ကျွန်တော့် ဥပဓိ နဲ့ ဆိုင်တဲ့ အတွက် ဒီအကြောင်းကို ရေးရမလား၊ မရေးရဘူးလား စဉ်းစားနေတာ ကြာပါဘီ။
နောက်ဆုံးတော့ မိတ်ဆွေတို့ ပြုံးရယ်ဖို့အတွက် ကိုယ့်ပေါင်ကိုယ်ပဲ လှန်ထောင်းလိုက်ပါ့မယ်။
(တကယ်တမ်းတော့ သိပ်ကို ပြောချင်နေလို့ပါ :-P )ကျွန်တော့် ဥပဓိ ခန့်ညားပုံမျိုးတော့ အင်းး ဘယ်လို ပေါ်လွင်အောင် ပြောရပါ့မလဲ။ ဘယ်သူမှ နောက်ကနေ စောင့်ကြည့်မခံရပါဘူး ဆိုတဲ့ ဒီနိုင်ငံက ကုန်တိုက်ကြီးတွေမှာတောင် ၀န်ထမ်းတွေ နောက်ကနေ လိုက်လံ စောငြ့်ကပ်ခြင်း ခံရတဲ့ ရုပ်မျိုးပါ။ ကျွန်တော်ကတော့ အကူအညီ လိုရင် ပေးဖို့ လိုက်တယ်ပဲ မှတ်ပါတယ်။ အဲလောက် ဥပဓိ ခံ့ညားတာခင်ဗျ။
တစ်ချို့ကလဲ ချောချက်ကတော့ ကောင်းမြတ်နဲ့ ချစ်ကောင်း နှစ်ယောက် ပေါင်းထားသလိုပဲတဲ့။ ဘိန်းစားရုပ်တဲ့။ အင်းးး တယ်ခက်တာကိုးးး နော်။ မော်ဒယ်လ် ပိန်၊ ပိန်တာကိုများ သူတို့တွေ အမှန် မမြင်နိုင်ကြဘူးး။ ဖြိုးငွေစိုးတို့ ရဲတိုက်တို့မှ ချောတယ် မြင်ကြတာကိုး။
ဒီလောက်ကလေး အရိပ် ပြရုံနဲ့ ကျွန်တော့် ဥပဓိ ဘယ်လောက်ကောင်းလဲ ခန့်မှန်းမိကြရောပေါ့။ ဒါကို ပြောပြနေရတာက အကြောင်းရှိပါတယ်။ အဖြစ်အပျက်က ဒီလိုပါခင်ဗျာ။ အဟမ်း အဟမ်း။
(အောင်မလေး၊ ပြောမှာများ စကားပလ္လင်က တယ်ခံသကိုး။ ပရိတ်သတ်ကြီး လေသံ)နာရီနှိုးစက်သံ ဆူညံညံက ကျွန်တော့် အိပ်ကောင်းခြင်းတွေကို ဖျက်စီးပစ်လိုက်သည်။ ကျိန်းစပ်နေသော မျက်လုံးများကို မဖွင့်နိုင်သေးပဲ နှိုးစက်ကို လှမ်းပိတ်ရင်း တစ်ဘက်ကုတင်မှ ညီဝမ်းကွဲကို လှမ်းနိုးကာ မျက်နှာသစ်ဖို့ ပြေးရသည်။ အိပ်မှုံစုံမွှားနှင့်မျက်လုံးတွေကို မဖွင့်နိုင်သေး။ ရေကို အမြန်ချိုးကာ အ၀တ်အစားလဲရင်း ညီဝမ်းကွဲကို လောရသေးသည်။ အခါတိုင်း နားထောင်နေကျ နံနက်လင်းစ ငှက်ကလေးတွေ စိုးစီသံကိုပင် စကြား နေရသော်လည်း သိပ်ပီး ကြည်နူး မနေနိုင်အားတော့။ နောက်ကျနေဘီလား။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်တော့ သူတို့က ရထားပေါ် ရောက်နေကြပြီ။
သူငယ်ချင်းမလေးက ဒီနေ့ ရန်ကုန်ပြန်မည်လေ။ အိမ်အတွက် ၀ယ်ထားသော ပစ္စည်းတွေကို ထိုသူငယ်ချင်းနှင့် လူကြုံ ထည့်ပေးရင်း လေဆိပ်ကိုလဲ လိုက်ပို့ပေးဖို့ ကျွန်တော် ပြောထားခဲ့သည်။ ကျွန်တော့်အိမ်နှင့် နီးသော ဘူတာမှတ်တိုင်သို့ သူတို့ မရောက်ခင် ကျွန်တော်က အရောက်သွားပြီး လေဆိပ်ကို အတူဆက်သွားဖို့ မနေ့ညကရင်း ပြောထားခဲ့ပြီးသား။
