Monday, September 3, 2012

အနှိုင်းမဲ့ မေတ္တာ




Saturday, May 9, 2009 မှာတုံးက တင်ခဲ့ပြီးသား ပို့စ်ပါ။ သတိတရ ပြန်ဖတ်မိပြီး ပြန်တင်လိုက်ပါတယ်။



အနှိုင်းမဲ့ မေတ္တာ







နံနက်ခင်းသစ်တစ်ခုမှာ အရာရာအားလုံး အသစ်တွေ ဖြစ်နေတယ်လို့ သူမ ခံစားရတယ်။ ဆေးရုံနံရံက ပြူတင်းပေါက် ရှည်ရှည်လေးတွေကနေ နေရောင်ခြည်က နွေးထွေးစွာ ဖြာကျလို့။ ခန်းဆီးစလေးတွေ လွန့်လွန့်လူးလူး ဖြစ်အောင် ကြည်ဆယ်ဆော့ကစားရင်း ၀င်လာတဲ့ လေပြည် နုအေးကလဲ စိတ်ခြမ်းမြေ့စရာ။ မိခင်သစ်တစ်ယောက် အတွက်တော့ ဒီနေ့ဟာ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ။ ဒီနေ့ နံနက်ခင်း စောစောမှာပဲ သူမ သားဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လေ။ အိုး၊ ကျွန်မသားလေးကို တွေ့ချင် လွန်းလှပါပြီ။



“ကျွန်မသားလေးကို တွေ့ခွင့် ရနိုင်မလားဆရာ”



ဆရာဝန်က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သားလေးကို သူမထံပါး ခေါ်လာတယ်။ နောက်တော့ သက်ပြင်း တစ်ချက်ချပြီး ဆေးရုံက နံရံဖြူဖြူတွေဆီ အဓိပ္ပါယ်မဲ့ ငေးမောလို့နေတယ်။ သားလေးက သူ့အဖေလို ခန့်ခန့်ငြားငြားနဲ့ ချောတဲ့ အဖေတူသားလေးလား။ ဒါမှမဟုတ် သူမလို နုနုနယ်နယ်နဲ့ ချောမဲ့ အမေတူသားလေး ဖြစ်မလား။ သူမရင်တွေ တဖျတ်ဖျတ်ခုန်ရင်း သားလေးမျက်နှာကို သိုင်းထုပ်ထားတဲ့ အနှီးစလေးကို ဖြေကြည့်မိတယ်။ ကြည့်စမ်းပါအုံး။ ချောလိုက်တဲ့သားလေး။ သူမနဲ့ပဲ တူသလိုလို၊ သူ့အဖေနဲ့ပဲ တူသလိုလို။ သားလေးခေါင်းပေါ်က အနှီးစလေးတွေ ဖြေချလိုက်တော့ ရင်ဘတ်ထဲက နှလုံးတစ်စုံလုံး ခုန်ထွက်သွားမတတ် နာကျင်သွားရပြီး ဘုရား တမိတယ်။ သားလေးမှာ နား၇ွက်လေး နှစ်ဘက် ပါမလာဘူး။ နားရွက်လေးတွေ နေရာမှာ အပေါက်လေးတွေ ဟောင်းလောင်းနဲ့။ ဘယ်လို ကံကြမ္မာကများ သားလေးကို ရက်စက် လိုက်တာပါလိမ့်။ သားလေးကို ကြည့်ရင်း သူမ ရှိုက်ငင် ငိုကြွေးမိတယ်။ သူမ ယောက်ျားက သူမပခုံးကို ဆုပ်ကိုင်ထွေပွေ့ရင်း သားလေးမှာ နားရွက်လေး နှစ်ဘက် ပါမလာတာက လွဲရင် ကျန်တဲ့ အင်္ဂါ အစိတ်အပိုင်း အားလုံး ပြည့်စုံကောင်းမွန်ကြောင်း နှစ်သိမ့်နေတယ်။



တဖြည်းဖြည်း ရက်တွေ ရလာတော့ သားလေးရဲ့ အကြားအာရုံက ထင်ထားသလို မချို့ယွင်းပဲ ကောင်းမွန်တာ သိသာလာတဲ့အခါ သူမ ပျော်လိုက်တာ။



ဒီလိုနဲ့ သားလေး တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး ကျောင်းထားရတဲ့ အရွယ် ရောက်လာခဲ့ပြီ။ ကျောင်းကနေ ပြန်လာတော့ သားက သူမရင်ခွင်ထဲ ပြေးဝင် ငိုရှိုက်နေခဲ့တယ်။ သူမ စိုးရိမ်ထားခဲ့သလိုပဲ။ သားလေးက သူတပါး လှောင်ပြောင်တာတွေကို ခံနိုင်ရည် မရှိရှာခဲ့ဘူး။ နောက်ပိုင်းမှာတော့ သားက ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ပဲ စာအုပ်တွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သားလေး အားမငယ်အောင် သူမ ဘယ်လောက်ပြောပြော သားက ဘယ် သူငယ်ချင်းနဲ့မှ မဆော့ကစားသလို အိမ်ခန်းနဲ့ စာကြည့်ခန်းထဲမှာသာ စာအုပ်တွေနဲ့ လုံးထွေး ကြီးပြင်းခဲ့တယ်။ သားလေးက ဥာဏ်အင်မတန် ကောင်းသလို စာလဲ အင်မတန်တော်တယ်။ အတန်းထဲမှာလဲ သူက အမြဲ ထိပ်ဆုံးက။ တစ်ခုဆိုးတာက သားလေး လူတော မတိုးတာပဲ။ ကျောင်းက ဆုပေးပွဲတစ်ခုမှာ သူစင်ပေါ်တက်တော့ လူတွေ ၀ိုင်းရီတာ ခံရပြီးနောက်ပိုင်း အဲဒီကျောင်းကပွဲ၊ ဆုပေးပွဲတွေကို ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ အင်မတန် စကားပြောကောင်းတဲ့ သားဟာ စင်မြင့်ပေါ်မှာ ပရိတ်သတ်ကို ဘယ်လောက်များ စိတ်ဝင်စားအောင် ပြောမလဲ။ ဒါပေမဲ့ သားကို ဘယ်လို အားပေးပေး စင်မြင့်ပေါ်တက်ဖို့ ခါးခါးသီးသီး ငြင်းဆန်တော့တယ်။ နားရွက်လေးတွေ မပါတာဟာ အညွန့်တလူလူနဲ့ သားလေးရဲ့ဘ၀ကို ရိုက်ချိုးချဖို့ထိ ဖန်တီးခဲ့ပြီလား။ သူမ အမြဲ စိုးရိမ် ကြောင့်ကျခဲ့ရပါတယ်။



ဒီလိုနဲ့ သားလေး တက္ကသိုလ်ဝင်တန်း ဖြေရမဲ့ အရွယ်တောင် ရောက်လာခဲ့ပြီ။ မြို့တော်ကြီးက အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ပညာတော်သင်ဆုရဖို့အတွက် သားလေး လျာထားခံရပေမဲ့ သားက မတက်ချင်ခဲ့ဘူး။ ဒါဟာ သားလေးစိတ်မှာ အရိုးစွဲနေတဲ့ သိမ်ငယ်မှုကြောင်းမှန်း သူမသိတယ်။ အဲ့ဒီ သိမ်ငယ်မှုကို ဖယ်ရှားပေးနိုင်အောင် သူမ ဘယ်လိုကြိုးစားကြိုးစား မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး သူမတို့ လင်မယားနှစ်ယောက် သားလေး ဘ၀ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်ပြီး သားလေးကို နားရွက်တစ်စုံ တပ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက် ကြတယ်။






