Thursday, October 22, 2009

ကျွန်တော့်ညနေခင်း ပန်းချီကားမှာ ရေးခြစ်ခဲ့သော အလင်းဖွဲ့ တိမ်တိုက်တစ်ခု






Photo Credit to : Norm Shockley Sr.



ညနေခင်း တစ်ခုရဲ့…
နေဝင်စ ကောင်းကင်
တစ်ဆုပ်တစ်ခဲ ဖွဖွလေးကျဲနေတဲ့ တိမ်တိုက်တစ်ခု
အရောင်တွေ ပြောင်းလို့ ပုံသဏ္ဍန်တွေ ရွေ့နေတယ်…
ဒါကောင်းကင် ကြီးရဲ့ ရင်ခွင်အောက်မှာပါ…
အဆုံးအစမရှိတဲ့ သက်ရှိအိမ်မက်တစ်ခု အဖြစ် အသက်ဝင်နေလေရဲ့..။







ညနေခင်းတစ်ခုတဲ့လား။ ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့် အလင်းမဲ့ ညနေခင်းတွေဟာ နေ၀င်ပီး မိုးချုပ်နေတတ်ခဲ့တာ ကြာခဲ့ပြီကော။




မှတ်မှတ်ရရပေါ့။ ငါတို့ချစ်ခြင်းဖွဲ့ ရာဇ၀င်တွေရဲ့ အစမော်ကွန်းကို ရေးထိုးထားခဲ့တဲ့ မိန်ရာသီ အရိပ်အာဝါသအောက်က ၁၂ လုံးတန်း လမ်းမလေးပေါ်မှာ၊ ၂၂ ခုမြောက်သော ညနေခင်းလေးတစ်ခုဟာ နူးနူးညံ့ညံ့ဖူးပွင့်လို့...။ အဲဒီ့ ညနေခင်းလေးရဲ့ ကောင်းကင်မှာ.. တိမ်တိုက်ကလေးတစ်ခု... ညင်သာဖွဖွ ရင်ခုန်ဖွယ်ရာ ရွေ့လျားနေခဲ့တာကို အမိအရ ပုံတူပန်းချီ ရေးဆွဲဖို့ ကျွန်တော် စတင်ပြီး ကြိုးစားမိခဲ့တော့တယ်။ တိမ်ဆိုတဲ့သဘောက အသွင်အရောင် ပြောင်းတတ်တာ၊ ပုံသဏ္ဍန်တွေ အမျိုးမျိုးဆောင်တတ်တာ ကျွန်တော် သိထားပေမဲ့။ အဲ့ဒီ တိမ်တိုက်တစ်ခုကို ကျွန်တော့် ညနေခင်းတွေထဲမှာ တယုတယနဲ့ ကျွန်တော်ကိုယ်တိုင်ပဲ အိပ်မက်တွေ သီဝေ စေခဲ့တော့တာ။ ရှိသမျှ ကြယ်တွေ၊ လတွေ၊ တိမ်တိုက်တွေ၊ နောက်ပြီး နေမင်းပါမကျန် သူ့ရင်ခွင်အပြည့် ပန်းချီရေးခြယ်ထားတဲ့ ကောင်းကင်ကြီးကို မလိုတမာ ကျွန်တော် လှမ်းကြည့်ရင်းက တိမ်တွေ အသွင်အမျိုးမျိုး ပြောင်းရတာ သူ့ကြောင့်လို့ စွဲချက်တွေ တင်နေမိတယ်။ အင်းလေ၊ ဘ၀ဆိုတဲ့ သက်ရှိ အိပ်မက်ကြီး ထဲမှာ ဘယ်အရာတွေ ကရော ဘယ်လောက် တည်မြဲ နေသေးလို့လဲ။ ဒီတော့ ကျနော်ဟာ အသွင်ပြောင်းနေတဲ့ တိမ်တိုက်တွေကို ဖမ်းဆုပ်သိမ်းဆည်း နေရင်းက သူ့ဘာသာ လွတ်လပ်စွာ လွင့်မျော နေတာကိုပဲ စောင့်ကြည့် ကျေနပ်နိုင်ရမှာပေါ့။





