါ့။ ရေဆော့ရတာကိုး။ အဲ့ဒီတုန်းက အခုလို အခြေအနေ မဆိုးရွားပေမဲ့ ရေနီချောင်းကတော့ မကြာခဏ ရေလျှံတတ်ပါတယ်။ ချောင်းကူး မရအောင် ရေကြီးပြီဟေ့ ဆိုရင်တော့ ပိုပျော်ပေါ့ဗျာ။ ကျောင်းက အော်တို ပိတ်တာကိုး။ အစမ်း စာမေးပွဲတွေ ဖြေနေတဲ့ အချိန်တွေက ရေကြီးတတ်တဲ့ အချိန်တွေပေါ့။ ကိုယ်မရတဲ့ ဘာသာတွေ ဖြေရမဲ့နေ့ဆို မိုးကြီးပါစေ၊ ရေကြီးပါစေ ဆုတောင်းနေကျ။ အခုလို လူသေတာ၊ အိမ်ပြို တာတွေ သိပ်မှ မကြားရတာ။
အဲ့ဒီတုန်းက ရေကြီးပြီဟေ့ ဆိုရင် ဘယ်မှာလဲ ပြေးကြည့်စရာ၊ မေးစရာ မလိုဘူး။ ကျွန်တော်တို့ နေတဲ့ စည်ပင်သာယာ (မြို့တော် စည်ပင် မဟုတ်ပါ၊ ရပ်ကွက် နာမည်ပါ။) အောက်လမ်းရယ်၊ ကပ်ရက်က ကွက်သစ်ရယ် ပဲ။ ကွက်သစ် က အဆိုးဆုံး ခံရတာပေါ့။ ကျွန်တော်နေတဲ့ စည်ပင်သာယာ အောက်လမ်း ထိ ရေရောက်လာပြီ ဆိုရင် ဒါ ကွက်သစ်မှာ ရေတော်တော် မြှုပ်နေလို့ဘဲ။
မိုးများ သဲကြီးမဲကြီး ရက်ဆက် ရွာနေပြီ ဆိုရင် အိမ်အောက်ထပ်မှာ နေတဲ့ ကျွန်တော်တို့ မိသားစု ရှိသမျှ သိမ်းဆည်း ထုပ်ပိုးထားပြီး ရေစတက်တာနဲ့ အပေါ်ထပ် ပြောင်းရွှေ့ဖို့ အသင့် ပြင်ထားရတယ်။ ရေကလဲ တက်လိုက်ရင် အမြဲတမ်း မိုးချုပ်သန်းခေါင်၊ ဒါမှ မဟုတ်ရင် မိုးလင်းခါနီး အိပ်ကောင်းနေတဲ့ အချိန် ကြီးပဲ။ ဖေ နဲ့ မေ လဲ ကောင်းကောင်း မအိပ်ရဘူး။ ဓာတ်မီးလေး ဟိုထိုး ဒီထိုးနဲ့ အိမ်နောက်ဖေး ရေမြောင်းလေးများ ရေလျှံပြီလား ထထ ကြည့်ရတာ အမော။ အမှန်ကတော့ ထက်ြကြည့်စရာ မလိုပါဘူး။ အိမ်မှာ မွေးထားတဲ့ ခွေးတွေက အိမ်ခြံဝင်းထဲ ရေစဝင်တာနဲ့ သံစုံတီးဝိုင်းလို အူလိုက် အော်လိုက်သမှ အိမ်က လူတွေတင် မက ဟိုဘက် ဘေးအိမ်တွေပါ နိုးတယ်။ရေဝင်လာတာနဲ့ အထုပ်အပိုး တွေ အကုန် အိမ်အပေါ်ထပ် ရွှေ့ပြီး ပြောင်းနေကြ ရပါတယ်။ ခွေးလေးတွေလဲ အိမ်အပြင်လှေကားက ဖိနပ်ချွတ်မှာ တန်းစီပြီး နေကြ ရတာပေါ့။
ရေ အကြီးဆုံး တစ်ခေါက်ကို ဘယ်တော့မှ မမေ့ဘူး။ ညသန်းခေါင် ကတဲက ရေတက်လာ လိုက်တာ၊ မိုးလင်းတဲ့အထိ တစ်အိအိနဲ့ တက်နေတုန်း။ အိမ်အောက်ထပ် တံခါ.ဘောင်ထိ ရောက်လာတော့ အိမ်ပေါ်ထိ ရေတက်လာမလား ရင်တမမ နဲ့ပေါ့။ ဘယ်သူမှလဲ အိမ်အောက်ဆင်းပြီး လွတ်ရာ ပြေးလို့ မရတော့ဘူး။ ရေက လူကြီး တစ်ရပ်စာ ထက်မက နက်နေပြီ။ ဖေတစ်ယောက်က လွဲပြီး တစ်အိမ်လုံး ဘယ်သူမှလဲ ရေ မကူးတတ်ကြဘူး။ အခြေနေဆိုးရင် ဖေက သူ့ကျောက်တွင်းမှာ သုံးတဲ့ ကြိုးကို အိမ်တိုင်မှာ ချည်၊ ရေမရောက်တဲ့ အိမ်ရှေ့လမ်း ဟိုဘက်ခြမ်းကို အဲ့ဒီကြိုးနဲ့ ချိတ်ပေးပြီး အားလုံးကူးလို့ ရအောင် လုပ်မယ် ပေါ့ ။ ကျွန်တော်တို့ ခလေးတွေလဲ ဒီတစ်ခါ ရေကြီးတာတော့ မပျော်နိုင် ကြတော့ဘူး။ ရသမျှ ဘုရားစာတွေ ရွတ်ပြီး ငိုမဲ့မဲ့ လေးတွေ ဖြစ်ကုန်ကြပြီ။ ရေကြီးတာ မကောင်းပါလား၊ ကြောက်စရာ ကောင်းပါလား ဆိုတာ အဲ့ဒီတော့မှ သိကြတော့တယ်။