မေမေ့ကို ကျွန်တော် ငယ်ငယ်က နားမလည်ခဲ့ဘူး။ နားရွက်လေးနှစ်ဘက် ပါမလာအောင် မွေးပေးခဲ့တဲ့အတွက်လဲ မုန်းချင်ချင်ရယ်။ ကျောင်းမသွားချင်ရင်လဲ ဘယ်တော့မှ မရ၊ စကြနောက်ကြ နှိမ်ကြလွန်းလို့ အပေါင်းအသင်း မထားချင်ပါဘူး ဆိုရင်လဲ မရ။ ကျောင်းကို ဇွတ်သွားခိုင်းတတ်သလို ကျောင်းက အတန်းဖော် တွေကိုတောင် အိမ်ခေါ် ချက်ပြုတ်ကျွေးမွေးပြီး ကျွန်တော်နဲ့ ကစားခိုင်းလိုက်သေးတယ်။ ကျွန်တော်ကတော့ ကလေးဘ၀ကို ဆော့ကစားပြီး မဖြတ်သန်းချင်ဘူး။ သူတို့တွေက ကျွန်တော့်ကို လှောင်ကြတယ်။ ဒီတော့ ကျွန်တော့်ကို ဘာမှ မလှောင်တဲ့ စာအုပ်တွေနဲ့ပဲ ကျွန်တော် နေခဲ့တာ အပြစ်မှ မဟုတ်တာဗျာ။ ကျောင်းကပွဲတွေဆိုလဲ ဇွတ်သွားခိုင်း၊ စင်ပေါ်လဲ ဇွတ်တက်ခိုင်းနဲ့။ သူတို့တွေက အိမ်က ဖေဖေနဲ့ မေမေလို ကျွန်တော့်ကို အားပေးကြဖို့ထက် လှောင်ပြောင်ကြဖို့ပဲ သိတာ မေမေ နားလည်မပေးခဲ့ဘူး။ ကျွန်တော့်မှာ နားရွက်လေး နှစ်ဘက် မပါတဲ့အတွက် လူကြားထဲ ဘယ်လောက် သိမ်ငယ်ရှက်ရွံ့ခဲရလဲ မေမေ မသိခဲ့ဘူးလား။ ကျွန်တော် မသွားချင်တဲ့ ဆုပေးပွဲတွေ မေမေက ခေါ်ရင် မေ့မေ့ကို သိပ် စိတ်ဆိုးတာပဲ။ စာကြည့်ခန်းထဲမှာပဲ ကျွန်တော် ပျော်တယ်။ လူတွေနဲ့ဝေးရာမှာပဲ ကျွန်တော် နေချင်တယ်။



ကျွန်တော် တက္ကသိုလ် ၀င်တန်း တက်ရတဲ့နှစ်မှာ နားရွက်အစားထိုးတပ်ဖို့ အလှူရှင်တစ်ယောက် ပေါ်လာတယ်။ ဆေးရုံသွားပြီး ခွဲစိပ်ကုသလိုက်တော့ ကျွန်တော့်မှာ လှပတဲ့ နားရွက်လေးတစ်စုံ ရှိလာခဲ့ပြီ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော် ပါဝင်ချင်ခဲ့တဲ့ ကျောင်းက အားကစားပွဲတွေ၊ အကပွဲတွေမှာ ပါဝင်လို့ ရခဲ့ပြီ။ ဆုပေးပွဲတွေ၊ ဟောပြောပွဲတွေမှာလဲ စင်မြင့်ပေါ် ကျွန်တော် ကြွားကြွားဝင့်ဝင့် တက်နိုင်ပြီ။ ကျွန်တော့်ကို လူထူးလူဆန်းလို ကြည့်ကြတဲ့ မျက်လုံးတွေ မရှိတော့သလို ဂြိုလ်သားလို့ လှောင်ပြောင်ကြတဲ့ ပါးစပ်တွေလဲ ပိတ်သွားခဲ့ကြပြီ။



တစ်ခုပဲ ရင်ထဲ မတင်မကျဖြစ်နေခဲ့တာက ကျွန်တော့်အတွက် နားရွက် အလှူရှင် ဘယ်သူဘယ်ဝါမှန်း မသိရတာပဲ။ ဖေဖေနဲ့ မေမေ့ကို မေးတိုင်း သိဖို့အချိန်မတန်သေးလို့ ကတိမဖျက်ပါရစေနဲ့ လို့ပဲ ဖြေကြတယ်။ ဒီလိုနဲ့ ကျွန်တော် တက်ချင်တဲ့ တက္ကသိုလ်ကိုလဲ အဆင့်မြင်အောင်ခဲ့ရုံမက ဘွဲ့လွန်သင်တန်းတောင် ပြီးခဲ့ပြီ။ ဘွဲ့လွန်သင်တန်းလက်မှတ်ကို တက်ယူပြီး စင်ပေါ်ကနေ ကျေးဇူးတင်စကား ပြောတော့ ဖေဖေနဲ့ မေမေ့ မျက်နှာမှာ ဂုဏ်ယူဝမ်းမြောက်မှုတွေ အပြည့်နဲ့။ မေမေများဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလို့ပေါ့။ အဲဒီနေ့မှာပဲ ကျွန်တော် မေမေ့ နဖူးကို မြတ်မြတ်နိုးနိုး နမ်းမိတယ်။ အမေတူသား လို့ ပြောခံရတဲ့ ကျွန်တော်ဟာ မေမေ့လို ချောမွေ့ ကျက်သရေ ရှိနေမှာပေါ့။ မေမေ့နဖူးကို နမ်းဖို့မေမေ့ခေါင်းကို အုပ်မိုးကိုင်မိချိန်မှာ ကျွန်တော့် ကမ္ဘာတစ်ခုလုံး အိုးထိန်းစက်လို ချာချာလည်သွားခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတော့ဘူး။ မေမေ့ ဆံနွယ်စတွေကို ကပျာကယာ ကျွန်တော် ဖယ်ကြည့်တော့ တကယ်ပဲ...။ မေမေရယ်။ မေမေ့ဆံပင်တွေကို ကျွန်တော် ငယ်ငယ်ကလို မစုသိမ်း မထုံးဖွဲ့တော့တာ ဘာကြောင့်လဲ ကျွန်တော် သိသွားပါပြီ။ ကျွန်တော် သိချင်၊တွေ့ချင်လွန်းလှတဲ့ နားရွက်ပိုင်ရှင်ဟာ မေမေကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတာတောင် လုံးဝမသိရသလို မေမေ့အလှကလဲ မပျက်ခဲ့ပါဘူး။ ကျွန်တော့်လို လူတောမတိုးလဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ကသာ မေမေ့ နားရွက်လေး တစ်စုံကြောင့် အများကြီး ပြောင်းလဲခဲ့ရတာပါ။ မေမေ့ကို တင်းတင်းဖက်ရင်း ကျွန်တော် ငိုကြွေးမိတယ်။



”မေမေ နားရွက်တွေ မရှိတော့ သားဖေဖေတောင် မေမေ့အတွက် နားကပ် ၀ယ်ဆင်ပေးရတာ သက်သာသေးတယ်” အဲဒီလိုတောင် မေမေက ရယ်ရယ်မောမော ကျွန်တော့်ကို နှစ်သိမ့် ပြောနိုင်ခဲ့ပါသေးရဲ့။



ကျောင်းစာတွေနဲ့ အတန်းထဲမှာ နံပါတ်တစ်ဖြစ်ဖို့လောက်သာ ၊ ထူးချွန်အောင်မြင်မှုတွေနောက် လိုက်ဖို့သာ အာသာပျင်းပြခဲ့တဲ့ ကျွန်တော့်ရင်ထဲကို မေမေ့ရဲ့ တုနှိုင်းမမှီတဲ့ မိဘ မေတ္တာတရားက အရှိန်အဟုန်ပြင်းပြင်း တိုးဝင်ခဲ့တယ်။



အဲ့ဒီအချိန်က စလို့ပေါ့ ကျွန်တော်ဟာ အောင်မြင်မှုဘ၀တစ်ခုကို ရဖို့ မမေ့လျှော့ခဲ့သလို မေမေ့ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့လဲ ဘယ်တော့မှ မပျက်ကွက်တော့ပါဘူး။ မေမေ့ရဲ့ ကျေးဇူးတရားတွေကို ပြန်ဆပ်မကုန်နိုင်ပေမဲ့ အချိန်မှီ ဆပ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလဲ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။









မေလ ဆယ်ရက်နေ့မှာ ကျရောက်မဲ့ မိခင်များနေ့အတွက် ဖတ်မိတဲ့စာတိုလေးတစ်ပုဒ်ကို ခံစားမိသလို ပြန်ရေးဖွဲ့ ပါတယ်။ မူရင်းစာကို ဘယ်မှာဖတ်မိမှန်းမသိတဲ့အတွက် မညွှန်ပြနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ။




မိခင်များအားလုံးကို ထာဝရ ဂုဏ်ပြုလျက်



မေတ္တာဖြင့်

မျှဝေခံစားသူ - မိုးကုတ်သား













Sunday, May 6, 2012

တစ်နေ့နေ့



တစ်နေ့နေ့




လေစီးကြောင်းထဲမှာ
စီးမျောပါရွှေ့လျား
တိမ်လွှာပါးပါးလေးတွေက
ငါနဲ့လမင်းကြား
ပ၀ါပါးပါး
ခြားထားသလိုပေါ့ ။

