ထိုနေ့က ကျွန်တော် စီးနေကျ ၄၅နံပါတ်ကားကို မစီးပဲ ၄၈ကားသေးလေးကို စီးဖြစ်ခဲ့သည်။ ထုံးစံအတိုင်း.. ကျပ်ညှပ်သပ်နေသော ခရီးသည်တွေကြားထဲ တိုးခွေ့နေရာယူရင်း ကျွန်တော်က ကားမောင်းသူ ရှိရာ ခေါင်းခန်းဘက် ခုံနောက်မှာ နေရာ ရ၏။
တစ်ချက်တစ်ချက် ပိကျလာသော နောက်ဘက်မှ လူတွေကြောင့် ကိုယ်ခန္ဒာကို ရှေ့ဘက် ယိုင်လဲ မသွားစေရန် ကိုယ်ကို ခပ်မတ်မတ်တောင့်ထားရင်း၊ မနည်းလှသော လူအုပ်၏ ဖိအားကြောင့် တောင့်ထားနိုင်သော ခွန်အားတို့က အချိန်ကြာသည်နှင့်အမျှ လျှော့ကျလို့လာပြီ။ စို့ရုံမက ရွှဲစပြုလာသော ချွေးတို့ကိုပင် သုတ်ဖယ်မအားတော့။ လက်တစ်ဘက်က ထမင်းဗူးကို ကိုင်ထားရပြီး ကျန် လက်တစ်ဘက်ကခေါင်းထက်က တန်းကို အားပြု ဆုပ်ကိုင်ထားရသည် မဟုတ်လား။
ရုံးတက်၊ ရုံးဆင်းမှာ ခုလို ဘတ်စ်ကား ကျပ်ကျပ်ကို တိုးခွေ့စီးလာတာ နှစ်ကြာလာပြီ ဖြစ်သော်လည်း ကျွန်တော့်အတွက်ကတော့ ဘယ်တော့မှ အသားမကျ။ ဘတ်စ်ကားပေါ် ရောက်သည်နှင့် အသက်ရှူက မဝချင်တော့။ ဘတ်စ်ကား စီးတိုင်း ကျွန်တော့် မွေးရပ်မြေ မြို့ကလေးမှာ လတ်ဆတ်သော လေကို တဝကြီး ရှူရှိုက်ရင်း ကုန်းကြောင်းလျှောက်ခဲ့ရသော လွတ်လပ်မှုတို့ကိုသာ ပြန် တမ်းတနေမိတတ်သည်။
အင်းလေ.. ဘယ်တတ်နိုင်မလဲ...။ ပျော်ရာမှာမနေရ.. တော်ရာမှာ နေရမည့် ဘဝပဲ မဟုတ်လား။
စံပြရုပ်ရှင်ရုံရှေ့က မှတ်တိုင်မှာ ကားရပ်တော့ ယာဉ်မောင်းဘေးဘက်မှ ခုံတွင် ထိုင်နေသူက ဆင်းရန်ပြင်၏။ အင်း... ဗိုလ်အောင်ကျော်လမ်းထိ ရောက်အောင်တော့ ထိုင်စီးသွားအုံးမှ...
အတွေးနှင့် ရှေ့ခြေတစ်လှမ်း အတိုးမှာ ကျွန်တော့် ပခုံးကို ဆောင့်ဆွဲကာ လူတစ်ယောက်က ကျော်ဖြတ်ပြီး ထို ထိုင်ခုံနေရာကို ဦးအောင် နေရာ ယူလိုက်သည်။
ကိုယ်ထိုင်မည့်နေရာကို အလုခံလိုက်ရတာရော.... လက်မောင်းကို ဗလိုင်းကြီး ဆောင့်ဆွဲသွားတာကြောင့်ရော စိတ်က ထောင်းခနဲ ဖြစ်သွားပြီး ထိုလူကို ကျွန်တော်က ဘုကြည့် ကြည့်မိ၏။ အသက်အရွယ် ကြီးလို့ဆိုရင်... ၊ မိန်းမ မို့လို့ ဆိုရင်.. ၊ မကျန်းမာလို့ဆိုရင် ထားတော့။ နေရာပင် ကျေကျေနပ်နပ် ဖယ်ပေးလိုက်အုံးမည်။ ခုဟာက ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်း လူတစ်ယောက်က ထိုင်စရာနေရာကို လုယူသွားခဲ့တာ..။
ဒေါသလွှမ်းသော ကျွန်တော့် အကြည့်များကို ထိုသူက မသိကျိုးကျွံ ပြုလျှက် ခုံမှာ အမိန့်သားထိုင်လို့။
ကဲ.. ကဲ.. စိတ်လျှော့ စနေသားရေ...။ ကျွန်တော့် ဒေါသစိတ်တွေကို ပြန် ထိန်းချုပ်ရင်း ဒီနေ့ ရုံးရောက်လျှင် တင်ပြရမည့် အလုပ်ကိစ္စများဆီ အာရုံက ရောက်သွားသည်။ သို့သော် အလုပ်ကိစ္စကို ကြာကြာမတွေးနိုင်...။ ကျွန်တော် စီးလာသော ၄၈ကားက ရှေ့မှ နောက်ထပ် ၄၈ကားတစ်စီးကို အပြိုင် လိုက်မောင်းနေတာ အရှိန်အတော်မြန်နေမှန်း သတိထားမိပြီး စိတ်က ထုံးစံအတိုင်း ပူမိပြန်သည်။
“ဒီ ကားသမားတွေနှယ်..၊ ကားကို အပြိုင်မောင်း.. လူကို လုတင်.. စည်းကမ်းကို မရှိကြ........”