ညီဝမ်းကွဲကို စောင့်နေရသောကြောင့် အချိန်က အနည်းငယ် နောက်ကျချင်နေပြီ။ သို့သော် သူငယ်ချင်းတွေက ဖုန်းဆက်မလာသေးတော့ အေးအေးဆေးဆေးသာ။ သူတို့ကို အိမ်နား မရောက်ခင် ရထားဘူတာ သုံးမှတ်တိုင် အလိုရောက်လျှင် ကျွန်တော့်ဆီ ဖုန်းဆက်ခေါ်ဖို့ မှာထားသည်မဟုတ်လား။ အိမ်ကနေ ထွက်လာပြီး တိုက်တန်းများကို ဖြတ်ကာ ကျွန်တော်တို့ ညီအကိုနှစ်ယောက် အေးအေးလူလူ စကားပြောပြီး သွားနေတုန်း ဖုန်းဝင်လာသည်။
"..ငါတို့ ...... မှတ်တိုင်ရောက်နေပြီ။ ဘူတာမှာ ရောက်နေပြီလား.." တဲ့။
သူတို့ပြောသည့် မှတ်တိုင်က ကျွန်တော် စောင့်မည့် ဘူတာနှင့် တစ်မှတ်တိုင်မျှသာ ကွာတော့သည်။ ထိုမှတ်တိုင်မှ ကျွန်တော်စောင့်မည့် မှတ်တိုင်သို့ ရထားကြာချိန်က နှစ်မိနစ်မျှသာ။ ကျွန်တော်တို့ လမ်းလျှောက်ကာ ဘူတာသို့ သွားပါက လေးမိနစ်ခန့် ကြာအုံးမည်။ လမ်းလျှောက်လို့ မမှီ နိုင်တော့ ပြေးရုံပေါ့။
တိုက်တန်းတွေကြားမှာ ပြေးလွှားကာ ဖြတ်ရင်း ကားလမ်းမကြီးဘက် ဆင်းရာ လှေကားကနေ ကျွန်တော် ပြေးဆင်းသည်။ အနောက်က ကျွန်တော့် ညီဝမ်းကွဲကိုလဲ မြန်မြန်လာဖို့ အော်ရသေးသည်။ ကားလမ်းမကြီး ကို ဖြတ်ကာ လမ်းဘေး လူသွားလမ်းတစ်လျှောက် ကျွန်တော် ပြေးတော့ ကျွန်တော့် ညီကလဲ နောက်က နေ မှီအောင် ပြေးလိုက် နေရလေတော့သည်။ အိမ်ကို ပေးမည့် အထုပ်ကြီးကို ဆွဲပြီး ရှေ့ကနေ ကျွန်တော်က အသားကုန်ပြေး။ အနောက်မှ ကျွန်တော့်ညီက သူ့ကို စောင့်ဖို့ တကြော်ကြော်အော်ရင်း အနောက်ကနေ ပြေးလိုက်လာကာ စနောက်လို့။ မောရကောင်းမှန်းပင် ကျွန်တော် တို့ သတိမရ။
ဗြုန်းဆို ရဲကားတစ်စီးက ကျွန်တော့်ကို ကျော်တက်ကာ ရှေ့ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်။ ရဲသား နှစ်ယောက်က ပြေးဆင်းလာကာ ကျွန်တော့်ကို ဖမ်းချုပ်ကြ၏။ တစ်ယောက်က ကျွန်တော့်ကို ဆွဲချုပ်ထားပြီး တစ်ယောက်က ကျွန်တော့်လက်ထဲမှ အိတ်ကို လုယူသည်။ နံနက်လင်းစ လူရှင်းတုန်း လမ်းပေါ်မှာ ရဲဝတ်စုံတွေ အားကိုးနှင့် ဒီရဲစုတ်တွေ ကျွန်တော့်ကို ဓားပြတိုက်ကြသည်လား။ ကျွန်တော်က လက်ထဲမှ အိတ်ကို လွှတ်မပေးနိုင်ပဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြသည်။ ဘေးမှ လမ်းသွားလမ်းလာ တစ်ချို့က ကျွန်တော်တို့ကို ရပ်ကြည့်နေကြပြီ။ ရှက်လာတော့ ကျွန်တော့်လက်မှ အိတ်ကို လွှတ်ပေးလိုက်ပြီး ဘာကြောင့် ကျွန်တော့်ကို ဖမ်းရသလဲ မေးဖို့လုပ်တုန်း နောက်မှ ကျွန်တော့်ညီက ကျွန်တော့်ကို မှီလာခဲ့သည်။
"..ရော့။ မင်းအိတ်ထဲမှာ ပစ္စည်းတွေ ပြည့်စုံရဲ့ လား စစ်လိုက်အုံး.."
