Thursday, April 22, 2010

“သေစေညွှန်းသူသို့”




“သေစေညွှန်းသူသို့”



မကြာခဏ

သစ်စိမ်းလို ချိုးခံရတဲ့ မာနတွေ

မင်း... နင်းခြွေပစ်လိုက်စမ်းပါ......

ငါ.... ဆိုတာ...... မင်းအတွက်

ဘယ်တော့မှ မပေါက်ကွဲတော့မဲ့ မီးတောင်သေတစ်လုံးသာ.....။

ငါ့ အတ္တမီးတွေ.. ငြိမ်းသေဖို့

ငါ့ အစွယ် ငါချိုး

ငါ့အဆိပ် ငါပြန်မျိုရင်း

မင်းဘက်က..အခါခါ စစ်ခင်းသမျှ

ငါ့ဘက်က..အလံဖြူ တလူလူလွှင့်ခဲ့တယ်....။ ။


မေတ္တာဖြင့်
မိုးကုတ်သား

Thursday, April 15, 2010

“လိုအပ်သော......... ရင်ခွင် အနွေးဓာတ်”


.
..
...

“လိုအပ်သော......... ရင်ခွင် အနွေးဓာတ်”



ခင်မင်တွယ်တာမှု၊ သံယောဇဉ်တို့ကို တန်ဖိုးထားတတ်သူများ အတွက်တော့ တွေ့ဆုံခြင်းသည် စိတ်နှလုံး ကြည်မွေ့ချမ်းမြေ့စေနိုင်သလောက်... ခွဲခွာခြင်း၏ လောင်ကျွမ်းမှုသည်လည်း ထပ်တူကျနိုင်မှန်း ကျွန်တော် နားလည်သော်လည်း မေ့လျော့ထားခဲ့မိသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း သံယောဇဉ်ကြီးတတ်သူ ဖြစ်သောကြောင့် ကိုယ် တွယ်တာသော သူများနှင့် ခွဲခွာရခြင်းကို နှစ်သက်နေတတ်နိုင်ခဲ့သူ မဟုတ်ခဲ့ပါ။

ဒီနေ့သည် ကျွန်တော်တို့ ရုံးမှ ကျွန်တော်နှင့် အလုပ် အတူ လုပ်ဖော်ကိုင်ဘက်များထဲက နှင်းကို နှုတ်ဆက်ပွဲ လုပ်ရမည့်နေ့ ဖြစ်သည်။


"ကောင်းသော နံနက်ခင်းပါ..."

ရုံးနောက်ကျနေသော ကျွန်တော် ဝင်လာတော့ ပြုံးရွှင်သော မျက်နှာဖြင့် ဆီးကြိုနှုတ်ဆက်တတ်သူမှာ နှင်း တစ်ယောက်သာ..။ အင်း..... နောက်ရက်တွေမှာတော့ ရုံးကလေးသည် ကျွန်တော့်အား ဆီးကြိုသူမဲ့စွာ အဘယ်မျှ အေးစက်သွားလိမ့်မည်လဲ..။

ပြန်ပြုံးပြလိုက်သော ကျွန်တော့်အပြုံးတို့က အရင်နေ့တွေကလို လန်းဆန်းတက်ကြွမလာနိုင်ခဲ့...။

"ဟားးး.......... နိုင်"

ကျွန်တော့် အလုပ်ခုံမှာ ကွန်ပျူတာကို ဖွင့်နေတုန်း နှင်းက ကျွန်တော့်ဘေးတွင် လာရပ်ကာ ကျွန်တော့်ပခုံးတစ်ဘက်အား တင်းတင်း ဖျစ်ညှစ်ရင်း တစ်ချက်ခေါ်၏။ သူ၏လက်ချောင်းများမှ သံယောဇဉ်လျှပ်စီးများက ကျွန်တော့် ဘယ်ဘက် ပခုံးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့ဝင်သွားသလို...။ ခွဲရမည်ဆိုသော အသိတို့ဖြင့် နှင်းသည်လည်း ကျွန်တော့်လို စိတ်မကောင်းဖြစ်နေတာ နားလည်ပါသည်..။

ရုံးသို့ စရောက်လာကာစမှာ ဂျစ်ကန်ကန်ပုံစံရှိသော နှင်း ကို ကျွန်တော် ချက်ချင်း ရင်းနှီးခင်မင်စိတ် မရှိခဲ့သေးပါ။ နေ့စာ စားချိန် ရောက်တိုင်း စီနီယာများက နှင်းအား စကားစမည် ပြောကြသော်လည်း မှုန်ကုပ်ကုပ်နှင့် စကားပြန်ပြောချင်သလို မပြောချင်သလိုပုံစံ ရှိသော သူ့အသွင်ကြောင့် ကြာတော့ သူ့ကို စကား သိပ်မပြောဖြစ်ကြတော့ပဲ အချင်းချင်းသာ စကားပြောဖြစ်ကြတော့သည်။

ကျွန်တော်ကတော့ ဘယ်သူ ဘာပြောပြော နားထောင်သူသက်သက်..၊ တစ်ခွန်းမေးမှ တစ်ခွန်းဖြေတတ်သူ ဆိုတာ တစ်ရုံးလုံး သိပြီးကြသောကြောင့် ကျွန်တော် စကားမပြောခြင်းသည် သူတို့အတွက် ဘာမဖြစ်သော်လည်း.. စကားဝိုင်းထဲ ဝင်မပါပဲ တစ်ခါတစ်ရံ ထမင်းစားပြီး ဆိုင်မှာ အိပ်ငိုက်နေတတ်သော နှင်းကို ရုံးကလူတွေ နားမလည်ကြ။ မခင်လျင် ဘာမှ သိပ်ဂရုမစိုက်တတ်သော ကျွန်တော်ပင် “မာနကြီးလေသလား” တွေးမိသည်အထိ နှင်းက ကျွတ်ဆတ်ဆတ်နိုင်ကာ ထီမထင်သောပုံ ပေါက်နေခဲ့သည်။

တစ်ရုံးလုံးမှာ အပြုံးနှင့် နှုတ်ဆက်တတ်သူက ကျွန်တော်တစ်ယောက်တည်းမို့ ထင်သည်။ တစ်ယောက်တည်း ဆိတ်ဆိတ်နေ နေ တတ်သော နှင်းက ကျွန်တော့်ကိုတော့ စကားပြောဖို့ ကြိုးစားတတ်သည်။ မနက် ရုံးရောက်ပြီး ကျွန်တော် ကော်ဖီဖျော် မနက်စာစားရာ အခန်းလေးထဲ သူ့ရေဗူးကို ရေလာဖြည့်ရင်း နှင်းက ကျွန်တော့်ကို စကားပြောတတ်သည်။ ရုံးခန်းထဲ ပြန်ရောက်လျှင်တော့ သူက သူ့နေရာမှာ တိတ်တဆိတ်ထိုင်ကာ သဌေး ဒါမှမဟုတ် စီနီယာတစ်ယောက်ယောက်က ပေးထားသော အလုပ်ကို လုပ်နေတတ်၏။

ရုံးက လုပ်ငန်းသဘောတရားနှင့် ပတ်သက်တာတွေကို သူ ဆက်မလုပ်တတ်လျှင်တော့ ကျွန်တော် ရေဗူး ရေထဖြည့်သည့်အခါမျိုးမှာ နောက်က လိုက်လာပြီး မေးတတ်သည်..။ သူ သိလိုသည်များကို ပြောပြတိုင်း

"ကျေးဇူးတင်ပါတယ်" ဟု လှိုက်လှိုက်လှဲလှဲ ပြောတတ်သော နှင်းအား ကျွန်တော် တဖြည်းဖြည်း ခင်သွား၏။ နောက်တော့ သူ့မှာ ဘာသာစကား အခက်အခဲကြောင့် တခြားသူများနှင့် စကားပြောဖို့ စိုးရွံ့နေတာမှန်း ကျွန်တော် သိသွားခဲ့သည်။

ကိုယ် နားမလည်တာ ရှိလျှင် ပြန်မေးဖို့၊ ကိုယ် တတ်သမျှ စကားလုံးများနှင့် စကားကို ကြိုးစားပြောဖို့...၊ ကျွန်တော် ရုံးကို ရောက်ကာစ အတွေ့အကြုံများကို ပြန်ပြောပြရင်း... ကျွန်တော်သည် နှင်းအတွက် အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့၏။

နောက်ပိုင်းမှာတော့ နှင်းသည် ရုံးက တခြားသူများနှင့် အဆင်ပြေစွာ ပေါင်းသင်းဆက်ဆံတတ်လာသည်။

တစ်ရက်မှာတော့... သူ့ခံစားချက်တစ်ချို့ကို ကျွန်တော် လှစ်ခနဲ လှမ်းမြင်လိုက်ကာ နှင်းကို ပို ခင်တွယ်သွား၏။

ထိုနေ့က သဌေးအိမ်မှာ ရုံးသူရုံးသား အားလုံး တီဗွီစုကာ ကြည့်ဖြစ်ကြသည်။

မှတ်မှတ်ရရ American Idol (အမေရိကားမှ သီချင်းဆိုပြိုင်ပွဲ) နောက်ဆုံး စကာတင်နှစ်ယောက် သီချင်းဆိုသည့် တီဗွီ အစီအစဉ်။

ဝယ်ထားသော မုန့်တွေစားလိုက်၊ ဘီယာသောက်လိုက်၊ ဆိုသွားသော သီချင်းတွေကို ဝေဖန်လိုက်..၊ ဘယ်သူ ပထမ ရမလဲ ခန့်မှန်းရင်း ငြင်းခုန်လိုက်ဖြင့် အားလုံး ရယ်မော ပျော်ရွှင်နေကြပြီး အလုပ်ချိန်မှာ စိတ်ပင်ပန်းခဲ့ရမှုတွေက သက်သာရာလည်း ရကာ ပေါ့ပါးသွားခဲ့ရ၏။

အစီအစဉ်ပြီးတော့ ကျန်တဲ့သူတွေက တစ်ယောက်ပြီး တစ်ယောက် ပြန်သွားသော်လည်း နှင်းက မပြန်ချင်သေး။ သောက်လက်စ ဘီယာကို ဇိမ်ဆွဲကာ ကုန်အောင် သောက်ချင်နေသေးသည်။ သူဌေးကလည်း သူ၏ ခွေးတွေကို လမ်းလျှောက်ထွက်ပေးဖို့ အပြင်ထွက်အုံးမည်။ ဒီတော့ နှင်းက ကျွန်တော့်ကိုမပြန်ပဲ ခဏနေပေးဖို့ ပြော၏။

ကျွန်တော် မနေချင်ပါ။ ဒီအချိန်ဆို ချစ်သူက အင်တာနက်မှာ ကျွန်တော့်ပုံရိပ်ကို WebCam ထဲကနေ မြင်ရဖို့ ၊ ကျွန်တော့်ကို စကားပြော အလွမ်းသယ်ဖို့ စောင့်နေတော့မည်။ အိမ်ပြန်နောက်ကျနေလို့ မဖြစ်သေး။ နောက်ပြီး ကျွန်တော့်မှာ.. ချစ်သူနှင့် ဆုံနေကျ ထိုအချိန်လေးသာ ချမ်းမြေ့ကြည်နူးရသည်မဟုတ်လား။

ငြင်းလိုက်ရမှာ အားနာစိတ်တို့နှင့် တွေဝေနေဆဲ...

“အိမ်ပြန်ရောက်ရင် ငါတစ်ယောက်တည်း အထီးကျန်နေလို့ပါ...”

ထိုစကားတစ်ခွန်းက အိမ်ပြန်ချင်နေသော ကျွန်တော့်ခြေလှမ်းတွေကို တုပ်ဆွဲထားကြသည်။

မိသားစုကို ခွဲခွာထွက်ပြီး ရေမြေရပ်ခြားမှာ အလုပ်လာလုပ်နေရသူချင်းမို့ သူ့ခံစားချက်ကို ကျွန်တော် အသေအချာ နားလည်သည်။ ဒီတော့ အင်တာနက်မှာ စောင့်နေမည့် ချစ်သူကို ကျွန်တော် အိမ်ပြန် နောက်ကျမည့်ကြောင်း သတင်းပို့ထားလိုက်ရတော့သည်။

“ငါ.. ဒီမှာ.. အလုပ်လုပ်လာတာ အချိန် အတော်ကြာလာပြီ။ ဒီနေ့လိုမျိုးက ငါအပျော်ဆုံးပဲ”

စကားရပ်ကာ ဘီယာကို မျှင်းသောက်နေသော နှင်း၏ မျက်နှာက စိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေကို အထင်းသား မြင်နေရ၏။

“မင်းသိလား...၊ ရုံးမှာ တစ်ချိန်လုံး.. အလုပ်.. အလုပ် နဲ့.. အားလုံး ရှုပ်နေကြရတာ။ ငါတို့က အလုပ်လုပ်ဖို့ပဲ ခေါင်းထဲ ရှိတဲ့ စက်ရုပ်တွေလား။ ငါတို့ရဲ့ ကိုယ်ပိုင်ခံစားမှုဘဝ အတွက် အချိန်က အလုပ်ချိန် ပြင်ပ တစ်ခုတည်းလား”

ဘီယာ သုံးလေးဗူးလောက် သောက်ပြီး နှင်းများ မူးနေသလား ကျွန်တော် ကြည့်မိတော့ မူးနေဟန်လဲ မတွေ့ရပါ။

“ငါတို့ ရုံးကိုလာတယ်။ တစ်ချိန်လုံး အလုပ်အကြောင်းပြောကြ.. တစ်နေကုန် အလုပ် လုပ်ကြ.... ဘယ်မှာလဲ နွေးထွေးတဲ့ ခင်မင်မှုတွေ..၊ ဒီနေ့ ဒီအချိန်မှာ.. ငါ လိုချင်တဲ့ နွေးထွေးမှုတွေကို ရတယ်။ ငါတို့ အားလုံး မိသားစု လို့ စိတ်ထဲမှာ ခံစားရတယ်။ အဲဒီအတွက် ငါ ဒီနေ့ သိပ်ပျော်တယ်”

မိသားစု...၊ နွေးထွေးမှု.....

ထိုစကား နှစ်ခွန်းက ကျွန်တော့် အာရုံထဲမှာ အရိုက်ခတ်နိုင်ဆုံး...