((((((((((ဒုန်း)))))))))))
အတွေးမှ မဆုံးသေးခင် ဘရိတ်ဆောင့်အုပ်လိုက်သော ကားကြောင့် ကျွန်တော့်နောက်ဘက်မှ ပြိုကျလာသည့် လူအုပ်ကြီးကို မနည်းတောင့်ခံထားရင် ကားခေါင်းခန်းကို ကြည့်မိတော့ ကားရှေ့မှန်တစ်ခုလုံး မွကြေလို့ နေပြီ။ ဒရိုင်ဘာ၏ နဖူးနှင့် နှာခေါင်းမှ သွေးတွေက စီးကျလို့။ ဖြတ်ခနဲ အစောနက နေရာလုထိုင်သွားသော သူဆီ အကြည့်ရောက်တော့ .... ဘုရားရေ....၊ ထိုသူ့ မျက်နှာ တစ်ခုလုံးက မှန်ကွဲစတွေ စိုက်ဝင်ပြီး သွေး ချင်းချင်း နီ.. လို့....။
ထိုသူ့အပေါ် ရှိနေသော ဒေါသစိတ်တွေက ဖြတ်ခနဲ ပျောက်သွားပြီး စိတ်ထဲ မကောင်းဖြစ်သွားသည်။
ကြည့်စမ်း.. ဒီလူသာ နေရာ အတင်း လု မထိုင်ခဲ့ရင် ကျွန်တော်က အဲဒီနေရာမှာ ထိုင်လျက်သား..။ ခုချိန်မှာ သွေးချင်းချင်းနီနေသော မျက်နှာက ကျွန်တော့်မျက်နှာ ဖြစ်နေပေလိမ့်မည်။ ခုတော့ ထိုသူက ကျွန်တော့်အစား ဝင်ခံပေးလိုက်ရသလို...။ ထိုသူစိမ်းကို သနားသောစိတ်များက သူ့အပေါ် အစောနက ရှိနေသော ဒေါသစိတ်များကို လျှော်ဖွပ်ပေးလိုက်၏။
“အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေ”
ကားပေါ်က ဆင်းပြီး လိုရာခရီးကို မဆက်နိုင်သေးပဲ အရေးပေါ်လူနာတင်ကားပေါ် ရောက်သွားသော ယဉ်မောင်းသူ နှင့် ထိုသူ့ကို လိုက်ကြည့်နေမိရင်း နောက်ထပ် ၄၈ကားတစ်စီး ရောက်လာတော့ အပြေးအလွှား တက်လိုက်ရသည်။ ရုံးချိန် နောက်ကျလို့ နေပြီ..။
ကားပေါ်ရောက်တော့မှ သက်ပြင်းမောကို ချရင်း စိတ်ထဲ တွေးမိလိုက်တာက...
“ဘုရား၊ ဘုရား..၊ ကံသီပြီး...... မောင်မင်းကြီးသား ကယ်ပေလို့....”
မေတ္တာဖြင့်
မိုးကုတ်သား
မိုးကုတ်သား
18 comments:
ကံကောင်းလို့ ကံကောင်းလို့... နိုမို့ဆို မျက်နှာ မလှပကြီး နား နေ နေရမှာ...ဟူးးးး
အင်းနော်...ကံဖယ်သွားတာ။ ဇွန်ငယ်ငယ်ကလည်း ကံဖယ်ဖူးတယ်။
ခုနောက်ပိုင်း ကားအက်ဆီးဒင့်တွေမြင်ရင် ရင်ထဲဘယ်လိုဖြစ်မှန်းမသိဘူး။ မြင်လိုက်တာနဲ့ တစ်စုံတစ်ယောက်ကိုသွားသတိရလို့ အာရုံလွှဲရတယ်။း(
ဒီတစ်ခါတော့ စနေသားလွဲသွားတာ အလွဲကောင်းလေးပေါ့...
ဒီပိုစ့်ဖတ်တော့ ဘာမဆိုင်ညာမဆိုင် ဦးကျောက်လုံး ပြောတာကို သတိရတယ်...