ကျွန်တော့်အိတ်ကို ယူထားသော ရဲသားက ကျွန်တော့်ညီဝမ်းကွဲဆီ အိတ်ကို ပစ်ပေးလိုက်ရင်း ပြောတော့မှ ဘာကြောင့်လဲဆိုတာ ကျွန်တော် သဘောပေါက်တော့သည်။ သေလိုက်စမ်းပါတော့။ သူတို့ နောက်ပြန်ချုပ်ကာ ၀တ်ပေးထားသော စတီးလက်ကောက်ကြီးကြောင့် တစ်ဂွမ်ဂွမ် မြည်နေသော ဖုန်းကိုလဲ ကျွန်တော့်မှာ ဖြေလို့မရ။ သူငယ်ချင်းတွေ ဘူတာမှာ ကျွန်တော့်ကို မတွေ့လို့ ဆင်းစောင့်နေကြသလား။ သွားနှင့်ကြပြီလား စိတ်တွေက ပူလာသည်။ ဘုမသိ ဘမသိ အဖမ်းခံထိသော အမှုက ဘာကြောင့်လဲဆိုတာ သိရတော့လဲ စိတ်ထဲ ရှင်းသွားခဲ့ပြီ။
ဘာဖြစ်မှန်း မသိသော ကျွန်တော့် ညီ ၀မ်းကွဲကလဲ အထုပ်လေး ပိုက်ကာ ရပ်လျက်သား။ အဖမ်းခံထိနေသော ကျွန်တော့်ကို တလှည့်၊ ရဲနှစ်ယောက်ကိုတလှည့် နားမလည်နိုင်သော မျက်လုံးများနှင့် အူကြောင်ကြောင် ကြည့်လို့။ ကျွန်တော်ကလဲ မမေးမမြန်းပဲ လာဖမ်းသော ရဲတွေကို စိတ်ဆိုးလှပြီ။ ရထားလဲ ထွက်ရောပေါ့။
"..မင်းတို့မှားနေပြီ။ ငါက လူကောင်းပါ။ သူက ငါ့ညီ.." အဲလို ပြောကာ ရှင်းပြဖို့ ကြိုးစားတော့မှ ညီတော်မောင်က သဘော ပေါက်ကာ တစ် "..ရက်စ်.." ထဲ ထ "..ရက်စ်.." လေတော့သည်။
"..မင်းတို့က ဘာဖြစ်လို့ ပြေးတာတုန်း.." အရစ်ရှည်သော ရဲတစ်ယောက်က သူတို့ စတီးလက်ကောက်ကြီးကို ဖြုတ်ပေးချင်ဟန် မရှိသလို သင်္ကာမကင်း ကျွန်တော့်ကို မေးလေသည်။
"..ငါတို့ သူငယ်ချင်း တစ်ယောက်ကို လေဆိပ်လိုက်ပို့ပေးဖို့ နောက်ကျနေလို့ ရထားဘူတာကို ပြေးလာတာ။ လူသွားလမ်းပေါ်မှာ မပြေးရဘူး ဆိုတဲ့ ဥပဒေ လဲ ငါမကြားမိပါဘူး။ တခြားသူတွေလဲ ဒီလို ပြေးနေကြတာ ငါ့ကျမှ ဘာလို့ ဖမ်းတာတုန်း။ မင်းတို့ကြောင့် ငါ အခု နောက်ကျသွားပြီ။ ဒါကို မင်းတို့ ဘယ်လို ဖြေရှင်းပေးမလဲ.." ဆိုလေတော့မှ ရဲ နှစ်ယောက်လဲ ကျွန်တော့်ညီကို "..သူပြောတာ ဟုတ်သလား.." ဆိုတဲ့ အကြည့်နှင့် ကြည့်ကြ၏။