ဒီ ညနေခင်းရဲ့ ကောက်ရိတ်သိမ်း သီချင်းသံတွေကြား
မင်းခြေလှမ်းတွေ အတွက်
သွေးစွန်းနေတဲ့ ငါ့ဝိဥာဉ်မီးအိမ်လေးက လမ်းပြလို့
မင်းနှုတ်ခမ်းပေါ်ရောက်ရင် ချိုမြမယ့်
ငါ့ရဲ့ခါးသက်သက် အမောပြေ ဝိုင်တစ်ခွက် ရှိတယ်.




တရိပ်ရိပ်နဲ့ ရီဝေမူးယစ်စေတဲ့ ၀ိုင်တစ်ခွက်ဟာ မင်းပဲပေါ့။ ညနေခင်း အလုပ်တွေပြီးဆုံးချိန်မှာ ငါ့အိမ်အပြန်လမ်းတွေက မင်းကို တွေ့ရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တက်ကြွလှပလို့။ မင်းနှုတ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ ငါ့အတွက်တော့ ချိုမြတဲ့ ဆည်းလည်း သံစဉ်လေးတွေ၊ တစ်နေ့တာ အမောကို ဖြေဖျောက်ပေးနိုင်မဲ့ အားဆေးတွေပဲလေ။ ခါးသက်သက် ချိုမြမြ ၀ိုင်တစ်ခွက်ကို စွဲလန်းတာမျိုးထက် ပိုပြီးတော့ကို မင်းကို ငါက လိုအပ်နေခဲ့သူပါ။ ငါ့ နှလုံးသွေးတွေနဲ့ လောင်စာဖြည့်ထင်းထားတဲ့ ချစ်ခြင်း အလင်းတွေအောက်မှာ ငါ့ဝိဥာဉ်တွေ လင်းချင်းခဲ့ရတော့တာ။




တဖြည်းဖြည်း… မှောင်ရိပ်တွေ ပျိုးလို့
ညရောက်တော့မယ်လေ…။
ငါ့ကို ဒီအသိတွေက လုယက်တိုက်ခိုက်နေတယ်
ဒီလိုနဲ့ ညတွေမှာ….
ငိုကြွေးနေတတ်တဲ့ ငါ့မျက်ဝန်းရဲ့
ထောင့်စွန်းနား မင်းဝိဥာဉ် ကို မွေးဖွားခဲ့တယ်
ကျလာမယ့် မျက်ရည်တွေက မင်းအတွက်လှပမယ့်
ညအိပ်မက်တွေကို အလိုတကျ ဖန်ဆင်ပေးဖို့ပေါ့…




အလင်းတွေကို တတိတိ ခြွေခူးနေတဲ့ အမှောင်တွေက ညနက်ထဲ ဆွဲခေါ်နေကြတယ်။ ကျွန်တော့်ရဲ့ မီးအိမ်လေး မီးစာကုန်ခမ်းသွားမှာ စိုးလှပါရဲ့။ ငါ့နှလုံးသွေးတွေရဲ့ မီးစာဟာ မင်းဆီက အကြင်အနာတွေကနေ အသက်ဆက်နေခဲ့တာပါ။ မင်းသာ ငါ့ကို မချစ်တော့ရင်၊ မင်းသာ ငါ့ကိုထားသွားရင် ဆိုတဲ့ ပူပန်မှုတွေနဲ့ ကျွန်တော့်ရဲ့စိတ် တိုက်ခိုက်ခံရတိုင်း လေပွေဝှေ့ခံရသလို မီးစာလေးက လှုပ်ခတ် တုန်ရင်ရပြန်တယ်။ ငါ့ကို မင်းရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လုံခြုံနွေးထွေးပေးလှည့်ပါ။ ငါ့ညခင်းတွေရဲ့ အလင်းကို ပြုစုပျိုးထောင်ပေးပါ။ မင်းနဲ့ မတွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ငါ့ရဲ့ ညနေခင်းတွေ သွေးပျက်စရာ ကောင်းလောက်အောင် ခြောက်ခြောက်ခြားခြား နိုင်လွန်းလှလေတယ်။ ဒီလိုနဲ့ အခါများစွာ ကျွန်တော် ငိုကြွေးမိတတ်ပြန်ရော။ ချစ်သူလေး၊ ငါ့ဝိဥာဉ်ရဲ့ တစ်ခုတည်းသော အလင်းရောင်၊ ငါ့ဘ၀ရဲ့ အရာခပ်သိမ်းဟာ မင်း။ ဒီလိုနဲ့ ကျွန်တော်ဟာ လင်းတလှည့် မှောင်တချီ၊ ချစ်သူရဲ့ အိပ်မက်ရာသီတွေ လှပကြည်နူးစေဖို့ တေးတွေသီလို့....။