လေနှင်လို့ တိမ်မျှင်တွေ လွင့်ပြယ်တဲ့အခါ
ငါ....
လမင်းလေးကို
ဝင်းဝင်းပပ
မြင်ခွင့်ရမှာပါ ။    ။


မိုးကုတ်သား

9.10.1997

Friday, May 4, 2012

အ၀ါရောင် ည

အ၀ါရောင် ည


လေပြည်တွေက ရူးရူးသုတ်သုတ်နဲ့ ကန်ဘောင်လျှောက်လမ်းမှာ ပြေးလွှားလို့ နေကြသည်။ အိမ်က ထွက်လာစမှာ အိုက်လို့ ဖြုတ်ထားတဲ့ အင်္ကျီကြယ်သီးတွေကို လည်ပင်း ပိတ်လုံသည်ထိ ဆွဲစိပစ်လိုက်ရသေးသည်။ ညကြီးသန်းခေါင်မှာမှ အဝေးပြေးလမ်းမကြီးမှာ ကားတွေ များလိုက်တာ။
တဝေါဝေါနှင့် ဖြတ်သန်းသွားသော ကားများက ညသန်းခေါင်း အဝေးပြေးလမ်းမကြီးမှာ တစ်ယောက်ထဲ လမ်းလျှောက်နေသော ကျွန်တော့်ကို အရူးလို့ ထင်ကောင်းထင်နေကြလေမလား..။
အဝေးပြေးကားလမ်းမကြီး နံဘေးမှာ ဖြတ်စီးနေသော မြစ်ပြင်ကို ငေးကြည့်ရင်းက ကျွန်တော့် မြင်ကွင်းတွေထဲ အ၀ါရောင်တွေ သိပ်များနေတာ သတိထားမိလာသည်။
ညောင်းညာလာသော ခြေလှမ်းတို့ကို ရပ်တန့် အနားပေးဖို့ လိုအပ်လာတော့ ကျွန်တော်က လူနေအိမ်တွေနှင့် ဝေးဝေးမှာ ရောက်နေခဲ့ပြီ။ ကျွန်တော် နင်းလျှောက်နေသော မြက်ခင်းပေါ်ပဲ ထိုင်ချ အနားယူရမလား စဉ်းစားရင်း တဝေါဝေါ ဖြတ်သန်းသွားနေသော ကားများက ကျွန်တော့် မြင်ကွင်းကို နင်းဖြတ်နေသလို ခံစားနေရသောကြောင့် မြစ်ကမ်းနံဘေးကို ဆင်းကာ ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

တကယ်တမ်းတော့ ခု ကျွန်တော် ရပ်တန့်နေရာ မြက်ခင်းပြင်နှင့် သစ်ပင်တန်းတွေဘေးမှာ မြစ်ကမ်းဘေးကို ဆင်းမရအောင် ကာထားသော ခါးလောက် မြင့်သည့် သံတိုင်တွေ ရှိသည်။
ဟိုတစ်ဘက်ကို ဖြတ်ကျော်လျှင် ဒဏ်ရိုက်ခံရမည်လား မစဉ်းစားမိလောက်အောင်ပင် မြစ်ပြင်က ကျွန်တော့်အား ညှို့ငင်လို့ သွားခဲ့ပါသည်။
သံတိုင်တွေကို ကျွန်တော် ဘယ်လို ခုန်ကျော် ဖြတ်ခဲ့လိုက်သည်လည်း ကျွန်တော် မသိ.. သံတိုင်ဘေးက ရေနှုတ်မြောင်းကို ဘယ်လို ကူးခဲ့လေသလဲ ကျွန်တော် မသိ။ ကျွန်တော့် အာရုံသည် အ၀ါရောင်များဖြင့် ပြည့်နေခဲ့သည်။ ဖြတ်သွားသော ကားများဆီက အလင်းတန်းများ၏ အ၀ါရောင်များကလည်း သူတို့၏ တဝေါဝေါ အသံများကိုပါ အ၀ါရောင် စွန်းပေသွားစေသည်။ နေ့ခင်းဘက်က ခရမ်းပြာရောင် တောက်တောက် ရှိနေကြသော စက္ကူပန်းရုံများကလည်း နီယွန်မီးတွေဆီက အ၀ါရောင်တွေ ကူးစက်ကာ အ၀ါတွေ စွန်းကုန်ကြပြီ..။ ဟိုး ဝေးဝေး တမျှော်စာက လူနေတိုက်ခန်း မြင့်မြင့်မားမား တွေကလည်း မီးရောင်များကြောင့် အ၀ါရောင် ဖြစ်လို့ နေသည်..။
ပတ်ဝန်းကျင်တစ်ခုလုံး အ၀ါရောင် ဖုံးလို့ နေတော့ မြစ်ပြင်ထဲမှာ အရိပ်လာထင်သော ပုံရိပ်များကလည်း အ၀ါရောင်တွေ..။ ဒီတော့ မြစ်ရေပြင်လည်း အ၀ါရောင်များသာ လွှမ်းလို့ နေ၏။
တစ်ချက်တစ်ချက် ကြားရသော ပုရစ်အော်သံ၊ ၊ ဖားအော်သံတွေကအစ အ၀ါရောင်တွေ ဖြတ်ခနဲ လင်းပွင့်လာသလို ည၏ တိတ်ဆိတ်မှုကို ထိုးခွဲနေကြလေတော့သည်.။
အ၀ါရောင် မြင်ကွင်းထဲ ကျွန်တော် အဘယ်မျှ လွှင့်မျောသွားသည်လည်းမသိ..။ တောင့်တင်းလာသော ခြေသလုံးများကြောင့် အသိဝင်လာတော့ စက္ကူပန်းရုံနံဘေးမှာ ကျွန်တော်က မလှုပ်မယှက် ငြိမ်သက်ရပ်တန့်လို့။
စက္ကူပန်းရုံကို ကျော်ဖြတ်ကာ မြစ်ဆိပ်နှင့် နီးနီးဆီ ဆင်းသွားရမလား။
အပူရောင်လို့ ကျွန်တော် သတ်မှတ်ထားသော အ၀ါရောင်တွေက ခုချိန်မှာ ကျွန်တော့်ကို ညှို့ငင်ဖမ်းစားနိုင်နေတာတော့ အသေအချာ။
အ၀ါရောင်တွေ တလက်လက်ပြေးနေသော ရေပြင်မှာ လေလှိုင်းကြက်ခွပ်လေးတွေ ကခုန်နေပုံက ကျွန်တော့်ကို သူတို့နှင့်အတူ လာကဖို့ ဖိတ်ခေါ်နေသလား။ ကျွန်တော့် ခြေလှမ်းတို့ ရှေ့လှမ်းမယ် ပြင်ပြီးကာမှ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်လို့သွားခဲ့သေးသည်။
ကြည်နူးဆွတ်ပျံ့ဖွယ်သော..၊ ငြိမ်းချမ်းအေးမြဖွယ် အဆင်းရှိသော ထိုရွှေဝါရောင်သန်းသည့် မြင်ကွင်းနှင့် မြစ်ပြင်က ကျွန်တော့်လို လူတွေကို ဘယ်နှစ်ယောက်များ ဖျားယောင်းသွေးဆောင်ခဲ့ပြီးပြီလဲ.. ကျွန်တော် မသိနိုင်။
ကျွန်တော် ကျော်ဖြတ်ခဲ့သော သံတံတိုင်းနှင့် ရေနှုတ်မြောင်းကို ပိုက်ဆံအကုန်ခံပြီး တမင် ကာဆီးထားတာ မဟုတ်မှန်း သေချာလာသည်..။
သို့သော် ကျွန်တော်က တားဆီးထားသော စည်းတစ်ခုကို ဖြတ်သန်း ကျော်ဖြတ်ခဲ့ပြီးပြီ။
ယစ်မူးဖွယ် အ၀ါရောင်ညကို ကျွန်တော့်အာရုံမှာ သုတ်လိမ်းမိခဲ့ပြီ။
နောက်တစ်ခေါက် ဒီနေရာ ထပ်လာလို့ ခုလို ပြည့်စုံလှပသော အ၀ါရောင်ညကို နောက်တစ်ကြိမ် ထပ်ရနိုင်ဖို့ သေချာ မျှော်လင့်ထားလို့ မရ..။
အ၀ါရောင် ညမြင်ကွင်းနှင့် အ၀ါရောင် လူးလွန့်လက်ဖြာနေသော လှိုင်းကြက်ခွပ်များ..။ နောက်ပြီး.... မြစ်ပြင်မှာ ၀ိုးတ၀ါးထင်နေသော တိမ်တိုက်များနှင့် ကောင်းကင်ကြီးသည်လည်း အ၀ါရောင် သန်းနေမလား။ ဘာကြောင့်မှန်းမသိပဲ ကောင်းကင်ကြီးကို မော့မကြည့်ရဲတော့။ သေချာသည်မှာ... ကောင်းကင်ကြီးပါ အ၀ါရောင်တွေ လွှမ်းနေခဲ့လျှင် ခန်းနားသော၊ ကြီးကျယ်သော ရွှေရောင်လွှမ်းသည့် ညချမ်းမှာ ကျွန်တော် သေးနုပ် ပျောက်ကွယ်သွားမှာ စိုးရိမ်မိနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
ထူးဆန်းသည်ကတော့ အ၀ါရောင်ညသည် ကျွန်တော့်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားခဲ့ခြင်းပဲ ဖြစ်သည်..။
နောက်တစ်နေ့ နံနက်ခင်းမှာ အရာရာဟာ ပုံမှန်အတိုင်း လည်ပတ်စီးဆင်းနေလိမ့်မည် ဆိုတာကိုလည်း ကျွန်တော် သတိမရနိုင်တော့..။ ကိုယ့်ကိုကိုယ် အ၀ါရောင်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သော ကျွန်တော်သည်..... အ၀ါရောင်ည.. အ၀ါရောင်လေပြည်.. အ၀ါရောင် လှိုင်းတွေကြား ကျွန်တော့်ကိုယ် ကျွန်တော် ဒလိမ့်ခေါက်ကွေး စီးဆင်းပြစ်လိုက်လေတော့သည်။ ။