တော်သေးတယ်၊ ရေက အိမ်အပေါ်ထပ် ထိ တက်မလာလို့။
မိုးလေးဖွဲလို့ လင်းစလဲ ပြုပြီ၊ တစ်အိအိ တက်လာ နေတဲ့ ရေလဲ ရပ်ပြီ ဆိုတော့မှ ဟင်း ချနိုင်တော့တယ် (သက်ပြင်း ပြောတာ)။ မိုးသံ လေသံလဲ စဲရော၊ တစ်ရပ်ကွက်လုံး ကြွက်ကြွက်ကို ညံလို့။ ကွက်သစ်ထဲက တစ်ချို့ တစ်ထပ် အိမ်လေးတွေဆို ရေမြှုပ်သွားလို့ ခေါင်မိုးပေါ် တက်ပြီး နေကြရတာ၊ ရေနီချောင်း ရေလျှံပြီး ဈေးကြီးတံတား ကျိုးသွားတာ၊ မိုးကုတ် ဈေးကြီး ထဲထိ ရေလျှံ နေလို့ ဈေးဆိုင်တွေ ဖွင့်မရတာ၊ ဈေးကြီး တံတားဘေးက ကုလား ကွမ်းယာဆိုင်လဲ ချောင်းရေစီး ပြင်းလို့ တိုင်ကနေ ကျွတ်ထွက်ပြီး ဈေးကြီး လမ်းတစ်လျှောက် လျှံပြီးစီး နေတဲ့ ရေစီးကြောင်းထဲ ပေါလော၊ ပေါလောနဲ့ မျောပါသွားတာ၊ စတဲ့ စတဲ့ သတင်းစုံကို တယ်လီဖုန်းမလို၊ အင်တာနက်မလိုဘဲ ကြားရ သိရပါတော့တယ်။
မီးသတ်တွေ၊ ကြက်ခြေနီ တွေရော ရပ်ကွက်လူကြီး တင်မက ကာလသားတွေပါ မကျန် အလုပ် ရှုပ်ကုန်ကြပါတယ်။ ဘယ်နားက ဘယ်လို ရောက်လာမှန်း မသိတဲ့ လှေတွေ နဲ. ရေမြှုပ်ကုန်တဲ့ အိမ်တွေကို နေရာ ပြောင်းရွှေ့ ပေးကြ၊ ထမင်းထုပ်တွေ အလှူခံပြီး လိုက်ဝေကြ နဲ့ပေါ့။ မိုးကုတ်မှာ လှေတွေ အဲ့ဒီလောက် အများကြီးကို ဒီတစ်ခါပဲ မြင်ဘူးတယ်။
ကျွန်တော်တို့လဲ အစောနက ကြောက်နေသမျှကို ကလေးပီပီ မေ့သွားကြပြီး ပျော်နေကြ ပြန်ပါတယ်။ လှေတွေ အများကြီးနဲ့ ထမင်းထုပ်တွေ လိုက်ဝေနေကြတာ၊ ရေဘေး ဒုက္ခသည် တွေကို လှူဖို့ အိုးကြီး အိုးငယ်၊ အထုပ်ကြီး အထုပ်ငယ် တွေနဲ့ ရောက်လာကြတဲ့ အလှူရှင်တွေ အများကြီးကို အိမ်ရှေ့ဘက် လမ်းဟိုဘက်ခြမ်းက ရေစပ်မှာ စည်စည်ကားကား လှမ်းပြီးမြင်နေရတာ၊ စိတ်ထဲမှာ တစ်ခါမှ မကြုံဘူးတဲ့ ဘုရားပွဲကြီး လို့တောင် ထင်လာပါတယ်။
ရေကျသွားတော့ အိမ်အောက်ထပ် တစ်ခုလုံး ရှုပ်ပွပြီး တင်ကျန်ရစ်ခဲ့တဲ့ ရွှံ့ ဗွက်တွေ၊ နုံးမြေတွေကို ရှင်းရ၊ ပျက်စီးသွားတဲ့ ကြမ်းခင်းတွေ၊ ဝါးထရံတွေကို ပြင်ရ လဲရ နဲ့ တစ်မိသားစုလုံး အလုပ်ရှုပ်ကြရ ပြန်ပါတယ်။ ရေမကျသေးတဲ့ အပိုင်းမှာ နေတဲ့ အသိမိတ်ဆွေ မိသားစုတွေလဲ အိမ်မှာလာနေကြတာ၊ အိမ် အပေါ်တစ်ထပ်လုံး လူအပြည့် ကျပ်ညှပ်လို့။
ဩော်.. ဒုက္ခတွေ ကြုံရင် ပျော်ပျော်ကြီး ခါးစည်း ခံကြ၊ တစ်ယောက်နဲ့ တစ်ယောက် ဝိုင်းဝန်း ကူညီ စောင့်ရှောက်ကြနဲ့ ငြီမ်းချမ်းတဲ့ ကျွန်တော်တို့ မြို့ကလေးကို အခုလို ရေကြီးချိန်မှ မဟုတ် အချိန်တိုင်း လိုလို လွမ်းပါတယ်။
မြို့ကလေးနဲ့ အတူ ချစ်ဖို့ကောင်းတဲ့ မြို့သူ မြို့သားတွေ အားလုံးကိုလဲ လွမ်းပါတယ်ဗျာ။






