Wednesday, February 4, 2009

ဒေါ်နန်းကြည့်တောင်ပေါ်က ကျောက်သေတ္တာ

ရီစရာ ပြောမလို့ဗျ။ မရီရလဲ ရီစရာလို့ မှတ်ဗျာ။
ကျွန်တော်တို့ မြို့ ကလေးက ဒေါ်နန်းကြည့်တောင် ဆိုတာကို သိတဲ့သူတွေလဲ ရှိကြမယ်။ မသိတဲ့ သူတွေကတော့ ဒီနေရာလေးမှာ ဖတ်လို့ရပါတယ်။ အဲ့ဒီ တောင်ပေါ်မှာ ထူးခြားတာလေးတွေ ရှိတယ်ဗျ။ ကျောက်သေတ္တာ နဲ့ နတ်ရေကန်ကိုတော့ မှတ်မိသေးတယ်။ ကျန်တာတွေက မေ့ကုန်ပြီ။ အမှတ်မိဆုံးက ကျောက်သေတ္တာပေါ့။ ဘာလို့လဲဆိုတာကိုတော့ ဖတ်ပြီး သိသွားပါလိမ့်မယ်။အဲ့ဒီ ကျောက်သေတ္တာရဲ့ ရာဇဝင်က ဂလိုဗျ။
ဟိုးအရင်တုန်းက ဒေါ်နန်းကြည့်တောင်ပေါ်မှာ ကျောက်သေတ္တာကြီးတစ်လုံး ရှိတယ်။ အဲ့ဒီ ကျောက်သေတ္တာကြီးထဲမှာ အမျိုးပေါင်းများစွာသော ရွှေ၊ငွေ၊ ပတ္တမြား၊ ကျောက်မျက်ရတနာ ပစ္စည်းတွေ ရှိသတဲ့။ လူတွေက ပွဲလမ်းသဘင်ရှိပြီ ဆိုတဲ့အခါ အဲ့ဒီ ကျောက်သေတ္တာကြီးဆီကို သွားပြီး လက်ဝတ်ရတနာတွေ ငှားရမ်း ဝတ်ဆင်ကြတယ်။ အဲ့ဒီလို ငှားဖို့ ခွင့်တောင်းလိုက်ပြီဆို ကျောက်သေတ္တာရဲ့ ကျောက်ဖျာ တံခါးကြီးက ပွင့်သွားပြီးရင် ကိုယ် ကြိုက်နှစ်သက်ရာ လက်ဝတ်ရတနာကို ငှားလို့ ရတယ်တဲ့။ ပြီးရင်တော့ ကျောက်သေတ္တာကြီးဆီ ပြန်လာ အပ်ရတာပေါ့။ နောက်ပိုင်းတော့ လူတွေလဲ ဟိုးတုန်းကလို သစ္စာမရှိကြတော့ဘူး။ လက်ဝတ်ရတနာတွေ ငှားပြီး ပြန်လာ မပေးကြတော့ဘူးတဲ့။ ဒါနဲ့ ကျောက်သေတ္တာကြီးလဲ စိတ်ဆိုးသွားလို့ ထင်ပါတယ်။ လာငှားရင် တံခါး မဖွင့်ပေးတော့ဘူးတဲ့။ သစ္စာ အဓိဌာန်ပြုပြီး သေချာပေါက် ပြန်လာအပ်မယ် ဆိုမှ ဖွင့်ပေးတော့တယ်တဲ့။ အရင်လို ရွှေတံခါးကြီးဖွင့်ပါဦး ဆိုရုံနဲ့ မရတော့ဘူး ဆိုပါစို့။ နောက်ပိုင်းမှာတော့ သစ္စာ အဓိဌာန်ပြုပြီး ငှားတဲ့ သူတွေထဲက တစ်ချို့က ကတိ မတည်ပဲ ပြန်လာ မအပ်တော့ သစ္စာစူးပြီး ဒုက္ခတွေ ဖြစ်ကုန်ကြရော။ ဒါနဲ့ နောက်ဆုံးတော့ ကျောက်သေတ္တာကြီးရဲ့ တံခါးက လုံးဝပိတ်သွားပါလေရော တဲ့။
