" ထိုတစ်နေ့ " မစတင်ခင်ကရင်း.... အမှတ်တရ ကဗျာလေး တင်ဖို့ လုပ်နေရင်း.... ဖြတ်သန်းခဲ့တဲ့ မွေးနေ့တွေအကြောင်း နောက်ပြန်တွေးနေမိတယ်...။
ငယ်ဘဝမှာ မွေးနေ့ပွဲဆိုတာ မလုပ်ဖြစ်သလောက် ရှိရုံမက မွေးနေ့ဆိုတာကို မေ့ မေ့နေဖြစ်တဲ့ နှစ်တွေက အများသားရယ်...။
တကယ်လို့ မွေးနေ့ကို အမှတ်ရရင်လဲ ဘုန်းကြီးဆွမ်းကပ်၊ ဆွမ်းလောင်း အဲဒီလောက်ပဲပေါ့....။
မွေးနေ့ဆိုတာကို တခုတ်တရ သိပ်မရှိလှပေမဲ့ အမှတ်တရ ရှိသွားတဲ့ မွေးနေ့လေးတွေတော့ ကြုံဖူးခဲ့တယ်..။
မှတ်မှတ်ရရ... Design 2000 မှာ မေလဖွား ညီမလေးတစ်ယောက်နဲ့ မွေးနေ့ ကို စုပေါင်းပြီး လုပ်ဖြစ်ကြတာမျိုး....
နောက်တော့ 2007မှာ သယ်ရင်းတွေကို ရှမ်းခေါက်ဆွဲ ကျွေးဖြစ်ခဲ့တာ.... အဲဒီ သယ်ရင်းတွေ အားလုံးက ကျွန်တော့် မွေးနေ့ကို ရှမ်းခေါက်ဆွဲနဲ့ တွဲ အမှတ်တရ ဖြစ်သွားတဲ့ထိ လက်ရာကောင်းခဲ့တာကိုး.. (မယုံ မေးကြည့်ကြပါ :-P )
2008မှာတော့ ကျွန်တော် မေ့လျေားနေခဲ့တဲ့ မွေးနေ့ကို ကျွန်တော့် ချစ်လှစွာသော အမေသုံးယောက်ရယ် တီချယ်နှစ်ယောက်ရယ် သယ်ရင်းတစ်ချို့ရယ် တိတ်တဆိတ် စီစဉ်ပြီး လုပ်ပေးတဲ့ ပါတီလေးတစ်ခုနဲ့ ပျော်ရွှင်စေခဲ့တယ်။
2009မှာတော့ ကျွန်တော့်ဘဝထဲ အမြဲအမှတ်တရ ဖြစ်စေမဲ့ ညီငယ်လေးတစ်ယောက်ကို ကျွန်တော့်မွေးနေ့ နဲ့ ပတ်သက်ပြီး အမှတ်တရ.. ကောက်ရခဲ့တယ်......
ခု 2010မှာရော......
" ထိုတစ်နေ့ " က... ထုံးစံအတိုင်း လကုန်ခါနီးရက်ဆိုတော့ ရေခန်းနေတဲ့ အချိန်ပေါ့....
ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ သယ်ရင်းတွေ.. မောင်နှမတွေကို ကျွေးမွေးချင်စိတ်ရှိပေမဲ့ ဆန္ဒကို အသာ ဘေးချထားရတဲ့ နေ့ပေါ့....
အလုပ်ကလဲ ထွက်ထားတဲ့ လ.....
သယ်ရင်းတွေက စိတ်လိုက်မာန်ပါ ကျွန်တော် အလုပ်ထွက်ခဲ့လို့ စိတ်ပူပြီး အလုပ်သစ်ကို ဝိုင်းရှာပေးနေကြတယ်..
သယ်ရင်းတွေရဲ့ စေတနာမေတ္တာနဲ့ ရင်ထဲ နွေးထွေးခွန်အားရှိရချိန်မှာ..
အလုပ်သစ်ကလဲ အဆင်ပြေပါ့မလား.. ရင်နဲနဲ ပူနေရတဲ့အချိန်မှာ......
" မွေးနေ့ ဘာကျွေးမှာလဲ... "
" မိန်းမယူဖို့ အချိန်သိပ်နောက်ကျနေမယ်နော်.. "
" မစွံသေးဘူးလား " ဆိုတဲ့ မေးခွန်းတွေက ကျွန်တော့်ကို စိတ်ဓာတ်တော့ နဲနဲ ကျနေစေခဲ့တာ အမှန်
နောက်တော့ မွေးနေ့မတိုင်ခင်မှာ မွေးနေ့ အမှတ်တရအတွက် ကျွန်တော့် ချစ်သော ညီငယ်လေး ဖိုးစိန်က ပို့စ်တစ်ပုဒ်ရေးတင်ခဲ့တယ်...
" မွေးနေ့အတွက် လက်ဆောင်က အဲတာ အပြီးပဲနော် " လို့လဲ တစ်ဆက်တည်း ဖိုးစိန်က ပြောထားသေးတယ်....
