Sunday, August 29, 2010

မိုးကုတ်သား နဲ့ လက်ဗွေ




ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာသွားခဲ့ပြီ။ တစ်လကို စာလေး တစ်ပုဒ်တောင် အနိုင်နိုင် ကြိုးစား ရေးနေဖြစ်တော့ အိမ်ကလေးလဲ ဖုန်တွေ အထပ်ထပ် တက်လို့ နေမှာပဲ။
“မိုးကုတ်သားရေ.. စာတွေရေးပါအုံး” တို့
“စာရေးတွေ ကျဲနေတယ်။ စာလေးဘာလေးရေးပါအုံး.. မျှော်နေတယ်” တို့.... ဘယ်သူမှ မပြောကြတော့လဲ တွန်းအား မရှိဘူးပေါ့ဗျာ... (အားနာပါးနာများ မေးကြ ပြောကြမလား ... မသိဘူး...)

ကျွန်တော် အလုပ်သစ်ပြောင်းသွားတော့ နေရာသစ်မှာ နေသား မကျသေးတာရယ်.. အလုပ်သစ်မှာ ကိုယ် မသိတာတွေ များလို့ လေ့လာနေရတာတွေရယ်ကြောင့်ပဲ စာရေးဖို့ ခြေဦး မလှည့်နိုင်တာ ပြောပြန်ရင်လဲ အကြောင်းသိတွေက ရယ်နေကြအုံးမယ်...။ အဲ.. စကားကြော ရှည်နေတာနဲ့ ပြောပြချင်တာလေးတောင် ခုထိ မစရသေးဘူးရယ်။

အလုပ်အသစ် ပြောင်းတော့ အလုပ်လုပ်ခွင့်ကဒ် အသစ်လဲရပါတယ်။ အဲဒီလို လဲတော့ ဘာကြောင့်မှန်းမသိ ကြာနေပြန်ကော။ ကဒ်ပြား မရမချင်း လူက စိတ်ပူရ..၊ အဆင်မပြေခဲ့သည်ရှိသော် ဆိုပြီး တခြားအလုပ်တွေ ဆက်ရှာရ နဲ့ အလုပ်မဝင်ခင် စပ်ကြား ဗျာများနေခဲ့တာ..။ ဟော.... အလုပ်လုပ်ခွင့်ကဒ် ထုတ်လို့ ရတော့မယ် ဆိုတော့မှ လက်ဗွေ နှိပ်ဖို့ လုပ်ရကော။ အဲဒီတော့မှ လူပေါင်း သန်းချီရှိတာ ဒီ လက်ဗွေတွေက တစ်ယောက်နဲ့တစ်ယောက် ဘာကြောင့် မတူကြတာလဲ ငယ်တုန်းက ထူးဆန်းခဲ့ဖူးတာ ပြန်သတိရမိတယ်။ ဒါပေသည့် ကျွန်တော့်လက်ဗွေဟာ တစ်ခြားတစ်ယောက်ယောက်နဲ့ ထပ်တူ လုံးဝ ကျနိုင်လား၊ မကျနိုင်ဘူးလား။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်နဲ့ လက်ဗွေ တစ်ထပ်တည်း တူတဲ့သူရော မရှိနိုင်ဘူးလား အူကြောင်ကြောင် တော့ ပြန် တွေးမိသွားသေးတယ်။