မေတ္တာဖြင့်

မိုးကုတ်သား

Tuesday, May 1, 2012

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

(၁)

အိမ်ပြန်ရတော့မယ်.........။
လေယာဉ်ကွင်းကို စထွက်လာကတည်းက ရင်ထဲမှာ အပျော်တွေနဲ့ ပြည့်သိပ် လှုပ်ခုန်လို့..။ အိပ်ယာက မထနိုင်၊ လိုက်မပို့နိုင်တဲ့သူတွေကိုလည်း စိတ်ဆိုးချင်ယောင် မဆောင်အားသလို နှုတ်ဆက်စကားတွေ ချွေဖို့ရာလည်း သတိမရ။ အိပ်ချင်မူးတူးနဲ့ လေဆိပ် လိုက်ပို့ပေးရလို့ ဘေးမှာ စူပုပ်ပွနေတဲ့ မျောက်မျက်နှာကိုလည်း ဂရုမပြုမိတော့ပါ။
MAI/ JETSTAR က ယနေ့ခရီးစဉ်မှာ ခရီးသည် အပြည့် စီးနင်းလိုက်ပါသောကြောင့် ခရီးဆောင်အိတ်များကို အဆင်မပြေပါက နောက်လေယာဉ်ဖြင့် သယ်ဆောင်ပေးပါမည် ဆိုတာကြောင့်လဲ စိတ်အနှောက်အယှက် ကြာကြာ မဖြစ်လိုက်ပါ။  အိမ်.... အိမ်ကို မြန်မြန် ပြန်ရောက်ချင်ပြီလေ.....။ ဖေ နဲ့ မေရေ သား ပြန်လာပြီ လို့ စိတ်ထဲကနေ အကြိမ်ကြိမ် အော်ဟစ်ရင်း.......

ရန်ကုန်လေဆိပ်ရောက်တော့ အားလုံးက ချောချောမောမော... တစ်ခုပဲ အူကြောင်ကြောင် ဖြစ်ရသည်က အင်မီဂရေးရှင်းမှာ တန်းစီနေတုန်း လေဆိပ်က တာဝန်ကျသူ သမီးပျိုလေးတစ်ဦးက "Sir, this is only for Myanmar Passport Holder, Foreigners are over there" လို့ လာပြောတာ တစ်ခု ပါပဲ။ :-P

ဖေ နဲ့ မေကို ပင်ပန်းမှာစိုးလို့ လေဆိပ်မှာ လာမကြိုဖို့ ပြောထားမိလေတော့ ရန်ကုန်မြေပေါ် ခြေချချချင်းမှာ ဖေနဲ့ မေ့ကို မတွေ့ရပါ။ ညီမလေး နှင့် ညီလေး... နောက်ပြီး သူငယ်ချင်းတစ်ချို့ကို တွေ့ကတည်းက ကျွန်တော်က ပျော်နေနှင့်ပြီ။ အငှားကားပေါ်မှာ မောင်နှမတွေ ဗျောင်းဆန်အောင် သောင်းကျန်းကာ စကားတွေ ရေပက်မ၀င် ပြောနေကြလေတော့ ကားမောင်းသူပင် အပျော်တွေ ကူးစက်လို့...။

ကားရပ်ရပ်ချင်းမှာပဲ အိပ်ပေါက်ဝ ထိပ်မှာ စောင့်နေတဲ့ ဖေ့ကို တွေ့ရပါပြီ။ သိပ် ဒရမာ ဆန်တာပဲ မဝေဖန်ကြပါနဲ့။ ကားပေါ်က ပြေးဆင်းပြီး ဖေ့ကို ပြေးဖက်မွှေ့ရမ်း နမ်းပစ်လိုက်တယ်။ ဖေကပဲ ပိန်သေးသေးလေး ဖြစ်သွားတာလား၊ ကျနော်ကပဲ ဗလကြီးလာတာလား.. ဖေ့ကိုယ်ပေါ့ပေါ့လေးကို ချီမြှောက်ရင်း.... အရင်က ကျနော် ခိုစီးခဲ့ရတဲ့ ဖေ့လက်မောင်းကို ပြန်သတိရမိတော့.. ငယ်ဘ၀ကို လွမ်းသွားပြန်ပါတယ်။
ဖေက ငါလည်း သန်မာပါသေးတယ် ဆိုတာကို သက်သေပြချင်လို့ထင်ရဲ့.... အထုပ်အပိုးတွေ ဇွတ်မ နေလို့ မနည်းတားရပါသေးတယ်။ သားတို့ ခိုစီးခဲ့တဲ့ လက်မောင်းတွေလေ လို့ အရင်လိုပဲ ရွှတ်နောက်နောက်နဲ့ ဖေပြောတော့ အလွမ်းတစ်ချို့ ပြေလျော့လို့သွားတယ်။

အိမ်ပေါ်မှာ စောင့်နေတဲ့ မေ့ဆီကို လှေကားတွေပေါ် ၀ရုန်းသုန်းကား ပြေးတက်ပစ်လိုက်ရင်း ပါးစပ်ကလဲ မေရေ.. သားပြန်လာပြီ လို့ တကျော်ကျော်အော်ရင်း.. အပေါက်ဝလဲရောက်ရော မေက ဒေါက်ခနဲ ခေါင်းခေါက်ပြီး ကြိုလေတော့တယ်။

ဟဲ့ မကြီးမငယ်နဲ့ အဲလောက်အော်လာရသလား၊ ဘေးအိမ်တွေ အားနာစရာ တဲ့လေ။

နဖူးအတော်နာသွားပေမဲ့ ချိုမြန်လှတယ်။ နဖူးကို ပွတ်ရင်း နာတာ မေရာ လို့ ပြောတော့ ထုံးစံအတိုင်း မေက ဘုကြည့်ကြည့်ရင်း ပိုကိုပိုတယ် လို့ ပြောပေမဲ့ မေ့မျက်လုံးတွေက ပျော်ရွှင်ကြည်နူးရိပ်တွေက ကျွန်တော့်ကို အမောပြေ အလွမ်းဖြေပေးနေပါတယ်။

(ဒိုင်ယာရီက ဆက်ရန် ကျန်ပါသေးတယ်။ အပျင်းလဲမပြေ အပျော်ဖတ်လဲမဟုတ်တဲ့ စာတွေ ဆက်လက်ရေးသားနေပါအုံးမယ်ခင်ဗျားးး)

