Thursday, March 11, 2010

မြန်ဆန်လွန်းလှတဲ့ လူ့ဘဝလမ်းပေါ်မှာ



ဒီနေ့ သူ အလုပ်နားရက်။ မနေ့ကမှ အသစ်စက်စက် ဝယ်ထားသော ဂျက်ဂွာကားလေးကို ခုလို မနက်ခင်းစောစော၊ လူသူရှင်းရှင်းမှာ မြန်နှုန်းမြင့် မောင်းနှင်ရတာ အင်မတန် စိတ်ချမ်းသာဖို့ ကောင်းသည်။ ဒီလို အဖိုးတန်ကားမျိုး ဝယ်စီးနိုင်အောင်၊ ဒီအရွယ်နဲ့ ဒီလောက်ထိ ချမ်းသာလာအောင် အလုပ်အပေါ် အချိန်တွေ ဘယ်လောက်ပေး ကြိုးစားခဲ့ရသလဲ။ သူ့အောင်မြင်မှုများက လွယ်လွယ်နှင့် ရခဲ့သည်တော့မဟုတ်ချေ။ ခုလို အရှိန်အဟုန်ပြင်းပြင်းနှင့် အောင်မြင်ကြွယ်ဝလာအောင် သူ့ဘဝ အချိန်တွေကို သူ့လုပ်ငန်းတွေအပေါ်မှာသာ စုပုံထားရင်း အားလပ်ချိန် ဆိုတာ သူ့အတွက် ရှားပါးပြီး အဖိုးတန်သော အချိန်များသာ ဖြစ်နေခဲ့သည်။

ဒီနေ့တော့ သူ့ သူငယ်ချင်းတွေနှင့် စုဆုံဖို့ချိန်းထားသော နေရာတစ်ခုကို သွားဖို့ ရှိသည်။ သူ၏ အောင်မြင်မှုများကို အားကျနေသော သူ့ မိတ်ဆွေများက သူ့ ဂျက်ဂွာကား အသစ်စက်စက်လေးကို မြင်လျှင် အထင်ကြီးစွာ ချီးကျူးကြလိမ့်ဦးမည်။ အတွေးနှင့်ပင် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ တစ်ချက်ပြုံးမိရင်း ကားကို အရှိန်လျှော့ချလိုက်သည်။ ရှေ့က ပန်းခြံဘက်မှာ မတော်တဆ ကလေးငယ်လေးတွေ ဆော့ကစားရင်း လမ်းမပေါ် ပြေးဆင်းလာပါက အန္တရယ် မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ ပန်းခြံထဲက ကားရပ်နားရာနေရာမှာ အရိပ်တစ်ခုကို တွေ့လိုက်မိသလို ရှိသော်လည်း သူ ဂရုမထားမိပဲ ကားကို ဆက်မောင်းသွားလိုက်သည်။ အဲဒီအချိန်မှာပဲ သူ့ကား ဘေးတံခါးကို တစ်စုံတစ်ခု ထိမှန်သံကြားရ၏။ ကားကို ဝုန်းခနဲ ထိုးရပ်ပြီး ကပျာကယာ ဆင်းကြည့်မိတော့ သူ့ကားဘေးတံခါးက ခဲလုံးတစ်လုံး ထိမှန်ပြီး ပွန်းပိန့်နေသည်။ ခဲလုံးလာရာဘက်ဆီ သူကြည့်မိတော့ အသက် လေးနှစ်အရွယ် ခလေးငယ်တစ်ဦး။

“မင်းကိုယ်မင်း ဘာထင်လို့ ခုလို ငါ့ကားကို ခဲနဲ့ပေါက်ရတာလဲ။ ဒီကားကို ဘယ်လောက်တန်သလဲ မင်းသိရဲ့လား။ ဈေးကြီးပေးပီး ဝယ်ထားရတဲ့ ငါ့ကား အသစ်စက်စက်လေး၊ မင်း ခဲနဲ့ပေါက်လိုက်လို့ ပွန်းပဲ့သွားပြီ။ ခု အဲတာကို ပြင်ဖို့ ငါ ပိုက်ဆံ အများကြီး ကုန်ရတော့မယ်။ မင်း ဘာကြောင့် ဒီလိုလုပ်တာလဲ..။ ပြော.. ငါ့ကို ပြောစမ်း...”