ကျွန်တော်တို့ ရုံးမှာ အားလုံးလိုလိုက တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်လေ့မရှိကြ။ ရုံးထဲ ဝင်လာလျှင် ကိုယ့်စားပွဲမှာ ကိုယ်ထိုင်ကာ အလုပ်လုပ်ကြပြီး ရုံးဆင်းချိန်မှာလည်း ကိုယ့်ပစ္စည်းကိုယ် သိမ်းကာ ပြန်ကြသည်။ ရုံးချိန်အတွင်းမှာ အလုပ်ကိစ္စနှင့် ပတ်သက်သည်များသာ စကားပြောဖြစ်ကြပြီး တရုံးလုံးက ကိုယ့်အသံ ကိုယ် ပြန်လန့်ရလောက်အောင် တိတ်ဆိတ်လို့ နေတတ်မြဲ။

ရောက်တတ်ရာရာ၊ ထွေရာလေးပါး စကားများကို ပြောဖြစ်ကြချိန်တွေက နေ့စာ ထမင်းထွက်စားချိန် တစ်ခုတည်းသာ။

ကျွန်တော့်မှာ ရုံးက ပြန်လာလျှင် စကားပြောစရာ မိတ်ဆွေသူငယ်ချင်းတွေ ရှိသည်။ ကျွန်တော် တန်ဖိုးထား အချိန်ပေးရသည့် ချစ်သူလည်း ရှိသည်။ နှင်းရော ဒီနိုင်ငံမှာ သူငယ်ချင်း မရှိဘူးလား။ ဘယ်တုန်းကရင်း ဒီလို အထီးကျန်နေတဲ့ ဝေဒနာကို တစ်ယောက်တည်း ခံစားနေရတာပါလိမ့်။

ကျွန်တော် နှင်းကို ငေးမောကြည့်ကာ တွေးနေမိသည်။ နှင်းက သောက်လက်စ ဘီယာဗူးကို လက်စသပ်ကာ ဗြုန်းခနဲ သူထိုင်နေရာ ခုံမှ ထလာပြီး ကျွန်တော့်ထိုင်ခုံရှိရာဘက်သို့လာကာ ပုခုံးကို တင်းတင်း ဖက်ပွေ့၏။

"ငါတို့က မိသားစုတွေ..။ ဟုတ်တယ်နော် ဘရားသား"

နှင်းကို ကျွန်တော် အလိုက်သင့် ပြန်ပွေ့ဖက်ထားရင်း သူ့ကျောပြင်ကို ညင်သာဖွဖွ ပွတ်ပေးမိသည်။ ကျွန်တော် ခေါင်းလဲ မညိတ်.. ခေါင်းလဲမခါ... ပြန်လဲ မဖြေဖြစ်ပါ......။ သို့သော် ကျွန်တော့်ရင်ဘတ်ထဲမှ နွေးထွေးသော မေတ္တာကိုတော့ နှင်း ခံစားရပါလိမ့်မည်။

ကျွန်တော့်ထံပါးမှ ခွာပြီး သူ့နေရာမှာသူ ပြန်သွားထိုင်နေသော နှင်းကိုသာ ကျွန်တော် ကြည့်နေမိသည်...။ နှင်း မျက်ဝန်းမှာ မျက်ရည်ကြည်စ တစ်ချို့က ဝေ့ဝဲလို့...။

“မင်း မိသားစုကို လွမ်းနေတာလား”

မေးချင်သော မေးခွန်းကို ပြန်သိမ်းဆည်းကာ ကျွန်တော့်ကို စိုက်ကြည့်နေသော နှင်းအား တစ်ချက် ပြုံးပြလိုက်သည်။

မိသားစုကို ခင်တွယ်သော...၊ နွေးထွေးကြင်နာမှုကို ပေးဆပ်... လိုအပ်တတ်သော.....၊ နောက်ပြီး ချစ်ခြင်းမေတ္တာတရား စစ်စစ်တွေ....ကို... ငတ်မွတ်နေသော၊ မိသားစုအဝေးမှာ ဘဝကို ကျင်လည် လှုပ်ရှားနေရသော.... အထီးကျန် နှလုံးသားပေါင်း ဘယ်လောက်များများ ဒီခောတ်ကြီးမှာ... ရှိနေကြပြီလဲ..။

ထိုနေ့နောက်ပိုင်းမှ စပြီး နှင်းကို ကျွန်တော် မိသားစုတစ်ယောက်လို နွေးထွေးစွာ ဆက်ဆံ ဂရုစိုက်ဖြစ် သွားတော့သည်။ ညနေစာ စားချိန်တွေမှာလဲ တခါတရံ နှင်းနှင့်အတူ ယိုးဒယားစာ လိုက်စားဖြစ်သလို နှင်းကလည်း ကျွန်တော်တို့ မြန်မာ အစားအစာတွေကို လိုက်စားဖြစ်သည်။

ရုံးမှာ ထမင်းစားနားချိန်..၊ ကော်ဖီသောက်ချိန်တွေမှာ တစ်ယောက်ကို တစ်ယောက် စနောက်ရင်း..၊ ဘဝရည်မှန်းချက် စိတ်ကူးအိမ်မက်များကို တိုင်ပင်ဆွေးနွေးရင်း.. နားလည်မှု.. ရင်းနှီးမှုတွေက ခိုင်မာလာကြ၏။

တစ်နှစ်နှင့် ဆယ့်တစ်လတိတိ တစ်ရုံးထဲ အတူ အလုပ်လုပ်ခဲ့ကြရင်း အပြောင်းအလဲ ဖြစ်စဉ်များ ဖြစ်လာမှာကို ကျွန်တော် မေ့နေခဲ့မိ၏။ အင်း...... အခုတော့ ခွဲခွာရပြန်အုံးတော့မည်....။

“မင်းရှိနေတဲ့အတွက် ရုံးမှာ ငါ့စိတ်တွေ နွေးထွေး လုံခြုံခဲ့ရတယ်..။ ငါ့ရဲ့ အထီးကျန် အားငယ်မှုတွေ သက်သာရာ ရခဲ့တယ်။ အဲဒီအတွက် ငါမင်းကို သိပ် ကျေးဇူးတင်ပါတယ်”

နှင်းကို နှုတ်ဆက်ပွဲညစာ စားအပြီး လူစုခွဲကာ အိမ်ပြန်ကြတော့ ကျွန်တော် ကားစောင့်ရမည့် ဘတ်စ်ကားဂိတ်ထိ ကျွန်တော့်ပခုံးကို မလွှတ်တမ်းဖက်ထားလျက် နှင်းက လိုက်လာကာ ကားအတူ စောင့်ပေးရင်း ပြောလေသည်။

“မနက်ဖန် မနက်လေယာဉ်နဲ့ ငါ ပြန်ရတော့မှာ..။ ဒါက ငါ့ကို ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်၊ ဒါက ငါ့ရဲ့ အီးမေးလ် လိပ်စာ၊ အဆက်အသွယ် မပြတ်ပါနဲ့....”

“ဘိုင်..”

ကျွန်တော် စီးရမည့် ကား ရောက်လာတော့ နှင်းက ကျွန်တော့်လက်ကို တင်းတင်းဖြစ်ညှစ်ရင်း နှုတ်ဆက်သည်။

“ဘိုင်..”

နှင်း မျက်ဝန်းမှ ဝေ့ဝဲဝဲ မျက်ရည်စများကို မသိကျိုးကျဉ်ရင်း နှင်းကို ကျွန်တော် နှုတ်ဆက်လိုက်သည်။

ဘတ်စ်ကား ထွက်သွားရာထိ မျက်စိတဆုံး နှင်း ငေးကြည့်ကျန်ခဲ့မည်မှန်း ကျွန်တော် သိနေပါသည်။

မိသားစု...၊ နွေးထွေးမှု.....

နှင်း၏ အသံ တစ်ချို့ကို ကျွန်တော် ပြန်ကြားယောင်ရင်း ဆုံတွေ့ခြင်း၊ ပိုင်ဆိုင်ခြင်း အရာရာ အားလုံးသည် တစ်ချိန်တော့ ခွဲခွာခြင်း၊ ဆုံးရှုံးခြင်း၊ စွန့်လွှတ်ရခြင်း များနှင့် ရင်ဆိုင်ရမှာမှန်း ကိုယ့်ကိုယ်ကို အထပ်ထပ် သတိပေးနေရ၏။ အတိတ်တွေက ပြန်မရနိုင်သလို အနာဂါတ်ဆိုသည်မှာလဲ တစ်ခါတစ်ခါ ကိုယ် မျှော်လင့်ထားသည်များအား လွဲချော်စေတတ်သည်။ သေချာသည်က ပစ္စုပ္ပန် တစ်ခုတည်းသာ...။ ဒီတော့ ဆုံတွေ့ချိန်မှာ ဒီ သံယောဇဉ်တွေကို တွယ်တာမြတ်နိုးပြီး.... ပိုင်ဆိုင်ချိန်မှာ တန်ဖိုးထားတတ်ဖို့သာ လိုအပ်သည် မဟုတ်လား။

ဘတ်စ်ကားက တရိပ်ရိပ်ပြေးနေ၏။ မှတ်တိုင်တွေမှာ လူတွေ တက်လာကြသည်။ ဆင်းသွားကြသည်..။

ခရီးသွားနေသူတွေထဲမှာ.....

မိသားစု...၊ နွေးထွေးမှု..... တွေကို လိုအပ်နေသော အထီးကျန် နှလုံးသားပေါင်း အဘယ်မျှ ရှိနေမည်လဲ...။


သံသရာက ထိန်းကျောင်းပေးခဲ့သော ၀တ်မှုန်အချို များ
အာရုံကို အာရုံချင်းချိတ်ဆက်ယှက်သွယ်ထားလိုက် ပုံ
...........................
ဆန်းပြားတယ်.။

မေတ္တာနဲ့နူးညံ့နေတဲ့ စိတ်ခင်းကဗ္ဗလာ
မေတ္တာနဲ့ သွေးလေလည်ပတ်မှုအနွေး
ခံစားနားလည်ပေးနိုင်မှုချင်း ထုံကူးကြ

နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်.... ဆိုတဲ့ ဖတ်ခဲ့ဖူးသော ကဗျာလေးထဲက တစ်ပိုင်းတစ်စကို ရွတ်ရင်း......


ကိုယ့်နှလုံးသားကိုယ် ပြန်ငုံ့ကြည့်မိတော့ ဒဏ်ရာတစ်ချို့က နွေးထွေးစွာ ပြုံးပြလို့...။



မေတ္တာဖြင့်

မိုးကုတ်သား

Tuesday, April 13, 2010

စိမ်းမြနေတဲ့ ဧပရယ် သစ္စာ.... အဝါ





“စိမ်းမြနေတဲ့ ဧပရယ်သစ္စာ ... အဝါ”


ဟိုမှာကြည့်စမ်း
ပိတောက်ပန်းတွေ ထီးတည်း ပွင့်လို့...
ရွှေဝါရောင်တွေနဲ့ စိမ်းမြ နေလိုက်ပုံ...

မိုးပြေး တစ်ပြိုက်
နမ်းရှိုက်လေပြန်တော့
စိမ်းမြရွက်တွေကြားမှာ.. အဝါတွေ

နှစ်ကူး.. လေရူးး
ဝူးဝူးဝါးဝါး ခြွေတော့လည်း
လမ်းကလေးထဲမှာ အဝါတွေ....

ဒီတန်ခူးး...
မိုးပြေးလေးလဲ မစဲတုန်း
လေပြည်လေးလဲ ရူးတုန်း
ရွှေဝါရောင်တွေလဲ..မင်မကျဲ.. လှမြဲ
အပြောင်းအလဲတွေထဲက..
မပြောင်းလဲတဲ့သစ္စာ..
.........

ပိတောက်ရွှေဝါ

......

...


သင်္ကြန် အကြိုနေ့မှာ.. ရုံးဝင်ပေါက်က ပိတောက်ပင်ကြီး တစ်ပင်လုံး ဝါထိန်အောင် ပွင့်လို့။

ဒီရုံးမှာ သင်္ကြန် သုံးခါရှိနေခဲ့ပြီ.....။

နှစ်တိုင်း ဒီအချိန်မှာပဲ အမြဲ ပွင့်နေတတ်တယ်......။

ကိုယ့်လူမျိုးရဲ့ နှစ်ကူး အထိမ်းအမှတ်မှာ မပါမဖြစ်တဲ့ ပိတောက်ပန်းဟာ.. ဒီနိုင်ငံမှာလဲ အဝါပါပဲ..။

ရနံ့ မွှေးပျံ့တာကလဲ အတူတူပါပဲ...။

ဧပရယ်တစ်လထဲမှာမှ.. နောက်ပြီး မြန်မာ နှစ်ကူးချိန်မှ ပွင့်တာလဲ တူတူပါပဲ...

ကွဲလွဲနေတာက... တန်ဖိုး......

ပိတောက်ပန်းတိုင်း မြတ်နိုးမခံရတတ်တာ မှန်ပေမဲ့.....

ပိတောက်ပန်းတိုင်းဟာ သူ့အချိန် သူ့အခါတိုင်းမှာ.. သူ့တာဝန်သူ ထမ်းဆောင် ပွင့်ဝေ မွှေးမြနေဆဲပါ....

ကျွန်တော့် ဧပရယ်မှာ ပိတောက်ဝါဝါတွေ အမြဲ စိမ်းစိုမွှေးမြနေအုံးမယ်........

(ဧပရယ်မှာ မွေးတဲ့.. ကျွန်တော့် ညီအကို မောင်နှမများဟာလဲ... ကျွန်တော့်ရင်ထဲ.. ထာဝရ မွှေးနေပါလိမ့်အုံးမယ်)


မေတ္တာဖြင့်
မိုးကုတ်သား




Wednesday, March 31, 2010

ကံကောင်းလို့



ထိုနေ့က ကျွန်တော် စီးနေကျ ၄၅နံပါတ်ကားကို မစီးပဲ ၄၈ကားသေးလေးကို စီးဖြစ်ခဲ့သည်။ ထုံးစံအတိုင်း.. ကျပ်ညှပ်သပ်နေသော ခရီးသည်တွေကြားထဲ တိုးခွေ့နေရာယူရင်း ကျွန်တော်က ကားမောင်းသူ ရှိရာ ခေါင်းခန်းဘက် ခုံနောက်မှာ နေရာ ရ၏။

တစ်ချက်တစ်ချက် ပိကျလာသော နောက်ဘက်မှ လူတွေကြောင့် ကိုယ်ခန္ဒာကို ရှေ့ဘက် ယိုင်လဲ မသွားစေရန် ကိုယ်ကို ခပ်မတ်မတ်တောင့်ထားရင်း၊ မနည်းလှသော လူအုပ်၏ ဖိအားကြောင့် တောင့်ထားနိုင်သော ခွန်အားတို့က အချိန်ကြာသည်နှင့်အမျှ လျှော့ကျလို့လာပြီ။ စို့ရုံမက ရွှဲစပြုလာသော ချွေးတို့ကိုပင် သုတ်ဖယ်မအားတော့။ လက်တစ်ဘက်က ထမင်းဗူးကို ကိုင်ထားရပြီး ကျန် လက်တစ်ဘက်ကခေါင်းထက်က တန်းကို အားပြု ဆုပ်ကိုင်ထားရသည် မဟုတ်လား။

ရုံးတက်၊ ရုံးဆင်းမှာ ခုလို ဘတ်စ်ကား ကျပ်ကျပ်ကို တိုးခွေ့စီးလာတာ နှစ်ကြာလာပြီ ဖြစ်သော်လည်း ကျွန်တော့်အတွက်ကတော့ ဘယ်တော့မှ အသားမကျ။ ဘတ်စ်ကားပေါ် ရောက်သည်နှင့် အသက်ရှူက မဝချင်တော့။ ဘတ်စ်ကား စီးတိုင်း ကျွန်တော့် မွေးရပ်မြေ မြို့ကလေးမှာ လတ်ဆတ်သော လေကို တဝကြီး ရှူရှိုက်ရင်း ကုန်းကြောင်းလျှောက်ခဲ့ရသော လွတ်လပ်မှုတို့ကိုသာ ပြန် တမ်းတနေမိတတ်သည်။

အင်းလေ.. ဘယ်တတ်နိုင်မလဲ...။ ပျော်ရာမှာမနေရ.. တော်ရာမှာ နေရမည့် ဘဝပဲ မဟုတ်လား။

စံပြရုပ်ရှင်ရုံရှေ့က မှတ်တိုင်မှာ ကားရပ်တော့ ယာဉ်မောင်းဘေးဘက်မှ ခုံတွင် ထိုင်နေသူက ဆင်းရန်ပြင်၏။ အင်း... ဗိုလ်အောင်ကျော်လမ်းထိ ရောက်အောင်တော့ ထိုင်စီးသွားအုံးမှ...

အတွေးနှင့် ရှေ့ခြေတစ်လှမ်း အတိုးမှာ ကျွန်တော့် ပခုံးကို ဆောင့်ဆွဲကာ လူတစ်ယောက်က ကျော်ဖြတ်ပြီး ထို ထိုင်ခုံနေရာကို ဦးအောင် နေရာ ယူလိုက်သည်။

ကိုယ်ထိုင်မည့်နေရာကို အလုခံလိုက်ရတာရော.... လက်မောင်းကို ဗလိုင်းကြီး ဆောင့်ဆွဲသွားတာကြောင့်ရော စိတ်က ထောင်းခနဲ ဖြစ်သွားပြီး ထိုလူကို ကျွန်တော်က ဘုကြည့် ကြည့်မိ၏။ အသက်အရွယ် ကြီးလို့ဆိုရင်... ၊ မိန်းမ မို့လို့ ဆိုရင်.. ၊ မကျန်းမာလို့ဆိုရင် ထားတော့။ နေရာပင် ကျေကျေနပ်နပ် ဖယ်ပေးလိုက်အုံးမည်။ ခုဟာက ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်း လူတစ်ယောက်က ထိုင်စရာနေရာကို လုယူသွားခဲ့တာ..။

ဒေါသလွှမ်းသော ကျွန်တော့် အကြည့်များကို ထိုသူက မသိကျိုးကျွံ ပြုလျှက် ခုံမှာ အမိန့်သားထိုင်လို့။

ကဲ.. ကဲ.. စိတ်လျှော့ စနေသားရေ...။ ကျွန်တော့် ဒေါသစိတ်တွေကို ပြန် ထိန်းချုပ်ရင်း ဒီနေ့ ရုံးရောက်လျှင် တင်ပြရမည့် အလုပ်ကိစ္စများဆီ အာရုံက ရောက်သွားသည်။ သို့သော် အလုပ်ကိစ္စကို ကြာကြာမတွေးနိုင်...။ ကျွန်တော် စီးလာသော ၄၈ကားက ရှေ့မှ နောက်ထပ် ၄၈ကားတစ်စီးကို အပြိုင် လိုက်မောင်းနေတာ အရှိန်အတော်မြန်နေမှန်း သတိထားမိပြီး စိတ်က ထုံးစံအတိုင်း ပူမိပြန်သည်။

“ဒီ ကားသမားတွေနှယ်..၊ ကားကို အပြိုင်မောင်း.. လူကို လုတင်.. စည်းကမ်းကို မရှိကြ........”