ကျွန်တော် မွေးနေ့ မလုပ်နိုင်ပေမဲ့ အဲဒီ ပို့စ်လေးနဲ့ ကြည်နူး ပီတိ ဖြစ်ခဲ့ရတာပေါ့...။
၂၄ရက် ကနေ ၂၅ရက်ကို ကူးပြောင်းတဲ့ အချိန် ည ၁၂နာရီ ဒေါင်ကနဲကနေ.. ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပေးသူတွေ၊ ဖုန်းနဲ့တစ်မျိုး မေးလ်နဲ့တစ်မျိုး စာပို့ ဆုတောင်းပေးတဲ့ သူတွေကို ဖုန်းဖြေရင်း၊ စာပြန်ပို့ရင်း၊ နောက် အမှတ်တရ ကဗျာလေးတွေ တင်ဖို့လုပ်ရင်း အလုပ်များနေတဲ့ ကျွန်တော့်ကို အိမ်က မောင်နှမတွေက ကြည့်မရကြတော့ဘူး ထင်ပါရဲ့။
" မွေးနေ့လေး ရောက်တာများ ဘာထူးဆန်းတာ ကျလို့၊ မျက်စိကို နောက်တယ် " လို့ ပြောနေကြသေးသည်...
ထူးဆန်းတာက... ကျွန်တော့် အနီးအနားမှာ ရှိနေတဲ့မောင်နှမတွေရော.. ခပ်လှမ်းလှမ်းက မောင်နှမတွေဆီကရော အသံတွေ တိတ်နေကြတာပဲ... မျိုးနဲ့ ဆောင်းဆီက ဖုန်းထဲ ဝင်လာတဲ့ ဆုတောင်းစာက လွဲရင် အကုန်လုံး အသံတွေ တိတ်နေကြသေးတာ...
" ကြည့်စမ်း.. ကိုကို့ကို ချစ်ပါတယ်.. ခင်ပါတယ်ဆိုတဲ့ မောင်နှမတွေ ဘယ်သူကများ ကိုကို့ မွေးနေ့ကို သတိရကြလဲ.. စာလေးတစ်စောင်တောင် လှမ်းပို့ကြသလား.... ချစ်ညီမ ဆိုတာကလဲ အစောကြီး ဝင်အိပ်တာ သိုးနေလောက်ပီ.. ဟက်ပီဘာ့သ်ဒေးလေးတောင် မလုပ်နိုင်ဘူးးး.. ချစ်ကြတာ.. ချစ်ကြတာ...."
ဖိုးစိန်ပြောမှပဲ လူက စိတ်မကောင်းချင်ချင် ဖြစ်လာတော့တယ်...
ဟုတ်ပါရဲ့ဗျာ..... ဘရက်ဒယ် မောင်နှမတွေ အကုန်လုံးက တစ်ယောက်ယောက်မွေးနေ့ဆို စုစည်းဆူညံ ပျော်ရွှင်နေကြတာ.. ကိုယ့်မွေးနေ့ကျမှ အိမ်ကို ဘယ်သူမှလဲ မလာ.. ဆုတောင်းလေးတောင် ဖုန်းနဲ့ လှမ်းပြောဖော် မရကြဘူးးး
ခုမှ တကယ် စိတ်ထဲ မကောင်းဖြစ်သွားသလိုလို.......
အလုပ်ကနေ သန်းခေါင်ကျော်ထိ မပီးသေးလို့ မနက်လင်းခါနီး လေးနာရီခွဲလောက်မှ အလုပ်ကနေ ပြန်လာရတဲ့ ၊ အကိုတော်ကို ချစ်လှပါချည်ရဲ့ ပြောလွန်းတဲ့ ညီမလေးကလဲ သူ ပြန်မလာမချင်း စိတ်ပူပီး အိပ်မပျော်ဖြစ်နေတဲ့ ကျွန်တော်.. သူပြန်လာလို့ အိမ်တံခါး ထဖွင့်ပေးတော့တောင် ဟက်ပီဘာ့သ်ဒေး တစ်ခွန်းမပြော..
အို ... အရင်ကလဲ မွေးနေ့ဆိုတာ ဒီလိုပဲ ကျော်ဖြတ်သွားခဲ့တာပဲမဟုတ်လား.. ဘာကြောင့် ဒီတစ်နှစ်ကျမှ စိတ်ထဲ ဝမ်းနည်းချင်နေရတာပါလိမ့်....
ကြိုးစားပြီး အိပ်ပေမဲ့ ထိုတစ်နေ့၏ အစဦးမှာ ကျွန်တော့်ရင်ထဲ တစုံတရာက လွတ်ဟာလို့ နေခဲ့တာ....
" ကိုကို.. ထတော့လေ.. ဘုန်းကြီးကျောင်းသွားမှာဆို... သွေး သွားလှူမယ်ဆို.. ရုံးကလဲ ခေါ်ထားသေးတယ်ဆို...."
ကျွန်တော့် မွေးနေ့ကို ဂရုမစိုက်ပဲ၊ နောက်ပြီး... ကျွန်တော့်ဘေးမှာ အတူ မလိုက်ပေးပဲ ဒီနေ့မှ ကျောင်းမှာ ပရောဂျက်ရှိလို့ ညရှစ်နာရီအထိ နေရမယ် ပြောတဲ့ ဖိုးစိန်ကိုလဲ စိတ်က သိပ်မကျေနပ်.. သို့သော်... မွေးနေ့ အမှတ်တရ ပို့စ်လေး တင်ပေးပြီးတုန်းကရင်း မွေးနေ့မှာ ဘာလက်ဆောင်မှ မလိုတော့ဘူး ကျေနပ်ပီ ပြောထားခဲ့ပြီးသား.. အင်းလေ ဘယ်တတ်နိုင်မှာလဲ..