ဒါပေမယ့်….
ငါချစ်တဲ့ ငါ့ရင်ခွင်က တိမ်လေးတွေ ပျောက်ဆုံးသွားစေမယ့်
သီချင်းသံတွေနဲ့ ဝေးသွားစေမယ့်…
ညတွေ ရောက်မှာကိုတော့ မုန်းမိတယ်။။။။




တိမ်တွေက လေနှင်ရင် လွင့်ပါးသွားတတ်ကြတယ်။
တိမ်တွေက မိုင်းညှို့ အုံ့ဆိုင်းပြီးရင် မိုးအဖြစ်ရွာမချပဲ ပျောက်သွားတတ်ကြ ပြန်သေးတယ်။
တိမ်တွေက မဲမဲမှောင်မှောင်ဘ၀ကနေ မိုးရေစက်တွေ အသွင်ပြောင်းသွားပြီးရင်လဲ ကောင်းကင်ထဲမှာ သူ့အရိပ် အကျွင်းအကျန်လေးတောင် ခြေရာချန်ထားရစ်ဖို့ မေ့လျှော့ချင် မေ့လျှော့တတ်သေးတာ။
တိမ်တွေက အပြောင်းအလဲ မြန်တယ်။
တိမ်တွေက.....
.........
.....
ဆယ့်နှစ်လုံးတန်း လမ်းမပေါ်က နှစ်ဆယ့်နှစ်ခုသော ညနေခင်းလေးတစ်ခုမှာ ကျွန်တော့်ရင်ဘတ်ထဲ အမှတ်တရ ရေးခြစ်ခဲ့တဲ့ တိမ်တိုက်လေးရေ....ဘယ်လို လေပြင်းမုန်တိုင်း တိုက်တိုက် မင်း မလွင့်ပျယ်သွားပါနဲ့။ ပြိုမယောင် ညာသံပေးပြီးတော့မှလဲ မင်း ထွက်ပြေးမသွားပါနဲ့။ မင်း ငါ့ကို စွတ်စိုအောင် သည်းသည်းထန်ထန် ရွာချချင် ရွာချလိုက်ပါ။ ဒါပေမဲ့ ခြေရာလေးတွေတော့ မင်း မချန်ရစ်ခဲ့ပဲ ငါ့အပါးက စွန့်ခွာ မသွားပါနဲ့။
ပြောခဲ့ဖူးတာကိုပဲ အဖန်တလဲလဲ ငါ ပြန်ပြောပါရစေ။
မင်းအတွက်ငါ အိပ်ယာဝင်တေးတွေ သီဆိုပေးပါရစေ။ မင်းရဲ့ချစ်ခြင်းတွေ၊ မင်းကို ချစ်ခြင်းတွေနဲ့ ထွန်းညှိလင်းချင်းခဲ့တဲ့ ငါ့ဝိညာဉ်အတွက် ငါ့နှလုံးသွေးလောင်စာကို ဖြည့်တင်းပေးလှည့်ပါ။
ဒီလိုနဲ့ ကွန်တော်ဟာ ချစ်သူမရှိတဲ့ ညနေခင်းတွေ၊ ညတွေကို မုန်းတီးတတ်လာခဲ့တော့တယ်။
သေချာတယ်။ ငါ့ဝိဥာဉ်ဟာ မင်းမရှိရင် အလင်းမဲ့စွာ ပျောက်ဆုံးရပြန်အုံးတော့မယ်။