((((((((((ဒုန်း)))))))))))

အတွေးမှ မဆုံးသေးခင် ဘရိတ်ဆောင့်အုပ်လိုက်သော ကားကြောင့် ကျွန်တော့်နောက်ဘက်မှ ပြိုကျလာသည့် လူအုပ်ကြီးကို မနည်းတောင့်ခံထားရင် ကားခေါင်းခန်းကို ကြည့်မိတော့ ကားရှေ့မှန်တစ်ခုလုံး မွကြေလို့ နေပြီ။ ဒရိုင်ဘာ၏ နဖူးနှင့် နှာခေါင်းမှ သွေးတွေက စီးကျလို့။ ဖြတ်ခနဲ အစောနက နေရာလုထိုင်သွားသော သူဆီ အကြည့်ရောက်တော့ .... ဘုရားရေ....၊ ထိုသူ့ မျက်နှာ တစ်ခုလုံးက မှန်ကွဲစတွေ စိုက်ဝင်ပြီး သွေး ချင်းချင်း နီ.. လို့....။

ထိုသူ့အပေါ် ရှိနေသော ဒေါသစိတ်တွေက ဖြတ်ခနဲ ပျောက်သွားပြီး စိတ်ထဲ မကောင်းဖြစ်သွားသည်။

ကြည့်စမ်း.. ဒီလူသာ နေရာ အတင်း လု မထိုင်ခဲ့ရင် ကျွန်တော်က အဲဒီနေရာမှာ ထိုင်လျက်သား..။ ခုချိန်မှာ သွေးချင်းချင်းနီနေသော မျက်နှာက ကျွန်တော့်မျက်နှာ ဖြစ်နေပေလိမ့်မည်။ ခုတော့ ထိုသူက ကျွန်တော့်အစား ဝင်ခံပေးလိုက်ရသလို...။ ထိုသူစိမ်းကို သနားသောစိတ်များက သူ့အပေါ် အစောနက ရှိနေသော ဒေါသစိတ်များကို လျှော်ဖွပ်ပေးလိုက်၏။

“အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေ”

ကားပေါ်က ဆင်းပြီး လိုရာခရီးကို မဆက်နိုင်သေးပဲ အရေးပေါ်လူနာတင်ကားပေါ် ရောက်သွားသော ယဉ်မောင်းသူ နှင့် ထိုသူ့ကို လိုက်ကြည့်နေမိရင်း နောက်ထပ် ၄၈ကားတစ်စီး ရောက်လာတော့ အပြေးအလွှား တက်လိုက်ရသည်။ ရုံးချိန် နောက်ကျလို့ နေပြီ..။

ကားပေါ်ရောက်တော့မှ သက်ပြင်းမောကို ချရင်း စိတ်ထဲ တွေးမိလိုက်တာက...

“ဘုရား၊ ဘုရား..၊ ကံသီပြီး...... မောင်မင်းကြီးသား ကယ်ပေလို့....”


မေတ္တာဖြင့်

မိုးကုတ်သား

Monday, March 29, 2010

အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ






အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ

အဆိပ်သင့် ညနေခင်းမှာ
အသည်းကွဲ ဒိုင်ယာရီတွေ လမ်းလျှောက်ထွက်ကြ ။
ငါ့လည်ပင်းပေါက်ထဲ ခေါင်းလျှိုလိုက်တဲ့
အလွမ်းတွေ ၊ အလွမ်းတွေ ။
စကားမဲ့နေတယ် ။ အလွမ်းတွေ စကားမဲ့နေတယ် ။
စကားဝါပန်းတွေ ပွင့်နေပေမယ့်
အလွမ်းတွေ စကားမဲ့နေတယ် ။

မျက်စိကိုတအားမှိတ်လိုက်တော့
့
ခြေသံတွေထဲ သစ်အိုပင်က သေရွာမှပြန်ထ
လွမ်းတယ်ဆိုတာ စကားပြောမတတ်တဲ့
အတိတ်မေ့ခြင်း ဆည်းဆာတွေ ငါသောက်သုံး
တစ်ဘ၀လုံး စမ်းချောင်းထဲ စကားလုံးတွေမျောခဲ့ ... ။

(၁) လွမ်းတယ် ။
(၂) လွမ်းတယ် ။
(၃) လွမ်းတယ် ။
လွမ်းတယ် ဆိုတဲ့ စကားကို ပြောလိုက်ဖို့
ငါ့ အလွမ်းကို ငါ ပြန်လွမ်းနေရ ။
လွတ် / လွဲ / လွမ်း ။
လွတ်ထွက်သွားတဲ့ လမ်းတွေမှာ
အလွဲတွေနဲ့ နေသားကျနေတဲ့ကောင်တစ်ယောက်
မင်းကို လွမ်းနေတယ် ။
(၃) လွမ်းတယ် ။
(၂) လွဲတယ် ။
(၁) လွတ်တယ် ။

ဒီမှာရပ်
ငါ့နှလုံးသားကို စက္ကန့်အစဉ်အတိုင်းဖြတ်ထုတ်
လွမ်းတယ်ဆိုတာကို ရုပ်သေးလုပ်ပစ်မယ်
အင်္ဂါနေ့ထူးမှာ မီးခိုး,ကခြေသည်ကလေးရဲ့ခြေဖ၀ါး
ငါ့အလွမ်းနာကျဒဏ်ရာနဲ့
၁။ လွတ်တယ်
၂။ လွဲတယ်
၃။ လွမ်းတယ် ....
စိတ္တဇကိုပျိုးပြီး စည်းကျော်လွမ်းခြင်းတွေ
ခေါင်းငုံ့မော့ငေး ... ဖုန်သဲတွေ ငါ့ကိုဝါးမျိုဆွေးနေကြတယ်...။

ဟုတ်တယ် ။
လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
နင်က လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
အလွမ်းတွေသာ ဆုလာဘ်ပေးသနားခဲ့တာ ။
မလွန်လွန်းဘူးလားကွယ် ။
တစ်ရစ်ထက် တစ်ရစ် တက်လာတဲ့ အလွမ်းတွေ
(၁) (၂) (၃) ............ ။
ပြီးရင် ... ဘာလာမလဲ ။
ဘာတွေလာပြီးမလဲ ။
ဘာတွေလာဖြီးမလဲ ။
အလွမ်း (၁)
အလွမ်း (၂)
အလွမ်း (၃)
အလွမ်းနဲ့ စ ၊ အလွမ်းနဲ့ ဆုံး ။
ဒီနွေ ပူတယ်ဆိုတာ ၊ အရင်နွေတွေလိုပါပဲ ။
ထူးမခြားနား ။


သရုပ်ပေါ်အောင် နင့်ကိုခေါ်ရရင် နတ်တွေငိုလိမ့်မယ် ...
"အ"ချင်ယောင်ဆောင်သွားတဲ့ နွေဦးနန်းတော်မှာ
ပူလောင်ခြင်းအခန်းကျဉ်းထဲ အလွမ်းတွေအသိုက်အုံဖွဲ့
အကျိုးအပဲ့တွေနဲ့ မိုးကောင်းကင်ကို
ငါ့အလွမ်းတွေလွှတ်တင်ရင် မိုးခေါင်သွားလိမ့်မယ်
နောက်ဆုံးလာမယ့် လမ်းတစ်ခုမှာ
အလွမ်းဆိပ်မိထားတဲ့ကိုယ်တစ်ခြမ်းကို ....
ငါက
ဘာကိုလွမ်းနေရဦးမလဲ ... ။

ကောင်းကင် အကျိုးအပဲ့ထက်မှ ကျလာသော
နတ်တွေ ငိုချလိုက်တဲ့ မျက်ရည်နက်တွေ ။
အကာလ ( “အ” ကာလ ) ညဥ့်ဦးယံမှာ
စည်းကျော်သွားသော မိုးခေါင်လွမ်းခြင်းများ ။
လွတ် / လွဲ / လွမ်း ။
မီးခိုး,ကခြေသည်ကလေး ရေ .. ။
ငါ့ နတ်ပျိုမကို ပြောပေးစမ်းပါ ။
စက္ကန့်နဲ့အမျှ လွမ်းနေတဲ့ ဆည်းဆာတွေ
စကားလုံးထဲ မျောခဲ့ ။
စကားလုံးတွေ မောခဲ့ ။
စကားပြော မတတ်လို့ လွမ်းတာပါ ။
စကားမပြောတတ်လို့ လွမ်းတာပါ ။
ဖွဲ့ စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
ဖွက်စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
မျက်စိကို တအား မှိတ်လိုက်တော့ .... ။
ရှင်လျက်နှင့် ရှင်ပြန်ထမြောက်သော သစ်ပင်အို ၏
ဦးတည်ရာမဲ့ ခြေသံ ။ ။



နီလေး ၊ ဆူးခက်မင်း
29.3.2010


ဒီကဗျာလေးကို ကဗျာဆရာ ညီငယ်လေးတစ်ယောက်ဆီက တွေ့ပြီး ကြိုက်သွားတဲ့အတွက်... လာလည်သူ စာပေမိတ်ဆွေတစ်ချို့ကို မျှဝေပေးချင်လို့ ခွင့်တောင်းပီး ကူးယူလာခဲ့တာပါ။ ( ခွင့်တောင်းထားပေမဲ့ ကဗျာပိုင်ရှင်က အကြောင်းပြန်တာ ဆက်မစောင့်နိုင်တော့လို့ တင်ထားလိုက်ပီ... :-P)

နောက်ဆက်တွဲ

ဒီ ကဗျာလေးကို ကျွန်တော့် ညီငယ် ကဗျာဆရာလေးရဲ့ မျက်နှာစာအုပ်ပေါ်ကနေ ကူးယူဖော်ပြထားတာပါ။ ခုလေးတင်ပဲ ညီမလေးတစ်ယောက်က နီလေး ရဲ့ ဘလော့ခ်လင့်ခ်ကို ပေးသွားတဲ့အတွက် ဒီကဗျာလေးရဲ့ ခရက်ဒစ်ကို နီလေးဘလော့ခ်နဲ့ ပေးထားလိုက်ပါတယ်..။


မေတ္တာဖြင့်
မိုးကုတ်သား

Monday, March 22, 2010

“တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ”






“ တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ
”



ကိုယ်က..
မင်းရဲ့ညတွေမှာ လင်းဖြာခွင့်မရတဲ့ လရောင်

ကိုယ်က..
မင်းရဲ့ကောင်းကင်က ဖယ်ရှားခံရတဲ့ နေ့အလင်း

ကိုယ်က..
မင်း ရှောင်ကွင်းသွားချင်တဲ့ မြစ်တစ်စင်းပေါ့။


အဲဒီလို တငြိမ့်ငြိမ့် စီးဆင်းရင်းး

ကိုယ့် ဈာပနကိုယ်ခင်းကျင်း

ဟော့ဒီ ပြာလွင်လွင်ပင်လယ်ခံတွင်းထဲ

(တစ်စတစ်စ) စိမ့်ဝင်ခါးသက်ခဲ့တော့တယ် ။ ။


မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, March 17, 2010

“မျောက်စိတ်တို” မေးသော မိုးကုတ်သား (စနေသား) ရဲ့ “ခုတလော”




“ခုတလော” ဆိုတာကို “မျောက်စိတ်တို” တက်ဂ်လာလို့ ရေးမယ် ကြံတော့မှ အရင်က “စနေသား နဲ့ ခုတလောများ....” ကို သွား သတိရတယ်။ အဲဒီထဲက “ခုတလော” တွေနဲ့ အခုလက်ရှိ “ခုတလော” တွေက မတူကြတော့ဘူး။ အင်း.. ဒါကြောင့်လဲ ကျွန်တော်က အပြောင်းအလဲ များတယ် သတ်မှတ်ခံရတာ မဆန်းပါဘူး..။ တကယ်တမ်းကတော့ အရာရာတိုင်းက စက္ကန့်နဲ့အမျှ ပြောင်းလဲနေကြတာ မဟုတ်လား..။ တရားသဘောနဲ့ လိုရာဆွဲပြောပါတယ်....။ ဟဲ... ဟဲ..။

လက်ရှိ “ခုတလော” မှာ ကျွန်တော် ဘာတွေလုပ်၊ ဘာတွေတွေးပြီး.. ဘာတွေ ဖြစ်နေပါလိမ့်။ တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် ပြန်မစဉ်းစားတာ ကြာပြီ။ လူနဲ့စိတ်နဲ့....အင်း..... ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အခန့်မသင့်လို့ ခွာပြဲနေတာလဲ ကြာပေါ့။ “မျောက်စိတ်တို” လက်တို့မေးမှ လူနဲ့စိတ်နဲ့ ပြန်ပေါင်းဖက်ဖို့ သတိရတော့တယ်။ အဲဒီအတွက် ကျေးဇူးပါ..။


“ခုတလော”

တွေးမိနေတာက

ကိုယ် နားမလည်နိုင်တဲ့ ကိုယ့်စိတ်တွေအကြောင်းပါ။ စိတ်တွေ အလိုလိုက်တာ များပြီ..။ ဖြစ်သင့်တာ.. လုပ်သင့်တာထက်.. ကိုယ့်စိတ်ပျော်ရွှင်မှုတွေနောက်သာ တတမ်းတမ်းစွဲလိုက်နေရင်း.. ပျော်ရွှင်လိုက်.. ဝမ်းနည်းလိုက်....။ တွေးကြည့်မိတော့.. အရာအားလုံးက အကောင်းအဆိုး ဒွန်တွဲနေကြတာချည်းပဲ..။ စိတ်ပျော်ရွှင်မှုနောက် လိုက်ချင်ရင် စိတ်ဆင်းရဲမှုတွေကိုလဲ ကြုံရ၊ လက်ခံရမယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လာအောင် ကြီုးစားလို့ မရတဲ့ တစ်ချို့သော ကိစ္စတွေမှာ.. လက်လွှတ်သင့်တာ.. လက်လွှတ်ရမယ်။ လောဘသိပ်မကြီးနဲ့။ အပျော်အပါး မမက်နဲ့..။ အဲဒီလို ကိုယ့်ဘာသာ သတိ ခဏခဏပေးဖို့ တွေးနေမိတယ်။

နောက်တစ်ခုက.. လူတွေကို ကိုယ်ကချည်းပဲ ချစ်ခင်နေရရင် ကျေနပ်နေတတ်ခဲ့တဲ့ ကျွန်တော် ဟာ... ခုတော့...... တစ်ဦးတည်း.. တစ်ယောက်တည်းဆီက အချစ်ခံရဖို့..၊ တန်ဖိုးထား၊ မြတ်နိုးမှုကို .... ငတ်မွတ်နေတတ်သူ တစ်ယောက်အဖြစ် ဘာတွေက ပြောင်းလဲသွားစေတာလဲ..။ တွေးမရတာကို ထပ်.. ထပ် တွေးနေမိတယ်..။


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

“အချစ်မှာ ကျွန်တော်က အတ္တကြီးတယ်” တဲ့..။


ကျန်းမာရေး

လူက ကျန်းမာတယ်။ စိတ်ကတော့ မကျန်းမာဘူး.. (ဆေးရုံတော့ မတက်ခိုင်းကြနဲ့။...။ ကိုယ့်ရောဂါအတွက် ပျောက်စေဆရာ ရှိတယ်.. ဟဲဟဲ)

