ပါးစပ် ရာဇဝင်လေး ရှိခဲ့ဖူးတယ်
ပတ္တမြားမှန်ရင် အပြစ်အနာအဆာ တစ်ခုတော့ ရှိစမြဲ။ အပြစ်တစ်စုံတရာမရှိ စင်းလုံးချော ကောင်းနေရင်တော့ ဒီပတ္တမြားဟာ အစစ်မဟုတ်နိုင် အတုဖြစ်ဖို့ရာခိုင်နှုန်း ပိုများတယ် လို့ ဆိုတတ်ကြတယ်။
တခါတုန်းက သူဆင်းရဲ တစ်ယောက်ဟာ သူရင်းငှားအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုနေရတယ်။ တစ်နေ့တော့ တောထဲ ထင်းခုတ်သွားရင်း သစ်ဥသစ်ဖုတစ်ချို့ကို ဝမ်းစာအတွက် တူးဆွ ရှာရာက အပြစ်အနာအဆာကင်းကာ အရောင်အသွေး အင်မတန် လှပတဲ့ စင်းလုံးချောပတ္တမြား တစ်ပွင့်ကို ရခဲ့တယ်တဲ့။ သူဆင်းရဲဟာ ငါတော့ သူဌေးဖြစ်ပြီကွ ဆိုကာ မြို့ထဲ ဒုန်းပြေးကာ သူ အလုပ်လုပ်ရာ သူဌေးဆီကို ပတ္တမြား သွားရောင်းတယ်။ သူဌေးက အပြစ်အနာအဆာ မရှိတဲ့ ဒီ ပတ္တမြားကို အတုဖြစ်မှာ စိုးလို့ မဝယ်ရဲဘူး။ သူ့ မိတ်ဆွေ တခြား သူဌေးတွေ ရှိရာ လမ်းညွှန်လို့ သူဆင်းရဲဟာ ပတ္တမြားကို ကိုင်ကာ သူဌေးအိမ်တွေ တစ်အိမ်ပြီးတစ်အိမ် လိုက်ရောင်းလို့ မြို့ထဲမှာရှိတဲ့ လူချမ်းသာအိမ်တွေသာကုန်ရော။ ဘယ်သူမှ မဝယ်ရဲကြဘူး တဲ့။
ဒီလိုနဲ့ သူဆင်းရဲဟာ ပြည်တန် ပတ္တမြားကို သူ့အသက်လို စောင့်ရှောက်ကာ ဝယ်ယူမဲ့သူကိုသာ မျှော်လင့်နေရတယ်။ ဒါဟာ ပြည်တန်ပတ္တမြားဆိုတာလည်း သူသိလေတော့ ဈေးကို ပေါပေါပဲပဲ လည်း သူ လုံးဝ မရောင်းတော့ဘူး လို့ ဆုံးဖြတ်ထားလိုက်တယ်။ ဒီတော့ စစ်စစ် တုတု ဈေးပေါပေါနဲ့ ရ ဝယ်ထားလိုက်မယ် ဆုံးဖြတ်ပြီး သူ့ဆီ ပတ္တမြား လာတောင်းဝယ်သူတွေကိုလဲ သူလိုချင်တဲ့ဈေးမရပဲ သူဆင်းရဲဟာ လုံးဝ မရောင်းတော့ဘူး။
သူ့မှာ သူပိုင်တဲ့ ဒီပတ္တမြားကို ခိုးသူဓားပြရန်ကလည်း ကြောက်လေတော့ အရင်လိုလဲ အပူအပင် ကင်းကင်း မအိပ်နိုင် မစားနိုင်ရှာဘူး။ သွားလေရာရာ သူ့ ပတ္တမြားကို ခါးပုံစထဲ ကျစ်ကျစ်ပါ ထည့်စည်းကာ အလုပ် လုပ်နေရင်းလည်း ဒီပတ္တမြားကို ပြုတ်ကျကျန်လေမလား ခနခန စမ်းကာ နေ နေရသတဲ့။ နောက်ဆုံးတော့ ပတ္တမြားကို ဝယ်ယူနိုင်သူလဲ ရှာမတွေ့ တနေ့ ဝယ်သူ ပေါ်လာနိုး မျှော်ကိုးရင်း ဘာ အနာအဆာမှ မရှိ စင်းလုံးချောမွတ်နေတဲ့ ဒီ ပတ္တမြားကြီးကို စောင့်ရှောက်နေရတာ တဖြည်းဖြည်း စိတ်ပင်ပန်း ချိနဲ့ကာ အိပ်ယာထဲ လဲပါလေရော။
အလုပ် မလုပ်နိုင်တော့ ဒုက္ခဖြစ်ရှာတဲ့ သူဆင်းရဲဟာ စိတ်တွေ ထွေကာ အဖျားတက်နေချိန် စိတ်ရူးနဲ့ ငါ ခုလိုဖြစ်ရတာ နင့်ကြောင့် ဆိုကာ ပတ္တမြားတုံးကြီးကို အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲပစ်လိုက်ပါလေရော။ နောက်တော့ သူဟာ အဖျားဒဏ်နဲ့ သေဆုံးသွားသတဲ့။
သူ့ အလုပ်သမား ပေါ် မလာလို့ အိမ်လိုက်လာတဲ့ သူဌေးရောက်လာမှ သူဆင်းရဲ သေဆုံးသွားမှန်း သိကြရတယ်။ နောက်ပြီး သူ တစ်ချိန်လုံး လိုက်ရောင်းနေတဲ့ အပြစ်အနာကင်းတဲ့ စင်းလုံးချော ပတ္တမြားတုံးဟာ ခုလို အစိတ်စိတ်အမွှာမွှာ ကွဲနေတော့မှ ပတ္တမြား အစစ်ဖြစ်မှန်း လူတွေ သိကြတော့တယ်တဲ့။
ဒါနဲ့ သူ့သူဌေးဟာ ကွဲကြေသွားတဲ့ ပတ္တမြား အစိတ်အပိုင်းတွေထဲက ရောင်းလို့ရတဲ့ အပိုင်းအစလေးတွေကို ရောင်းချကာ သူဆင်းရဲအတွက် ရည်စူးကာ စေတီလေးတစ်ဆူ ဆောက်လုပ်ကာ လှူဒါန်းပေးလိုက်ရသတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲခဗျာ။
မေတ္တာဖြင့်
မိုးကုတ်သား
5 comments:
ပါးစပ်ရာဇ၀င်လေး ဖတ်သွားတယ် မိုးကုတ်သားရေး)
ပြည်တန်ပတ္တမြား နှမြောစရာ။ ပစ္စည်းသင်္ခါရ လူသင်္ခါရပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ပုံပြင် နားထောင်သွားတယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
သနားပါတယ်
စင်ဆင်
ပုံပြင်လာနားထောင်သွားတယ်။ သူဌေးစိတ်ကောင်းရှိတာပေါ့နော်။ သူဆင်းရဲအတွက် ရည်စူးပြီး စေတီလေးတည်ပေးတာဆိုတော့...
မငုံလဲ ပိုစ့်တွေမတင်ဖြစ်နေဘူး။ ရေးမယ်စိတ်ကူးလိုက် လက်နှေးလိုက်ဖြစ်နေတယ်။
ကိုဘိုရေ...
ဘလော့ဂါအားလုံးကို သတိရလို့မို့ ဒီနေ့ နှစ်သစ်ဆုတောင်းလိုက်ပေးနေတာပါ...
ပျော်ရွှင်ကြည်နူးဖွယ်နှစ်သစ်လေးဖြစ်ပါစေ...
Post a Comment