အင်း၊ ပြောသံကြားတာကတော့ ကျောက်သေတ္တာကြီးကို ခုနှစ်ပတ် ပြည့်အောင် ပတ်ပြီး တစ်ခုခုကို အာရုံပြု လို့ မှန်ကန်တဲ့သစ္စာစကား ဆိုခဲ့ရင် ကျောက်သေတ္တာကြီး ပွင့်တယ်ဆိုပဲဗျ။ အဲ့ဒါကို ကျွန်တော် ပုံပြင်လေး ကြားပြီးကတည်းက စိတ်ကူးယဉ်ပြီး သွားသွား ဖွင့်ကြည့်နေခဲ့တာ (စိတ်ထဲမှာပါဗျ) ကြာပေါ့။
တစ်ခါတော့ ကျွန်တော်တို့ အိမ်ကို ရွာက အမျိုးတွေ လာလည်ကြတယ်။ ဧည့်သည်တွေက ဒေါ်နန်းကြည်တောင် တက်ချင်တယ် ဆိုတော့ အဖွားက ဟဲ့၊ အာလူး။ ဧည့်သည်တွေကို လိုက်ပို့ပေးလိုက် တဲ့။ နွေရာသီ ကျောင်းပိတ်လို့ ယောင်ခြောက်ဆယ် ဖြစ်နေတဲ့ ကျွန်တော်လဲ အကြံနဲ့ ပျော်ပျော်ကြီး လိုက်ပို့ပေးတာပေါ့။ တောင်တက်လမ်းတစ်လျှောက် ဆရာကြီး လုပ်ပြီး လူကြီးတွေကို ခေါ်လာလိုက်တာ ပျော်မှပျော်။ လမ်းမှာတွေ့တဲ့ စေတီအဟောင်း အပျက်တွေကိုလဲ ဧည့်သည်တွေ တမေးထဲ မေးလာတာနဲ့ ကြုံသလို လေအာလူး ပေးပြီး ဖြီးဖျန်းလာခဲ့တာပေါ့။ တကယ်တော့ ကျွန်တော်က ထင်းခုတ်သွားတဲ့ အချိန်ကလွဲပြီး အဲ့ဒီတောင်ပေါ် တက်မလည်ဘူးသလို ဘာသမိုင်းမှလဲ ရေရေရာရာ သိတာမဟုတ်။ ဒါပေမဲ့ နာမည် ပျက် ဘယ်ခံမလဲဗျာ။ အတည်ပေါက်နဲ့ ရွှီးရွှမ်း ဖြီးဖျန်းလာလိုက်တာ ဧည့်သည်တွေလဲ ဟင်၊အော်၊ ဟုတ်လား။ ထူးဆန်းလိုက်တာနော် နဲ့ တောင်တက်လမ်းရဲ့ခရီး သုံးပုံနှစ်ပုံကို ဘယ်လိုမှတောင် မမောလိုက်ရပဲ ရောက်ကရော ဆိုပါတော့။
ဟဲ့၊ နင်ပြောတဲ့ ကျောက်သေတ္တာ ဆိုတာ ဟိုနားက မြင်နေရတဲ့ ကျောက်ဖျာကြီးလား
ဟုတ်တယ် ကြီးကြီးရေ့။ အဲ့ဒိကျောက်သေတ္တာကြီးက လူနှစ်ပြန်စာ ကျယ်ရုံမကဘူး သေတ္တာကြီး အတွင်းကလဲ နက်မှနက်ဆိုပဲဗျ။ အဲ့ဒီထဲမှာ ရတနာတွေ ဘယ်လောက်ရှိမလဲ စဉ်းစားသာ ကြည့်တော့