ဖတ်ဖြစ်နေတာက

ကိုယ့်စိတ်ကိုယ်...။ ခုတလော ထူးထူးဆန်းဆန်း.. မကြုံဖူးတာတွေ သူ့ထဲက ထွက်ထွက်လာလို့..။ (သို့သော်.. ဖတ်သာဖတ်တယ်..။ နားမလည်...။)

ဒီနေ့မနက် ဖတ်ဖြစ်တာက ဥယာဉ်မှူးလေး ဇက် ရဲ့ “ဟာသနဲ့ဆန့်ထွက်တွေးခြင်း (၂)” ပါ။ ရင်ဘတ်ထဲ ရောက်လာတဲ့ ဇက် ရဲ့ အတွေးတွေကို ဒီကနေ မျှပေးချင်ပါတယ်။

လူနာ ။ ။ ဆရာ ... ကျွန်မ ကော်ဖီသောက်တိုင်း မျက်လုံးအောင့်တယ်။
ဆရာဝန်။ ။ ဇွန်းကို ဖယ်ပြီးသောက်ပါ။

.... ဟာသက တိုတိုလေးပဲ ...။ ဒါပေမယ့် အရှည်ကြီးတွေးမိတယ်။ ဇွန်းမဖယ်ဘဲ သောက်ခဲ့တဲ့ ကော်ဖီခွက်တွေနဲ့ တူတဲ့ တခြားအရာတွေ။ ... အဲဒီတုန်းက ဒီဟာသကို တစ်သက်လုံး မှတ်မိနေမယ်လို့ မသိခဲ့သေးဘူး။ ဒါပေမယ့် ဒီဟာသရဲ့ လွှမ်းမှိုးမှုက တော်တော်လေး ရှိခဲ့ပါတယ်။ သူငယ်ချင်း တစ်ယောက်လည်း ဒီဟာသကို အရမ်းကြိုက်ပါတယ်။ သူ စိတ်ညစ်စရာ မဟုတ်တာကို စိတ်ညစ်နေတဲ့ အခါတိုင်းမှာ "ဇွန်းဖယ်လိုက်ပါ" လို့ပြောပြီး သတိပေးလေ့ ရှိပါတယ်။ .... ဒီဟာသလေးဟာ တကယ်ပဲ အသုံးဝင်ခဲ့ပါတယ်။ ... ဒီနေ့လည်း ဟာသလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

ကုန်စုံဆိုင်ဖွင့်ဖူးတဲ့ ဆရာဝန်ကြီးတစ်ယောက်ဟာ အံ့မခန်း ကုသမှုတွေကြောင့် နာမည်ကြီးနေတယ်။
အဘွားအိုတစ်ယောက် တောင်ဝှေးကို ကိုင်ပြီး တုန်ချိတုန်ချိနဲ့ ကုသခန်းထဲ ဝင်သွားတယ်။ မကြာဘူး မတ်မတ်ကြီး ပြန်လျှောက်ပြီး ထွက်လာတယ်။ ကုသခံဖို့ထိုင်စောင့်နေတဲ့ သူတွေက ၀ိုင်းမေးတယ်။
ဆရာကြီးက အဘွားကို ဘယ်လို ကုပေးလိုက်တာလဲ ။
"အော် တောင်ဝှေးပိုရှည်တာ လဲပေးလိုက်တယ်လေ"

အဲဒါလေးဖတ်ပြီး တော်တော်သဘောကျနေပါတယ်။ တစ်ခါတစ်ခါ ထင်ထားတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက ကိုယ့်ရဲ့ တောင်ဝှေးအပုလေးပဲ။ အဲဒီ တောင်ဝှေးအပုလေးကြောင့် ခါးကိုင်းနေတာမျိုးဖြစ်နေတတ်တယ်။ စိတ်ထဲမှာ ကိုင်ထားတဲ့ တန်ဖိုးထားမှုတွေဟာ အဘွားအိုကိုင်ထားခဲ့တဲ့ တောင်ဝှေးပုလေးတွေဖြစ်နေတတ်တယ်။ ကိုယ့်ဒုက္ခကိုယ်ရှာထားသလိုမျိုး တန်ဖိုးထားမှု အလွဲတွေကြောင့် ကိုယ်ပဲပင်ပန်းတယ်။

ဒီနေ့ရော သင်စိတ်ချမ်းသာရဲ့လား။ တောင်ဝှေး ပိုရှည်တာလဲကြည့်ပါလား။

Z


ရောက်နေတဲ့နေရာက

ကိုးဆယ့်ရှစ်ဖြာသော မင်္ဂလာနဲ့ ပြည့်စုံတဲ့အရပ်... ဘုံ သုံးရာ့ကိုးခု ရဲ့ ခုနှစ်ထပ်မှာ ရှိတယ်..။ (ဘယ်လို မင်္ဂလာတွေလဲ လာမေးကြရင်တော့.... ဒွတ်ခ...)


မုန်းနေမိတာက

ကိုယ့်ကိုယ်ကိုယ်...။


ချစ်နေတာက

အရာရာ.. အားလုံးကို... (ကိုယ့်ကိုယ်ကိုယ်မှ လွဲ၍)


စိတ်ပျက်နေမိတာက

အင်း.. အဲတာလဲ ကိုယ့်ကိုယ်ကိုယ် ပဲ...။


နားထောင်နေမိတဲ့သီချင်း

တစ်ပုဒ်ထဲ.. မပြောင်းမလဲ..... (သီချင်းတော့ မဟုတ်ဘူး)


တမ်းတနေမိတာက

အိမ် ထမင်း.. ဟင်း...။ (ရုံးတက်ရက် နေ့လည်ဖက်တွေကျ ခါတိုင်း.. စားနေကျ.. ဆိုင်က အစားအသောက်တွေ စားလို့ မျိုမကျတော့လို့)


စွဲလမ်းနေမိတာက

ဝက်ကမ် (web cam) လေးထဲက ပုံရိပ်တစ်ခု...။


မေ့လျှော့ပြစ်နေတာက

အချိန်တွေလေ...။ သိပ်မြန်မြန်ဆန်ဆန် ကုန်နေတာ သိသိကြီးနဲ့ မေ့.. မေ့.... ထားမိတယ်။


လိုအပ်နေတာက

ပိုက်ဆံ (လ မကုန်ခင် သူက အရင် ကုန်ကုန်သွားလို့)
နားလည်မှု (လွဲလွဲ နေတတ်လို့)


စားဖြစ်နေတာက

ချစ်ညီ..၊ ညီမလေးတွေ ဖျော်တိုက်တဲ့ ကော်ဖီ ရယ်... ချက်ကျွေးတဲ့ ထမင်း၊ ဟင်းတွေ..ရယ်..။


လွမ်းနေမိတာက

အင်း..... အဲတာကလဲ...... ဝက်ကမ် (web cam) လေးထဲက ပုံရိပ်တစ်ခု... ပါပဲ.....။
(အရင်လို အဖေ၊အမေ. မိသားစု.. ၊ အိမ်ရှိရာ ကျွန်တော် ချစ်လှစွာသော မြို့ကလေးကိုလည်း လွမ်းဆဲ.. လွမ်းမြဲ.. ပါ...)


သနားနေမိတာက

သနားသင့်၊ သနားထိုက်သော အရာ အားလုံးးးးး.... (ကိုယ့်ကိုယ်ကိုယ် မပါ)


တောင်းမိတဲ့ဆု

သတ္တ၀ါ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျကြပါစေ။ (အဲတာကတော့ ဘယ်တော့မှ မပြောင်းလဲဘူး...။ အပြောင်းအလဲ များတယ် လာမပြောနဲ့။ ဒီတစ်ချက်နဲ့ ကြေပြီ..)


ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

((((((((((((((((((ချစ်တယ်)))))))))))))))))))))))


ကြိတ်ပြီး ချီးကျုးနေတာက

ကိုယ် ယုံကြည်ရာ လမ်းကို ဇွဲ မလျှော့စတမ်း၊ ရိုးသား မြင့်မြတ်စွာ လျှောက်လှမ်းနေကြသူများ။ (အဲတာလဲ မပြောင်းမလဲ...)


ကြိတ်ပြီးအထင်သေးနေမိတာက

မရှိပါ (ဒါလဲ မပြောင်းမလဲ... လူအားလုံး...၊ အရာ.. အားလုံးဟာ သူ့ တန်ဖိုးနဲ့သူ.. ရှိနေခဲ့ပြီးသား... အဲတာကို... မြင်တတ်ဖို့ပဲ လိုတယ်)


ဝန်ခံချင်တာက

မျောက်စိတ်တို ချီးပေါက်ရုံမက.. အခန့်မသင့်လျှင် သူ၏ နှပ်ချေးလုံးစာ မိမည် စိုးသောကြောင့် “ခုတလော” ကို အမြန် ရေးရပါသည်။ ကျေနပ်နိုင်ပါစေ..။


မေတ္တာဖြင့်
မိုးကုတ်သား

Friday, March 12, 2010

"မိုးမိသွားသော ရေ နည်း ငါး "



“မိုးမိသွားသော ရေ နည်း ငါး”


မနေ့ညလယ်လောက်က မိုးတော်တော်ရွာထားသဖြင့် တောင်ကျစမ်းချောင်းတလျောက်မှာရှိတဲ့ ဇလုပ် (ရုတ်တရက်နိမ့်ဆင်းသွားတဲ့ ရေစီးကြောင်းမှ ချိုင့်) တွေမှာ ဗြုံးတွေတော်တော်လေး တင်ကျန်နေရစ်မှာသေချာသည်။
ဒီလိုနေ့မျိုး ဖိုးချို အရမ်းပျော်သည်။ ဇလုပ်တစ်ခုကို ဗုဒ္ဓေါ (ဝါးဖြင့်ရက်ထားသော ကျောက်ဆေးဇကာ) လေးငါးဇကာလောက်ရနိုင်သည်။ ခါတိုင်းလို တနေကုန်အောင်အဝေးကြီးလျောက်ပြီး ဗုဒ္ဓေါ ဆေးစရာမလိုတော့။
မိုးအေးနေလို့ထင်သည်။ ခါတိုင်းလို ဗြုံးလုဆေးမဲ့ ရွယ်တူကလေးတွေလဲမရှိသဖြင့် စိတ်ကြိုက် တစ်ယောက်ထဲ ဆေးနေရုံသာ။ တောင်စောင်းတလျောက်ဖြတ်စီးလာသော သည်စမ်းချောင်းလေးက သူတို့ မြေးအဖွားအတွက်
အတော်အသင့် ဝမ်းစာဖြေရှင်းပေးနေနိုင်ခဲ့သည်။ ညကမိုးကြောင့် စမ်းချောင်းမှ ရေတို့ လက္ဘက်ရည်ရောင်ဖြစ်နေ၏။ ဆောင်းတွင်းက ဝါထိန်နေအောင်ပွင့်ခဲ့သော တောင်နေကြာတို့ အစား တံမြက်စည်းပင်တို့ အပြိုင်းအရိုင်းမင်းမူနေသည်။
ဝတ်ထားသောစစ်အင်္ကျီပွပွအောက်ပိုင်း ရေစိုနေရာကို လုံးပြီးရေညှစ်လိုက်ကာ ဇလုပ်ထဲမှ လက်ကျန်ဗြုံးကို နှိုက်ကာ ဗုဒ္ဓေါထဲ သဲ့ယူလိုက်သည်။ ဒီတဝိုင်းဆေးပြီးလျှင် ဇလုပ်မှာ လက်ကျန်ဗြုံး မရှိတော့ နောက်ဇလုပ်တခုပြောင်းရမည်။
ငါးမူးတင်အညံ့ပန်း လေးငါးပွင့်သာ ရသေးသည်။ နောက်ဆုံးဇကာ လှည့်ပြီးတော့လဲ ကလပ်တင် (မိုးကုတ်တွင်းထွက်များ ရတီနှင့်မတွက်ပါ) မျောတပွင့်သာပါသည် (အဖြူရောင်ကျောက်)။ ထိုမျောမှာလဲ အခိုးသာပါပြီး ကြိုးမပါတော့ အသုံးမတည့်လှ။ သူသက်ပြင်းချရင်း ဇကာမှောက်ထားတဲ့ သဲပွင့်တွေပေါ် ထိုင်ချလိုက်သည်။

“ဝေ့ ...လျှိုအောက်ကဖိုးချိုလား” မောမောနှင့်ထိုင်နေရင်း တောင်အီအီစဉ်းစားနေခိုက် တောင်စောင်းပေါ်မှ အော်ခေါ်သံကြောင့် မော့ကြည့်လိုက်သည်။ ရှမ်းသံဝဲဝဲနှင့် ကုန်းဆင်းလေးအတိုင်းဆင်းလာသော ကိုကြီးစိုင်းပီ ကိုတွေ့လိုက်ရသည်။

“ကြိုးစားလှချည့်လား ဖိုးချိုရဲ့ နေတောင်ကောင်းကောင်းမထွက်သေးဘူး”

“တတ်နိုင်ဘူး ကိုကြီးရာ အဖွားက ဈေးမထွက်နိုင်ဘူး ညကလဲ မိုးကြမ်းထားတော့ သူများ လုပ်ကွက်တွေက ဗြုံးတွေပိုပြီး ပါလာမှာပဲဆိုပြီး စောစောထွက်လာတာ...လုဆေးစရာလဲမလိုတော့ဘူးပေါ့”

“မင်းဆေးထားတာ တော်တော်များနေပြီပဲ ဘာတွေရပြီလဲ” သူဆေးထားသော သဲဖတ်ပုံကြည့်ရင်း ကိုကြီးစိုင်းပီ သူ့ဘေးဝင်ထိုင်လိုက်သည်။

ပြန့်ပြန့်လေးဖြစ်နေသောကျောက်တုံးပြားပေါ်တင်ထားသည့် ကျောက်ပွင့်လေးများကို မေးဆတ်ပြရင်း

“ဒါပဲရသေးတယ် ကိုကြီးရာ..ထာပွဲ အမှီ ထမင်းစားကျောက် အစင်လေးတပွင့်လောက် ရချင်တယ် ။ အဖွားက မနေ့ညက တညလုံးချောင်းတွေဆိုးနေတာ” (ကျောက်အရောင်းအဝယ်လုပ်သည့် ဌာနပွဲ ကို ထာပွဲဟုခေါ်သည်)

“အင်း...ငါလဲ ညနေကျရင် မင်းတို့တဲဖက်လာခဲ့ပါဦးမယ်ကွာ” ကိုကြီးစိုင်းပီ သက်ပြင်းချလိုက်သံ သူကြားဖြစ်အောင်ကြားလိုက်၏ ။

“ကိုကြီး ဘယ်အချိန်လောက် ပြန်မှာလဲ”

“ဘာလဲ မင်းအတွက် မြက်တစီး ပိုဖြတ်ထားပေးရမှာလား...အေးပါကွာ မင်းအဆင်မပြေတော့ တောင်စောင်းဖက်တက်လာပေါ့..လုပ်လုပ်..မင်းဗြုံးဆက်ဆေးနေ ငါမြက်ဆက်ဖြတ်လိုက်ဦးမယ်”

စကားဆုံးတော့ ကိုကြီးစိုင်းပီ ထိုင်နေရာမှထပြီး တောင်စောင်းပေါ်ပြန်တက်သွားသည်။ တကယ်လို့ ကျောက်မပွင့်လဲ ကိုကြီး ဖြတ်စည်းထားတဲ့ မြက် (နွားစားတဲ့မြက်မဟုတ်ပါ...လေးပင်တွင်းတူးရာတွင် နံရံမှ ကြံဖတ်မြေကြီးများ ကွာမကျအောင် သစ်သား၊ဝါးတို့ကြားတွင် ကပ်ပြီးညှပ်ရသော၊ ရေထိလျင် အလွယ်တကူမပုပ် မဆွေးသောသစ်ရွက်) တစ်စည်းထမ်းကူလျှင် ဆန်တစ်ဘူးစာလောက်တော့ရမည်၊ ဘာဖြစ်ဖြစ် တွင်းပစ္စည်းများရောင်းသော ကိုကြီးက သူ့တနိုင်အတွက် တန်ရာတန်ကြေးထက် ပိုပေးမှန်းသူသိသည်။

ဖိုးချို ကိုကြီးစိုင်းပီကိုချစ်သည်။ ဘယ်လိုမှ မတော်စပ်ပါပဲနှင့် သူ လူမှန်းသိကတည်းက အတန်အသင့် ပြေလည်သော ကိုကြီးစိုင်းပီက သူတို့မြေးအဘွားကို တတ်နိုင်သမျှ ကြည့်ခဲ့သည်။ တစ်ခါတရံ သူ့နှင့်ရွယ်တူ ကောင်လေးတွေဝိုင်း အနိုင်ကျင့်လျှင်လဲ သူ့ဖက်ကရပ်တည်ပေးသူမှာ ကိုကြီးစိုင်းပီ တစ်ယောက်ထဲသာရှိသည်..။ အဖွားပြောပြောနေတတ်သည့် သူ့ဘဝက ရေနည်းငါး တစ်ကောင်သာသာ။ အမှန်တော့ ဆိုလိုရင်းကို အတိအကျသူမသိ ။

သိလောက်အောင်လဲ အတန်းစာလောက်လောက်ငှငှသူမသင်ခဲ့ရ။ ဟင်းကနဲ သက်ပြင်းမောချလိုက်ရင်း စမ်းချောင်းအထက်ဖက် နောက်တနေရာပြောင်း ဖို့သူပြင်လိုက်သည်။ နေရောင်က မြူတွေကြားက ခုထက်ထိရုန်းမထွက်နိုင်သေး။

.........