ကျွန်တော်တစ်ယောက်တည်း သွားရုံပေါ့....
မသွားချင် သွားချင်နှင့် အချိန်ဆွဲနေသော ကျွန်တော့်ကို ပြာဂျီးနှင့် ဖိုးစိန်က စိတ်မရှည်တော့...
" သွားတော့လေ.. အိမ်ကို ဘယ်အချိန် ပြန်ရောက်မှာလဲ... အိမ်ပြန်လာဖို့ အချိန်မရရင်လဲ ညနေကျ စီးတီးဟောမှာ စောင့်နေ.. မောင်ကိုကို နဲ့လဲ ကော်ဖီဆိုင်မှာ ချိန်းထားသေးတယ်မလား.. အဲတာပြီးမှ အိမ်ပြန်လာခဲ့ပေါ့....."
ဇွတ်အတင်း အိမ်ကနေ နှင်ထုတ်နေတော့ ကျွန်တော်လည်း စိတ်သိပ်မပါလှစွာ အိမ်ကနေ ထွက်ခဲ့တယ်...
တော်ပါသေးရဲ့..... မျိုးက အလုပ်ကနေ ခွင့်ယူထားပြီး ကျွန်တော် သွားလေရာ ဘေးမှာ အဖော်လိုက်ပေးတော့ ငြိမ်ချက်သား ကောင်းစွာ တိတ်ဆိတ်နေကြသော မောင်နှမတွေကြောင့် စိတ်မကောင်းဖြစ်ချင်နေတာတွေက အနည်းငယ် သက်သာရာ ရသေးသည်..။
ထိုနေ့က အိမ်ကနေထွက်တော့ နေ့လည် ဆယ့်တစ်နာရီခွဲ လို့ နေခဲ့ပြီ..။ ဘုန်းကြီးကျောင်းသွားကာ တစ်ခုခု လှူချင်သော်လည်း ရုံးက ခေါ်ထားတာ နေ့လည် ဆယ့်နှစ်နာရီခွဲ.. အချိန်က သိပ်မလောက်တော့..။ ဒီတော့ ဘုန်းကြီးကျောင်းကို မသွားသေးပဲ ရုံးဘက် အရင် သွားလိုက်သည်...။ ကျွန်တော် ထင်ထားသည့်အတိုင်း.. ရုံးက သူဌေးနှင့် လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့် မွေးနေ့အတွက် အမှတ်တရ နေ့စာကို စားသောက်ဆိုင်တစ်ခုမှာ ခေါ်ကျွေးကြခြင်း ဖြစ်သည်..။ ကျွန်တော့်အတွက် မွေးနေ့ ဆုတောင်းပေးကြ၊ စကားတွေ ပြောကြနှင့် စားသောက်ဆိုင်က ထွက်လာတော့ နေ့ နှစ်နာရီခွဲကျော်နေခဲ့ပြီ..။ သောကြာနေ့အတွက် ဒန်ပေါက်မှာဖို့ ကိစ္စ.. သွေးသွားလှူဖို့ ကိစ္စ.. ဘုန်းကြီးကျောင်းသွားဖို့ ကိစ္စတွေနှင့် လူက စိတ်လောနေရသေးသော်လည်း ဘရာဒဲ မိသားစုတွေဆီ စိတ်က ရောက်သွားတိုင်း ကျွန်တော့် မွေးနေ့ကို နေနိုင်လိုက်ကြတာ ဟု စိတ်က မကောင်းဖြစ်နေချေသေး၏။
ဘယ်သူကမှလဲ ဖုန်းမဆက်ကြသလို ဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာကအစ အရင်လို ဖုန်းဆက်မေးကြသူတွေ မရှိ... တကယ့်ကို အသံတွေ တိတ်နေကြတာကတော့ နားမလည်နိုင်..။
ဒန်ပေါက်မှာသည့် ကိစ္စ ပြီးတော့ သွေးသွားလှူဖို့ ဆေးရုံကို သွားသည်။ အမှန်အတိုင်း ပြောရလျှင်တော့ ကျွန်တော့်မှာ သွေးမြင်လျှင် မူးတတ်သော ရောဂါ ရှိပါသည်။ ကျွန်တော် ငယ်ငယ်က ဆေးထိုးအပ် မြင်တိုင်း ကြောက်တတ်ပြီး ဆေးထိုးပေးလျှင် လူတစ်ကိုယ်လုံး အကြောတွေ တောင့်တင်းနေတတ်သောကြောင့် ဆရာဝန်တွေ ဆေးထိုးတိုင်း ကျွန်တော့်ကြောင့် စိတ်ညစ်ရစမြဲ..။ အသားနားမှာ ဆေးထိုးအပ် နီးကပ်လာတိုင်း စိတ်တွေ ဘယ်လောက် မကြောက်အောင် လျှော့ထားထား ကြွက်သားနှင့် အကြောတွေက သူ့ဘာသာ တောင့်တင်းသွားတတ်တာက ကျွန်တော် ဘယ်လိုမှ မတတ်နိုင်..။ ကဲ.. ဘယ်လို ဖြစ်ဖြစ် ထိုနေ့အတွက် သွေးလှူဖို့ ကျွန်တော် ဆန္ဒ ရှိနေခဲ့ပြီးပြီပဲ..။ ဖြစ်အောင် လုပ်ရမည်..။ ဖိုးစိန်နှင့် ပြာဂျီးကလည်း မျိုး ဘေးမှာ ပါသောကြောင့် သွေးလှူပြီး မူးလဲနေမှာ စိတ်မပူရတော့ဘူး ဆိုကာ လိုက်မလာကြတော့။ အစကတော့ သွေးသွားလှူရင် လိုက်ခဲ့ဖို့ စီးတီးဟောမှာ ချိန်းထားပြီးသား..။