နောက်တစ်ခုက အကျင့် နဲ့ မသိစိတ်ရဲ့ မှတ်သားထားမှု..။ လက်ဗွေနှိပ်မယ်ဆို လူက အလိုလို လက်မကို ထိုးပေးမိတာ..။ လက်မက လက်ဗွေကိုပဲ ပေးရမယ်လို့ ဘယ်တုန်းကရင်း မသိစိတ်က ဘာကြောင့် မှတ်သားထားခဲ့မှန်း စဉ်းစားမရဘူး။ အလုပ်သမားကဒ်ရုံးက လက်ဗွေယူတော့ လက်မကိုပဲ ထိုးပေးမိတယ်။ လက်ဗွေယူတဲ့ အမျိုးသမီးက လက်မရော၊ လက်ညှိုးရော ဘယ်ညာ နှစ်ဘက်လုံးကို ယူသွားရော..။ လက်ဗွေကို မျက်နှာပြင်အပြည့်ယူချင်လို့လားမသိ... ကျွန်တော့်လက်မနဲ့ လက်ညှိုးကို တည့်တည့်နှိပ်ရယုံတင်မကဘူး... ဘယ်စောင်းလိုက် ညာစောင်းလိုက်နဲ့ဖိသေးတာ။ သူ စိတ်ကျေနပ်မှ လက်ကို လွှတ်တော့တယ်။ ထားတော့...။ လူတစ်ယောက်ကို မှတ်ပုံတင်ချင်ရင် လက်ဗွေက အရေးကြီးမှန်း ဘယ်သူက ရှာဖွေ တွေ့ရှိခဲ့သလဲ.. ဘာလဲ...၊ လူတစ်ယောက်ရဲ့ ရပ်တည်မှုဟာ လက်ဗွေပေါ်မှာလဲ တည်မှီနေမှန်း ဘာမှန်း.. ဆက်မစဉ်းစားတော့ဘူး။ အရေးကြီးတာ ကဒ်ပြားရဖို့..။ အဲတာရမှ အလုပ်စဆင်းလို့ ရမှာကိုး...။

ဒီလိုနဲ့... ကဒ်ရတော့ အလုပ်စဆင်းရော ဆိုပါတော့။ အလုပ်မှာကလဲ ကိုယ့် ကိုယ်ပိုင်နံပါတ်နဲ့..၊ ကိုယ့်လက်ဗွေနဲ့ နှိပ်ပြီးဝင်မှ ရုံးထဲကို ဝင်ခွင့်ရတာ..။ အော်.. ဒီ လက်ဗွေက အဲလောက် အရေးပါတာကိုးလို့ ထပ်တွေးမိသွားပြန်ကော..။ အလုပ်ဝင်စမှာတော့ လက်ဗွေ မှတ်ပုံ မတင်ရသေးလို့ သူတစ်ပါး ဝင်တဲ့ အချိန်စောင့်ပြီး လိုက်ဝင်ရတယ်။ ဒါမှမဟုတ် တံခါးစောင့်တဲ့သူ ရှိနေရင် သူက ဖွင့်ပေးတယ်။ ဝင်ချိန်..၊ ထွက်ချိန်.. လက်မှတ်ထိုးရုံပဲ...။ ဒါကို ဒုက္ခမခံနိုင်တော့ မန်နေဂျာ မမကို လက်ဗွေနှိပ်ဖို့.. ကျွန်တော့် ကိုယ်ပိုင်နံပါတ်ပေးဖို့ သွား သွားပြီး ဂျီကျနေတာ..