ကျွန်တော့်ညီကတော့ ခေါင်းကို ပုတ်သင်ညိုလို တဆတ်ဆတ် ငြိမ့်နေရင်း ရယ်ချင်ပက်ကျိ ဖြစ်နေသော မျက်နှာပိုးကို သတ်မရတော့။ ဒီတော့မှ အင်မတန်တော်လှသော ရဲမင်းကြီးနှစ်ကောင် ကျွန်တော့်ကို သူတို့ရဲ့ စတီး လက်ကောက်ကြီး ဖြုတ်ပေးလေတော့သည်။
တာဝန်အရ လုပ်ရသောကြောင့် သူတို့ကို နားလည်ပေးဖို့ အထပ်ထပ် တောင်းပန်ရင်း လေဆိပ်ကို သူတို့ကားနှင့် လိုက်ပို့ပေးပါရစေ လောကွတ်က ချော်နေသေးသည်။ တော်ပါဘီ။ လိုက်ပါဘူး။ ရဲကားပေါ် တက်လိုက်သွားမှ ဘေးမှာ ရပ်ကြည့်နေသူတွေ အနော် အဖမ်းခံထိတယ်ဖြစ်ကာ အထင်တွေ လွဲနေကြအုံးမည်။
ကျွန်တော့်ညီ လက်ထဲက အထုပ်ကို ပြန်ဆွဲယူလိုက်ရင်း
"..နောက်ကို ပြေးခွင့် လိုင်စင်တင်ထားမယ်။ မဖမ်းခင် ဥပဓိလဲ သေချာ အကဲခတ်အုံး.."
ကွန်ပလိန်း တက်ဖို့ အချိန်မရတော့ ဒေါပွပွနဲ့ ကျွန်တော် ပြောပီး ရထားဘူတာဘက် ဆက်ပြေးတော့ ရဲသား နှစ်ယောက်က နောက်မှ "..ဆောရီးဆာ၊ ဆောရီးဆာ.." နှင့် တဆာဆာ ခါးကိုင်းအော်ကာ ကျန်နေရစ်ခဲ့ကြလေသည်။
ဒီလောက် ခန့်တဲ့ ဥပဓိကိုများဗျာ၊ အလစ်သုတ် ပြေးတဲ့လူနဲ့ မှားရတယ်လို့။ ဒီကရဲတွေ ညံ့ချက်များတော့ ပြောချင်တော့ဘူးး။
ခုတော့ ဘေးကနေ ပြေးလိုက်လာရင်း တခွိခွိ ရယ်နေတဲ့ ညီတော်မောင်ကိုသာ စိတ်ရှိလက်ရှိ ဖနောင့်နဲ့ ပေါက်ချင်နေတော့တယ်။
(အနော့် ဥပဓိ ကောင်းကြောင်းတော့ ပရိတ်သတ်တွေ သိကုန်ကြပြီ။ ဒါပေမဲ့ နဲနဲလေး ပြုံးမိတယ်ဆိုရင်ကို စိတ်ပျက်လက်ပျက် ရယ်ရမလို၊ ငိုရမလို ဖြစ်ခဲ့တာလေး ပြန်ပြောပြရကျိုး နပ်ပါတယ်ဗျာ။ တနင်္လာနေ့ မှာ အလုပ်တက်ရသူ မိတ်ဆွေတွေ အားလုံးကို ပြုံးပျော်စေချင်လို့ပါ။)မေတ္တာဖြင့်
မိုးကုတ်သား