##############



ချစ်သော ညီလေး မျောက်မျောက် က ချစ်ခြင်းတည်ရာ (သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ ဆိုတဲ့ ပို့စ်လေးမှာ သူ့ကဗျာလေးကို စကားပြေ ပြန်ရေးထားတာ သဘောကျပြီး သူ့ကဗျာလေး နောက်ထပ် တစ်ပုဒ်ကို စကားပြေ ရေးပေးဖို့ ပြောထားတာ ကြာပါပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။ ညီလေးမျောက်မျောက် ကျေနပ်နိုင်ပါစေဗျား။ စာလေးရေးဖြစ်ဖို့ ကဗျာလေး စပ်ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ စာလာဖတ်သူ မိတ်ဆွေရောင်းရင်းများကိုလဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Italic


မေတ္တာဖြင့်
မိုးကုတ်သား

18 comments:

kaungkinpyar said...

ခါးသက်သက် ချိုမြမြ ၀ိုင်တခွက်ပါပဲ....ကောင်းတယ်...

Ree Noe Mann said...

ကဗျာရေးသူကလည်း ကောင်း

စကားပြေ ပြန်သူကလည်းကောင်း

ဆိုတော့ ပြီပြည့်စုံတယ်လို့ပဲ ပြောချင်ပါတော့မယ်ဗျာ

ချစ်ညီ ရီနို

Sein Lyan Tun said...

ကိုမောင်ဟန်ရေ...

ပထမဆုံးပြောချင်တဲ့စကားက ကျေးဇူးတင်ပါတယ်..

ညီ့အတွက် အမှတ်တရ အမြဲရှိနေတတ်တဲ့ (၂၂)ရက်နေ့ကို အလေးထားပြီး ပိုစ့်တစ်ခုအဖြစ် အားပေးတတ်တဲ့ ကိုမောင်ဟန်ကို ကျေးဇူးတင်ပါတယ်.. ကျေနပ်ပီတိဖြစ်ရပါတယ်.. ဝမ်းလဲသာတယ်.. ပျော်လဲပျော်မိပါတယ်..

(၂) ကဗျာလေးက ဘာမှ မဟုတ်ပါဘူး... ဒါပေမယ့် ကိုမောင်ဟန်ရေးတဲ့ စကားပြေက အရမ်းကောင်းခဲ့တဲ့အတွက် စာရေးဖြစ်အောင် ကဗျာတစ်ပုစ်ပေးခဲ့တာပါ.. ခုရေးထားတဲ့စကားပြေက ကဗျာမပါဘဲဖတ်ရင်တောင် အရသာရှိလှပါတယ်... ဘာဖြစ်ဖြစ် ညီ့ကဗျာကို အလေးထားပြီး ရေးပေးခဲ့တဲ့ ကိုမောင်ဟန်ကို အတိုင်းမသိကျေးဇူးတင်နေမိမှာပါ... အားတက်ပါတယ် အကိုရယ်...

ဒီအပိုစ်လေးကို သဘောကျတယ်... ခံစားချက်နဲ့တိုက်ဆိုင်တယ် ကိုမောင်ဟန်ရေ..