သူ.. ဒေါသစိတ်တို့နှင့် မွှန်ထူပြီး ခလေးငယ်ဆီ ပြေးသွားကာ ပခုံးကို တရစပ် လှုပ်ခါရင်း အော်ဟစ်ကြိမ်းမောင်းပစ်လိုက်မိသည်။ ခလေးငယ်လေးကတော့ ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေပြီ။

“တောင်းပန်ပါတယ် ဆရာရယ်။ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိလို့ပါ။ တကယ်ပဲ တောင်းပန်ပါတယ်”

“ကား မရပ်ပဲ ဆက်မောင်းသွားမှာ စိုးလို့ ခဲနဲ့ ပေါက်မိလိုက်တာပါ”

နောက်တော့ ခလေးငယ်က ငိုရှိုက်ရင်း ပန်းခြံထဲက တစ်နေရာကို လက်ညှိုးထိုးပြီး ဆက်ပြော၏။

“အဲ့နားမှာ ကျွန်တော့်အကို ပလက်ဖောင်းပေါ်က ပြုတ်ကျသွားလို့ပါ။ ကျွန်တော့်အကိုက ခြေထောက်မသန်ပါဘူး။ သူ ဒဏ်ရာရသွားပြီး သူ့ ဘီးတပ်ကုလားထိုင်ပေါ် ပြန်မတက်နိုင်တော့တာကို ကျွန်တော့်အားနဲ့ ပြန်မထူနိုင်လို့ အကူအညီ ရလိုရငြား လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ ဆရာ့ကို စိတ်ဆိုးစေဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော့်ကို သနားရင် ကျွန်တော့်အကို ကို ဘီးတပ်ကုလားထိုင်ပေါ် ပြန်တင်ပေးဖို့ တောင်းပန်ပါတယ်”

ကြောက်ရွှံ့နေသော ခလေးလေး၏ မျက်ရည်လည်ရွှဲစကားတွေက သူ့ ဒေါသစိတ်တွေကြောင့် ပူလောင်နေသော လည်ချောင်းနှင့် နှလုံးသားတွေ အရည်ပျော်ဆင်းစေပြီး သနားမိသွားသည်။ ခလေးလေးနောက်လိုက်သွားကာ လဲကျနေသော အကိုဖြစ်သူကို ဘီးတပ်ကုလားထိုင်ပေါ် တင်ပေးလိုက်သည်။  နောက်ပြီး သူ့ကားထဲမှာ အမြဲ ဆောင်ထားတတ်သော ဆေးတစ်ချို့နှင့် ပွန်းပဲ့သွားသော ဒဏ်ရာများကို လူးပေးလိုက်သည်။ မျက်ရည်များ၊ နှာရည်များဖြင့် စိုရွှဲနေသော ခလေးလေးကိုလည်း သူ့လက်ကိုင်ပုဝါထုတ်ပြီး သန့်စင်ပေးလိုက်သည်။

ခလေးနှစ်ယောက်လုံးက ခုတော့ ကြည်ကြည်သာသာ ပြုံးလို့။

“ကျေးဇူးတင်ပါတယ်ဆရာ” ဟု ဦးညွှတ်နှုတ်ဆက်ပြီး အကိုဖြစ်သူ၏ ဘီးတပ်ကုလားထိုင်လေးကို တွန်းရင်း ထွက်ခွာသွားသော ခလေးလေးကို မျက်စိတစ်ဆုံး သူငေးကြည့်နေမိသည်။ နောက်တော့ သူ့ကားဆီကို ခပ်ဖြည်းဖြည်းပဲ ပြန်လျှောက်လာရင်း စဉ်းစားခန်း ဝင်နေမိ၏။  ပြီး.. ဘေးတံခါးပေါ်က ခဲမှန်ထားသော ပွန်းပဲ့ရာကို ဘယ်တော့မှ မပြုပြင်ပဲ အမှတ်တရထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထို ပွန်းပဲ့ရာလေးကို မြင်တိုင်း ဘဝတစ်ခုကို အလျင်စလို မဖြတ်သန်းမိဖို့ သူ့ကိုယ်သူ သတိပေးနေမိတော့မည်။ အလျင်စလို ဖြတ်သန်းသွားမိတဲ့အခါ.. သူ ဂရုတစိုက် မရှိမိတဲ့ ကိစ္စတစ်ချို့က သူ့ကို ဂရုတစိုက် ရှိလာစေဖို့ အတွက် အခုလာမှန်တဲ့ ခဲလို သူ့ဘဝကို လာမမှန်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ.....။