သွေးလှူနေရင်း ညက ကောင်းကောင်း အိပ်မပျော်ထားသောကြောင့် လူက မူးဝေလာ၏။ သွေးလှူပြီးတော့ နှုတ်ခမ်းတွေ ပြာနေသော ကျွန်တော့်ကို နာ့စ်မလေးတွေက ကုတင်ပေါ်မှာ ဆယ့်ငါးမိနစ်လောက် အနားယူခိုင်းထားရသည်။ ဖြူလျော်သွားသော အသားတွေ ပြန်ကြည်လာပြီး နှုတ်ခမ်းအရောင်က ပုံမှန် ပြန်ဖြစ်လာမှ အခန်းထဲက ပေးထွက်၏။ အပြင်မှာ စောင့်နေသော မျိုးက သွေးလှူတာ ကြာနေသော ကျွန်တော့်ကို စိတ်ပူလို့နေပြီ...။ အိမ်ကလူတွေလဲ ကျွန်တော် သွေးလှူပြီး အခြေအနေ ကောင်းလား၊ အားနည်းပြီး မူးနေသလား စိတ်ပူပြီး မေးထားတာတွေကြောင့် ဖုန်းဆက်ပြီး စိတ်မပူဖို့ အကြောင်းကြားရသေးသည်။
ဆေးရုံကနေ ပြန်ထွက်လာတော့ ငါးနာရီခွဲနေခဲ့ပြီ..။ မျိုးကလဲ သူ့ကောင်မလေးကို ကျောင်းသွားကြိုရအုံးမည်။ သွေးလှူပြီးကာစ ကျွန်တော့်ကို တစ်ယောက်တည်း ပြန်လွှတ်ရမှာကလဲ စိတ်မချ။ ဒီတော့ မျိုးကို ကျွန်တော် တစ်ယောက်တည်း သွားနိုင်ကြောင်း အားပြန်ပြည့်လာပြီ ဖြစ်ကြောင်း.. နောက်ပြီး မောင်ကိုကိုနှင့် နောက် တစ်နာရီလောက်ကျ ကော်ဖီဆိုင်မှာ ချိန်းထားသည့်အတွက် အဲအချိန်ကျ ကျွန်တော့်ဘေးမှာ လူရှိနေပြီ ဖြစ်သည့်အတွက် စိတ်မပူဖို့ ပြောပြီး ကျွန်တော်လမ်းခွဲထွက်ခဲ့သည်။
ဖုန်းလှမ်းဆက်ပြီး ကျွန်တော် အိမ်ပြန်နားမယ် ပြောတော့ ဖိုးစိန်က " အိမ်မှာ ဘယ်သူမှ မရှိဘူး၊ ပြန်မလာနဲ့တော့၊ ညီကလဲ ကျောင်းမှာ.. မမပြာ ကလဲ ကျောင်းကနေ အင်တာဗျူး ဆက်သွားပြီ.. သူငယ်ချင်းနဲ့ ချိန်းထားတာကလဲ အချိန်နီးနေပြီမလား တစ်နေရာရာမှာပဲ ခန နားနေလိုက်လေ.. သွားလိုက် ပြန်လိုက်နဲ့ အချိန်ကုန်ပြီး လူပင်ပန်းတာပဲ ရှိတယ် " ဆိုလေသောကြောင့် အိမ်လည်း မပြန်ချင်တော့။
ဒီလိုနဲ့ ကျွန်တော် စီးတီးဟောမှာ ခဏ ဝင်နားကာ မောင်ကိုကို ရုံးဆင်းချိန်ကို စောင့်နေရတော့သည်.။ တကယ်တော့ ကျွန်တော် အိမ်ပြန် နားချင်နေပြီ။ နားထဲက လေတွေ ထွက်ပြီး လူကလဲ မူးရိပ်ရိပ် ဖြစ်ကာ အိပ်လဲ အိပ်ချင်နေပြီ။ ဖြစ်နိုင်လျှင် ကော်ဖီဆိုင်မှာ ဆုံဖို့ ပေးထားသော ကတိကို ဖျက်ကာ အိမ်ပြန် အိပ်ပလိုက်ချင်သည်။ သို့သော်.. မောင်ကိုကိုက ပေးထားသော ကတိကို တည်မှ.. မတည်ပဲ ပျက်ကွက်လျှင် အင်မတန် စိတ်ဆိုးတတ်သည့်သူ..။ ဒီတော့လဲ ကတိအတိုင်း စောင့်ရုံသာ ရှိတော့သည်..။ ကော်ဖီဆိုင်မှာ ထိုင်ကာ ကော်ဖီသောက်ရင်း စကားပြောရင်း အချိန်က ည ခုနှစ်နာရီ ခွဲ ကျော်လာပြီ..။ ကောက်ဖီဆိုင်က အဲကွန်းဒဏ်ကြောင့် ကျွန်တော်လည်း ချမ်းလွန်းလှပြီ..။ ကျောင်းကနေ အပြန် ကျွန်တော်တို့ဆီ ဝင်လာပြီး အိမ်ကို အတူ ပြန်မယ် ပြောထားသော မျောက်ဖိုးစိန် ကလဲ ပေါ်မလာ။ စောင့်နေရတာ စိတ်မရှည်တော့ ကျောင်းခန်းထဲပဲ ဖြစ်ဖြစ်ကွာ ဖုန်းဆက်မယ် ဆိုကာ ဖုန်းခေါ်တော့ " လမ်းမှာ... လာနေဘီ " တဲ့..
