အရာအားလုံးဟာ ဖြစ်ပြီးရင် ပျက်ကြတာကြီးပါပဲ။ တည်မြဲတယ် ဆိုတာ “ဖြစ်လာတာဟာ ပျက်ဖို့”ဆိုတဲ့ ဓမ္မတာ တစ်ခုလို့ ဆိုရမဲ့ သဘောပဲပေါ့။ ဒီတော့ ဖြစ်လာချိန်၊ တည်ရှိနေချိန်လေးမှာ ဘ၀ကို ဘယ်လို ကိုယ်တို့တွေ ပုံဖော်၊ လက်ခံ၊ ဖြတ်သန်းကြမလဲ ဆိုတာပါပဲ။ "ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုတဲ့ အကြောင်းကို အမ အိန္ဒြာ က တည်တည်တံ့တံ့ကြီးကို စဉ်းစားမိပြီး စပ်စုထား အဲလေ တက်ဂ်ထားတော့မှ ကျွန်တော်လဲ ကိုယ် မဆုံချင်တဲ့ အကြောင်းအရာတွေဆီ တည့်တည့် မျက်နှာချင်း ဆိုင်ရပါတော့တယ်။
ဆူနာမီတွေ ဖြစ်တုန်းက၊ ငလျှင်တွေ အကြီးအကျယ်လှုပ်တုန်းက၊ မီးတောင်တွေ ပေါက်ကွဲပြီး မြို့တွေ ပျက်တုန်းက၊ နောက်ပြီး နာဂစ် ၀င်မွှေသွားတုန်းက ကိုယ်တိုင် ကြုံတွေ့ ခံစားကြရသူတိုင်းဟာ အဲဒီအချိန်မှာတော့ သူတို့ အတွက် ကမ္ဘာပျက်နေတာပါပဲ။ ကိုယ်တို့တွေ အိမ်ဆောက် နေထိုင်ခဲ့ကြတဲ့ မိခင် အိမ်မ ဂြိုလ်ပြာကြီးကတော့ဖြင့် ကျန်းမာရေးမကောင်းလို့ အပူရှိန်တွေ တရိပ်ရိပ်တက်စ ပြုလာတာ၊ ၀င်ရိုးစွန်းက ရေခဲပြင်တွေ တအိအိနဲ့ အရည်ပျော်ကျပြီး ပင်လယ် ရေမျက်နှာပြင်တွေ မြင့်မြင့်တက်လာနေတာ၊ ရာသီဥတုတွေ ဖောက်လွှဲဖောက်ပြန် ဖြစ်နေခဲ့တာ၊ တုန်ရီလှုပ်ခတ်နေခဲ့တာ ကြာပါပြီ။ ဒီဂြိုလ်ပြာကြီးဟာ အာကာသထဲမှာ ပျောက်ကျသွားသလို ပျက်စီးပျောက်ကွယ် မသွားဘူး လို့ ဘယ်သူ အာမခံနိုင်ပါသလဲ။ မိုးပြိုမှာကို တွေးကြောက်ဖို့ မဟုတ်ပါဘူး။ တကယ် ကြုံလာရမယ်ဆိုရင် ကိုယ်တွေ ဘယ်လို ပြင်ဆင်ထားသင့်သလဲ ဆိုတဲ့ အတွေးလေးတွေ ၀င်လာတဲ့ ခဏမှာ လောဘ၊ ဒေါသ၊ မောဟတွေနောက် လိုက်နေခဲ့ကြတဲ့ ကိုယ့်ကိုကိုယ် “ဒါတွေဟာ ဘာမှ မဟုတ်ပါလား၊ ဂြိုလ်ပြာကြီး ပဲ ပျက်ပျက်၊ မပျက်ပျက် ကိုယ်တွေကတော့ သေရအုံးမယ်။ ဒီတော့ အဲ့ဒီသေခြင်းတရားကို မျက်နှာချင်းဆိုင်ဖို့ ဘယ်လို သတ္တိ မွေးကြရမလဲ” ဆိုတဲ့ အတွေးတွေ ဖြစ်စေခဲ့ပါတယ်။
ကဲ၊ ဆိုကြပါစို့။ ၂၀၁၂ မှာ ဂြိုလ်ပြာကြီး အာကသထဲ ကျပျောက်သွားသလို ပျက်သုဉ်းသွားမယ် ထားပါတော့။
(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ဖေ၊ မေ၊ မောင်နှမသားချင်း၊ ချစ်သူ၊ ခင်မင်သူ၊ မိသားစု ပေါ့။ တစ်ယောက်လက်တစ်ဖက်စီကို တစ်ယောက်လက်တစ်ဖက်စီက ဆုပ်ကိုင်ထားပြီး အတူ ရှိနေကြမယ်လေ။ နောက်ဆုံး အချိန်အထိ....
(၂)။ ဘာတွေခံစားနေရမလဲ..
ရင်တွေ ခုန်နေကျ ပုံမှန်အတိုင်းထက်တော့ ပိုပြီး ခုန်နေလိမ့်မယ်။ စိတ်တွေ သိပ်ပြီး လှုပ်ရှားနေလေမလား။ သေချာတာကတော့ ကြောက်နေမှာပဲ။
(၃)။ ဘာတွေပြင်ဆင်ထားမလဲ..