။ တစ်ပါတ်ကျော်လောက် စောင့်မှ.. ကျွန်တော့် ကိုယ်ပိုင်နံပါတ်ရပြီး လက်ဗွေနှိပ်ဖို့ ရုံးအဝင်တံခါးက စက်လေးဆီ သွားရတယ်။ ကျွန်တော်ရယ်..နောက်ထပ် ဝန်ထမ်းအသစ် သုံးယောက်ရယ်..။ သူတို့က အသစ် ဆိုပေမဲ့ ကျွန်တော့်ထက် အလုပ်ဝင်တာ ပိုစောကြတယ်။ ကျွန်တော်တို့ လေးယောက်..အပေါက်ဝမှာ မန်နေဂျာမမ ပြောတဲ့ ကိုယ့် ကိုယ်ပိုင်နံပါတ်ရယ် လက်ဗွေရယ်ကို စက်ကလေးမှာ မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်တယ်ဆိုတာကလည်း.. ကိုယ့်ကိုယ်ပိုင်အမှတ်ကို စက်ကလေးမှာ ခလုပ်နှိပ်ပြီး ရိုက်ထည့်၊ ပြီးရင် လက်ဗွေဖတ်တဲ့ မှန်ပြားလေးပေါ် ကိုယ့်လက်ဗွေကို နှိပ်၊ စက်က လက်ဗွေကို ဖတ်ပြီးသွားရင် ကိုယ့် ကိုယ်ပိုင်အမှတ်နဲ့ ကိုယ့်လက်ဗွေကို တွဲမှတ်သွားတာ။ ကိုယ်က ရုံးထဲ ဝင်ချင်ရင် ကိုယ့် ကိုယ်ပိုင်အမှတ် ကို ရိုက်ထည့်. စက်က လက်ဗွေတောင်းရင် ကိုယ့်လက်ဗွေလေးကို လက်ဗွေနှိပ်တဲ့ နေရာပေါ်တင်လိုက်..။ မှန်ရင် တံခါးဖွင့်တယ်။ မမှန်ရင်တော့ သင့်မှာ ဝင်ခွင့်မရှိဘူး လို့ စက်က ပြန်ဖြေပြီး တံခါးက ပွင့်မယ် မဟုတ်ဘူး။ သူတပါးတွေက လက်ဗွေ နှိပ်ရင် လက်ညှိုးကိုပဲ ထိုးပေးကြတာသတိထားမိပေမဲ့ ကျွန်တော့်ကလှည့်ရောက်တော့ ထုံးစံအတိုင်း လက်မပဲ ထွက်လာတယ်။ စက်ကလေးကလည်း... လက်မက... လက်ဗွေကို မှတ်သွားကော။ ကျွန်တော့် ကိုယ်ပိုင်အမှတ်နဲ့ လက်ဗွေကို နှိပ်ပြီး သေချာအောင် ပြန်စစ်တော့လဲ စက်လေးက တံခါးဖွင့်ပေးတယ်။ အေးဆေးပေါ့။ ရုံးကို ဝင်တာနဲ့ ကိုယ့်ကို ဘယ်အချိန်ရုံးရောက်လဲ.. ဘယ်အချိန် ရုံးပြန်လဲ ဆိုတာက အစ စက်လေးက တစ်ခါတည်း မှတ်ထားပေးတယ် ဆိုတော့ကာ... တစ်လတစ်လ ရုံးတက်ချိန်တွေ ဖြည့်ပြီး တင်ရတဲ့အခါဆို ပိုတောင်လွယ်သေး..။ ကိုယ်မမှတ်မိရင် မန်နေဂျာမမကို သွားမေးလိုက်ရုံပဲ...။