ဒါနဲ့ ကျွန်တော်နှင့်မောင်ကိုကိုလည်း အချမ်းဒဏ် မခံနိုင်သည့်အဆုံး ဆိုင်ထဲမှ ထွက်ကာ ဈေးဆိုင်တွေဘက် ပတ်နေကြသေးသည်။ လူက ဗိုက်လဲဆာ၊ ခေါင်းလဲမူး.. အားလည်း နည်းချင်နေသောကြောင့ပြန်နားချင်လှပြီ...။ ဖိုးစိန်ကလည်း တစ်နေရာကနေ တစ်နေရာ ပြောင်း ချိန်းနေသည်မှာ ဒိနေ့ညအဖို့ အိမ်ပြန်နိုင်ပါ့မလား စိတ်မရှည်ရသည်အထိ...။ မောင်ကိုကိုခမျာလည်း ရထားပေါ်မှာ တစ်လမ်းလုံး ဖုန်းတစ်လုံးနှင့် သူနှင့် အလုပ်တွေ ရှုပ်နေလေသည်...။ ကျွန်တော်လည်း စကား မပြောနိုင်၊ ပင်ပန်းသလိုလို အိပ်ချင်သလိုလို ဖြစ်နေသောကြောင့် မျက်စိကိုမှိတ်ကာ အနားယူနေရသည်။
အိမ်ကိုရောက်လို့ အိမ်သော့ဖွင့်ကာ ဝင်တော့ တစ်အိမ်လုံး ဘယ်သူမှ မရှိကြ။ အိမ်က မီးမှောင် ကျလို့။ မီးဖိုခန်းထဲမှာလဲ ဘယ်သူမှ မရှိ.. အိပ်ခန်းထဲလဲ လူမရှိ.. မောင်ကိုကိုကတော့ မီးတောင် မဖွင့်နိုင်ပဲ ဧည့်ခန်းမှာ ငုတ်တုတ် ထိုင်နေသည်။ အိမ်ပြန်ရောက်လျှင် အလုပ်သွားသူတွေ ပြန်မရောက်ကြသေးလျှင်တောင် အနည်းဆုံး ပြာဂျီးနှင့် ဖိုးစိန်ကတော့ အမြဲ ရှိနေကျ.. ဒီနေ့မှ ဘယ်လိုဖြစ်ပြီး တစ်အိမ်လုံး ရှိသမျှလူတွေ ပျောက်နေကြတာပါလိမ့်....
အိမ်ရှေ့ဘက်ခြမ်းရှိ အိပ်ခန်းကလဲ လော့ခ် ကျနေသေးသည်။ ဒီအခန်းက အမြဲ အဲဒီလို လော့ခ် အလိုလို ကျနေကျ ဖြစ်သောကြောင့် အိပ်ခန်းသော့ကို အလွယ်တကူ ဖွင့်နိုင်ဖို့ ဧည့်ခန်းမှာ ထား ထားရသည်။
ဒီအခန်းသော့ကလဲ ပြင်အုံးမှ....
(အခန်းသော့ သူ့ဘာသာ ကျသွားတိုင်း တွေးနေကျ ဖြစ်သော်လည်း ဘယ်တော့မှ မပြင်ဖြစ်ပါ)
အခန်းသော့ကို ဖွင့်ဝင်လိုက်တော့
((((((Happy Birthday!!!!!!)))))))
တစ်ဖောင်းဖောင်းသော ဗျောက်အိုးသံ လက်ခုပ်သံများ.....
ရုတ်တရက် မမျှော်လင့်ပဲ ကြားလိုက်ရသော အသံပြိုင်ကြောင့် ကျွန်တော် လန့်သွားသေး၏။ ပြီးတော့ နွေးထွေးသော ပျော်ရွှင်မှုတို့က တစ်ကိုယ်လုံးကို လျှင်မြန်စွာ လှည့်ပတ် စီးဆင်းသွားကြကာ ကြက်သီးမွှေးညှင်းတို့ပင် ထလာသလို...။
မီးမှောင်မှောင်ထဲမှာ.... မွေးနေ့ ဖယောင်းတိုင်မီးလေးတွေ ထွန်းပြီး စောင့်နေကြသော ကျွန်တော်ကချစ်ပြီး ကျွန်တော့်ကို ချစ်သော မောင်နှမများ...