ဖိုးချိုတို့အရင်အိမ်က မိုးကုတ်မြို့၏ အစွန်ဆုံးရပ်ကွက် မိုးမိတ်အထွက် ကာလမ်းဘေးက လည်ဦး ကျေးရွာအပိုင် ကြေးနီတောင်အောက်ခြေမှာဖြစ်သည်။ ဖိုးချိုအဖေက သပိတ်ကျင်းဇာတိ၊ မိုးကုတ်မှာကျောက်လာတူးရင်း ဖိုးချိုအမေနှင့် အိမ်ထောင်ကျပြီး မိုးကုတ်မှာပဲ နေဖြစ်ရင်း သူ့ကိုမွေးခဲ့သည်။ တနယ်သား အဖေက ကျောက်တွင်းမှ ရသော အောက်ကျောက်လေးများ ထာပွဲတွင်ရောင်းရင်း ထာပွဲ အရောင်းအဝယ်ထွက်သည့်အမေနှင့်ဆုံပြီး ညားခဲ့ကြသည်ဟု အဖွားပြော၍ သိခဲ့ရသည်။ သူငယ်ငယ်က အမေ ထာပွဲကပြန်လာလျှင် သူ့အတွက် စားစရာတစ်ခုခုတော့ပါလာမြဲ။ အမေကိုင်သော ကျောက် က အစပ်ထုပ် (တစ်ကာရက် လေးပွင့် ၊ ငါးပွင့် ရှိ အောက်အရပ်သုံး ခြယ်ကျောက်)။ စားသောက်ဖို့ လောက်ငှရုံသာ အမြတ်ရ၏။ သူဌေးဖြစ်ဖို့ အဖေ့ တွင်းလုပ်နေခြင်းအပေါ်သာ မရေမရာ အားထားနေရသည်။ အဖေက အဖွား(အမေ့ အမေ ) အပါအဝင် သူတို့မိသားစုအပေါ် ရိုးသားစွာ လုပ်ကိုင်ရှာဖွေကြွေးခဲ့သည်။ အဖေ သူ ၆ နှစ်သားလောက်မှာ ကျောက်တခါအောင်တော့ ရွာထိပ်နာကအိမ်လေး ဝယ်ပြီး အခြေချခဲ့သည်။ အမေ ကလဲ အရင်းအနှီးရှိလာတော့ တဆင့်တက်ပြီး ပွင့်ကောက်(ကလပ်တင်ကျောက်) ကိုင်သည်။

လူမှန်းသိတတ်စ ဖိုးချိုဘဝက အစစအရာရာအဆင်ပြေနေခဲ့သည်။ မိသားစု ပျော်ရွင်စရာဘဝလေး ခုချိန်ထိသူမှတ်မိနေဆဲပါ။

မိုးတွေးသဲသဲမဲမဲရွာတဲ့ ညတစ်ည ဖိုးချိုရင်ထဲ ဒီနေ့ထက်ထိ ဘယ်လိုမှမေ့မရ။နုနုနယ်နယ် သူ့နှလုံးသားထဲ ခုထက်တိုင်စွဲနေတုန်းလေ...။ အဖေ ပြန်မလာတော့ဘူးဆိုတာ မယုံချင်သေး၍ ရပ်ကွက် လမ်း ကွေ့ကောက်ကောက်ကို အထက်စီးမှ မြင်ရသည့် ဥမင်ရေထွက် တောင်စောင်းပေါ် ၁၁နှစ်သား အရွယ် ခုချိန်ထိ တက်မျှော်နေတတ်တုန်း။ စိန်နားပန် ချုံတော စပ်က တောင်စောင်းမှာ အကြာကြီး ထိုင်စောင့်နေမိတတ်သည်။ လေတွေတိုက် မိုးတွေ တဖွဲဖွဲကျပြီး နုတ်ခမ်းတွေ ပြာလာတဲ့အထိ အအေးဒဏ်ကို ကြိတ်မှိတ်ခံရင်း အဖေ့ကိုမျှော်ရသည်က ဖိုးချို ရဲ့ အလုပ်တခု။ အဖွားဖြစ်ဖြစ် ကိုကြီးစိုင်းပိ ဖြစ်ဖြစ် လိုက်ခေါ်မှ အိမ်ပြန်ဖြစ်တာ သူ့ဘဝရဲ့ ရေးစရာမလိုတဲ့ မိုးတွင်းမှတ်တမ်း။

ဓတ်တော်တောင်မှာ တောင်ပြိုပြီး တွင်းပိ သေသွားတဲ့လူ ၂၀၀ ကျော်ထဲမှာ အဖေတစ်ယောက်လဲ ကံဆိုးစွာ ပါသွားခဲ့သည်တဲ့။

အဖေဆုံးပြီး တစ်နှစ်လောက်အတွင်းမှာတင် ဖိုးချိုတို့အိမ်ရဲ့ အခြေအနေက တော်တော်လေးယိုင်လာသည်။ အမေ ခါတိုင်းလို ထာပွဲအပြန် ဝယ်လာသော သူ့အတွက်မုန့်တွေက ရက်ခြားလာသလို အရေအတွက် နဲနဲလာသည်။ ဒီကြားထဲ အဖွားကပါလူကြီးရောဂါနှင့် တရှောင်ရှောင်။ နောက်ဆုံးအဖြေက သူ ၃ တန်းနဲ့ ကျောင်းထွက်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အဲသည်ကာလတွေမှာ ညနေ အမေအပြန်ကို တောင်စောင်းလေးပေါ်က သူတက်စောင့်နေခဲ့ သည်။

.........


မှတ်မှတ်ရရ မိုးတွေရွာနေတဲ့ တညနေမှာပဲ အိမ်ဘေးအိမ်က လီရှောမကြီးက အဖွားဆီလာပြီး အမေ မန္တလေးဆင်းရင်း နောက်ယောင်္ကျားယူသွားပြီ ဟုသတင်းလာပေးသဖြင့် ဖိုးချိုမီးဖိုချောင်ထဲ ဆန်ဆေးနေရင်း အဖွားနှင့် လီရှောမကြီးတို့ ပြောနေတာတွေကို ကြားနေရသည်။ လီရှောမကြီးထွက်သွားတော့ အဖွား အိမ်ရှေ့က မီးပုံဘေးမှာ ငိုင်နေရင်း မျက်ရည်တွေ ကျနေသည်ကို သူ မီးဖိုချောင်ပေါက်မှ ရပ်ကြည့်နေမိသည်။ အဖွားရိုက်နေတာ အတော်ကြာတော့ အဖွားကို သနားပြီး၊ အဖွားကို နောက်ကျောမှဖက်ရင်း
“အဖွားရယ် ငိုမနေပါနဲ့ အမေ နောက်ယောင်္ကျားယူသွားလဲ သားတို့နဲ့ အတူတူပြန်လာနေမှာပဲဟာ” ဟု ကလေးအတွေးနဲ့ ပြောခဲ့တော့ နောက်ဖက်မှ ဖိုးချိုကိုလှည့်ပြီး ရင်ခွင်ထဲပိုက်ပွေ့ရင်း “သားအမေဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး” ဟူသောစကား ပြောခဲ့သည့်နောက်ပိုင်း အဖွား အမေ့အကြောင်း လုံးဝမပြောတော့။

ဖိုးချိုမှာသာ အဖေနှင့် အမေ ပြန်လာတာ မျှော်နေကျဖြစ်သည့် တောင်စောင်းလေးပေါ် တက်တက်ပြီး မျှော်နေတတ်သည်။ အမေထွက်သွားပြီး ၆ လလောက်နေတော့ အဆင်မပြေတာနဲ့ အဖေအမေတို့နှင့် အတူနေခဲ့တဲ့ အိမ်လေးကိုရောင်းပြီး အဖွားနှင့်သူ တောင်ယာခင်းစပ်နားကေ တာလေးထဲမှာ တဲထိုးပြီးနေလာခဲ့တာ သူဒီအရွယ်ထိပါပဲ။ အိမ်ပြောင်းတော့ “သားတို့ဒီအိမ်မှာမနေရတော့ဘူးပေါ့နော်” ဟုသူပြောတော့ အဖွားက သူ့ခေါင်းလေးကို အသာပွတ်နေခဲ့သည်။

ယာခင်းနားက တဲလေးမှာနေရင်း ထမင်းတစ်လုပ်အတွက် အဖွားက သူများယာထွက်သီးနှံတွေ ရောင်းရင်း သူ့ကို စောင့်ရှောက်ခဲ့သည်။
သူ ၁၀နှစ်သားရောက်တော့ အဖွားပင်ပန်းသည့်ဒဏ် မခံနိုင်တော့၍လား၊ အသက်အရွယ်ကြောင့်လား မသိ တရှောင်ရှောင်ဖြစ်လာသည်။ အဖွား ဈေးရောင်းထွက်လိုက် မထွက်လိုက် ဖြစ်လာတော့ စားဝတ်နေရေး ကျပ်တည်းလာတာ သိသာလာသည်။ ထို့ကြောင့် သူငွေရှာမှဖြစ်တော့မည်။ ရွာထဲက သူ့ထက်ကြီးသော ကလေးတွေ ဥမင်ရေထွက် တောင်ပေါ်တက်ပြီး ကျောက်သွားဆေးကြတာ၊ အနဲဆုံးတော့ ထမင်းစားကျောက်လောက်ရနေကြတာ၊ ဟိုတလောက ရွာထဲက ဖိုးသားဆိုသောကောင်လေး ဗုဒ္ဓေါဆေးရင်း သိန်းကျောက်တစ်ပွင့် ရသွားတာ သူသိရသည်။ အဖွားပြောတဲ့ စကားအရ မိုးကုတ်က ထွက်တဲ့ ကျောက်တွေထဲမှာ ဒီဥမင်ရေထွက်က ထွက်တဲ့ကျောက်က ကျောက်သားအကောင်းဆုံး။ ဒါပေမဲ့ ကျောက်ဘယ်လောက်သေးသေး ဂေါ် သို့မဟုတ် ဂေါ်ကြိုး (ကျောက်သားထဲမှာပါသော အဖြူရောင်အနှစ်၊ ကြယ်ပုံစံပြေးနေသောကြိုး) ပါနေတတ်သည်တဲ့။ အမှန်က သူ ဇကာ မလှည့်တတ်ပါ၊ အဖွားပြောတော့ ဆန်ရွေးတဲ့အခါ စကောလှည့်တာနဲ့ တူတယ်၊ သာမန်သဲ ကျောက်စရစ်ခဲတွေထက် လေးတဲ့ ကျောက်တွေက ဇကာအလယ်အောက်ခြေမှာလှည့်ပါများတော့ စုစုလာပြီး ဇကာပြောင်းပြန်လှန်ပြီး မှောက်ချလိုက်တဲ့အခါ အလယ်အပေါ်ဆုံးမှာ ရောက်နေခြင်းဖြစ်သည်။ တပတ်ကျော်လောက်ကြာတော့ သူ လက်အလိုက်သင့်ပြီး ကောင်းကောင်းတတ်လာသည်။ ခြေထောက်မှာ ကနယ်(ရွံ့စေး) ကိုက်ပြီး တနေကုန် ခါးကုန်း ဇကာလှည့်နေရသောကြောင့် ခါးနာတာကလွဲ၍ ထမင်းစားကျောက်ပင်မရခဲ့။ ဒါကလဲ သူများတွေ ဆေးတဲ့အောက်ပိုင်းမှာ လုပ်လို့လဲဖြစ်နိုင်သည်။

အဖွား ချောင်းတွေဆိုးပြီး အိပ်ရာထဲလဲနေတဲ့ ရက်မှာ သူ မနက်အစောကြီးထပြီး တွင်းတော (ကျောက်တူးသည့်လုပ်ကွက်) အပေါ်ဖက် တောင်တဝက်လောက်အထိ တက်ပြီး ကျောက်ဆေးတော့ နေ့လည် ၂ နာရီလောက်မှာတင် ပန်းရည်တက် ကျောက်လေး ၃ပွင့် ရခဲ့သည်။ သူအပြန်လမ်းမှာ ကျောက်လိုက်ကောက်တဲ့ အမကြီး၂ယောက်နဲ့တွေ့တော့ ရောင်းလိုက်တာ တစ်ထောင်ကျော်ကျော် ရသည်။ ကျောက်ရောင်းရသော ငွေလေး တစ်ထောင်ကျော်ကို အဖွားလက်ထဲ အပ်ရသောနေ့က သူအလွန်ပျော်ခဲ့သည်။ အဖွားကိုလည်း ပြန်လုပ်ကျွေးလို့ရပြီဟု တွေးရင်း သူပျော်နေခဲ့သည်။ ဘာဖြစ်ဖြစ် သူတို့မြေးအဖွားရဲ့ စားဝတ်နေရေးက သူ့အပေါ် လုံးလုံးမဟုတ်တောင် ခပ်များများ ရောက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကိုကြီးစိုင်းပီက အဲသည်နေ့ညမှာ အိမ်ကို ခေါပုတ်ကင်လာပို့ရင်း သူကျောက်ရတာသိသွားတော့ ကျောက်အရွယ်အစား အရည်ပုံစံတွေမေးပြီး ဒေါသတွေထွက်နေသည်။

" တောက်...နားမလည်တဲ့ကလေးတစ်ယောက်ကို လုပ်ရက်လိုက်ကြတာ..ဖိုးချို နောက်ဘာပဲရရ ကိုကြီးကိုလာပြ ကိုကြီးရောင်းပေးမယ်"

“ဟုတ် ကိုကြီး” ဘာဖြစ်ဖြစ် သူပျော်နေခဲ့တာသေချာသည်။

........