နမော်နမဲ့ ဦးပေသီး (အပိုင်း ၁)

ကျွန်တော့်ကို အဖွားက နမော်နမဲ့ ဦးပေသီး လို့ခေါ်တယ်။ အဖေနဲ့ အမေက ပျာလောင်တဲ့။ အဒေါ်တွေကတော့ သွားလေရာရာ အရာနဲ့ အကြောင်းကြောင်း ဖြစ်တတ်လွန်းလို့ ပက်ကျိတဲ့။ အကြောင်းသိ သူငယ်ချင်းတွေက အူကြောင်ကျား လို့ခေါ်ကြတယ်။ နမော်နမဲ့ နိုင်သလို တစ်ခုခုဆို အမြဲ ပျာလောင် ခတ်တတ်တဲ့ ကျွန်တော် ငယ်ငယ်ကတော့ အင်မတန် ရှက်တတ်ပါတယ်။ အခု အချိန်ထိလဲ ရှက်တတ် တုန်းပါပဲ ဆိုရင်တော့ ဘယ်သူမှ ယုံနိုင်မယ် မထင်ပါ (အဟီး)။ တကယ်ပါ။ အင်မတန် ရှက်တတ်တဲ့ ကျွန်တော် ခဏခဏ အရှက် ကွဲရလွန်းလို့ ရှက်ကြောက ပြတ် သွားတာလား ဒါမှမဟုတ် အရေထူ သွားတာလဲ ဖြစ်နိုင်ပါတယ်။
လဖ္ဘည့်ရည်ဆိုင် သွားရင် ဟိုဟာ တိုက်ချ၊ ဒီဟာ မှောက်ကျ ဖြစ်တတ်တာ၊ ဟို ခလုတ်တိုက် ဒီိ ခလုတ်တိုက် ချော်လဲပြီး ဒူးပြဲရတာ တွေကတော့ အသေးအဖွဲ ပေါ့။ လူကြားထဲ အရှက် ကွဲ ရလွန်းလို့ ကျွန်တော့် များဆို ဦးလေးတွေ အဒေါ်တွေ မပြောနဲ့၊ ဖေနဲ့မေတောင် လူကြား သူကြား သိပ် မခေါ်ရဲအောင်ကို လန့်ပါတယ်။ အိမ်ကို လာလည်တဲ့ အကြောင်းသိ ဧည့်သည်တွေများ ဆိုရင် ကျွန်တော်မို့ သူတို့ အနား လာပြီး ရေနွေးကြမ်း ငှဲ့ပေးပြီဆို သတိ အနေအထား ဖြစ်သွားတတ်ကြပါတယ်။ မတော်တဆနဲ့ သူတို့ ရေနွေးပူ လောင်တာ ခံရလွန်းလို့ပါ။
မှတ်မိသေးတယ်၊ ကျွန်တော် မူကြိုကျောင်းသား ဘဝကပေါ့၊ ကကြီး ခခွေး သင်လာလိုက်တာ ရောက်တဲ့ထိ ချောလို့။ လဲ ရော ပြဿနာ စတက်တော့တာပဲ။ လိုက်ဆို လို့ ဆရာမက တိုင်ပေးလိုက်တိုင်း ပါးစပ် အဟောင်းသား ဟပြီး ဘာသံမှ ထွက်မလာတဲ့ ကျွန်တော့်ကို တစ်ကြိမ်မက နှစ်ကြိမ်မက ဆိုတော့ ဆရာမက စိတ် မရှည်တော့ဘူး။ ဟဲ့ လိုက်ဆိုလေ လို့ ပြောလဲမရ၊ ... ပါဆို လို့ ချော့ ပြောလဲမရ။ ပါးစပ် အဟောင်းသားနဲ့ သူ့ကို ပြူးကြည့်နေတဲ့ ကျွန်တော့်ကို ဒေါသတွေ ထွက်လာပြီး တစ်ခါ ဆိုခိုင်းလိုက်၊ အသံ ထွက်မလာရင် တစ်ချက် လိမ်ဆွဲလိုက်နဲ့ လက်မောင်းသာ အညိုအမဲ စွဲလာတယ်။ ဘယ်လို သင်ပေးပေး အသံက ထွက်မလာ၊ အသားနာတဲ့ ကျွန်တော်ကလဲ ဂျစ်ကန်ကန်နဲ့ သူ့ကို ပြန်ကြည့်တော့ ဆရာမလဲ ယမ်းပုံမီးကျ ဒေါတွေပွပြီး သူ ဆိုခိုင်းတာ လိုက်မဆိုဘဲ ပါးစပ်ကြီး ဟ ဟ ပြနေတဲ့ ကျွန်တော်က သူ့ကို ပြောင်ပြနေမှုနဲ့ ခြေသလုံး သွေးထွက်အောင် ဆော်ပလော် တီးပါတော့တယ်။ မေမေ ရုံးဆင်းလို့ အပြန် ကျွန်တော့်ကို ဝင်ခေါ်တော့ ဒဏ်ရာတွေနဲ့ ကျွန်တော့်ကို တွေ့ပြီး ဘာကိစ္စနဲ့ ဒီလောက် အပြစ် ပေးခံရတာလဲ ဆရာမကို သွားမေးပါတယ်။ ဆရာမ ပြောလို့ အမေ အကျိုးအကြောင်း သိတော့ ဒီလောက်တောင် အရလားဟဲ့ ဆို ကျွန်တော့် ခေါင်းကို ဒေါင်ကနဲ ခေါက်ပါတော့တယ်။ (တယ်တော်တဲ့ အမေနော်။ သူတစ်ပါး အမေ တွေလို ကိုယ့်သား မှားမှားမှန်မှန်၊ နဲနဲ တီးခံရရင်ကို ဆရာမကို ရန် သွား မလုပ်တတ်ဘူး။ ချစ်ပုံများတော့)။ တကယ်တော့ ဖြစ်ပုံက ဒီလိုပါ။ ကျွန်တော် ငယ်ငယ် ကတည်းက ဖေနဲ့မေ ထမင်းကျွေးတိုင်း ဆိုပြီး ကျွန်တော် ပါးစပ်ဟမှ ထမင်းကို ခွံ့ကျွေး တတ်ကြပါတယ်။ ဆရာမက ဆိုတော့ ကျွန်တော်က ပါးစပ်ကို ဟပြီး အသံထွက် ဆိုရကောင်းမှန်း မသိတာပါ။ မေမေက