”မင်းသာ ငါ့ကို မချစ်တော့ရင်၊ မင်းသာ ငါ့ကိုထားသွားရင် ဆိုတဲ့ ပူပန်မှုတွေနဲ့ ကျွန်တော့်ရဲ့စိတ် တိုက်ခိုက်ခံရတိုင်း လေပွေဝှေ့ခံရသလို မီးစာလေးက လှုပ်ခတ် တုန်ရင်ရပြန်တယ်။ ငါ့ကို မင်းရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လုံခြုံနွေးထွေးပေးလှည့်ပါ။ ငါ့ညခင်းတွေရဲ့ အလင်းကို ပြုစုပျိုးထောင်ပေးပါ။ မင်းနဲ့ မတွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ငါ့ရဲ့ ညနေခင်းတွေ သွေးပျက်စရာ ကောင်းလောက်အောင် ခြောက်ခြောက်ခြားခြား နိုင်လွန်းလှလေတယ်။ ဒီလိုနဲ့ အခါများစွာ ကျွန်တော် ငိုကြွေးမိတတ်ပြန်ရော”

အရမ်းကိုတိုက်ဆိုင်တယ်... ဖတ်ပြီးတော့ ဝမ်းနည်းမိတယ်... ဒီစကားကို တစ်ယောက်သော သူကို ပြောဖူးခဲ့သလို ခံစား၇တယ်.. ကဗျာမှာ ဒီရည်ရွယ်ချက်မပါဘူးလေ.... ဒါပေမယ့် ပြောချင်ခဲ့တယ်...

ဒီစကားတွေကို ချပြခဲ့တဲ့ စာရေးဆရာ မိုးကုတ်သားကို မချီးကျူးပဲ မနေနိုင်ပါဘူး....

း))

တော်တယ်... ကဗျာမကောင်းဘူး... စကားပြောက လှတယ်... ပြေပြစ်တယ်..
အရေးအသားတွေ နုတယ်... ခံစားချက်တွေ မြင်ရတယ်..
ကဗျာလေးက တစာခံပါ... စကားပြောကမှ စာရေးသူရဲ့ ခံစားချက် အစစ်အမှန်တွေ ဖြစ်နိုင်တယ်..
ကဗျာနဲ့ ရောချတာလဲ ဖြစ်နိုင်ပါတယ်....

ဘာဖြစ်ဖြစ် ကျေနပ်မိပါတယ်...

အမှတ်တရ ရှိတယ်လို့ ပြောဖူးခဲ့တဲ့နေ့ကို
အမှတ်တရရှိအောင် တင်ပေးခဲ့တဲ့ ကိုမောင်ဟန်ကို

ချစ်ခင်ခြင်းများစွာဖြင့်

ညီ

မျောက်ငို

Sein Lyan Tun said...

ဒီနေ့ပိုစ့်တင်မယ်ဆိုတာလို့ ပထမဆုံး မန့် ချင်ပေမယ့် အချိန်မတူတာရယ် အလုပ်နောက်ကျတာရယ်ကြောင့် ပထမမရခဲ့ဘူး... ဒါပေမယ့် အတိုင်းမသိ ဝမ်းသာပီးတိဖြစ်ရင် ပိုစ့်ကို အခေါက်ခေါက်အခါခါ တပြုံးပြုံးနဲ့ ဖတ်ရင်းးးးးးး

ကိုမောင်ဟန်ကို သတိတရကျေးဇူးတင်ရင်း.......

စကာင်္ပူရောက်ရင် ဘယ်လို ညှင်းဆဲရမလဲဆိုတာတွေးရင်း........

ဝမ်းသာလုံးဆို့ရင်းးးးးးးးးး

zzzzzzZZZZZZZZZZZZzzzzzzzzzzz......


ချစ်ညီ

မျောက်ငို

Angel Shaper said...

အကို....
ကဗျာလေးကောင်းလေးတစ်ပုဒ်ကို ပြည့်စုံစေတဲ့စကားပြေကောင်းကောင်းကောင်းလေး လာဖတ်တယ်။
ဘာမှ ပြောတတ်ဘူး။ အရမ်းကောင်းတယ် ဒါပဲ။

Sein Lyan Tun said...

အဟိ...

မအိပ်ခင် ကိုမောင်ဟန်ကော့မန့်စောင့်ဖတ်နေတာ...


တစ်ခုပဲရတယ်... အိပ်တော့မယ်... ကော့မန့် များများရပါစေ... ကဗျာဆရာကို ချီးကျူးကြပါစေ...
ကဗျာကိုစကားပြေပြန်တဲ့ စာရေးဆရာကိုလဲ ချီးကျူးပါစေ....