မေတ္တာဖြင့်

မိုးကုတ်သား

Monday, January 2, 2012

“သူမ မိုးလေ၀သထဲက ကျွန်တော့်အိမ်ရာ”



“သူမ မိုးလေ၀သထဲက ကျွန်တော့်အိမ်ရာ”





သူ့အပြုံးအစွန်းထွက်ကလေးမှာတောင်
ကျွန်တော့်အပြုံးတွေ နေကြတ်သွားခဲ့ရ


ကောင်းကင်ကြီးက ညဦးယံမှာပင် မှောင်မဲ တိတ်ဆိတ်လွန်းလှသည်ထင့်။ လခြမ်းကွေးကွေးလေးပင် ချိတ်ဆွဲထားခြင်းမရှိပါ။ လမ်းဘေးတစ်ဘက်တစ်ချက်ဆီမှ နီယွန်မီးတို့ကလည်း ပိုးစုန်းကြူးလောက်ပင် မှိန်မှိန်လေးမှ လင်းမနေ၊ ပကတိ အမှောင်တိုက်ထဲမှာ။ ကြယ်ရောင်တွေကြားက ၀ိုးတ၀ါး လင်းနေသော လမ်းမကြီးကို မမှိတ်မသုံ အာရုံစိုက်ကာ ကြည့်ရင်း စက်ဘီးကို နင်းလာရာက အတွေးစတွေက ပျံ့ကျဲ ကျချင်နေသေးသည်။
ငါ လှည့်ပြန်သွားရ ကောင်းမလား။ နှင်းမှုန်တွေ ဖွဲဖွဲ အောက်မှာ ခိုက်တုန်ချင်နေသော ကိုယ်ခန္ဒာထက် ရင်ဘတ်ထဲက နှလုံးသား တစ်စုံက တုန်ယင်နေတာ စူးစူးရှရှ နာနာကျင်ကျင်။
မင်း ဘာကြောင့် ဒီလောက် နေနိုင်ရပြီး ငါက ဘာကြောင့် မနေနိုင်ရတာလဲ။
စိတ်ထဲမှာ အရှုံး မပေးချင်သည့် အတ္တတို့က ခေါင်းထောင်ထလာတော့ ဗြုန်း ဆို စက်ဘီးလက်ကိုင်ကို ပြန်လှည့်ပစ်ချင်စိတ်တွေက တဖွားဖွား။
သို့သော် နာကျင်နှလုံးသားက စက်ဘီးကို ရှေ့ဆက် နင်းဖို့ရာသာ ဆွဲခေါ်လို့နေသည်။

***************************************

သူ့ရယ်သံက
ကျွန်တော့်ကြယ်စင်ရွှန်းမြ အဆိပ်လှိုင်း
ကျွန်တော့်နှလုံးသွေးစီးရာအတိုင်း
ရင့်ရင့်ရိုင်းရိုင်း..ရူးနှမ်း လှပလို့..

ဒီအလောင်းအစားကို ဘာကြောင့် ကျွန်တော်က စခဲ့မိတာပါလိမ့်။ စိန်ခေါ်မှုတစ်ရပ်ကို နှလုံးသားနှင့် အလဲအထပ်လုပ်ကာ အလောင်းအစား လုပ်ခဲ့မိမှန်း ထိုစဉ်ကတည်းက ကျွန်တော် သိသင့်ခဲ့ပါသည်။
သူမ ဒီလောက်ထိ သူ့အပေါ် မမာကျောနိုင်ခဲ့ဘူးလို့ ထင်ထားခဲ့မိတာ ကျွန်တော့်အမှား။ ခုတော့ သူမက ကျွန်တော့်ရှေ့မှောက် ရောက်လာရမဲ့အစား ကျွန်တော်က... ။ ခါးသီးမှုတို့က လည်ချောင်းဝထိ ပူပြင်းစွာ လှိုက်တက်လာခဲ့သည်။

***************************************

သူ့ ပူပင်သောကမှန်သမျှ
ကိုယ်ပြည့်စိတ်ပြည့် သယ်ပိုးထားမိတော့
သူသက်ပြင်းချလိုက်တိုင်း
ကျွန်တော့်လွင်ပြင်မှာ မုန်တိုင်းတွေဆင်ဖွဲ့

နှင်းတွေက ပိုလို့ တဖွဲဖွဲ ကျလာခဲ့ပြီ။ မြူတွေဆိုင်းနေပုံက ရှေ့တစ်ခေါ်စာမျှပင် ကောင်းကောင်း မမြင်ရချင်တော့။ သူမ၏ အိမ်ကလေး ရှိရာ ရပ်ကွက်လေးထဲ စက်ဘီးကို ချိုးကွေ့ ၀င်မသွားသေးပဲ လမ်းထိပ်မှာ ကျွန်တော် တွေဝေနေမိပြန်သည်။ ကျောရိုးတစ်လျှောက် စိမ့်ကနဲ နေအောင် တစ်ချက်တစ်ချက် တိုက်ခတ်လာသည့် လေတွေက အရင်လို နုအေးမနေပဲ ရက်ရက်စက်စက် အေးခဲနေလေသလား။ အဲဒီလို လေအေးအေးတွေ ကြမ်းကြမ်းတိုက်လာတိုင်း ကျွန်တော့်နှလုံးသားက အေးစက် ထုံထိုင်းသွားရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ ဒါဆို အေးခဲသွားတဲ့ နှလုံးသားမှာ သူမအတွက် ဘာ ခံစားချက်တွေမှ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။
“စီးကရက် တစ်လိပ်လောက် သောက်လိုက်ရရင်ဖြင့် နွေးသွားမယ် ထင်တယ်”
တိုးဖွဖွ စကားသံတစ်ခုကို ကြားမိပြန်တော့ ထိုအသံတွေ နားထဲ ထပ်ဝင်မလာအောင် ခေါင်းကို အလန့်တကြား ခါယမ်း ပုတ်ထုတ်မိတော့သည်။
သွားစမ်းပါ၊ သွားစမ်းပါ။ စေတနာစကားတွေကို တစ်ခုမှ အရေးမစိုက်တဲ့ မိန်းမတစ်ယောက်ကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး မင်း အခု လှည့်ပြန်သွားလိုက်။
ဦးဏှောက်ထဲက စကားသံတွေကို မသိကျိုးကျွံပြုသလို နှလုံးသားက သူမ၏ အရိပ်တစ်ချို့ကို မွတ်သိပ်နေပြန်တော့ သူမနေထိုင်ရာ ရပ်ကွက်လေးဆီ ဦးတည်နေသော လမ်းမတစ်လျှောက် စက်ဘီးကို ဆက်နင်း လာခဲ့မိပြန်သည်။

***************************************

သူ့မျက်ရည်ကြည်လဲ့ဟာ..
ကျွန်တော့် စိုးရိမ်ရေမှတ်ဒီရေဖြစ်ခဲ့တယ်..။

“ယောက်ျားလေးတွေကို အသည်းခွဲတမ်း ကစားနေတဲ့ မင်းလုပ်ရပ်တွေကို မရပ်နိုင်မချင်း မင်းနဲ့ ငါနဲ့ ပြန်မဆုံကြေး။ မင်းကိုလဲ ငါလာမတွေ့ဘူး။ ငါ့ကိုလဲ မင်း လာမတွေ့နဲ့။ နောက်တစ်ခုက မင်း စီးကရက်တွေ သောက်နေတာကို ရပ်တန်းက ရပ်။ စီးကရက်တွေ မဖြတ်နိုင်ရင် ငါ့ကို မင်းဖြတ်”