' သားကို မေမေ ထမင်းကျွေးရင် ဘယ်လိုပြောပြီး ကျွေးလဲ ' မေးတော့

' လို့ပြောပြီး ကျွေးတယ် '

' အေး အဲ့ဒီ က ဆရာမ အခု သင်ပေးနေတဲ့ ပေါ့ သားရဲ့ '

ကဲ၊ မေမေသင်ပေးတော့ တစ်ချက်ထဲနဲ့ ကျွန်တော်လဲ တတ်သွားရော။ ကျွန်တော်က ငယ်ကတည်းကရင်း အဲ့ဒီလိုလဲ အူကြောင်ကျား တတ်ပါတယ်။

အစက သိမှ မသိဘဲ ကိုးဗျာ၊

(မှားတဲ့ အခါလဲ မှားပေ မပေါ့ဗျာ၊ နော..) :-P

Thursday, October 2, 2008

ဖေဖေသို့တမ်းချင်း

ဆယ်လပိုင်း ဆယ်ရက်နေ့က ဖေဖေ့မွေးနေ့။ ဒီနှစ်ဆို ဖေဖေ ခြောက်ဆယ့်သုံးနှစ် ပြည့်တဲ့ နှစ်ပေါ့။ ကျွန်တော် အမှတ်မှားနေတဲ့ အတွက် ဖေဖေ့ဆီလဲ ဖုန်းမဆက်ဖြစ်၊ ဘာ အမှတ်တရမှလဲ မလုပ်ဖြစ်နဲ့။ ဖေဖေ၊ မေမေ ကိုလွမ်း၊ အိမ်ကို လွမ်းနေတဲ့ ကျွန်တော် ဘာတွေ လွဲချော်နေခဲ့တာပါလိမ့်။ စိတ်မကောင်းဖြစ်နေမဲ့ ဖေဖေ့ကို တွေးမြင်ပီး ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကျွန်တော် မကောင်းဘူး။ မိုးကုတ်မှာ တစ်ယောက်တည်း ရှိနေမဲ့ ဖေဖေတစ်ယောက် သူ့မွေးနေ့ကို ဘယ်လို ဖြတ်သန်းနေမလဲ။ တွေးရင်း ရင်ထဲ ဆို့နင့်လာတယ်။ ဆယ်ရက်နေ့ကို ကျွန်တော် ပြန်ဆွဲလှည့် ပစ်လိုက်ချင်ပေမဲ့ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စ ဆိုတာ ဘာသာ သိတော့ ကြေကြေကွဲကွဲ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေ တင်နေမိတော့တယ်။
ဖေဖေ့ မွေးနေ့ အတွက် အမှတ်တရ ရေးဖူးတဲ့ စာလေးကိုသာ အမှတ်တရ ပြန်တင်ရင်း ဒိနေ့ မေမေ့ မွေးနေ့ဆိုတာ နောက်လထဲ ဖေဖေ နဲ့ မေမေ့ မွေးနေ့လို့ အမှတ်ထပ်မမှားမိတော့တာကိုသာ ကြံဖန် ကျေနပ် နေရပေမဲ့ ဒိနှစ်ရဲ့ ဆယ်ရက် ဆယ်လလေးက ကျွန်တော့ထံ ပြန်မလာနိုင်တော့။