ဆုတောင်းမေတ္တာဝေ...း)))


ချစ်တဲ့
မျောက်ငို

MANORHARY said...

ကဗျာကိုခံစားသလိုနဲ့
ကိုယ်ရေးချင်တာတွေရေးထားတာကို
လာဖတ်ပေးသွားပါတယ်
(ဒုတိယအကြိမ်)
ဒီနေ့ (၂၂ ရက်နေ့ )ဘာနေ့လဲတော့မသိဘူး
ဝိုင်းလွမ်းကြမယ်လို့တော့ကြားတယ် ..း))

မေလေး said...

လာကူလွမ်းသွားတယ်

တောင်ပေါ်သား said...

စာအရေးအသား အရမ်းပြေပြစ်လွန်းပါတယ်ဗျာ.. ချီးကျူးတယ် ငါ့အကိုရေ



လေးစားလျက်
တောင်ပေါ်သား

ခရေညို said...

လွမ်းစရာလေးနော်

မိုးခါး said...

ကဗျာဆရာကိုလည်း ချီးကျူးပါတယ် .. စကားပြေဆရာကိုလည်း ချီးကျူးပါတယ် .. ရေရေလည်လည်လန်းနေတာ ..း))
မိုက်တယ်

အိန္ဒြာ said...

သိပ်လှတဲ့ အရေးအဖွဲ့လေးတွေပါ..။
ညီအကို ၂ ယောက်လုံး..တော်ပါတယ်...။

-----------------

မမ မနော်ဟရီရေ..
တကယ်က ကိုယ်ပါရောယောင်လွမ်းပေးလိုက်ဦးမလို့
မောင်ဖိုးစိန်အလွမ်းတွေထဲမှာ...

နေမကောင်းတာနဲ့ မလွမ်းပေးနိုင်ဖြစ်သွားတယ်...

မိုးကုတ်သားက လွမ်းဖို့လူဖြစ်လာတာဆိုတော့
ဒီလောက်လွမ်းပြတာတော့ အေးဆေးတဲ့..;P

မယ့်ကိုး said...

အစ်ကိုရေ...စကားပြေ အရမ်းလှတယ်။
ဖိုးဖိုးလို မယ့်ကဗျာလေးတွေကို အစ်ကိုစကားပြေပြန်ခိုင်းဖို့ အပူကပ်ရမယ်နဲ့ တူတယ် =)

မြစ်ကျိုးအင်း said...

ခံစားချက်လေးတွေက သိမ်သိမ်မွေ့မွေ့ နုနုညံ့ညံ့ပါပဲ...။

အဖွဲ့အနွဲ့လေးက လှပလွန်းတယ်။။။။

စကားပြေ ကောင်းတပုဒ်ကို ဖတ်ခွင့်ရလိုက်တယ်။

နှစ်သက်မိပါတယ်။

ညီညီ said...

ကဗျာရော စကားပြေပါ အရမ်းကောင်းပါတယ်. ။
ချီးကျူးပါတယ် လေးစားပါတယ်.။
နောက်ထပ် လည်း ဖက်ချင်ပါသေးတယ်..။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

Thandar said...

brilliant! both poem & writings are nice :)
22nd was one of my highlighted dates in my diary but it's not in October, it's in July.
though he's not around anymore, i still remember the day we met for very first time.

မငုံ said...

ကဗျာလေး ကောင်းသလို စကားပြေကလဲ အဖွဲ့ကောင်းတယ်။ ရာသီဖွဲ့ ကဗျာလေး သိပ်ကောင်းတယ် ကိုမိုးကုတ်သားရေ..

မငုံ said...

ကဗျာလေး ကောင်းသလို စကားပြေကလဲ အဖွဲ့ကောင်းတယ်။ ရာသီဖွဲ့ ကဗျာလေး သိပ်ကောင်းတယ် ကိုမိုးကုတ်သားရေ..