ဧည့်သည်တွေကလဲ မမြင်ရတဲ့ ရတနာတွေကို စိတ်ကူးယဉ်ကြည့်နေကြတယ်။ သိသားပဲဗျာ။ ကျောက်သေတ္တာကြီးနားမှာ ခဏ အမောဖြေနေတုန်း ကြိုတင် ကြံစည်ထားတဲ့ အတိုင်း စမ်းသပ်မှုကို စတော့တာပေါ့ဗျာ။
ကြီးကြီးတို့ရေ။ ကျွန်တော် ပြောပြဖူးသလိုပဲ ကျောက်သေတ္တာကြီးကို ပွင့်လား မပွင့်လား ခုနှစ်ပတ် ပတ်ကြည့်ကြပါလား အကဲစမ်းပြီး ပြောကြည့်တော
ဟဲ့၊ နင့်ဟာက ဟုတ်ကောဟုတ်ရဲ့လား။ တောင်တက်လာတဲ့သူတွေ တစ်ယောက်မှ ဒီမှာ လာပတ်တာ မတွေ့မိသေးပါဘူး
အင်း၊ အခြေအနေ ကြည့်ရတာတော့ သူတို့ ပတ်ချင်နေပုံပဲ။ ဘီးလေးနဲနဲတော့ တွန်းပေးရတာပေါ့ဗျာ။
အာ၊ ကြီးကြီးတို့ကလဲ။ သူတို့ လာပတ်ပြီး မပွင့်လို့ နေမှာပေါ့ဗျ။ ကြီးကြီးတို့ သစ္စာပြုတာလဲ မှန်မယ်၊ ကံလဲစပ်မယ်ဆိုရင် ပွင့်ချင် ပွင့်မှာပေါ့ဗျ
ဒါပဲ ပြောလိုက်ရတယ်။ ဖယောင်းတိုင်လေး မီးထွန်းပြီး လက်ထဲမှာကိုင်တဲ့သူကကိုင်၊ စိတ်ပုတီးလေးစိတ်တဲ့သူက စိတ်နဲ့။ ပါးစပ်ကလဲ လှုပ်စိလှုပ်စိနဲ့ ရွတ်ဆိုပြီး ပတ်ကြပါလေရော။
ဟဲ့၊ အာလူး။ ခုနှစ်ပတ်ပြည့်ရင် ပြောနော် လို့တောင် မှာကြရှာသေးတယ်။
တောင်ပေါ်တက်လာတဲ့ သူတွေက ကျောက်သေတ္တာကြီးကို ပတ်နေတဲ့ အမျိုးသမီး ခြောက်ယောက်ရယ်၊ သူတို့ကို လက်ပိုက်ပြီး ပြုံးစိစိ ကြည့်နေတဲ့ ဆယ့်နှစ်နှစ်သား ကောင်လေးရယ်ကို အထူးအဆန်း ဖြစ်ပြီး ရပ်ကြည့်သွားကြတယ်။
ဟဲ့၊ နင့်ဟာက ဟုတ်ရဲ့လား။ လူတွေက ငါတို့ကို ရပ်ရပ်ကြည့်ပြီး ပြုံးသွားကြတယ်။ အရူးတွေနဲ့ ငါတို့တူနေပြီလား မသိဘူး။
ဟာ၊ ကြီးကြီးတို့ကလဲ။ အဓိဌာန်ပြုပြီး ပတ်ပါဆို၊ အာရုံတွေ အခုလို လွင့်နေတော့ ဘယ်လိုလုပ်မလဲ။ ကျောက်သေတ္တာကြီးလဲ ပွင့်တော့မှာ မဟုတ်ဘူး။ အစကနေပြန်ပတ် ဆိုတော့ ပြန်ပတ်ကြတယ်ဗျာ။ ဒီတစ်ခေါက်တော့ မျက်လုံးလေးတွေတောင် မှိတ်လို့။ လူတွေ လာကြည့်နေကြတာ မြင်နေရရင် ရှက်လို့လား။ သေသေချာချာ အဓိဌာန်ပြီး ပတ်နေကြလားတော့ မသိဘူးပေါ့ဗျာ။