*****************

ဖေဖေ့မွေးနေ့ရောက်တော့မယ်။ ကျွန်တော့်အာရုံတွေက ဖေဖေ့ပုံရိပ်တွေဆီ ပြေးလွှားလို့နေတယ်။ ငယ်စဉ်က ချောမောပြေပြစ်သော ဖေဖေသည် ယခုအခါမှာတော့ လောက
ဓာဏ်၏ ထုထောင်းမှု၊ ဇရာ၏ လွှမ်းမိုးမှုတို့ဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်လို့နေ၏။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသော၊ လွတ်လပ်မှုကိုမြတ်နိုး၍ အနုပညာကို ဝါသနာထုံသော ဖေဖေဟာ ‘အိမ်ထောင်ဦးစီး ဖခင်' တစ်ဦးရဲ့ တာဝန်များကြားဝယ် သူ၏ ဝါသနာနှင့် လွတ်လပ်မှုတို့ကို စတေးပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖေဖေငယ်စဉ်ကပုံရိပ်
၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ က ဖေဖေ့ပုံရိပ်

ငယ်စဉ်က သံမဏိဆိုတဲ. အိမ်နာမည်နဲ့လိုက်အောင် အင်မတန် မာကျောခဲ့တဲ့ ကျွန်တော့်ဖေဖေ ဦးသောင်းထူး (ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဖေဖေ့ လူငယ် မိတ်ဆွေတွေကတော့ လေးလေးထူး၊ လေးထူး လို့ ခေါ်ကြတယ်) ဟာ မိသားစု၊သားသမီးတွေ အပေါ်မှာတော့ အင်မတန် နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ သူ့ရဲ့ သံမဏိစိတ်ဓာတ်တွေကို ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာတွေနဲ့ အရည် ဖျော်ချပစ်ရဲတဲ့ အထိ မိသားစုအပေါ် အချစ်ကြီး ချစ်တတ်ခဲ့သူပါ။
မိုးလင်းက မိုးချုပ် ပင်ပင်ပန်းပန်း ကျောက်တွင်း တူးရသော်လည်း နံနက် လေးနာရီ ဒေါင်ကနဲ မည်တာနဲ့ အာခေါင်ခြစ်ငိုကာ နို့တောင်းတတ်သော သားဦး ကျွန်တော့်ကို မငြီးမငြူ နို့ဗူးဖျော်ကာ တိုက်ခဲ့သော၊ ချူချာသော ကျွန်တော် တိုက်ဖွိုက်ဖြစ်ပြီး ညကြီးသန်းခေါင် အဖျားတက် မေ့မျောတော့ ဝေးလံလှသော ဆေးရုံသို့ ချီပိုး ပြေးခဲ့သော၊ စာမေးပွဲ မဖြေလိုက်ရမှာ စိုးရိမ်နေသော ငါးတန်းကျောင်းသား ကျွန်တော့်ကို ကုန်းပိုးလျှက် ရေကြီးနေသော ရပ်ကွက်ကိုဖြတ်၊ ရေလျှံပြီး အရှိန်ပြင်းပြင်း စီးနေသော ရေနီချောင်းတံတားကို ကျော်ကာ မိုးကြီးလေကြီးကြား ကျောင်း လိုက်ပို့ပေးခဲ့သောဖေဖေ၊ နွမ်းပါးသော်လည်း သားသမီးတွေ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုခဲ့သော ဖေဖေ၊ သားသမီးတွေကို သူ့လို ကျောက်တွင်းတူးသမား မဖြစ်စေလိုဘဲ ပညာတတ် ဖြစ်စေလိုခဲ့သော ဖေဖေ၊ ကျောက်တွင်းတူးရင်း ခါးရိုးပေါ်တည့်တည့် တူပြုတ်ကျကာ အတွင်းဒဏ်ရပြီး အလုပ်ကြမ်းလုပ်ခွင့် မသင့်တော့တာကို မမှုအားဘဲ မိသားစုဝမ်းရေး၊ ချမ်းသာရေးအတွက် ကျောက်တွင်း အလုပ်ကို မစွန့်လွှတ်ဘဲ လောကဓာဏ်ကို အံတုခဲ့သောဖေဖေ၊ ကျောရိုးမှအတွင်းဒဏ် ဆိုးရွားလာပြီး ကျောက်တွင်းလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ရတော့ မိသားစုချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သောဖေဖေ၊ ဘယ်တော့မှ သူတစ်ပါးလက်အောက်မှာ မလုပ်လိုဘဲ လွတ်လပ်စွာ ရပ်တည်လိုသော်လည်း မိသားစုအတွက် သူ၏ မာနကို ဖယ်ချကာ ဝန်ထမ်း လုပ်ခဲ့ရသောဖေဖေ၊
....ဖေဖေ့ကျေးဇူးတရားများက စာဖွဲ့လို့မကုန်ပါ။ ဖေဖေ့ရဲ့ကြီးမားလှသော မေတ္တာနှင့် ချစ်ခြင်းတို့ကြောင့် ကျွန်တော်တို့ ငယ်ဘဝက လုံခြုံနွေးထွေးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ ဖေဖေတူးခဲ့သမျှ မြေတွေသာ ကျောက်အောင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက် စား၍ ကုန်နိုင်မယ်မထင်။ ကံမကောင်းသော ဖေဖေ့မှာတော့ နှစ်ပေါင်းများစွာ ကျောက်တွင်း တူးခဲ့သော်လည်း ထမင်းစားကျောက်မှလွဲ၍ သူဋ္ဌေးဖြစ်ကျောက် တစ်ခါမှ မရဘူးခဲ့။ ဖေဖေ့ဘဝ၏ ရှုံးနိမ့်ခဲ့ရမှုပေါင်း များစွာကို ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
အချိန်တန် အရွယ်ရောက်လို့ သားသမီးတွေ တစ်နေရာစီ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့သွားကြတော့ ဖေဖေ ဘယ်လောက် လွမ်းနေမလဲ။ သားသမီးတွေ ဆက်သွယ်မလာတာကြာလို့ သူ့ကိုများ မေ့လျှော့ သွားကြပြီလား တွေးထင်မိတဲ့ အခါတိုင်း ဖေဖေ ဘယ်လောက် ဝမ်းနည်းနေရှာမလဲ။
ကျွန်တော့်ကို လုံခြုံနွေးထွေးစေသော ဖေဖေ့ရင်ခွင်၊ ကျွန်တော် အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ဖူးသော
ဖေဖေ့လက်မောင်းများ၊ ချစ်ခြင်းမေတ္တာအပြည့် ပျော်ဝင်နေသော ဖေဖေ့အနမ်းများ၊ ဖေဖေပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များ၊ ဖေဖေ့ဂစ်တာသံနှင့် သီဆိုပြခဲ့သော သီချင်းများ၊ ဖေဖေရေးသော စာတိုပေစနှင့် ကဗျာများ၊ သားသမီးတွေရဲ့ အပြုံးအပျော် မျက်နှာများကို မြင်ရုံမျှနှင့် ဘဝအမောများကို အံတုရင်ဆိုင်နိုင်ခဲ့သော ဖေဖေ့ စိတ်ခွန်အားများ၊.....ပြန်တမ်းတတိုင်း အဝေးက ဖေဖေဟာ ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့ပါတယ်။