ဖိုးချို တောင်စောင်းလေးပေါ်မှ ဆင်းလာတော့ နေလုံးကြီးကအနောက်ဖက်တောင်ထိပ်မှာမေးတင်နေလေပြီ။ ဒီနေ့ အဖေနှင့်အမေကို ဘာကြောင့်မှန်းမသိ အရမ်းသတိရနေမိ၏ ။ ယာခင်းစပ်မှတဲလေးထဲမဝင်ခင် အောက်ပိုင်းရွာထဲမှ ကလေးတစ်သိုက် ဆော့နေတာကို ငေးကြည့်နေမိသည်။ သူ့အမေ ရှိစဉ်တုန်းကတော့ ရွာထဲမှာ ရွယ်တူကလေးများနှင့် မျိုးစုံဆော့ခဲ့တာ အမေ သို့မဟုတ် အဖွား တစ်ယောက်ယောက် လိုက်ခေါ်မှ အိမ်ပြန်တတ်တာတွေ တွေးရင်း အမေ့ကို တမ်းတနေမိသည်။

“သားရယ် ဆော့ချင်ရင်သွားဆော့ပါလား” သူဘယ်လောက်ထိ အတွေးထဲ နစ်နေမှန်းမသိ နောက်ဖက်မှ အဖွားအသံကြားတော့ အသိပြန်ကပ်ကာ အဖွားကိုလှည့်ကြည့်မိ၏။

ဖိုးချို အပြုံးနှင့် ခါလိုက်သော ခေါင်း အဓိပ္ပာယ်ကို အဖွား နားလည်နိုင်လောက်မှာပါ။ ဒီနှစ်ပိုင်းအတွင်း အဖွား တော်တော်လေး ကျသွားတာ သိသာလှသည်။

သူ့စိတ်ထဲ အခုလကုန်ရင် ကိုကြီး စိုင်းပိ စိုက်ထားတဲ့ငွေ ပြန်ဆပ်ဖို့ ပြည့်မှပြည့်ပါ့မလား ဟူသည့်အတွေးက ကြီးစိုးနေသည်။ အရင် ၂ပတ်က အဖွားအတော်လေးနေမကောင်းဖြစ်လို့ ကိုကြီးစိုင်းပိ ဆေးခန်းပြခ ဆေးဖိုးခတွေ စိုက်ထားပေးတာ နဲတာမှမဟုတ်တာ။ ဒီအတိုင်း ဗုဒ္ဓေါ ဆေးနေလို့ကလဲ အသေးအမွှား ကျောက်လေးတွေကလွဲလို့ ကျောက်ကောင်းကောင်း ပွင့်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်မှန်း မိုးကုတ်မှာ ကြီးလာတဲ့သူတိုင်း သိနေတာပဲ။

အပြင်မှာ တွင်းသားလိုက်လုပ်ရအောင်ကလဲ သူက ကလေးသာသာ ဆိုတော့ ဘယ်သူကခေါ်မှာလဲ။ အဖွားကို တွဲခေါ်ပြီး တဲလေးဆီပြန်တော့ နေရောင်က ပြပြလေးသာ ရှိတော့သည်။

......


အေးစိမ့်နေသောလေက ဝါးကပ်လေးထောင်ကာထားသော တဲအပေါက်ဝဆီမှ တိုးဝင်လာနေသည်။ ထင်းမြစ်ဆုံထည့်ထားသော တဲအလယ်မှ မီးပုံကတော့ အရှိန်မကျသေး။ ဖိုးချို ညဦးပိုင်းကတည်းက အတွေးများနှင့် ကောင်းကောင်း အိပ်မပျော်နိုင်။ မီးပုံတစ်ဖက်ခြမ်းမှ အဖွားကတော့ သောက်ထားသော ဆေးအရှိန်ကြောင့် နှစ်ချိုက်စွာ အိပ်မောကျနေသည်။ ထုတ်တမ်းတွင်ချိတ်ဆွဲထားသော ရေနံဆီမီးအိမ်လေး၏ မှိန်ပြပြ မီးရောင်အောက်တွင် ထထိုင်လိုက် ပြန်အိပ်လိုက် နှင့် စိတ်ကမတင်မကျ ဖြစ်နေသည်။ နောက်ဆုံးတော့ သူ ထထိုင်လိုက်သည်။ ဂုန်နီအိပ်တွေကို ထပ်ပြီး ချုပ်ထားတဲ့ ချုံစောင်ကြားထဲ လက်နိုက်ပြီး မကြာခန အဖွားမသိအောင်ခိုးကြည့်ရသော အဖေနဲ့အမေ တွဲရက် ဓါတ်ပုံလေး ထုတ်လိုက်သည်။

တညက အမေ့ပုံလေး သူထုတ်ကြည့်နေတုန်း အဖွားအိပ်ရာအနိုးနှင့် သွားတိုးတော့ အဖွားက ဓာတ်ပုံကို ဒေါသတကြီး ဆုတ်ဖြဲရင်း သုံးလေးရက် သူ့ကိုစကားမပြောတော့။ သူ အဖေနဲ့အမေ ပုံကိုကြည့်ရင်း မျက်ရည်ဝဲလာသည်။

“သား အရမ်းလွမ်းတာပဲ မေမေရယ်...သားဆီဘယ်တော့ပြန်လာမှာလဲ...”

အရွယ်က သိတတ်လာတော့ အဖေ တွင်းပိပြီးဆုံးတာ သူလက်ခံတတ်လာပေမဲ့ အမေ ဆိုတာ အသက်ရှင်ရက်ရှိနေသေးမှန်း သူသိနေသည်။ အမေရှိစဉ်က အဖေကိုမျှော်သော ကမ်းပါးရံလေးက အမေပြန်အလာကို မျှော်စရာအဖြစ်အစားထိုး နေရာယူခဲ့သည်။

“အင်းဟင်း...ဟင်း.. ” အဖွားဆီမှ အိပ်နေရင်း ညည်းသံကြောင့် ကြည့်နေတဲ့ ဓါတ်ပုံလေးကို ပြန်ဖွက်လိုက်သည်။ ထို့နောက် သူ ခြုံထားသည့် ဂုန်နီအိပ်စောင်ကို အဖွားပေါ် ထပ်ခြုံပေးရင်း တဲအပြင်ဖက် ထွက်လိုက်၏။

တမောင်းမောင်းကျနေသော နှင်းတို့က သူ့မျက်နှာကို ကျင်ကနဲနေအောင် ဖြတ်ရိုက်လိုက်သည်။ တဲဘေးနားက မြွေရေခွံအိပ်တလုံး ကောက်ယူရင်း တောင်တက်လမ်းဖက် ထွက်ခဲ့သည်။

.........


ပိတ်နေအောင်ကျနေသာ နှင်းထုက ရှေ့ဖက်ခြေ လေးငါးလှမ်းစာထက် ပိုမမြင်ရ။ ယဉ်ပါးနေကျလမ်း ဖြစ်၍သာ သူ ဆက်သွားနေနိုင်ခြင်း ဖြစ်သည်။

“အဲဒီ အစိုးရပိုင်လုပ်ကွက်က ကျောက်အရမ်းထွက်တာပဲ...ပြီးခဲ့တက်အပတ်ကလဲ ၁၀ ကလပ်(ကာရက်)ကျော် ၆ပွင့်တောင်ထွက်သွားတယ်”

တနေ့က ဗုဒ္ဓေါဆေးရင်း ရွာထဲက လီရှောလေး ဘာသာရပ်(လီရှောနံမည်) ပြောစကား သူ့  နားထဲပြန်ကြားနေမိသည်။ လက်နက်ကိုင် အစောင့်တွေရှိတဲ့ လုပ်ကွက်ထဲ အမှန်က သူမသွားချင် ၊ မသွားရဲပါ...။ ခက်တာက တနေ့တခြား ပိုဆိုးလာတဲ့ အဖွားအခြေအနေက ဆေးခန်းဖြစ်ဖြစ်၊ ဆေးရုံဖြစ်ဖြစ် ပြမှဖြစ်တော့မည်။ ကိုကြီးစိုင်းပိကလဲ သပိတ်ကျင်းဖက် မျောသစ်နှင့် မီးသွေး သွားတိုက်ရင်း သပိတ်ကျင်းမှာ ငှက်ဖျားမိပြီး ဆေးရုံတင်ထားရသည်ဟု သိရသည်။
“သေချင်ရင် စိန်မစားနဲ့ ကင်း၊ ကပိုင် ကိုသွား..အဲတာမှမသေသေး ဝါးဖြူတောင်ကိုပြေး” ဆိုတဲ့ အရပ်စကား အရ ငှက်ဖျားကြမ်းတဲ့ဒေသ ဝါးဖြူတောင်ဆိုတာ သပိတ်ကျင်းနယ်ထဲက ရွှေတောတခုဖြစ်သည်။

သူ့ကို သံယောဇဉ်ကြီးတဲ့ ကိုကြီးစိုင်းပိ မြန်မြန် သက်သာလာပါစေဟုဆုတောင်းမိသည်။

သူ အတွေးတသီတတန်းနှင့် တောင်ပေါ်ဖက်ပိုင်း တက်လာရင်း လူသွားလမ်းမှ ခွဲထွက်ကာ တောင်ကမ်းပါးဖက် တိုးတက်ခဲ့သည်။ စိန်နားပန် ပန်းချုံတွေ တိုးဝှေ့ရင်း တက်လာတာ အစိုးရလုပ်ကွက် မြောတိုက်တဲ့ တောင်ထိပ်ဖက် သူရောက်လာပြီ။ တောင်ကမ်းပါးနံရံကို ရေပန်းရိုက်ထားတဲ့ အသံကို ကြားနေရသည်။ မနေ့ကညနေ အလုပ်သိမ်းကတည်းက ရိုက်ထားတဲ့ ဗြုံးတွေ ခုလောက်ဆို တော်တော် ကြေနေလောက်ရောပေါ့။ လုပ်ကွက်ထိပ်ပိုင်းမှာ သူထိုင်ချလိုက်ရင်း အခြေအနေ ကြည့်လိုက်၏။ သုည နား ကပ်နေသော ရာသီဥတုအောက်မှာ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ စပ်ဖျင်းဖျင်း ဖြစ်လာတဲ့ ပါးပြင်ကို ပွတ်မိတော့ သွေးစလေးတွေ လက်ခုံမှာကပ်ပါလာသည်။ စိန်နားပန်ဆူးတွေ ခြစ်မိခြင်းဖြစ်သည်။ ဗြုံးခွက်ကို လှမ်းမြင်နေရတဲ့ တဖက်ကမ်းပါးထိပ်မှာ မီးရောင်သဲ့သဲ့ကို ပိတ်နေသော နှင်းထုကြားမှာ တချက်တချက် လှမ်းမြင်နေရ၏။ အစောင့်ကင်းတဲမှ မီးရောင်ဖြစ်မည်။

ဒီလောက် နှင်းတွေကျနေတာ မမြင်လောက်ပါဘူး ဟု အားတင်းရင်း ဗြုံးခွက်ရှိရာ ဖင်တရွတ်တိုက် လျောဆင်းလိုက်သည်။

လုပ်ကွက်လျိုထဲ အရောက် ကမ်းပါးရံဗြုံးကျောကို ရိုက်ထားတဲ့ရေပန်းက ရေတွေကို ဘယ်လိုမှရှောင်မရ။ မိနစ်ပိုင်းအတွင်း မေးရိုက်သံ တဂတ်ဂတ်ပေါ်လာသည်။ ရေနူးနေသော ဗြုံးတွေထဲ နင်းချလိုက်တော့ စစ်ကနဲ ခြေဖဝါးက နာသွားသည်။ မုကျောက်ရှသွားပြီဟုသိလိုက်သည်၊ မတတ်နိုင်။ မြင်မှမမြင်နိုင်တဲ့ကိစ္စ ဟု ဖြေတွေးလိုက်သည်။ (မုကျောက်=ငုကျောက်၊ ကြီးကြီးသေးသေး ဆနွင်းမကင်း ပုံအသွားထက်သော စောင်းများပါသည့် ကျောက်ဖြူ)

မြွေရေခွံအိပ်ထဲ ဇလုပ်ခွက်မှ သဲဖတ်တွေ အမြန်ဆုံး ကျုံးထည့်သည်။ ထုံကျင်လာသောခြေလက်တွေထက် စိုးရိမ်စိတ်က အသက်ရူပိုကျပ်လာသည်။

အိတ်ပြည့်တော့ အိတ်အဝ စုချည်းပြီး ပခုံးပေါ် တင်လိုက်သည်။ အိတ်က ကြွမတက်လာ။ သူအိတ်ထဲမှ ဗြုံးတစ်ဝက်လောက် ပြန်ထုတ်လိုက်ပြီး ထမ်းတာတောင် တော်တော်အားစိုက်မှ ပခုံးပေါ် ရောက်တော့၏။ အဆင်းတုန်းက လျောဆင်းလိုက်ရုံ ကမ်းပါးရံက ပြန်အတက်မှာ အိတ်ပါပါနေသဖြင့် တော်တော် တက်ယူရသည်။ ခဏခဏ လဲနေသဖြင့် စိန်နားပန်ဆူးချုံတွေနဲ့ မကြာခဏ ခြစ်မိသည်။ အကာအကွယ်မဲ့ ခြေလက်မျက်နှာတွေ ခြစ်ရာစင်းကြောင်း တွေ ကြည့်မကောင်းအောင် ပြည့်နေသည်။ ကမ်းပါးထိပ်ရောက်တော့ သူ အတော့ကိုမောနေပြီ။ အထုတ်ဘေးချပြီး ထိုင်ရုံရှိသေး “ဖေါင်း”ကနဲ ဂျီတူး သေနပ်သံက သူ့ခပ်လှမ်းလှမ်းမှ ရွှီကနဲ ဖြတ်ပြေးသွားသည်။ ရမ်းပစ်တာလား ခြောက်ပစ်တာလား သူမစဉ်းစားနိုင် အထုတ်ထမ်းရင်း ဆူးခြုံတွေကြား တိုးကာ အိမ်ဖက် အမြန်ပြန်လာခဲ့သည်။

...........


ကိုကြီးစိုင်းပိ ယူလာသော မုန်ညင်းပေါင်းကို ယူလိုက်ရင်း ဖလင်ဘူးလေးထဲမှ ကျောက်ကိုထုတ်ပေးလိုက်သည်။

“ကိုကြီးပြန်အလာစာင့်နေတာ...ကျနော်ရထားတာ တပတ်ကျော်ပြီ” ကိုကြီးစိုင်းပိ မီးပုံဘေးဝင်ထိုင်ရင်း သူပေးလိုက်တဲ့ ကျောက်ကို ယူကြည့်သည်။ တဲအပြင်ဖက် ထွက်ကာ ပနာ(နေရောင်) အောက်မှာ ကျောက်ကို သေချာကြည့်ရင်း

“ဖိုးချို ခဏလာဦး”

“ဟုတ်” ဟု ဖြေရင်း သူပါတဲအပြင်ဖက် ထွက်လိုက်သည်။ ထော့နဲ့နဲ့ သူ လမ်းလျောက်ပုံကို ကြည့်ရင်း ကိုကြီးစိုင်းပိ မမေးခင် “မုကျောက်ရှတာပါ” ဟုသူဖြေလိုက်သည်။

အပြင်ဖက်က အလင်းရောင်အောက်မှာ ဒဏ်ရာတွေနှင့် ပြည့်နှက်နေသော ဖိုးချိုမျက်နှာက အစင်းကြောင်းတေ မြင်တော့ ကိုကြီးစိုင်းပီ လက်နှင့်ညင်သာစွာ ပွတ်ကြည့်ရင်း သက်ပြင်းချသည်။

“ကံဆိုးလိုက်တာ ဖိုးချိုရယ်”

သူ ဘာမှ ပြန်မပြောမိ။ ကံဆိုးကံကောင်းဆိုတာ သူ့အတွက် ခွဲခြမ်းနေနိုင်တဲ့ အရာ၊ ရွေးချယ်ပိုင်ခွင့် ရှိတဲ့ အရာမဟုတ်မှန်း သူသိထားတာပဲ။

“မင်းကျောက်က အပေါ်မှာ ဥဿဖယားဂျိုးတွေ အုပ်နေတာ..။ ကြိုးကတော့ဂေါ်ကြိုး..။ အမြင်အတိုင်းရောင်းရင် ဈေးသိပ်ရမှာမဟုတ်ဘူး”

“ခွဲလိုက်လို့ အာလုံးပဲ့သွားရင်လဲ အလကား ဖြစ်သွားမယ်...။ အဆင်ပြေသွားရင်တော့ သိန်းကျောက်ပဲ...။ မင်းဘာလုပ်မလဲ”

”ကိုကြီးသဘောလေ..၊ ကျနော်မှနားမလည်တာ”

“အင်း..ဒါဆိုခဏစောင့်။ ကိုကြီး ကျောက်ညှပ်တဲ့ ကွမ်းညှပ်သွားငှားလိုက်မယ်..။ ရော့.. ကျောက်ခဏပြန်သိမ်းထား”