သူတစ်ယောက် ကောင်းဖို့ အတွက် တခြားတစ်ယောက် က အမြဲ စတေးခံပေးရတဲ့ ကံတရားရှိတယ်တဲ့... ဦးကျောက်လုံး ကိုယ်တိုင် အဲဒီလိုနဲ့ နာမည်ကြီးလာတယ်လို့ မြင့်မြင့်ခင် အင်တာဗျူးမှာ ဖတ်ဖူးတယ်.. သတိရသွားတာပါ..
သူတစ်ယောက်ကောင်းဖို့ တခြားတစ်ယောက်က အမြဲ ဝင်ခံရစမြဲပါ
ချစ်ညီ
ဖိုးစိန်
ကံတရားဆိုတာ အစီအစဉ်တကျ ရေးထားပြီးသား
စာမျက်နှာတွေလားးးးးးးးးး
သိပ်စိတ်ဝင်စားစရာကောင်းတယ်...။
ကိုယ်လက်ကိုင်ထားတဲ့ဆောင်ပုဒ်လေးတစ်ခုရှိတယ်
စိတ်ထားကောင်းရင် ကံကောင်းတယ်တဲ့
ချစ်ခင်စွာ
အင်း
တော်သေးတယ်လို့ လဲ ပြောချင်ဘူး... ဟိုတယောက်က ဘယ်လိုခြေနေလဲ သိတာမဟုတ်...
မတော်ဘူးဆိုပြန်ရင်လဲ... ကိုယ့်အစ်ကိုအတွက် ပြောသလိုဖြစ်နေပြန်ပြီ...
=)
အဲတော့ ဘာမှပြောတော့ဘူး...
ကိုယ့်ဘဝနဲ့ ကိုယ်လာကြတာပဲ...
ဖြစ်ချိန်တန်ရင် ဖြစ်သွားတာပဲနော်
ညီမ အဒေါ်တယောက်လည်း အဲလိုမျိုးဖြစ်ဘူးတယ်တဲ့ ..
ကားစီးတာ အစက သူက အစွန်မှာ ထိုင်မှာ .. နောက်တယောက်က သူအရင်ဆင်းမှာမို့ သူအရင်ထိုင်မယ်ဆို ထိုင်တာ .. နောက်တော့ ကားက မှောက်ရော ..
ဘယ်လို အကြွေးတွေ ကိုယ့်မှာ ရှိသေးလဲ ဘယ်လို ပြန်ဆပ်ရမလဲတော့ မသိဘူး ..
ကံကောင်းလို့ ... နို့ မဟုတ်ရင်...
ဟဲဟဲ ဆက်မပြောတော့ဘူး။
(ဘာမှမဟုတ်ဘူး နောက်တာ)
လန့်စရာကြီးနော်...တော်သေးတာပေါ့
ကြောက်စရာကြီးးး ..
ခေါင်းတွေ ပူထူ သွားမှာပဲနော် ...
တစ်ယောက်နဲ့ တစ်ယောက်
ကံ ဇာတာ မတူ ဆိုတာ တွေ လေ ....
ဒီမောင်နှမတွေ နော် စောစောစီးစီး ဖတ်လိုက်တာနဲ့ ဘာလို့ 
အက်စီဒန့် တွေ ပဲရေးနေတာလဲသိဖူး နှစ်သစ်မှာ မကောင်းတာတွေမေ့ ထားလိုက်ပါ ပျော်ပျော်ပါးပါးနေပါအုံး
တော်သေးတာပေါ့ ခုလို ကိုဘိုကိုလှလှပပမျက်နှာမြင်ရတာ နို့ မို့ ဆို မျက်နှာ တော့ မတွေးဝံ့ စရာပါပဲ ကံ ကံရဲ့ အကြိုးပါပဲ တစ်ဖက်လူတော့ သနားပါတယ် ဒီနေရာတွက်မျက်နှာပျက်လိုက်ရတာ...............
သာယာချမ်းမြေ့ပါစေနော်
မိုး
ကံကြီးပေလို့ပေါ့ ကိုမိုးကုတ်သားရယ်။ ဒရိုင်ဘာအတွက်တော့ စိတ်မကောင်းစရာပါပဲ။ သြော် တဝမ်းတခါးရှာစားရတာလည်း မလွယ်ပါဘူးနော်...
ဒီပို့စ်လေးက သင်ခန်းစာရစေတယ်နော်။
ရုတ်တရက် ကိုယ်အဆင်မပြေဘူးထင်တာကနေ ကံကောင်းတာလဲ ဖြစ်တတ်တာပဲ။
ကန်ကြီးပေလို့သာပေါ့ ကိုမိုးဂုတ်တားရယ်... :P
ဖြစ်တတ်ပါတယ်
Post a Comment