လောကဓာဏ်ရဲ့ ရိုက်ပုတ်ကြည်စယ်မှုများကို ဘယ်တော့မှ အရှုံးမပေးဘဲ အပြုံးနှင့် ရင်ဆိုင်နိုင်ဖို့ရာ စိတ်ခွန်အားများစွာကို ဖေဖေ့ဆီမှရခဲ့ပါတယ်။ ဘဝအခက်အခဲ မှန်သမျှတို့ကို ရင်ဆိုင်နိုင်ဖို့ရာအတွက် လုံလောက်သော ချစ်ခြင်း မေတ္တာတရားကို ဖေဖေ့ဆီက ရခဲ့ပါတယ်။
ဘဝမှာ ငွေကြေးနဲ့ ဘယ်တော့မှ ဝယ်ယူမရတဲ့ ဒီစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံနွေးထွေးမှုတွေကို ဘဝတစ်သက်စာ အမွေအဖြစ် ဖေဖေက ကျွန်တော့်ကို ပေးခဲ့ပါတယ်။
တစ်မြေခြားမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ ဖေဖေ့မေတ္တာများက ငယ်စဉ်ကလို နွေးထွေးဆဲ၊ ဖေဖေ့ချစ်ခြင်းများမှာ ကျွန်တော့်ဘဝက လုံခြုံဆဲ၊ ဖေဖေ့ မျှော်လင့်ချက်များက ကျွန်တော့်ဘဝကို အလင်းပေး လမ်းပြနေဆဲသာ။ အဝေးကနေ ငွေကြေးထောက်ပံ့နေရုံနဲ့ သားသမီးဝတ္တရား ကြေတယ် ကျွန်တော် မယူဆပါ။ ဖေဖေ့ရဲ့ ညအိပ်ယာဝင် ပုံပြင်များ နားထောင်ရင်း၊ ဖေဖေ့ဘဝ အမောများကို မျှဝေ ခံစားရင်း ဖေဖေ့ အထီးကျန်ရက်စွဲများကို ဖြေဖျောက်ပေးချင်သည်။ ဖေဖေ့ ချစ်ခြင်းမေတ္တာများ အောက်မှာ ကျွန်တော့်ဘဝ လုံခြုံနွေးထွေးခဲ့သလို ဖေဖေ့ဘဝကို လုံခြုံနွေးထွေးစေသော သားတစ်တယာက်အဖြစ် ဖေဖေ့ဘေးမှာ စောင့်ရှောက်မှုတွေ ပေးချင်သည်။
ကျွန်တော့်ဖေဖေသည် မိုးကုတ်မြို့ကလေးမှ မထင်မရှား သာမာန် လူတစ်ယောက်သာ၊ ဖေဖေ ကောင်းတာတွေလဲ ရှိမည်၊ ဆိုးတာတွေလဲ ရှိမည်။ ဘာပဲဖြစ်ဖြစ် ဖေဖေသည် ကျွန်တော့် ဘဝ၏ ကောင်းကင်ထက်တွင် အလင်းလက်ဆုံး ကြယ်တစ်ပွင့် အဖြစ် ထာဝရ ရှိနေပါလိမ့်မည်။ ထိုကြယ်ကလေး လင်းလက်ရာ အဖေ့အိမ်ကလေးသို့ အရောက် ကျွန်တော်ခရီးနှင်နေပါသည်။