သူ့လက်ထဲ ကျောက်ပြန်ထည့်ပေးပြီး ကိုကြီးစိုင်းပိ ရွာထဲဖက် ဆင်းသွားသည်။

သူ့စိတ်ထဲ ဒီကျောက်လေး အောင်ပါစေ ဟုသာ ဆုတောင်းနေမိသည်။ အိပ်ရာထဲ လဲနေသော အဖွားအတွက် ဆေးမဝယ်နိုင်တာလဲ အတော်ကြာပြီ။ သူလဲ ခြေထောက်က ဟက်တက်ကွဲနေတဲ့ အနာကြောင့် ဗုဒ္ဓေါဆေးဖို့ နေနေသာသာ လမ်းပင် အားတင်း လျောက်နေရသည်။ ကိုကြီးစိုင်းပိ ယူလာသောမုန်ညင်းပေါင်း ကို ပန်းကန်ထဲထည့်ပြီး အိပ်ရာမှနိုးလာသော အဖွားကို သူခွံ့ကြွေးနေစဉ် ကိုကြီးစိုင်းပိ ပြန်ရောက်လာသည်။

“အဖွားသက်သာလား” ကိုကြီးစိုင်းပိက အဖွားဘေးမှာဝင်ထိုင်ရင်း မေးလိုက်သည်။

“သက်သာပါဘူး ကွယ်... ငါ့မြေးလေးလဲ အရွယ်နဲ့မလိုက်အောင် ပင်ပန်းနေလိုက်တာ ငါကလဲ ဝန်ထုပ်ပိုဆင့်ပေးနေသလို ပါပဲ”

“ဒီလိုလဲဘယ်ဟုတ်မလဲအဖွားရယ်...ဖိုးချိုအတွက် အဖွားပဲတွယ်တာစရာရှိတာကိုး”

“ငါ့မြေးလေး ပင်ပန်းလို့ ဘယ်လောက် ပိန်သွားသလဲ ကြည့်ပါလား”

အဖွားနှင့်ကိုကြီးစိုင်းပိ အချီအချပြောနေစဉ် သူအမေ့ကို အရမ်းသတိရ နေမိသည်။ အမေသာ အနားမှာရှိရင် သူ ဒီလောက်ပင်ပန်းပါ့မလား။

“ ကဲ ဖိုးချို ကျောက်ဂျိုးဖတ်ခွာကြည့်ရအောင်”

သူပေးလိုက်သော ကျောက်ကို ကျောက်ကြည့်သည့် ဓါတ်မီးလေးနှင့် သေချာထိုးကြည့်ပြီး ကွမ်းညှပ်နှင့် သေချာ ညှပ်ထုတ်နေသည်။ ဖိုးချို ကိုကြီးမျက်နှာသာ ကြည့်နေမိ၏။

“အာ...ဖိုးချို မင်းတော့ထောပြ.ီ... အနဲဆုံး သိန်းလေးကျောက်ပဲ”

“ဟုတ်လားကိုကြီး.. ဒါဆို အဖွားကို ဆေးကောင်းကောင်း ကုနိုင်ပြီပေါ့”

ဖိုးချိုပျော်လိုက်သည့်ဖြစ်ခြင်း...။ မန်းဝင်နေသောသူ့ခြေထောက်မှ အနာကိုလဲ ဆေးခန်းပြနိုင်တော့မည်။

“နက်ဖန် ထာပွဲမှာ ကိုကြီးသွားရောင်းပေးမယ်.. ဟုတ်လား.. ။ ကဲ အဖွားရေ..ကျနော်ပြန်လိုက်ဦးမယ်..”

အဖွား ခေါင်းညိတ်ပြလိုက်တော့ ကိုကြီးစိုင်းပီ ထိုင်ရာမှထလိုက်သည်။ သူ တဲအဝလိုက်ပို့တော့ သူ့ထော့နေသော ခြေထောက်ကို ကိုကြီးစိုင်းပီ ငုံ့ကြည့်ရင်း

“မင်းခြေထောက်လဲ ညနေကျ ဆေးခန်းသွားပြလိုက်ဦး”

“ဟုတ်၊ ကိုကြီး” ဟုသူပြန်ပြောတော့ ကိုကြီးစိုင်းပိကသူ့အိပ်ထဲမှ ရာတန် ၂ရွက်ထုတ်ပေးသည်။

ဆေးခန်းပြဖို့ထက် အိမ်မှာဆန်မရှိတော့တာ သူမပြောဖြစ်တော့။

................


ညနေစောင်းရဲ့ အလင်းရောင်အောက်မှာ မြင်နေရတဲ့ ရွာလမ်းလေးကို ဖိုးချို သည်နေရာမှ ထိုင်ကြည့်နေသည်မှာ အတော်ကြာပြီ...။ ဖိုးချို ကျောက်ဆေးမထွက်တာ ၂ပတ်ကျော်ကြာပြီ။ ပိုးဝင်သွားသော ခြေထောက်က ဆေးခန်းပြ အတော်ကို နောက်ကျခဲ့သောကြောင့် ခုထက်ထိ ကောင်းကောင်းမထောက်နိုင်။ စားဝတ်နေရေးအတွက် ပွင့်ထားသောကျောက်ကြောင့် လတ်တလော ပူစရာမလိုတော့။ ခက်တာက အဖွားကျန်းမာရေးက ထူးခြားပြီး ကောင်းမလာခြင်းဖြစ်သည်။ နေမကောင်းဖြစ်နေသော အဖွားအနားမှာ အချိန်ပြည့် နေချင်ပေမဲ့ ဒီလိုညနေစောင်းတိုင်း ဒီနေရာလေးမှာ အမေ့ကို သူ ငတ်မွတ်စွာ တမ်းတမျှော်နေမိသည်။ အမေ တနေ့ ပြန်လာမှာပဲ ဟု ခုထက်ထိ ထင်နေဆဲ။

"“ဖိုးချိုရေ...ကျောက်သွားမဆေးဘူးလား”

ကမ်းပါးရံ လမ်းကွေ့လေးအတိုင်း တက်လာသော ဘာသာရပ် က လက်ထဲမှ ဗုဒ္ဓေါ ကို ချပြီး သူ့ဘေးဝင်ထိုင်ကာ မေးခွန်းထုတ်လိုက်သည်။

“ခြေထောက်မှ မကောင်းသေးတာကွာ..။ ဆရာဝန်က ရေမထိရဘူးပြောထားတယ်”

“ဟုတ်လား..၊ ငါ မင်းအိမ်ဝင်ခေါ်သေးတယ်..။ မင်းအဖွားက တောင်ပေါ်တက်သွားတယ် ဆိုလို့..။ ဒါနဲ့ မင်းအဖွားနားမှာ ဒေါ်ကြီးတယောက်တွေ့ခဲ့တယ်...။ မင်းအဖွားကတော့ ဒေါသတကြီး မောင်းထုတ်နေတာပဲ..။ အဲဒီမိန်းမကြီး မျက် နှာလဲ တော်တော် စိတ်မကောင်းတဲ့ပုံ ပေါ်နေတယ်”

ဘာသာရပ် စကားကြောင့် ဖိုးချိုစိတ်ထဲ အမေ့ကို သတိရလာသည်။ အမေများဖြစ်နေမလား။ ဖိုးချို ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်တော့ နာနေတဲ့ခြေထောက်ကိုအားပြုရက် ဖြစ်သွားသဖြင့် ဘာသာရပ် ခေါင်းကိုကိုင်ပြီး
ထိန်းရပ်လိုက်ရသည်။

“အဲဒီ မိန်းမကြီးဘယ်ဘက်ပါးမှာ .. ဟို.. စပါးတင်မှဲ့ပါလားဟင်”

သူ သိချင်စိတ်က ဘာသာရပ်ကိုဆွဲထခိုင်းသလို ဖြစ်နေသည်။

”ဘာလဲ စပါးတင်မှဲ့... ”

ဘာသာရပ် က သူ့ကို မအူမလည် ပြန်ကြည့်နေတော့ သူပါးပေါ်ထောက်ပြပြီး ဒီနေရာက မှဲ့ကို ပြောတာ ဟု သူပြောလိုက်တော့ ဘာသာရပ်က

“ အေး ပါတယ် ဟ ထင်ထင်ရှားရှားပဲ”

ဘာသာရပ် စကားဆုံးတော့ သူ တောင်ဆင်းလမ်းအတိုင်း ရုတ်တရက် ပြေးဆင်းခဲ့သည်။ နာနေသော ခြေထောက်အနာက ဘယ်ဆီ လွင့်သွားမှန်းမသိ။ နောက်ဆုံးတော့ အမေ သူ့ဆီပြန်လာခဲ့ပြီပေါ့။

ကုန်းဆင်းလမ်းအတိုင်း အမြန် ပြေးဆင်းလာသော ဖိုးချို နာနေသော ခြေထောက်က ကျောက်ခဲတခုရဲ့ စောင်းကို နင်းမိလိုက်ချိန်၊ နာလွန်းလို့ခြေကို ဖွလိုက်ချိန်၊ ပြေးဆင်းလာတဲ့အရှိန်ကို မထိမ်းနိုင်ပဲ ဒလိမ့်ကောက်ကွေး လိမ့်ဆင့်သွားသည်။ ခန္တာကိုယ်တခုလုံး နာကျင်ကိုက်ခဲနေသော်လည်း နှစ်အတော်ကြာ ဝေးနေခဲ့သော အမေ့ကိုသာ တမ်းတနေမိသည်။

အမေရယ် သားကို အမြန်လာခေါ်ပါတော့ ။

သားလေ အမေ့ရင်ခွင်ထဲမှာ မြန်မြန် နားခိုနေချင်လှပြီ။

သားလေ ငယ်ငယ်ကတည်းက အဖေဆိုတာ ဆုံးရူံးခဲ့ရပြီး အမေ့ရဲ့ ပစ်ထားခြင်းခံခဲ့ရတာပါ။ ဘယ်သူတွေ ဘာပြောပြော သား အမေ့ကို သိပ်ချစ်တယ်။

...........


ဖိုးချို စိတ်တွေ အရမ်းကို ပျော်နေပြီး၊ အရမ်းကိုပေါ့ပါးနေသည်။

ဖိုးချိုတို့ မြေးအဖွား နေသော ယာခင်းဘေးက တဲရှေ့မြေကွက်လပ်ကလေးမှာ အဖွားနဲ့အမေက ဖိုးချိုကို အပြုံးတွေနှင့် ဆီးကြိုနေကျသည်။ ပြေးလာသော ဖိုးချိုကို တဲနားမရောက်ခင် လူတစ်ယောက်က ပွေ့ပြီး ချီမြောက်လိုက်သည်။ သေချာကြည့်တော့မှ အဖေရယ်လေ..။ အဖေမှ အဖေအစစ်..။ သူအဖေ့ကို ဘယ်ညာပါးနှစ်ဖက် အားရပါးရနမ်းမိသည်။ အဖေ့မျက်ဝန်းမှာမျက်ရည်စတွေ ရီးလေးခိုနေသည်။

သူနဲ့အဖေ တဲဖက်က အမေ့ဆီ ပြေးလာတော့ ခါတိုင်း တိုက်မိလျှင် ညှိနေကျ စိန်နားပန်ဆူးတို့က စိုးစဉ်းမျှ ခြစ်ရာမဖြစ်သလို နာနေသော ခြေထောက်အောက်မှ အာလူးကျောက်(အာလူးပုံစံကျောက်ခဲ) တို့ကလည်း
နူးညံ့လွန်းတဲ့ ဂွမ်းဖတ်လေးတွေလို...။ အဖေက သူ့လက်ကိုဆွဲပြီး လမ်းကွေ့မှ ကာထားသော ခြံစည်းရိုးကို တည့်တည့် ဖြတ်ဝင်သွားတော့ သူပါရောပါသွားသည်။ မခုန်မကျော်ပဲ ဘယ်လိုဖြတ်ကျော်လိုက်သလဲ သူမစဉ်းစားအားပေ..။ ရင်ထဲမှာ အမေ့ကိုလွမ်းလွန်းလို့ အမေ့ရင်ခွင်ထဲ ဝင်ပြီး ငိုချလိုက်ချင်တာပဲ သိတော့သည်...။

သားလေ အမေ့ကို သိပ်ချစ်တယ်အမေ...။

သားလေ..သားလေ...အမေ့ကို အရမ်းလွမ်း အရမ်းသတိရ နေတာ အမေသိရဲ့လား....ဟင်..။

သားလေ...အမေ့ကို အ..ရမ်း....ချစ်..တယ်..အမေ...။


ရေးသားသူ
MTK

________________________________


အကို MTK ရဲ့ ဝတ္ထုတိုလေးတွေကို မိတ်ဆွေတို့ ရင်းနှီးနေလောက်ပြီ ထင်ပါတယ်။
"မိုးမိသွားသော ရေ နည်း ငါး " ဝတ္ထုတိုကလည်း အကို MTK ရေးထားတဲ့ မိုးကုတ်နောက်ခံ ဝတ္ထုတိုလေး ဖြစ်ပါတယ်။ ဒီ ဝတ္ထုတိုလေးကို ကျွန်တော့်အိမ်ကလေးမှာ တင်ထားခွင့်ပေးတဲ့ အကို MTK ကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
မိုးကုတ်အကြောင်း စိတ်ဝင်စားတဲ့သူတွေ ဆက်လက်ဖတ်နိုင်အောင် “ထာပွဲမိုးကုတ်ကျောက်တွင်းမိုးကုတ်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို စကားဝါမြေ ကနေ ဒေါင်းယူ ဖတ်ရှုနိုင်ကြပါတယ်။

မေတ္တာဖြင့်
မိုးကုတ်သား


Thursday, March 11, 2010

မြန်ဆန်လွန်းလှတဲ့ လူ့ဘဝလမ်းပေါ်မှာ



ဒီနေ့ သူ အလုပ်နားရက်။ မနေ့ကမှ အသစ်စက်စက် ဝယ်ထားသော ဂျက်ဂွာကားလေးကို ခုလို မနက်ခင်းစောစော၊ လူသူရှင်းရှင်းမှာ မြန်နှုန်းမြင့် မောင်းနှင်ရတာ အင်မတန် စိတ်ချမ်းသာဖို့ ကောင်းသည်။ ဒီလို အဖိုးတန်ကားမျိုး ဝယ်စီးနိုင်အောင်၊ ဒီအရွယ်နဲ့ ဒီလောက်ထိ ချမ်းသာလာအောင် အလုပ်အပေါ် အချိန်တွေ ဘယ်လောက်ပေး ကြိုးစားခဲ့ရသလဲ။ သူ့အောင်မြင်မှုများက လွယ်လွယ်နှင့် ရခဲ့သည်တော့မဟုတ်ချေ။ ခုလို အရှိန်အဟုန်ပြင်းပြင်းနှင့် အောင်မြင်ကြွယ်ဝလာအောင် သူ့ဘဝ အချိန်တွေကို သူ့လုပ်ငန်းတွေအပေါ်မှာသာ စုပုံထားရင်း အားလပ်ချိန် ဆိုတာ သူ့အတွက် ရှားပါးပြီး အဖိုးတန်သော အချိန်များသာ ဖြစ်နေခဲ့သည်။

ဒီနေ့တော့ သူ့ သူငယ်ချင်းတွေနှင့် စုဆုံဖို့ချိန်းထားသော နေရာတစ်ခုကို သွားဖို့ ရှိသည်။ သူ၏ အောင်မြင်မှုများကို အားကျနေသော သူ့ မိတ်ဆွေများက သူ့ ဂျက်ဂွာကား အသစ်စက်စက်လေးကို မြင်လျှင် အထင်ကြီးစွာ ချီးကျူးကြလိမ့်ဦးမည်။ အတွေးနှင့်ပင် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ တစ်ချက်ပြုံးမိရင်း ကားကို အရှိန်လျှော့ချလိုက်သည်။ ရှေ့က ပန်းခြံဘက်မှာ မတော်တဆ ကလေးငယ်လေးတွေ ဆော့ကစားရင်း လမ်းမပေါ် ပြေးဆင်းလာပါက အန္တရယ် မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ ပန်းခြံထဲက ကားရပ်နားရာနေရာမှာ အရိပ်တစ်ခုကို တွေ့လိုက်မိသလို ရှိသော်လည်း သူ ဂရုမထားမိပဲ ကားကို ဆက်မောင်းသွားလိုက်သည်။ အဲဒီအချိန်မှာပဲ သူ့ကား ဘေးတံခါးကို တစ်စုံတစ်ခု ထိမှန်သံကြားရ၏။ ကားကို ဝုန်းခနဲ ထိုးရပ်ပြီး ကပျာကယာ ဆင်းကြည့်မိတော့ သူ့ကားဘေးတံခါးက ခဲလုံးတစ်လုံး ထိမှန်ပြီး ပွန်းပိန့်နေသည်။ ခဲလုံးလာရာဘက်ဆီ သူကြည့်မိတော့ အသက် လေးနှစ်အရွယ် ခလေးငယ်တစ်ဦး။

“မင်းကိုယ်မင်း ဘာထင်လို့ ခုလို ငါ့ကားကို ခဲနဲ့ပေါက်ရတာလဲ။ ဒီကားကို ဘယ်လောက်တန်သလဲ မင်းသိရဲ့လား။ ဈေးကြီးပေးပီး ဝယ်ထားရတဲ့ ငါ့ကား အသစ်စက်စက်လေး၊ မင်း ခဲနဲ့ပေါက်လိုက်လို့ ပွန်းပဲ့သွားပြီ။ ခု အဲတာကို ပြင်ဖို့ ငါ ပိုက်ဆံ အများကြီး ကုန်ရတော့မယ်။ မင်း ဘာကြောင့် ဒီလိုလုပ်တာလဲ..။ ပြော.. ငါ့ကို ပြောစမ်း...”