ဒီစကားတွေက လူကြားလျှင် သိပ် ရယ်စရာ ကောင်းနေပါလိမ့်မည်။ မိန်းခလေးတွေ အများစုက သူတို့ ချစ်သူ ကောင်လေးတွေကို ပြောနေရသော စကားတွေကို ကျွန်တော်က သူမ အား ပြောနေခဲ့ရတဲ့ ဘ၀။ ထိုစဉ်က တွေကနဲ ဖြစ်သွားသော သူမသည် ကျွန်တော် အင်မတန်မုန်းလေသော လှောင်ရယ်သံတို့ဖြင့် ညှင်းညှင်းသဲ့သဲ့ ရယ်ရင်း ကျွန်တော့်ကို စိုက်ကြည့်လို့။
ထိုရယ်သံတွေထဲမှာ “မင်း ကိုယ့်ကို မဖြတ်နိုင်ပါဘူး” ဆိုသော သေချာမှုတွေ ပါသည်။ ထိုအကြည့်တွေထဲမှာ “ဘယ်သူ ဒူးထောက်ရမလဲ၊ စောင့်ကြည့်တာပေါ့” ဆိုတဲ့ စိန်ခေါ်မှုတွေ ပါသည်။ ထိုရယ်သံ၊ ထိုအကြည့်တွေကြောင့်ပဲ ကျွန်တော့် မာနတွေက တစ်လတိတိ သူမကို မတွေ့ပဲ နေနိုင်ခဲ့ခြင်း ဖြစ်ဟန် တူပါသည်။ သို့သော် ရင်ထဲမှာ တမြေ့မြေ့နှင့် တငွေ့ငွေ့ လောင်မြိုက်နေသော လွမ်းဆွတ်သတိရမှု တို့က ကျွန်တော့်မာနတွေကို တိုက်စားလေတိုင်း သူမ၏ လှောင်ရယ်သံ ညှင်းသဲ့သဲ့တို့ကို ပြန်ကြားနေရသည်ကတော့ အင်မတန်မှ ခါးသီးလှပါသည်။

***************************************

သူ့မျက်စောင်းတစ်ဝင့်ဟာ..
ကျွန်တော့ကို ထစ်ထစ်ပြနေတဲ့မိုးကြိုး
သူ့မျက်ဝန်းတစ်ညိုဟာ..
ကျွန်တော့်ဆီပြိုကျလာတဲ့ တိမ်မည်းတိမ်ညိုလို

လမ်းသွယ်လေးအတိုင်း စက်ဘီးကို တဖြည်းဖြည်း နင်းသွားနေရသည်က ကျွန်တော့်အတွက်တော့ မာယာထောင်ချောက်ထဲ တိုးဝင်နေရသည်နှင့် တူသည်။ မာယာထောင်ချောက်.. မဟုတ်သေးပါဘူး။ သူမက ကျွန်တော့်အပေါ် ဘာ မာယာမှ သုံးခဲ့တာမှ မဟုတ်တာ။ သူမက ကျွန်တော့်အပေါ် သိပ်ကို ပွင့်လင်းသော ငယ်သူငယ်ချင်းတစ်ယောက် ဖြစ်သလို လောကကြီးကို အရွဲ့တိုက်ဖို့ ကြိုးစားနေတဲ့ ခပ်ဆိုးဆိုး ချစ်သူ ကောင်မလေး တစ်ယောက်လဲ ဖြစ်သည်။ သူမ၏ နှလုံးသားတွေက ခုလို တစ်ဆုပ်တခဲ ကျနေသည့် နှင်းထုတွေထက် ပိုပြီး အေးစက်နေနိုင်မယ် မထင်ပါဘူး။ မင်းကိုယ့်ကို တွေ့တဲ့အခါ ကျေးဇူးပြုပြီး မလှောင်လိုက်ပါနဲ့။ မင်းရဲ့လှောင်ရယ်သံတစ်ချက်အောက်မှာ ငါ့နှလုံးသားက အေးခဲကွဲကြေသွားနိုင်တယ် ကောင်မလေးရဲ့။ အတွေးစတွေနဲ့ စက်ဘီးကို နင်းလာရင်း သူမ၏ အိမ်ရှိရာ လမ်းသွယ်လေးနား နီးလာတော့ စိတ်တွေက အေးစက်လေးလံလာပြန်သည်။ ဒီအထိ ရောက်လာခဲ့ပြီးမှတော့ ပြန်လှည့် မသွားတော့ဘူး။ သူမကို ကျွန်တော် တွေ့ခွင့်ရမှ ဖြစ်မယ်။ သို့သော် ကျွန်တော်က စက်ဘီးကို ရှေ့ဆက် မနင်းနိုင်သေးဘဲ လမ်းမ အလယ်မှာ ရပ်တံ့ကာ တွေဝေနေမိပြန်သည်။

***************************************


သူ့အပြုံးဟာ..
ကျွန်တော့်ဆီဖြာလွင်ကျလာတဲ့ လမင်းရောင်စဉ်
သူ့မျက်တောင်ကော့ဆီမှာ ကျွန်တော့ဖွဲ့သီရာမရ ကာရန်တွေရှိခဲ့..

“ငါက အချစ်ကို မယုံဘူး။ အထူးသဖြင့် နင်တို့ ယောက်ျားတွေကို မယုံဘူး”

နာနာကျည်းကျည်း ပြောနေသော သူမ၏ မျက်နှာပေါ်မှ ပြောင်းလဲနေသော အရိပ်တွေကို ငေးမောရင်းက သူမ၏ စိတ်ဒဏ်ရာတွေကို ကျွန်တော့် ချစ်ခြင်းသစ္စာတို့ဖြင့် ဆေးကြော သန့်စင်ပေးဖို့ ဆုံးဖြတ်ခဲ့ဖူးသည်။

“အချစ်ဆိုတာကို ငါမသိဘူး။ ဒါပေမဲ့ ငါ့ဘ၀မှာ နင်မရှိလို့ မဖြစ်တာတော့ ငါ့ကိုယ်ငါသိတယ်”

သူမထံမှ ထိုစကားကို ကြားရတော့ သူမကို နင့်နင့်နဲနဲ ချစ်ခဲ့ရသမျှ ထိုက်တန်သည်ဟု တွေးထင် ပျော်ရွှင်ခဲ့ဖူးသည်။

“ငါ့ချစ်သူ ဖြစ်ချင်တဲ့နင်၊ ငါ့ဆိုးမျိုးကို ဘယ်လောက် သည်းခံနိုင်မလဲ၊ စောင့်ကြည့်လိုက်အုံးမယ်”

သူမကို သိပ်ချစ်တဲ့အကြောင်းတွေ ကျွန်တော် မြတ်မြတ်နိုးနိုး ပြောမိတိုင်း သူမက ထိုသို့ ပြောပြီး ရယ်မောပစ်တတ်ခဲ့သည်။
သို့သော် အချစ်ဆိုတာကို သူမ ဘယ်လောက်ပင် အလေးအနက် ထားထား၊ မထားထား။ ကျွန်တော့် ရင်ထဲမှာ ငယ်သူငယ်ချင်း ဘ၀ကတည်းက အမြစ်တွယ်လာသော အချစ်တွေက လျော့ပါး မသွားခဲ့တာ သိပ်ကိုသေချာခဲ့ပါသည်။ သူမကို တစ်စက္ကန့်မျှ အမြင်အာရုံထဲက ကွယ်ပျောက်တာနှင့် ရင်ထဲမှာ စူးကျင်မောဟိုက်အောင် လွမ်းတနေတတ်ခဲ့တာ။ ထိုအရာတွေအားလုံး အိပ်မက်တွေတော့ မဟုတ်ခဲ့ကြပါ။

***************************************

သူ့ကိုချစ်မိခြင်းထဲမှာ..
ကျွန်တော့်နှလုံသား တော်လဲခဲ့ရတာလည်း အခါခါပေါ့

လမ်းလယ်ခေါင်မှာ ရပ်တန့်တွေဝေနေမိသော ကျွန်တော့်ထံပါးသို့ ကျွန်တော့်စိတ်တွေ ပြန်ရောက်လာတော့ စက်ဘီးကို ရှေ့ဆက်နင်းဖို့ ဆုံးဖြတ်လိုက်သည်။
ညဥ့်နက်စ ပြုနေပြီ ဖြစ်သောကြောင့် သူမတို့ တစ်အိမ်သားလုံး အိပ်မောကျနေမည်လား။ ဒီအချိန်ကြီး သူမအိမ်ရှေ့မှာ သူမ၏ အရိပ်လေးကို တွေ့လိုတွေ့ငြား မျှော်လင့်ပြီး ထွက်လာခဲ့သော ကျွန်တော့်လုပ်ရပ်မှာ ရူးနှမ်းခြင်း သက်သက်မျှသာ ဖြစ်ပါလိမ့်မည်။ သို့သော် သူမ အိမ်ရှေ့နား ရောက်ခါနီးလေ၊ ရင်တွေက ပို အခုန်မြန်လာလေ ဖြစ်နေမှန်း ဘာသာ သိနေမိတော့ ကျွန်တော် တစ်ချက်ပြုံးမိသည်။ ထိုအပြုံးသည် ကိုယ်ပိုင်အတ္တနှင့် ရောထွေးသွားသောအခါ နာကျင်မှုတို့ဖြင့် မဲ့ကွေးကျသွားပြန်၏။ စက်ဘီး တစ်ချက် နင်းလိုက်လေတိုင်း သိမ်ငယ်မှုတွေက ကျွန်တော့်စိတ်ကို ကြိတ်ခြေနေသလို သူမကို မြင်တွေ့ချင်စိတ်ကလည်း သွေးကြောတွေထဲ လှည့်ပတ်လို့။ စက်ဘီး တစ်ချက် အလှိမ့်တိုင်းသည် ကျွန်တော့် ရှုံးနိမ့်ခြင်းတစ်ခု ဖြစ်သလို သူမအပေါ် စွန့်လွှတ်ချစ်ခြင်းတစ်ခုလည်း ဖြစ်သည်။