ကျွန်တော့်မွေးနေ့ကို ဘာ ဆုတောင်းမှ မလုပ်ပဲ တစ်နေကုန် ပစ်ထားကြသော အသည်းကျော်များ....
ခုန်ပေါက်ပျော်မြူးနေကြသော သူတို့၏ ရင်ခုန်ပျော်ရွှင်မှုများက ကျွန်တော့်ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။
" Happy Birthday to you " သီချင်းကို သံပြိုင်ဆိုနေကြသံများအောက်မှာ ပျော်ရွှင်မှုလှိုင်းတွေက တလိမ့်လိမ့်.... တိုးလာ၏။
အစောနက မူးဝေနောက်ကျိနေကာ အိပ်ချင်လောက်အောင် ပင်ပန်းနေသော စိတ်တွေ က ဘယ်မှာမှ အစ ရှာမရတော့...
တစ်ယောက်ပြီးတစ်ယောက် ဝိုင်းပေးကြသော မွေးနေ့ အနမ်းတွေက စိတ်ကို အားသစ် ဖြည့်လောင်းနေသလို............
" လက်ဆောင်တွေ ဖောက်ကြည့်အုံးလေ....."
" ပို့စ်တွေ တင်ထားတယ်.. သွားဖတ်..."
" ဓာတ်ပုံရိုက်မယ်လေ.. ဓာတ်ပုံ...."
" စောင့်နေရတာ ကြာလှပြီ.. ဗိုက်ဆာလှပြီ.. ကိတ်မုန့် လှီးပါတော့ဗျို့....."
" မွေးနေ့ရှင်တော့မသိ.. တို့တွေကတော့ စောင့်ရင်း ရင်တွေကို ခုန်လို့...."
တစ်ယောက်တစ်ပေါက် ဆူညံနေသော အသံတွေအောက်မှာ ကျွန်တော် သွားတွေ အကုန်ပေါ်အောင် ရယ်ဖြီးနေမိတာ ပါးစပ် ပိတ်လို့ မရတော့ပါ.....
နောက်မှ သိရသည်က မွေးနေ့ပွဲကို ရုတ်တရက် အံ့သြပျော်ရွှင်သွားအောင် လုပ်ဖို့ စနစ်တကျ အကွက်ချ စီစဉ်ခဲ့လေသူက ကျွန်တော့်အသည်းကျော် ညီလေး ဒါရိုက်တာကြီး ဖိုးစိန်..... ပံ့ပိုးကူညီကြသူတွေကတော့ ကျွန်တော့်မွေးနေ့ကို ဆုတောင်း သေးသေးလေးပင် မလုပ်ခဲ့ကြပဲ တိုတစ်နေ့လုံး ပစ်ထားကြသည့် ကျန် မောင်နှမများ.....
ကျွန်တော့်မွေးနေ့ ရောက်ချိန်ကနေ စပြီး ဘယ်သူမှ ကျွန်တော့်ကို မွေးနေ့ဆုမတောင်းရ.. မသိသလို နေရမည်... မည်သူမျှ ကျွန်တော့်ကို မဆက်သွယ်ရ...။ ကျွန်တော်က ထိုအခါကျ တစ်နေကုန် စိတ်မကောင်းဖြစ်နေလိမ့်မည်..။ မျိုးက တစ်နေကုန် ကျွန်တော့်ဘေးမှာ ရှိနေတော့ သူလည်း ဒီ အစီအစဉ်ကို မသိဘူးလား .... ကျွန်တော့်အထင် လွဲပါသည်။ မျိုးကလဲ ဒါတွေ အားလုံးကို သိနေသည်တဲ့။ မောင်ကိုကိုကရော.... သူကတော့ ထိုတစ်နေ့က ကျွန်တော့်ကို ဇွတ် ဂျီကျကာ ကော်ဖီဆိုင်မှာ အအေးပတ်ခံ အချိန်ဆွဲကာ အိမ်မှာ လူစုံလို့ အချက်ပေးချိန်မှ ကျွန်တော့်ကို အိမ်ပြန်ခေါ်လာဖို့ တာဝန်ယူထားခြင်းပင်..။ အားလုံးက ပိပိရိရိ.. ကျွန်တော် ဘယ်ရောက်နေတယ်.. ဘာဖြစ်နေတယ်ဆိုတာကို ဘေးမှ ထိုနှစ်ယောက်က တစ်ချိန်လုံး ကျန်တဲ့သူများနှင့် အချိန်အဆက်လုပ် ပြောနေကြတာလဲ ကျွန်တော် နဲနဲမှ မရိပ်မိခဲ့..။ ပိရိကြပါသည်..။
ကျွန်တော် ပျော်ပါသည်။
မွေးနေ့လက်ဆောင်တွေကို ဖွင့်ဖောက် ရင်ခုန်ရင်းလည်း ကျွန်တော် ပျော်ပါသည်..။
ကိတ်မုန့်လှီးကာ တစ်ယောက်စီကို ခွံ့ကျွေးနေရင်းက သူ့အရင် ငါ့အရင် လုနေကြသော မောင်နှမများကို ကြည့်ရင်းလဲ ကျွန်တော် ပျော်ပါသည်..။
အဆာခံကာ ကျွန်တော် ပြန်လာသည်အထိ ဘာမစားပဲ တိတ်တဆိတ် အမှောင်ထဲမှာ စောင့်နေကြသော မောင်နှမများ ဆာဆာနှင့် ဖိုးစိန် ချက်ထားသော ညစာကို ပျော်ပါးညံစီစွာ စားနေတာ ကြည့်နေရင်းလည်း ကျွန်တော်ပျော်ပါသည်...