သူ.. ဒေါသစိတ်တို့နှင့် မွှန်ထူပြီး ခလေးငယ်ဆီ ပြေးသွားကာ ပခုံးကို တရစပ် လှုပ်ခါရင်း အော်ဟစ်ကြိမ်းမောင်းပစ်လိုက်မိသည်။ ခလေးငယ်လေးကတော့ ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေပြီ။

“တောင်းပန်ပါတယ် ဆရာရယ်။ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိလို့ပါ။ တကယ်ပဲ တောင်းပန်ပါတယ်”

“ကား မရပ်ပဲ ဆက်မောင်းသွားမှာ စိုးလို့ ခဲနဲ့ ပေါက်မိလိုက်တာပါ”

နောက်တော့ ခလေးငယ်က ငိုရှိုက်ရင်း ပန်းခြံထဲက တစ်နေရာကို လက်ညှိုးထိုးပြီး ဆက်ပြော၏။

“အဲ့နားမှာ ကျွန်တော့်အကို ပလက်ဖောင်းပေါ်က ပြုတ်ကျသွားလို့ပါ။ ကျွန်တော့်အကိုက ခြေထောက်မသန်ပါဘူး။ သူ ဒဏ်ရာရသွားပြီး သူ့ ဘီးတပ်ကုလားထိုင်ပေါ် ပြန်မတက်နိုင်တော့တာကို ကျွန်တော့်အားနဲ့ ပြန်မထူနိုင်လို့ အကူအညီ ရလိုရငြား လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ ဆရာ့ကို စိတ်ဆိုးစေဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော့်ကို သနားရင် ကျွန်တော့်အကို ကို ဘီးတပ်ကုလားထိုင်ပေါ် ပြန်တင်ပေးဖို့ တောင်းပန်ပါတယ်”

ကြောက်ရွှံ့နေသော ခလေးလေး၏ မျက်ရည်လည်ရွှဲစကားတွေက သူ့ ဒေါသစိတ်တွေကြောင့် ပူလောင်နေသော လည်ချောင်းနှင့် နှလုံးသားတွေ အရည်ပျော်ဆင်းစေပြီး သနားမိသွားသည်။ ခလေးလေးနောက်လိုက်သွားကာ လဲကျနေသော အကိုဖြစ်သူကို ဘီးတပ်ကုလားထိုင်ပေါ် တင်ပေးလိုက်သည်။  နောက်ပြီး သူ့ကားထဲမှာ အမြဲ ဆောင်ထားတတ်သော ဆေးတစ်ချို့နှင့် ပွန်းပဲ့သွားသော ဒဏ်ရာများကို လူးပေးလိုက်သည်။ မျက်ရည်များ၊ နှာရည်များဖြင့် စိုရွှဲနေသော ခလေးလေးကိုလည်း သူ့လက်ကိုင်ပုဝါထုတ်ပြီး သန့်စင်ပေးလိုက်သည်။

ခလေးနှစ်ယောက်လုံးက ခုတော့ ကြည်ကြည်သာသာ ပြုံးလို့။

“ကျေးဇူးတင်ပါတယ်ဆရာ” ဟု ဦးညွှတ်နှုတ်ဆက်ပြီး အကိုဖြစ်သူ၏ ဘီးတပ်ကုလားထိုင်လေးကို တွန်းရင်း ထွက်ခွာသွားသော ခလေးလေးကို မျက်စိတစ်ဆုံး သူငေးကြည့်နေမိသည်။ နောက်တော့ သူ့ကားဆီကို ခပ်ဖြည်းဖြည်းပဲ ပြန်လျှောက်လာရင်း စဉ်းစားခန်း ဝင်နေမိ၏။  ပြီး.. ဘေးတံခါးပေါ်က ခဲမှန်ထားသော ပွန်းပဲ့ရာကို ဘယ်တော့မှ မပြုပြင်ပဲ အမှတ်တရထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထို ပွန်းပဲ့ရာလေးကို မြင်တိုင်း ဘဝတစ်ခုကို အလျင်စလို မဖြတ်သန်းမိဖို့ သူ့ကိုယ်သူ သတိပေးနေမိတော့မည်။ အလျင်စလို ဖြတ်သန်းသွားမိတဲ့အခါ.. သူ ဂရုတစိုက် မရှိမိတဲ့ ကိစ္စတစ်ချို့က သူ့ကို ဂရုတစိုက် ရှိလာစေဖို့ အတွက် အခုလာမှန်တဲ့ ခဲလို သူ့ဘဝကို လာမမှန်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ.....။

ကျွန်တော်တို့ နှလုံးသားကို တစ်ချို့ကိစ္စတွေက စကားတိုးဖွ ပြောကြားသွားတယ်။ တစ်ခါတစ်ခါမှာ အဲဒီစကားသံကို ကြားနာနိုင်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိဘူး။ အဲဒီစကားသံတိုးဖွကို ကြားနိုင်ဖို့အတွက် ခဲနဲ့ ပစ်ခတ်သတိပေးတာကိုလဲ ခံရချင် ခံရနိုင်တယ်။

တိုးဖွညင်သာတဲ့ စကားသံကို ကြားအောင် နားထောင်နိုင်မလား။ ခဲနဲ့ ပစ်ခံရတဲ့အချိန်ထိ စောင့်မလား။ ရွေးချယ်မှုကတော့ ကျွန်တော်တို့ လက်ထဲမှာ...။


Life In The Fast Lane ကို ခံစားရေးဖွဲ့ပါသည်။


မေတ္တာဖြင့်
 မိုးကုတ်သား

Friday, March 5, 2010

Insomnia (by Craig David)




အိပ်မရတဲ့ရောဂါ



အိပ်မရတဲ့ညတွေက လူတစ်ယောက်ကို ဘယ်လောက်ထိ နှိပ်စက်နိုင်လေသလဲ....
တွေဝေထိုင်းမှိုင်းသွားစေသလား....
နာမကျန်း ဖြစ်စေနိုင်သလား...
တမြေ့မြေ့နဲ့ သေဆုံးသွားစေတဲ့ထိ ဖြစ်စေနိုင်သလား.....
အိပ်မရတဲ့ရောဂါက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တာကိုတော့ ကိုယ်တိုင် ကြုံခဲ့လိုက်ရပြီ...။

အတွေးစတွေ နှိပ်စက်လွန်းလှလို့ နာကျင်ထုံခဲမှုတွေကို ရင်ဘတ်တစ်ခုလုံးနဲ့ မဆန့်အောင် ကြိတ်ချေရင်းက သွေးကြောမျှင်တွေ ပေါက်ပြတ်ထွက်မတတ် စူးစူးရှအောင် နာကျင် လို့....။
အိပ်ယာထက်မှာ ခွေခေါက်ရင်း..ကျွန်တော့်လက်တွေက ဘယ်သူမှ မရှိတဲ့ နံဘေးကို မကြာခဏ သွားရောက်ထိတွေ့လို့။ လေဟာနယ်တစ်ခုသာ ဖမ်းဆုပ်မိတိုင်း ဟောဒီရင်ဘတ်က ဟာခနဲ အာကသထဲ လွင့်ကျသွားပြန်ရော...။

အချစ်မှာ ဒီလောက် နစ်ကျွံသွားခဲ့မိတဲ့သူဟာ ကျွန်တော်ကိုယ်တိုင်ပဲတဲ့လားးး။
“ကိုယ် ဘယ်တုန်းကမှ မချစ်တတ်ခဲ့ဘူး” လို့ အရင်က လက်ခမောင်းခတ်ခဲ့တာ ကျွန်တော်မှ ဟုတ်လေရဲ့လား။
“မချစ်တတ်တဲ့သူ” လို့တောင် ကျွန်တော့်ကိုယ်ကျွန်တော်တင်မက..သူမကရော.... တစ်ချိန်လုံး ထင်နေခဲ့တာလေ....။
ရိုးရှင်းတဲ့ ငြိတွယ်မှုတစ်ခုကနေ သံယောဇဉ်ကြိုးတစ်မျှင်က တစ်စတစ်စ ခိုင်မာလာခဲ့တာ...
နောက်တော့ ကျွန်တော့်ဘဝထဲကို ကောင်မလေးက တစ်စတစ်စ ဝင်ရောက်လို့လာခဲ့တာ...
ကောင်မလေးရောက်လာမှ “ကျွန်တော်” ဆိုတဲ့ တစ်ယောက်တည်းဘဝကနေ “ကျွန်တော်တို့” ဆိုတဲ့ နှစ်ယောက်ဘဝကို ရင်ခုန်ကြည်မွေ့တတ်လာခဲ့တာ...
အိုးးး... ညပေါင်းများစွာမှာ အနာဂါတ်အတွက် အိပ်မက်တွေတောင် တူတူမက်ကြလို့ပေါ့.....။

“တော်လောက်ပါပြီ၊ လုံလောက်ပါပြီ”
အဲဒီလိုနဲ့ ကျွန်တော့် အိမ်လေးထဲက သူမ ရုတ်တရက်.. ထွက်ခွာသွားပြီးကတည်းက ဒီ အိပ်မရတဲ့ရောဂါဆိုးဟာ ကျွန်တော့်ဆီ ရောက်လာခဲ့တော့တာပဲ...
နောက်ပြီး ကျွန်တော့်ဘဝတစ်ခုလုံး ကသောင်းကနင်းနဲ့ လှုပ်ခတ်ပြီး ကျန်နေရစ်ခဲ့ရပုံများ.......
တကယ် မျှော်လင့်မထားခဲ့ပါဘူး။

အခုတော့ ကျွန်တော့်ဘေးမှာ သူမ ရှိမနေရင် အိပ်မပျော်တော့ဘူး...
သူမနေရာမှာ လပ်ဟာနေတိုင်း ကျွန်တော့အာရုံတွေဟာ အိပ်စက်ခြင်းကို သူမနဲ့အတူရောက်လာမလား စောင့်မျှော်နေမိတယ်...။
အရင်လို ကျွန်တော့် အိမ်ကလေး၊ ကျွန်တော့် အိပ်ခန်းလေးဟာ သူမရဲ့အငွေ့အသက်တွေနဲ့ ဘယ်တော့များမှ လွှမ်းခြုံမွှေးပျံ့တော့မှာလဲကွယ်.....။
အခုတော့ အရာအားလုံးဟာ ဆိတ်ငြိမ်စွာနဲ့ တစ်စတစ်စ သေဆုံးနေကြသလို....

“ပြန်လာခဲ့ပါ ကောင်မလေးရယ်...”
အခန်းလေးထဲမှာ တိတ်တဆိတ်ငေးငိုင်နေရင်းက အရာအားလုံး ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့တာ ကျွန်တော်ကိုယ်တိုင်ပဲလို့ ကိုယ့်ဘာသာ ယူကျုံးမရဖြစ်ရင်း...
အတိတ်တွေကို ပြန်သွားပြီး အမှားတွေပြင်လို့ရတဲ့အခါ အရာရာကို အသစ်က ပြန်စဖို့သာ တဖွဖွ တမ်းတကြေကွဲရင်း..
အိပ်မရတဲ့ရောဂါဟာ ကျွမ်းရင့်လောင်မြိုက်လို့ လာတယ်။

ကောင်မလေးရေ.. မင်းကို လွမ်းတာ အချစ်ကြောင့်တော့ မဟုတ်ပါဘူး။ သံယောဇဉ်ကြောင့်ပါကွာ...
အဲဒီလို ကိုယ့်ကိုကိုယ်.. လှည့်ဖျားရင်းကလည်း... ကျွန်တော်ဟာ တစ်စတစ်စ ရူးသွပ်လာခဲ့တယ်..။
ဟုတ်တယ်...
အိပ်မရတဲ့ညတွေကြောင့် ကျွန်တော် ရူးသွပ်သွားခဲ့ပြီ...။
အဲဒီလို ရူးသွပ်ခဲ့လို့လဲ ကျွန်တော်က ကောင်မလေးကို ခုလောက်ထိ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့တာပေါ့။
အခုတော့ ကျွန်တော်ဟာ သူမဆီမှာ ကျရှုံးသွားခဲ့ပါပြီ...
သူမဟာ ကျွန်တော့်ဘဝရဲ့ အရာရာတိုင်းကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက် နေရာယူထားခဲ့ပါပြီ...
အိပ်မရခြင်းများစွာနဲ့ ကျွန်တော် ရူးသွပ်ခဲ့ရတာဟာ “အချစ်” ကြောင့်လို့ ကျွန်တော် သိခဲ့လိုက်ရပါပြီ...

“ပြန်လာခဲ့ပါ ကောင်မလေးရယ်”
နှလုံးအိမ် ကွဲထွက်သွားအောင် ရင်ထဲမှာ ပဲ့တင်သံ အထပ်ထပ်မြည်အောင် အသံတိတ် ရူးသွပ်စွာ... ပေါက်ကွဲနေရင်းက...

အိပ်မရတဲ့ရောဂါဟာ ကျွန်တော့်ဘဝကို တစ်ဖဲ့စီ ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ကျွန်တော့်ဘဝကို ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ကျွန်တော့်ကို ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ဖဲ့ခြွေဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ ဝါးမျိုနေခဲ့ပါပြီ...
အိပ်မရတဲ့ရောဂါဟာ......

((((((((((((((အားးးးးးးးးးးးးးးးးးးးးး))))))))))))))))







Insomnia

Craig David



I never thought that I'd fall in love, love, love, love
But it grew from a simple crush, crush, crush, crush
Being without you girl, I was all messed up, up, up, up
When you walked out, said that you'd had enough-nough-nough-nough

Been a fool, girl I know
Didn't expect this is how things would go
Maybe in time, you'll change your mind
Now looking back i wish i could rewind

Because i can't sleep til you're next to me
No i can't live without you no more
Oh i stay up til you're next to me
Til this house feels like it did before
Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah, Feels like insomnia ah ah

Remember telling my boys that I'd never fall in love, love, love, love
You used to think I'd never find a girl I could trust, trust, trust, trust
And then you walked into my life and it was all about us, us, us, us
But now I'm sitting here thinking I messed the whole thing up, up, up, up

Been a fool (fool), girl I know (know)
Didn't expect this is how things would go
Maybe in time (time), you'll change your mind (mind)
Now looking back i wish i could rewind

Because i can't sleep til you're next to me
No i can't live without you no more (without you no more)
Oh i stay up til you're next to me (to me)
Til this house feels like it did before (Because it)
Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah (Ah), Feels like insomnia ah ah

Ah, i just can't go to sleep
Cause it feels like I've fallen for you
It's getting way too deep
And i know that it's love because

I can't sleep til you're next to me
No i can't live without you no more (without you no more)
Oh i stay up til you're next to me (to me)
Til this house feels like it did before
Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah, Feels like insomnia ah ah

Feels like insomnia ah ah, Feels like insomnia ah ah
Feels like insomnia ah ah, Feels like insomnia ah ah




(သီချင်းလေးထဲက စာသားတွေကို ပြန်ဆွဲထုတ်ခံစားပြီး ရေးထားတာပါ။ ဒီသီချင်းလေးကို နားထောင်မိပြီး... အိပ်မရတဲ့ မိတ်ဆွေများအတွက် တင်လိုက်ပါတယ်....)

မေတ္တာဖြင့်
မိုးကုတ်သား