ကျွန်တော်လဲ စပ်စုတတ်တဲ့ တောင်တက်သူတွေက ဘာလုပ်နေကြတာလဲ မေးလာရင် အဓိဌာန်နေတာလေ လို့ ခပ်တည်တည်နဲ့ ပြောလွှတ်တယ်။ အသိတွေနဲ့ တွေ့ရင်ကတော့ လျှာထုတ်ပြီး မျက်စပစ်ပြလိုက်ရင် သဘောပေါက်ပြီး အာလူးတို့ကတော့ မနိုင်ဘူး ဆိုတဲ့ အကြည့်နဲ့ ပြုံးစိစိ ဖြစ်သွားကြတယ်။
ခုနှစ်ပတ်သာ ပြည့်ရော၊ ကျောက်သေတ္တာပေါ်က ကျောက်ဖျာကြီးက တုပ်တုပ်မှတောင် မလှုပ်ဘူး။ ဧည့်သည်တွေလဲ ပွင့်လာနိုးနဲ့ ကျောက်ဖျာကြီး ဘေးမှာ တန်းစီ ရပ်နေကြတယ်။
ကြီးကြီးတို့ကလဲ၊ နေ့ရောညရော ဘုရားရှိခိုးနေပြီး ဒီကျောက်ဖျာလေး ပွင့်အောင်တောင် အဓိမဌာန်နိုင်ကြဘူး
သူတို့စောဒက မတက်ခင် ကိုယ်က ဦးအောင် ပြောထားလိုက်တော့ ဧည့်သည်တွေလဲ ဘာမှ အထွန့် မတက်နိုင်တော့ဘူး။ ကျောက်သေတ္တာကြီးကို ဆယ်ပတ်မက ပတ်လိုက်ရတော့ တော်တော် မောသွားကြပြီလေ။ ဒါတောင် ကျောက်သေတ္တာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ နတ်ရေကန်က ရေတွေကို သောက်ခိုင်းမယ် ကြံထားတာ၊ ဖုန်းကြီးကျောင်းက ခွေးတစ်ကောင် ကန်စပ်မှာ သေးပန်းသွားတာ မြင်လို့ မသောက်ခိုင်းတော့ပါဘူး။
အင်း။ အာလူးဆိုတဲ့ကောင်က အဲ့ဂလို ဗရုတ်ကျ၊ ချောက်ချတတ်တဲ့ သူမျိုး။ ခုချိန် စာရေးရင်း ကြီးကြီးတွေရဲ့ ကျောက်သေတ္တာ ပတ်နေတဲ့ပုံတွေကို ပြန်မြင်ပြီး သနားလဲ သနားတယ်။ ရယ်လဲ ရယ်ချင်နေတုန်းပဲ။ မိတ်ဆွေတို့လဲ မိုးကုတ်ကို အလည်ရောက်လို့ ဒေါ်နန်းကြည့်တောင်ကို သွားပြီး ကျောက်သေတ္တာကြီး ကြည့်ချင်တယ်ဆို ပြောဗျို့။ အခမဲ့ လမ်းပြ လိုက်လုပ်ပေးမယ်။
လောလောဆယ်တော့မိုးကုတ်မြို့ကို ဒီနေရာလေးကနေ အလည်ဖိတ်ခေါ်လိုက်ပါတယ်ဗျို့။
အမှတ်တရ
အပျင်းပြေ ပြုံးစေ ပျော်စေသော်ဝ်
အာလူးလေး

2 comments:

နွေးနေခြည် said...

မိုးကုတ်လာရင် ဝေးဝေးရှောင်ရမယ်

ဆောင်းနှင်းရွက် said...

ကျေးဇူးတင်ပါတယ် ..
ရောက်ရင် ကိုယ့်ဘာသာ ပဲ သွားလိုက်ပါတော့မယ် ..
ကိုအာလူး ရေ ...