ဒီလိုနဲ့ လက်ဗွေကိစ္စက ခေါင်းထဲ ဆက်မဝင်လာပဲ အေးဆေးဖြစ်နေပြန်ကော။ အဲနေ့က ရုံးအပြန်မှာ ကိုယ့်ကိုယ်ပိုင် အမှတ်နဲ့ လက်ဗွေကိုနှိပ်ပြီး ပြန်ရတော့ စိတ်ထဲတောင် ပျော်နေမိသေး..။ ပြဿနာက နောက်ရက်မနက် ရုံးတက်တော့မှ စတော့တာပဲ..။ အဲနေ့က ဖြစ်ချင်တော့ ရုံးကို ဇွဲကောင်းကောင်းနဲ့ အစောကြီး ရောက်တယ်။ အဝင်ဝမှာ ကိုယ့် ကိုယ်ပိုင်အမှတ်ကို ရိုက်ထည့်ပြီး လက်ဗွေနှိပ်တော့ စက်က မင်းမှာ ဝင်ခွင့်မရှိဘူး။ မင်းရဲ့ ၀င်ခွင့်မှတ်ပုံတင်တာ မအောင်မြင်ဘူးပဲ တစ်ချိန်လုံး အော်နေတော့တယ်။ လက်မကို ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်နဲ့ အမျိုးမျိုးလုပ်ကြည့်ပေမဲ့ မအောင်မြင်ဘူး။ ငါးမိနစ်၊ ဆယ်မိနစ်လောက် ကြာတော့ လူလည်း ချွေးပြန်နေပြီ။ တံခါးစောင့်တဲ့ သူကလည်း မရှိ။ ရုံးကို တစ်ခြားလူတွေလဲ တဖွဲဖွဲ ရောက်လာကြပြီ။ သူတို့တွေ ဝင်သွားတော့ စက်က အေးအေးဆေးဆေးပဲ။ လက်ဗွေဖတ်တဲ့ မှန်ပြားလေးကို သေချာကြည့်မှ လက်ညှိုးလေးတစ်ပြားစာ သေးသေးလေးရယ်.....။ ကျွန်တော့်လက်မက အဲဒီ မျက်နှာပြင်က ဖတ်နိုင်တဲ့ အကွက်လေးထက် ပိုပြီး ကြီးနေတယ်။ မနေ့က ဘယ်နေရာကိုများ သွားတင်မိပါလိမ့်.. စဉ်းစားလို့ မမှတ်မိတော့ဘူး။ ဘာကြောင့်များ သူတပါးတွေလို လက်ညှိုးကို မှတ်ပုံမတင်မိပဲ ဒီလက်မကြီးပဲ သွားထိုးပေးမိတာပါလိမ့်.. ကိုယ့်ဘာသာပဲ အပြစ် တင်နေမိတော့တယ်။ သယ်သူကမှ လက်မ တစ်ခုထဲနဲ့ပဲ လက်ဗွေ ယူလို့ ရတယ် ပြောမထားပါပဲ...။ လက်မကို အားကြိုးမာန်တက် ဟို ဒီ ရွှေ့ပြီး နှိပ်တော့မှ နေရာမှန်သွားလို့ ထင်ပါရဲ့။ အောင်မြင်သွားတယ်။ ဝမ်းသာအားရ ဝင်ပြီးမှ အစောနက လက်မရဲ့ ဘယ်အပိုင်းက နေရာအမှန်လဲ မှတ်မထားမိတာ သတိထားမိပြီး အပြန်အတွက် စိတ်လေသွားရပြန်ပါရော..။
အဲနေ့က တစ်နေ့လုံး ဒီ လက်ဗွေကိစ္စပဲ စိတ်ထဲ ရောက်နေတော့တာ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ဗွေချင်း လုံးဝ မတူကြတာ မထူးဆန်းတဲ့ ကိစ္စပဲ ထားပါအုံးတော့။ ဒီလူတစ်ယောက်ထဲရဲ့ လက်ဗွေကိုမှ ခုလို စက်က ဖတ်တဲ့ နေရာ နဲနဲလွဲတာနဲ့တောင် မမှတ်မိဘူး ဆိုလေတော့ကာ..။ လက်ဗွေ ဆိုတိုင်း ပေးချင်အုံးဟဲ့ ဒီလက်မ လို့သာ ကိုယ့်ဘာသာ စိတ်တိုနေမိတော့တယ်..။
ရုံးက သူငယ်ချင်းတွေကတော့ စက်က တစ်ခါတစ်ခါ ကြောင်တတ်တယ် ပြောတယ်။ တစ်ယောက်ဆို သူ့လက်က အသားတွေ ခဏခဏ ကွာတတ်တဲ့အခါကျတော့ ရုံးထဲ ၀င်တဲ့အခါဆို သူ့လက်ဗွေကို စက်က မမှတ်မိဘူးတဲ့. အမြဲ ဒုက္ခရောက်ရတယ် ပြောတယ်။ တစ်ချို့လူတွေကျတော့ သူတို့ မှတ်ပုံတင် အတု၊ အသစ်လုပ်တဲ့အခါ လက်ဗွေပြောင်းးအောင် လက်က အသားတွေကို လှီးထုတ်ပစ်တတ်ကြတယ်တဲ့။ လက်မှာ အသားအသစ် တက်လာတဲ့အခါကျ လက်ဗွေကလဲ ပြောင်းသွားတယ် ပြောတာ ကြားဖူးရဲ့။