ကျွန်တော်တို့ နှလုံးသားကို တစ်ချို့ကိစ္စတွေက စကားတိုးဖွ ပြောကြားသွားတယ်။ တစ်ခါတစ်ခါမှာ အဲဒီစကားသံကို ကြားနာနိုင်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိဘူး။ အဲဒီစကားသံတိုးဖွကို ကြားနိုင်ဖို့အတွက် ခဲနဲ့ ပစ်ခတ်သတိပေးတာကိုလဲ ခံရချင် ခံရနိုင်တယ်။

တိုးဖွညင်သာတဲ့ စကားသံကို ကြားအောင် နားထောင်နိုင်မလား။ ခဲနဲ့ ပစ်ခံရတဲ့အချိန်ထိ စောင့်မလား။ ရွေးချယ်မှုကတော့ ကျွန်တော်တို့ လက်ထဲမှာ...။


Life In The Fast Lane ကို ခံစားရေးဖွဲ့ပါသည်။


မေတ္တာဖြင့်
 မိုးကုတ်သား

9 comments:

မေဇင် said...

ဦးဘို ရေ....နောင့် ဆိုရင်လဲ ခဲ နဲ့ အပစ်ခံရမှာပဲ ထင်တယ်...အမြဲတမ်း အလျှင်စလို ပြာယာ ခတ်နေလို့လေ..း)) ... ဒီစာလေး ဖတ်လိုက်ရတာ..သတိ သတိ သတိ...း)
ကျေးဇူးတင်ပါတယ်။

Angel Shaper said...

တိုးဖွညင်သာတဲ့ စကားသံကို ကြားအောင် နားထောင်နိုင်မလား။ ခဲနဲ့ ပစ်ခံရတဲ့အချိန်ထိ စောင့်မလား။ ရွေးချယ်မှုကတော့ ကျွန်တော်တို့ လက်ထဲမှာ...။
သတိတရားလေး အသိတရားလေး ထားတတ်ဖို့ ပြောပြပေးလို့ ကျေးကျေးစ်နော်။

kaungkinpyar said...

အိုင် လဲ ကိုယ့်ဘာသာ ခဲနဲ ပေါက်ချင်နေတယ်....

ဇွန်မိုးစက် said...

ဟုတ်တယ်...တစ်ချို့ကိစ္စတွေ မေ့လျော့နေတာ ခဲနဲ့ပေါက်မှပဲ သတိဝင်သွားတာ။ ပို့စ်ကောင်းလေးအတွက် ကျေးဇူး။

ဇွန်မိုးစက် said...
This comment has been removed by the author.
အိန္ဒြာ said...

ထို ပွန်းပဲ့ရာလေးကို မြင်တိုင်း ဘဝတစ်ခုကို အလျင်စလို မဖြတ်သန်းမိဖို့ သူ့ကိုယ်သူ သတိပေးနေမိတော့မည်။ အလျင်စလို ဖြတ်သန်းသွားမိတဲ့အခါ.. သူ ဂရုတစိုက် မရှိမိတဲ့ ကိစ္စတစ်ချို့က သူ့ကို ဂရုတစိုက် ရှိလာစေဖို့ အတွက် အခုလာမှန်တဲ့ ခဲလို သူ့ဘဝကို လာမမှန်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ.....။

Anonymous said...

Cool!!!!!

MANORHARY said...

တချို့တွေကျတော့လည်း ... ကိုယ်လိုရာကိုပဲ
အလျင်စလို ခရီးဆက်သွားတတ်ကြတာပါပဲ .. ဘဝကို လာမှန်တဲ့ ခဲတွေနဲ့ တွေ့တဲ့အခါ .. သူတို့ .. ...

noblemoe said...

တစ်ခါတစ်ခါမှာ အဲဒီစကားသံကို ကြားနာနိုင်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိဘူး။ အဲဒီစကားသံတိုးဖွကို ကြားနိုင်ဖို့အတွက် ခဲနဲ့ ပစ်ခတ်သတိပေးတာကိုလဲ ခံရချင် ခံရနိုင်တယ်။
ဘဝ တစ်လျှောက်လုံးစာပြောရမယ်ဆိုရင်တော့ ခဲလွတ်မယ်လို့ လည်းတိကျမပြောနိုင်ဖူးလေ ကြားမိရင်တော့  ခဲလွတ်မယ် မကြားမိရင်တော့ လည်းထိမှန်မှာပေါ့ လေ ။
ကွန်ဖူးသင်ထားမှပဲးp
ဘဝတစ်လျှောက်လုံး သာယာချမ်းမြေ့ပါစေနော်
မိုး