***************************************


သူ့နှုတ်ခမ်းပွင့်ချပ်လွှာက
ကျွန်တော့်မိုးခေါင်ရေရှားဂီတ
သူ့နွေဦးရာသီမှာမှ...
အရင်ဆုံးပွင့်ပြချင်တဲ့ ပန်းတစ်ပွင့်ဖြစ်ခဲ့တယ်..။


“မေ ငို ချလိုက်ပါလားဟင် ”

နောက်မိန်းမပေါင်း များစွာတွေထဲက တစ်ယောက်နှင့် သူမ၏ဖခင် အတိအလင်း လက်ထပ်လိုက်သည့်နေ့က အံကို တင်းတင်းကြိတ်ကာ အသားတွေ တစ်ဆတ်ဆတ် တုန်နေသည်အထိ နာကျင်ထိခိုက်နေသော သူမကို ဘယ်လို အားပေးရမည်မှန်း ကျွန်တော် မသိတတ်တော့။
ကျွန်တော်သည် သူမ ဖခင်ကဲ့သို့ မိန်းမတွေ မှိုလိုပေါက်အောင် ဖောက်ပြားမည့်သူမဟုတ်။ သူမ၏ ချစ်ဦးသူလို သူမအပေါ် သစ္စာမဲ့မည့် ယောက်ျားတစ်ယောက်မဟုတ်။ သူမ ဆော့ကစားခဲ့သော၊ ဆော့ကစားနေသော မဟာပုရိသ ကျားများလို သူမ၏ ခန္ဒာကိုယ်ကို မျက်လုံးများ၊ စကားလုံးများနှင့် ကျူးကျော် စော်ကားမည့်သူမဟုတ်။

“နင့်ကို ငါ သစ္စာရှိစွာ၊ နောက်ပြီး နားလည်တန်ဖိုးထားစွာ တစ်သက်လုံး မြတ်မြတ်နိုးနိုး ချစ်သွားမှာပါ”

အဲဒီလို ကျွန်တော် သူမကို ပြောမိတိုင်း သူမက “နင်တို့ ယောက်ျားတွေက အဲဒီလိုတွေ လျှာရိုးမရှိတိုင်း သိပ်ပြောတတ်ကြတာပဲ” ဟု ပြုံးနေသော်လည်း မဲ့ဟန်ပေါက်သည့် နှုတ်ခမ်းများဖြင့် ပြန်ပြောတတ်သည်။
ထိုစဉ်ကတည်းက “တစ်နေ့တော့ ငါ့အချစ်ကို နင် အသိအမှတ်ပြုစေရမယ်။ လောကကြီးတစ်ခုလုံး နင် ခပ်စောင်းစောင်းမြင်နေတဲ့ ယောက်ျားမျိုးတွေချည်း ရှိနေတာ မဟုတ်ပါဘူး” ဟု စိတ်ထဲက ပြန်ချေပရင်း မခံချိမခံသာဖြင့် သူမ၏ မချိုမချဉ် မျက်နှာပေးကိုသာ လက်လျော့ ငေးနေရတတ်သည်။ တစ်ခါတစ်ခါမှာတော့ သူမသည် ကျွန်တော့်လို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ယောက်ကိုပင် ထိုယောက်ျားများနှင့် တစ်တန်းတစ်စားတည်း ထားလေသည်လား တွေးတောကာ စိတ်မကောင်း ဖြစ်ရမြဲ။
သူမ ဆော့ကစားနေသော ကစားပွဲများမှာ အင်မတန် အန္တရယ် ကြီးမားမှန်း ကျွန်တော် သတိပေးမိတိုင်း “အေးဆေးပါ” ဆိုသည့် မျက်နှာပေးဖြင့် သူမက ကျွန်တော့်ကို ခပ်ပေါ့ပေါ့သာ တုန့်ပြန်တတ်သော်လည်း၊ တစ်ယောက်ယောက်နှင့် သူမချိန်းတွေ့တိုင်း ထိုနေရာနှင့် မလှမ်းမကမ်းမှာ ကျွန်တော့်ကို ရှိနေစေတတ်ပါသည်။

“ကောက်ရိုးပုံစောင့်တဲ့ ခွေး” ဟူသော ဘွဲ့ထူးကို သူမ၏ လုံခြုံမှုအတွက် ကျွန်တော် ကျေနပ်စွာ လက်ခံယူခဲ့သည်။

“နင်က ငါ့ရဲ့ကိုယ်ရံတော်တပ်မှူးလေးပါကွယ်” လို့ ကျွန်တော့်နဖူးကို လက်ညှိုးလေးနှင့် ဖွဖွ တို့ထိပြောတိုင်း ကျွန်တော့်တစ်ကိုယ်လုံး ပီတိတို့ဖြင့် ပြည့်ဖုံးလျက် မပြုံးပဲ မနေနိုင်ခဲ့ချေ။

***************************************

ကောင်မလေးရေ..
ငါ့ကိုရွာမယောင်တော့ မလှည့်စားလိုက်ပါနဲ့

စက်ဘီးကို နင်းနေရင်းက ကျွန်တော် ဟက်ခနဲ တစ်ချက် ရယ်လိုက်မိသည်။ ခရီးအတော် နင်းခဲ့ရသောကြောင့် ထင်သည်။ ကျွန်တော်သည် ဆောင်းလေ၏ အအေးဒဏ်ကို မမှုတော့။ သွေးပူလာသောကြောင့်ဖြစ်မည်။ အနည်းငယ်ပင် နွေးထွေးလို့လာခဲ့ပြီ။
“နင့်ကို သူက ဘယ်လို နဖားကြိုးတပ်ထားသလဲ” ဟုမေးလာတိုင်း “ကျွန်တော်ကိုယ်တိုင် သူ့ချည်တိုင်မှာ တယုတယ ၀ပ်ဆင်း ခြေကျင်းခတ်ခံခဲ့တာ” လို့ ပြန်ပြောလိုက်ရတဲ့ အရသာကို သတိရပြီး လေတစ်ချက်ပင် ချွန်လိုက်မိသေးသည်။ သူမအပေါ် ကျွန်တော့်လောက် ဘယ်သူက ချစ်နိုင်မှာတဲ့လဲ။ အတွေးတွေနှင့် ကျေနပ်နေရင်း ကျွန်တော့်စိတ်တို့က သူမအိမ်ရှေ့သို့ အမြန်ရောက်လိုစိတ်တို့ ပြင်းပျလာလေတော့သည်။ စက်ဘီးကို အရှိန်မြှင့်တင်လိုက်ရင်း၊ စိတ်ထဲက “ရေး” ခနဲ တစ်ချက် အော်မိရင်း၊ “မေရေ” လို့ သူမအိမ်ရှေ့မှာ လေချွန်သံပေးလိုက်တဲ့အခါ သူမ ဘယ်လိုတုန့်ပြန်မှာလဲ သိလိုစိတ်တို့က ရင်တစ်ခုလုံး ပြည့်မောက်လာသည်။ သူမ ကျွန်တော့်ကို လွမ်းနေမှာလား။ သူမကျွန်တော့်ကို လွမ်းနေမှာပါ။ ဒါဟာ သူမနဲ့ ကျွန်တော့်ကြားက ပထမဆုံး နဲ့ နောက်ဆုံး မာနပြိုင်ပွဲသာ ဖြစ်ပေလိမ့်မည်။
တစ်သက်စာ ကျေနပ်စွာ အနိုင်ယူပါတော့ချစ်သူရေ၊ ငါ့အချစ်တွေဟာ မင်းရဲ့ သံသယ အရိပ်မဲတွေကို မြူတစ်မှုံစာ မကျန်အောင် ဖယ်ရှားပေးနိုင်လိမ့်မယ်ကွဲ့ ကောင်မလေးရဲ့။ တစ်ချိန်ချိန်ပေါ့။ ဘယ်လောက်ပဲ ကြာကြာ၊ အဲဒီတစ်ချိန်ချိန်ကို ရောက်ဖို့ ငါ ကြိုးစားပါ့မယ်။
ဒီလိုတွေးမိတော့ ကျွန်တော့်နှလုံးသွေးကြောတွေထဲ ခွန်အားတစ်ချို့က ဖြတ်ခနဲ အရှိန်အဟုန်အပြည့် စီးမျော ပေါ့ပါး ပျော်ရွှင်လာသည်။ နှင်းထုကိုထိုးခွဲလျက် မြှားတစ်စင်းလို ပြေးနေသော စက်ဘီးကို ခွန်အားကုန် နင်းပစ်လိုက်ရင်း သူမတို့ အိမ်ရှိရာ လမ်းသွယ်လေးထဲစက်ဘီးကို ဆွဲကွေ့ဝင်လိုက်သည်။ နှင်းထုထဲမှ လင်းခနဲ ဖြာလာသော စူးရှရှ အလင်းနှစ်ခုနှင့် ကျွန်တော် မျက်နှာချင်းဆိုင်မိတော့ နာကျင်စူးရှသော ဒဏ်တစ်ခုက ရင်ခေါင်းဝကို ထိုးဆောင့်တက်ကာ လူက အဝေးကို လွင့်စင်သွားသလို။ နောက်တော့ ကျွန်တော့ မျက်လုံးတွေထဲ ပကတိအမှောင်တစ်ခုက လျင်မြန်စွာ ထိုးဆင်းကျလာခဲ့တော့သည်။