အုပ်စုလိုက် အမှတ်တရ ဓာတ်ပုံ ရိုက်သောအခါ နေရာလုကြ၊ တစ်ယောက်တစ်မျိုးစီ ပဲတွေ ပေးနေကြရင်း ရယ်သံတွေ ညံစီစီကို နားထောင်နေရတာလည်း ကျွန်တော် ပျော်ပါသည်.....
ကျွန်တော်နှင့် မောင်နှမတွေအားလုံး တစ်ယောက်အပျော် တစ်ယောက်ကူးစက်ရင်း ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ မွေးနေ့လေးတစ်ခုကို ထိုတစ်နေ့မှာ ပိုင်ဆိုင်ခွင့် ရခဲ့သည်။
ကျွန်တော် ရင်ခုန်ပျော်ရွှင်ခဲ့သလို မောင်နျမများ အားလုံးလည်း ထပ်တူ ပျော်ရွှင်ရင်ခုန်နေကြတာ ကျွန်တော် ခံစားရပါသည်..။
မွေးနေ့ပွဲလေးကို ခုလို စိတ်လှုပ်ရှားဖွယ် ဖြစ်အောင် ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသော မောင်နှမများ အားလုံးကို ကျွန်တော် အင်မတန် ကျေးဇူးတင်မိပါသည်..။
အလုပ်ကနေ ခွင့်ယူပြီး တစ်နေကုန် ကျွန်တော့်နောက် တကောက်ကောက် လိုက်ပေးသော မျိုး နှင့် ညနေဘက်မှာ အစီအစဉ်အတိုင်း အဆင့်သင့်မဖြစ်မှီ ကျွန်တော်အိမ်မပြန်ဖြစ်အောင် အချိန်ဆွဲထားပေးသော မောင်ကိုကို တို့၏ ပိရိသေသပ်မှုကိုလည်း ချီးကျူးကာ ကျေးဇူးတင်ပါသည်။
စီစဉ် အကွက်ချထားသည့်အတိုင်း ကျွန်တော့်ကို တစ်နေကုန် စိတ်မကောင်းအောင် နှိပ်စက်ထားကာ မထင်မှတ်ထားသည့် ထောင့်ချိုးမှ မကြုံရဖူးသော ပျော်ရွှင်မှုကို မွေးနေ့လက်ဆောင်အဖြစ် ဖန်တီးပေးခဲ့သော ချစ်ညီ ဖိုးစိန်ကိုလည်း အင်မတန် ကျေးဇူးတင်ပါသည်။
အဝေးကနေရော အနီးအနားကနေပါ မွေးနေ့ကို သတိတရ ဆုတောင်းပေးကြ.. ပို့စ်တင်ပေးကြ ကဗျာရေးပေးကြသော သယ်ရင်းများ၊ မောင်နှမများကိုလဲ ကျေးဇူးတင်ပါသည်။
" ထိုတစ်နေ့ " က အပျော်က ခုချိန်ထိ အရှိန် မသေသေးသောကြော်င့ ကျွန်တော့်အပျော်များကကိုလည်း အားလုံးနှင့် မျှဝေလိုက်ပါသည်ခင်ဗျား......။ ။
ကျွန်တော့်ဘဝမှာ ကျွန်တော့်အပေါ် ဒုက္ခပေး အကောက်ကြံပြီး နောက်ကျော ဓားနှင့်ထိုးတတ်သော မိတ်ဆွေများထက် ကျွန်တော်က ချစ်သော နားလည်သော၊ ကျွန်တော့်အပေါ်ချစ်ခင်နားလည်ကြသော မိတ်ဆွေ သယ်ရင်းများနှင့်သာ ကြုံဆုံခဲ့ရခြင်းမှာ မင်္ဂလာတစ်ပါးပင် မဟုတ်ပါလား.....
" ထိုတစ်နေ့ " အတွက်တင်မဟုတ်.. နောက်နောင် နေ့ရက်တွေမှာလဲ ထို မင်္ဂလာသည် ကျွန်တော်နှင့်အတူ ထာဝရ ရှိနေမည် ယုံကြည်လျက်...

25.05.2010 အမှတ်တရ
အားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်ရင်း
မေတ္တာဖြင့်
မိုးကုတ်သား
မိုးကုတ်သား
15 comments:
သဲထိတ်ရင်ဖိုပေါ့.........
ချစ်ညီမ အိမ်ပြန်လာတာ လေးနာရီကျော် ဟုတ်ဘူးနော်
မနက် ၆နာရီကြီး
အိပ်ချင်မူးတူး ဖြစ်နေတဲ့ အစ်ကိုတော်ကို သနားလဲ သနား ..စိတ်ထဲကလဲ ရယ်ချင်တယ်..