၂၀၀၈၊အောက်တိုဘာဆယ်ရက်မှာ အသက် (၆၂)နှစ်ပြည့်မဲ့ ဖေဖေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ ဖေဖေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကိုရှာတွေ့ခဲ့ပြီဆိုတဲ့ ဖေဖေတစ်ယောက် ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။




Father & Son [by Rod Stewart]


Rod Stewart

Father And Son

[Originally by Cat Stevens]

Father
It's not time to make a change,
Just relax, take it easy.
You're still young, that's your fault,
There's so much you have to know.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

I was once like you are now, and I know that it's not easy,
To be calm when you've found something going on.
But take your time, think a lot,
Why, think of everything you've got.
For you will still be here tomorrow, but your dreams may not.

Son
How can I try to explain, when I do he turns away again.
It's always been the same, same old story.
From the moment I could talk I was ordered to listen.
Now there's a way and I know that I have to go away.
I know I have to go.

Father
It's not time to make a change,
Just sit down, take it slowly.
You're still young, that's your fault,
There's so much you have to go through.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

Son
All the times that I cried, keeping all the things I knew inside,
It's hard, but it's harder to ignore it.
If they were right, I'd agree, but it's them you know not me.
Now there's a way and I know that I have to go away.
I know I have to go.

Monday, September 29, 2008

Pictures of Mogok (မိုးကုတ်ဓာတ်ပုံများ)

These pictures are not my shot,.... just want to share the pictures that I grab from some web-pages.
(ကျွန်တော်ရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ web-pages တွေထဲက ရထားတာပါ။)



Picture of Mogok around 1907 (၁၉၀၇ ခုနှစ်တုန်းက မိုးကုတ်)


Picture of Mogok around 1950 (၁၉၅၀ ခုနှစ်တုန်းက မိုးကုတ်)





မိုးကုတ်မြို့ရှုခင်း




ချမ်းသာကြီးဘုရား ညရှုခင်း


ဖောင်တော်ဦးဘုရား ညရှုခင်း



ဒေါ်နန်းကြည့်တောင်


မြူခိုးပြာ နှင့်ဆင်တောင်ကျောင်း


ဆင်တောင်ကျောင်း