အရင်ကတော့ လက်ဗွေတွေဟာ လူတစ်ယောက်နဲ့တစ်ယောက်မှာ... မတူကြသလို.. ကွဲပြားကြသလို.. လူ့ စိတ်သဘောထားတွေဟာလဲ မတူနိုင်ကြတာ၊ တူမယောင်ယောင်နဲ့ ကွဲပြားနေကြတာပဲလေ ဆိုပြီး လက်ဗွေကို မှတ်ပုံတင်မှတ်ဖို့ထက် ပိုပြီး နက်နက်နဲနဲ ဆက်မတွေးဖြစ်ခဲ့ဘူး..။ ခုနောက်ပိုင်းတော့....

အော်.. လက်ဗွေ.. လက်ဗွေ.. တော်တော် အရေးကြီးတဲ့ လက်ဗွေပါလား..။ လက်မလေး တစ်ပြားစာ အကွာအဝေးကိုတောင်မှ စက်က မှတ်ထားတဲ့ နေရာကို အတော် ကြိုးစား ရှာရပါလား..။ ခက်ခဲနေခဲ့ရင်လဲ မန်နေဂျာမမကို လက်ဗွေ ပြန်မှတ်ခိုင်းမယ်။ ဒီတစ်ခါ လက်ဗွေမှတ်ရင်တော့ စက်က အပြည့်ဖတ်နိုင်တဲ့ လက်ညှိုးကိုပဲ ပေးတောမယ်လို့ စဉ်းစားထားလိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ စက်က မှတ်ထားတဲ့ ကျွန်တော့်လက်မရဲ့ လက်ဗွေ အနေအထား နေရာမှန်ကို ရှာဖွေ တွေ့ရှိသွားတယ်။ ခုတော့လဲ ရုံး အဝင်အထွက်တိုင်း လက်မရဲ့ လက်ဗွေနေရာအမှန်ကို ရှာစရာ မလိုတော့ဘူး။ သူ့အလိုလို လက်မက နေရာမှန်ကို တင်ပေးမိလျက်သား...။


မေတ္တာဖြင့်
မိုးကုတ်သား

6 comments:

နန်းဝါ၀ါမောင် said...

ဘိုဘို့ရဲ့လက်ဗွေအကြောင်းလေးလာဖတ်သွားတယ်... အလုပ်ထဲမှာ ပျော်ရွှင်အဆင်ပြေပါစေ။


အစ်မ၀ါ

Anonymous said...

Good luck at new job buddy.. Cool post, like it..

noblemoe said...

မိုးလည်းစဉ်းစားဖူးတယ် ဘာလို့လူတွေမှာ လက်ဗွေမတူတာလည်းပေါ့ သေချာလည်းမမေးမိဖူး နောက်အဲဒါတွက်အချိန်လည်းမပေးမိတာပါမှာပေါ့နော်။
အလုပ်သစ်မှာပျော်ရွှင်ပြီးအဆင်ပြေပါစေနော်
သာယာချမ်းမြေ့ပါစေရှင်းး
မိုး

Anonymous said...

[URL=http://www.giantbomb.com/profile/dddttd/blog/#] recalls volkswagen heater core
[/URL]

ဇွန်မိုးစက် said...

ဇွန်တို့ရုံးမှာလည်း လက်ဗွေဖတ်ရတယ်။ များသောအားဖြင့် သန့်စင်ခန်းကပြန်လာပြီး လက်ဆေးလာတဲ့အခါမျိုးဆို စက်ကဖတ်မရဘူး။ လက်မနဲ့လက်ညိုးတစ်လှည့်စီ နှိပ်ကြည့်တာပဲ။ နောက်ဆုံးမရရင်တော့ password, id နဲ့ဖွင့်ကြတယ်။ ဇွန်က password ကို မှတ်မထားတော့ မရမချင်းနှိပ်ပြီး ဖွင့်တာပဲ။ နောက်ဆုံးမရယင် ဘဲလ်နှိပ်လိုက်တယ်။ အဲဒါဆို အခန်းထဲမှာ ရှိနေတဲ့ လူတစ်ယောက်ယောက်က လာဖွင့်ပေးတယ်။ :D

အလုပ်သစ်မှာ အဆင်ပြေတယ်ဆိုလို့ ၀မ်းသာတယ်နော်။း)

than said...

မိုးကုတ်သား

ရှာလိုက်ရတာ မောနေပြီ၊ နိုင်းနိုင်းစနေကူညီလို့သာပေါ့။
taxi ဆောင်းပါး က မိုးကုတ်သားရေးတာလား၊
july international look magazine issue မှာထည့်သုံးချင်ပါတယ်၊မူရင်းစာရေးသူဆီကခွင့်ပြူချက် တောင်းမလို့ပါ၊ဘယ်စာစောင်မှ မဖေါ်ပြဘူးသေးဆိုရင် သုံးချင်ပါတယ်၊
mail ပြန်ပို့ပေးပါ၊
ကျေးဇူးတင်လျှက်
အယ်ဒီတာအဖွဲ့
internationallookmagazine@gmail.com