အဲဒီ့အချိန်ကတည်းက သတိရသားပဲ..
နံပါတ် ၂ အစ်ကို ကိုကြောက်လို့....
မသိချင်ယောင်ဆောင်နေတာ
ကျေနပ်တယ်. ပျော်တယ်. ပီတိဖြစ်တယ်ဆိုရင် လုပ်ပေးရကျိုးနပ်တယ်.း))))
ချစ်တဲ့
ညီ
အဲလိုလုပ်မယ်ဆိုတာ ကျွန်တော်မသိဘူးဗျ။ အိမ်ရောက်ပြီး နည်းနည်းကြာမှ ရိပ်မိတာ။း) ဒါမျိုး အခုကလွဲလို့ တစ်ခါမှ မကြုံဖူးသေးဘူး။ အားလုံးနဲ့ သိရတာ မကြာသေးပေမယ့် ဒီလောက် ဂရုစိုက် သဘောကောင်းကြတဲ့ အမျိုးတွေ ရတာ မယုံနိုင်လောက်အောင် ပျော်ပါတယ်။
့HAPPY BIRTHDAY!!!!!!!!!!!
:D
တနားဘာဒယ်
နာ့အကိုဂျီး ... :D
ဘာပဲဖြစ်ဖြစ် ပျော်တယ်ဟုတ်
အားလုံးလည်းပျော်တယ်
စာဖတ်ရင်းတောင် ပျော်နေတာ(စိတ်မကောင်းတ၀က် :P)
နောက်နှစ်တွေလည်း ဒီနှစ်ထက်ပိုပြီး နားလည်မှုတွေရ ပိုမိုပျော်ရွှင်နိုင်ပါစေ ..း)))
happy birthdayyyyy!!
(ကြာလာရင်လူတွေ အမြင်ကတ်လာဖို့ရှိတယ် .. မျက်စိနောက်အောင် သောင်းကျန်းနေကြလို့ :D)
ကိုဘိုကြီးကိုသနားလိုက်ပါဘီ
၁၂နာရီထိုးပီးတော့ မွေးနေ့ဆုတောင်းလေးလှမ်းလုပ်ချင်ပေမဲ့ ဒုတိယအကိုရဲ့ ညွှန်ကြားချက်အရ ကျိတ်မှိတ်ပီး မသိချင်ယောင်ဆောင်နေရတယ်..
ညနေကျမှ ပျော်ပါစေဆိုပီး စိတ်ထဲတွေးပီး တနေကုန်အလုပ်ထဲမှာ ပြုံးစိစိနဲ့...
သို့သော် သို့သော်လည်းပေါ့လေ
ကံကြမ္မာက ကိုယ်ဘက်မပါတော့ မဆင်နွှဲလိုက်ရဘူး
ဘာဘဲဖြစ်ဖြစ် အကိုတော်ပျော်တယ်ဆို ညီမလေးတွေလဲပျော်တာပါဘဲ....
Happy Birthday!!!!!!!!!
ကိုးရီးယားကားကြည့်ရသလိုပဲ၊
ပျော်စရာပဲ။
ရေတမာက မှာထားပေမယ့်... ညနေလည်း မလာနိုင်လို့ မွေးနေ့ ဆုတောင်းလေးလှမ်းလုပ်လိုက်ပါတယ်။
ဒီလို ပျော်မယ်ဆိုတာ သိပြီးသားပါ။ ပျော်တယ်ဆိုလို့ဝမ်းသာပါတယ်။
Happy Birthday ထပ်လုပ်သွားတယ်း)))))))
ပျော်လည်းပျော် ရင်တွေလည်းခုန် ဒူးတွေလည်းတုန် အိုက်လည်းအိုက် သိမှာလည်းစိုးးး အို ဘာတွေဖြစ်ကုန်မှန်းကို မသိတော့ပါဘူးးး
ရင်ခုန်ကြည်နူး ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ တွေ နေ့ စဉ် ကြုံတွေ့ ပါစေ HAPPY BIRTH DAY နော်ညီရေ
ပျော်ရွှင်စရာပေါ့ Bro ရယ်
မင်္ဂလာတွေပေါ့....ဖတ်ရတာတောင်ရင်ခုန်တယ်...
ကာယံကံရှင်ဆိုရင်တော့....ပြောမနေတော့ဘူး...
ကြည်နူးမိပါတယ်အကိုရေ....
ပျော်ရွှင်မှုတွေနဲ့..ဒီညီအစ်ကိုမောင်နှမတွေနဲ့
တသက်လုံး.........
ဖတ်ပြီး အပျော်တွေကူးစက်မိတယ်။း) မွေးနေ့ကတ်လေးမှာ အမှတ်တရတောင် ရေးခြစ်ခွင့် မရလိုက်ဘူး။း(
ကိုဘိုကြီး
Happy Birthday... ပြောတာနောက်ကျလို့ ဆော်ရီးပါ... ကျနော် မသိလိုက်ဘူး... အိမ်လည်းမလည်ဖြစ်လို့... အလုပ်မှာနည်းနည်းလေးရှုပ်နေလို့...
စိတ်မဆိုးနဲ့နော်....
"HAPPY BIRTHDAY...
WISH ALL TA BEST FOR U"...
"မင်းကိုချစ်တဲ့သူ"
Post a Comment