***************************************

မင်းမိုးချိမ်းသံတွေအောက်မှာ
ငါက
မှောက်မှောက်မှားမှား
ဒူးထောက်ထားနှင့်မိသူပေါ့ကွယ်...။ ။

နောက်ဆုံးတော့ နင့်ရှေ့ကို ငါ..ရောက်လာခဲ့ရတာပဲမလား။ မောလိုက်တာကောင်မလေးရယ်။ စက်ဘီးကို တအားနင်းခဲ့ရပေမဲ့ ငါက ခုမှ လိုအပ်တာထက် ပိုပြီး နာကျင်ပင်ပန်းနေသလိုပဲ။ အာခေါင်တွေတောင် ခြောက်ကပ်ပြီး ရေငတ်နေသလိုလို။ ဒါပေမဲ့ ငါလိုအပ်နေတာ ရေအေးအေးတစ်ခွက်ထက် နင့်ရဲ့ ကြည်လင်ရွှန်းပ အပြုံးတစ်စလေးပါ။
ငါက နင် စိတ်ဆိုးပြီး ဆူဆောင့်နေတဲ့ အချိန်တောင် ပြန်စိတ်မဆိုးရက်ပဲ နင့်အအော်အငေါက်ကို ကျေကျေနပ်နပ် ခံယူခဲ့သူပါ။ နင့်ဘေးနားမှာ ငါ ရှိနေခွင့်ရသ၍ အရာရာကို ငါကျေနပ်နိုင်ခဲ့တာ နင်အသိခဲ့ဆုံးပါ။
ခုလည်း ငါ့မာနတွေ ခ၀ါချပြီး နင့်အိမ်ရှေ့ကို ရောက်လာခဲ့ပြန်ပြီ။ နင်ယုံကြည်ထားတဲ့အတိုင်း ငါက နင့်ဆီကနေ ဝေးဝေးကို ပြေးထွက်မသွားနိုင်ခဲ့ဘူး ဆိုတာ သိပ်သေချာနေခဲ့တဲ့ အတွက် နင်... ကျေနပ်လိုက်တော့နော်။
နင့်အိမ်ရှေ့ကို ငါရောက်လာတိုင်း ထိုင်နေကျ လမ်းဘေး အုတ်ခုံလေးမှာ ၀င်မထိုင်ခင် လေချွန်သံ ပေးတတ်တာကို နင် သိပ်သဘောကျခဲ့တယ်။ ခုလည်း ငါ လေချွန်နေတယ်။ ဒါပေမဲ့ ငါ့လေချွန်သံကို ငါ ပြန်မကြားရဘူး။
နင်.. နင်ရော ကြားရရဲ့လား။
အလို.... ငါ့အာရုံတွေက ဘာလို့ အနီတွေ ရင့်ရိုင်းနေတာပါလိမ့်။
အနီတွေ... အနီတွေနဲ့ အတူ ငါ့စိတ်တွေက နင်နဲ့ ဝေးရမှာကို ခါတိုင်းထက် ပိုပြီး ဘာကြောင့် တုန်လှုပ်လာရတာလဲ။ “ဘယ်တော့မှ မခွဲဘူး” လို့ နင့်ကို ပေးထားတဲ့ ကတိစကားကို နင်ကြားအောင် ငါ တဖွဖွရွတ်နေတယ်။ ဒါဟာ အိပ်မက်ဆိုး ဆိုလဲ ငါ နိုးထလာအောင် နင်ပဲ လုပ်နိုင်မှာ။

မေရေ.. မြန်မြန် ထွက်လာခဲ့စမ်းပါဟာ။ ငါလေ နင့်ကို သိပ်ချစ်တဲ့အကြောင်းတွေ တတွတ်တွတ် ပြောချင်လှပြီ။ လွမ်းလဲ လွမ်းလှပြီ။
နောက်... နင်က ငါ့အချစ်ကို ယုံကြည်ပါပြီ လို့ ရှက်ပြုံးလဲ့လဲ့နဲ့ ငါ့ရင်ခွင်ထဲ ခိုဝင်ပြီး ပြောတဲ့ အသံကိုလဲ ကြားချင်လှပြီ။
အဲဒီအခါကျ ပိုးသားလို ပျော့ပျောင်းတဲ့ နင့် အညိုရောင် ဆံနွယ်စတွေကို ငါ တစ်ရှိုက်မက်မက် နမ်းမယ်လေ။ နင် စိတ်မဆိုးရဘူးနော်။

“မေရေ.. နင် ထွက်လာခဲ့ပါဟာ။ ငါ နင့်အိမ်ရှေ့မှာ ထိုင်စောင့်နေရတာ ချမ်းလှပြီဟ”

အမှောင်ထုက တစထက်တစ ပိုအေးစက်ပြီး ငါ့ကို ၀ါးမျိုနေသလိုပဲ။ ငါ့ မြင်ကွင်းမှာ အနီတွေ ပိုရင့်မှိုင်းလာတယ်။
ငါ့ အာရုံတွေက အိပ်မက်ဆန်လာတာလား။ ငါ့စိတ်တွေက နင့်ဆီ တ၀ဲဝဲ လွင့်မျောနေပေမဲ့ နင့်ကို ငါ ဖမ်းဆုပ်လို့ မရဘူး။ အနီတွေက တစ်ဖြည်းဖြည်း ပိုမှောင်လာတယ်။

ငါမြင်ယောင်နေတဲ့ နင့်အပြုံးတွေက ပို စူးရှလာတယ်။

မေ..ရေ..ကောင်မလေးရေ...
ငါခေါ်နေတာ နင်ကြားရဲ့လား............
ငါ့ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ စကားတစ်ခွန်း နင့်ကို ငါ ကြားစေချင်လှပြီ.........

ငါ....
ငါလေ....

နင့်ကို..........


သိပ်ချစ်တယ်....................


***************************************

ချစ်သောသူတိုင်း ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေ။

NOTE: ဒီဝတ္ထုတိုလေးက ကျွန်တော် ကြိုးစားပြီး ရေးထားတာပါ။ လိုအပ်ချက်များစွာ ရှိနေခဲ့ရင်လည်း အားပေးသူ မိတ်ဆွေအပေါင်းအတွက်တော့ တစ်စုံတစ်ခုသော ရသကို ပေးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဂျီကျပူဆာလွန်းလို့ (ဆောင့်ဆောင့်အောင့်အောင့်နဲ့) ဒီဝတ္ထုတိုလေးအတွက် ကဗျာလှလှလေး ဖွဲ့သီပေးခဲ့သော ကဗျာဆရာမ အမ “အိန္ဒြာ” ကို အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။


မေတ္တာဖြင့်
မိုးကုတ်သား