ရုပ်ဝတ္ထုပစ္စည်းတွေကတော့ သေရင် ပါသွားမဲ့ အရာတွေ မဟုတ်တဲ့အတွက် အဲတာတွေကိုတော့ ပြင်ဆင်ထားမှာ မဟုတ်ပေဘူး။ စိတ်တွေကိုတော့ ပြင်ဆင်ထားရပေလိမ့်မပေါ့။ တုန်လှုပ်နေမဲ့ ကြောက်စိတ်လေးတွေကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ဖို့၊ ကိုယ့်ဘေးမှာ ရှိတဲ့ သူတွေကို အားပေးနိုင်ဖို့၊ သေခြင်းတရားတွေကို လက်ခံ ရင်ဆိုင်နိုင်ဖို့။ (တစ်နေ့ သေရမှာပဲ ဆိုတဲ့ အသိ ဘယ်လောက်ပင် ရှိထားလဲ သေရမှာတော့ အရူးတောင် ကြောက်တယ်ဟုတ်)
(၄)။ ၀မ်းနည်းမိမှာက..
ဝမ်းနည်းစရာတော့ မရှိလှပေမဲ့ သေချာ တွေးကြည့်ရင်တော့ ကြေကွဲစရာ။ ဘယ်သူတွေ ဘယ်လို သေခြင်းတရားကို ကြုံကြမလဲ ကိုယ်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရချင် နေရမှာလေ။ နောက်ပြီး ကိုယ်တို့တွေတင်မက ကိုယ်တို့ သက်ရှိအရာတွေအားလုံး အစဉ်အဆက် နေထိုင်ခွင့် ပေးထားခဲ့တဲ့ ဂြိုလ်ပြာကြီး ပျက်သုဉ်းသွားရတော့မှာ။
(၅)။ ကြောက်လန့်မိတာက..
သေရမှာပါဆို ကြောက်တာပေါ့။ ဒါကိုပဲ ထပ်ပြီး ကြောက်ခိုင်းရုံမက လန့်ဖို့ပါ သတိပေးနေသေးတယ်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဆိုတာကို ဆင်ခြင်နိုင်စိတ်လေး ပျောက်နေမှာတော့ ကြောက်လန့်မိသား။
(၆)။ ဆောင်ထားချင်တာ..
“၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ်
(၇)။ ဘာတွေရေးမိမလဲ..
ဘာတွေမှ ရေးဖြစ်မယ် မထင်ဘူး
(ဂ)။ တွေးမိတွေးရာ အတွေး..
အတွေးတွေလဲ ဘာဘာညာညာ တွေးမိတွေးရာ တွေးနေဖြစ်မယ်မထင်ဘူး။ ကိုယ်က ချန်ထားခဲ့သူ လဲ မဖြစ်ချင်ဘူး။ ကိုယ့်ကို တသပြီး ကျန်နေခဲ့ကြမဲ့ ချစ်ခင်သူတွေကို မပူဆွေးစေချင်လို့။ ကျန်ရစ်နေခဲ့သူလဲ မဖြစ်ချင်ဘူး။ ချန်ထားရစ်ခဲ့တဲ့ ချစ်ခင်သူတွေကို တသပြီး ဘ၀ကို မဖြတ်သန်းချင်လို့။ တကယ်တော့ တကမ္ဘာလုံး ပျက်သုဉ်းမှာ၊ အဲတော့ ဘာမှ ကျန်နေခဲ့မှာ မဟုတ်ကြဘူးလေ။ အင်း၊ ကိုယ်တွေ ဆောင်ထားချင်တဲ့ “၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ် တွေ အဲဒီအချိန် တကယ် ဆောင်ထားနိုင်ပါ့မလား ဆိုတာပဲ။ ဆောင်မထားနိုင်ရင်တော့............ အတွေးနဲ့တင် ကြောက်စရာမို့ ဆက်မတွေးတော့ဘူး။ တော်ဘီ။
(၉)။ ဂုဏ်ယူချင်တာက..
ကိုယ်ဟာ ကမ္ဘာပေါ်မှာ ဘာမှ မဟုတ်တဲ့ လူတစ်ယောက် ။ ဒါပေမဲ့ ဆန်ကုန်မြေလေးတော့ မဟုတ်ခဲ့ပေဘူး။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျွန်တော့်လက်နဲ့ အပင်တွေ စိုက်ခဲ့ဖူးတယ်။ ရေမြောင်းတွေ ဆယ်ခဲ့၊ ရှင်းခဲ့ဖူးတယ်။ (အဲလောက်တော့ လူတိုင်းနီးပါး ဂြိုလ်ပြာကြီးပေါ်မှာ ကောင်းကျိုးပြုခဲ့ဖူးကြမှာပါလေ။ အားလုံး ဂုဏ်ယူနိုင်ကြစေ)
(၁၀)။ ရှာကြံဖြေသိမ့်မိတာက..
လူ့ဘ၀မှာ ကိုယ်ဟာ အလင်းတစ်ချို့ကို ထိတွေ့ခွင့် ရခဲ့တယ်
(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း..
တစ်နေ့တော့ “ငါ” သည် မုချ သေရမည်။
*******************************

ကဲဗျာ၊ အခု လင့်ခ်ထားတဲ့ ဒီ ဗွီဒီယိုလေးနမူနာလေး ကြည့်ပြီး အဲဒီအထဲမှာ အစမ်း ခံစားကြည့်ကြပါအုံး။
ကိုယ်တွေကတော့ ဒီကား ရုံတင်မှ သွားကြည့်ရင်း သံဝေဂ ပွားများလိုက်အုံးမယ်။ ကြောက်တတ်သူများ မကြည့်ရ။ :-P

မေတ္တာဖြင့်
မိုးကုတ်သား
မိုးကုတ်သား