Thursday, June 17, 2010

“ဟောဒီက ငှက်ပျောပေါင်း”



“ ဟောဒီက ငှက်ပျောပေါင်း ”

သူမရဲ့ အသံကို ကြားပြီ ဆိုတာနဲ့ သူမ ၀င်လာတဲ့ လမ်းကြီး လမ်းငယ် အသွယ်သွယ်မှာ ခလေးတွေ ဆူညံသွားကြစမြဲ။
သူမရဲ့ ငှက်ပျောပေါင်းကို ကြိုက်လို့ အားပေးကြသလို ပျော်တတ်သော၊ စနောက်လို့ ကောင်းသော သူမကိုလည်း ကလေးတွေရော လူကြီးတွေပါ ချစ်ခင်ကြသည်။ အားပေးကြသည်။ ငှက်ပျောပေါင်း ရောင်းလာတာ နှစ်တွေ အတော်ကြာခဲ့ပြီ။ သို့သော် လူတွေက သူမ ငှက်ပျောပေါင်းကို ရိုးမသွားကြ။ တခါတလေ ရောင်းကုန်သွားလို့ တစ်ချို့ မရောက်ဖြစ်တဲ့ လမ်းတွေဆို သူမကို မျှော်လို့ နေတတ်ကြသူတွေလဲ ရှိရဲ့။
သူမ ရောင်းတဲ့ ငှက်ပျောပေါင်းနဲ့ အိမ်က ခလေးသုံးကောင် ကို ကျောင်းထား ပေးနိုင်သလို နာတာရှည်ရောဂါသည် အိမ်ဦးနတ်ကိုလဲ ဆေးမီးတိုလေးတွေနှင့် ကုသနိုင်သည်။ သူမတို့ တမိသားစုလုံးရဲ့ ထမင်းအိုးလေး ဆိုလဲဟုတ်၊ တခုတည်းသော ၀င်ငွေလေး ရှိရာ လုပ်ငန်းလေး ဆိုလဲ မမှားပါ။
သားတွေ သမီးတွေကလည်း ကျောင်းအားချိန်တွေမှာ ကူဖော်လောင်ဘက် ရတော့ သူမက ဒီလုပ်ငန်းလေးကို ဇောက်ချ လုပ်နိုင်သည်။ ရပ်တကာ၊ ရွာတရိုး ဈေးတောင်း ခေါင်းရွက်ကာ ရောင်းရသလောက် တခုတည်းသော ဒီဝင်ငွေလေးက စုမိဆောင်းမိသည်တော့ မရှိလှချေ။
နောက်ပြီး သူမမှာ အကျင့်ဆိုး တစ်ခုက ရှိသေးသည်။ ဒါကတော့ ခါးတို့တိုင်း ယောင်တတ်ခြင်းပင်။
“ အမေအေးရေ က၊ က ”
တစ်ယောက်ယောက်က သူမ ခါးကို တို့ပြီး အဲလို မပြောလိုက်နှင့်။ သူမက ဈေးတောင်းကို ခေါင်းပေါ်က ချကာ ကွေးနေအောင် ကတတ်သည်။
“ အမေအေးရေ သီချင်းဆိုပြ ”
ခါးတို့ကာ အဲလို ခိုင်းလိုက်လျှင်ဖြင့် သူမက “ ဟောဒီက ငှက်ပျောပေါင်း ” လို့ အော်မည့်အစား သိချင်းသံတွေသာ သံနေသံထားနှင့် ဆိုပြ မိတော့သည်။
“ အမေအေးရေ ကြီး ကြီး လှီးပေး ”
ငှက်ပျောပေါင်းကို ၀ယ်သည့် အဖိုးအလိုက် သူမ အပိုင်းလေးတွေ လှီးဖြတ်ပေးချိန်မှာ တစ်ယောက်ယောက်က ခါးတို့ကာ ပြောလိုက်ရင်ဖြင့် သူမက “အေး၊ အေး” ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် အတုံး အကြီးကြီးကိုလှီးဖြတ် ပေးမိတတ်မြဲ။ သူမရဲ့ ထိုအားနည်းချက်ကို သိကြသော ခလေးငယ်များက အဲဒီလို သူမကို စနောက်ကာ ငှက်ပျောပေါင်းတုံး အကြီးကြီးကို ကိုင်လျက် ပျော်ရွှင်စွာ ထွက်သွားကြလျှင်တော့ သူမက ထို ခလေးများနှင့် လိုက်ပျော်ကာ ကြည်နူးရလေသည်။ ကွယ်၊ သူမသာ ချမ်းသာလျှင်တော့ သူတို့ ကြိုက်လှသော ငှက်ပျောပေါင်းကို အလကား ကျွေးပလိုက်ချင်သည်။ လျော့သွားသော အမြတ်ငွေလေးတွေ အတွက်လဲ သူမက နှမျောတသ မနေတတ်ပါ။
တစ်နေ့တော့ သူမ အိမ်ဦးနတ်က အမောတွေ ဖောက်ကာ ဆေးခန်းပြရသည်။ ဆေးဖိုးတွေ အတော်ကုန်ကာ လက်ထဲမှာ ရှိသမျှ ငွေစတွေက နောက်ရက်အတွက် အရင်းမျှပင် မကျန်ချင်။ မတတ်နိုင်တော့ ၊ သူမ နေ့ပြန်တိုး ယူကာ လိုအပ်တာတွေ ၀ယ်ရသည်။ တင်သွားတဲ့ အကြွေးတွေကို မြန်မြန်ကျေဖို့ သူမက ငှက်ပျောပေါင်းကို ပိုလုပ်ကာ ရောင်းရမည်လေ။
ထိုနေ့က အိမ်ဦးနတ်ကို တညလုံး ပြုစုတားရသောကြောင့် အိပ်ရေးက သိပ် မ၀ချင်။ အခါတိုင်း လုပ်နေကျထက် ငှက်ပျောပေါင်းကို တစ်ဗန်းစာမျှ ပိုလုပ်ထားရသောကြောင့်လည်း လူက နွမ်းနယ်ချင်နေသည်။ သို့သော် သူမ ဈေးတောင်း ခေါင်းရွက်ကာ အားတင်းပြီး အိမ်က ထွက်၏။ တင်သွားသော အကြွေးကို သူမ အမြန် ပြန်ဆပ်နိုင်မှ ဖြစ်မည်။
တစ်လမ်းဝင် တစ်လမ်းထွက် အော်ကာ ရောင်းရင်း ထုံးစံအတိုင်း အထက်တန်းကျောင်းရှေ့သို့ နံနက်ခင်း ကျောင်းမတက်ချိန် အမှီ သူမ ရောက်လာ၏။ ကျောင်းသားလေးတွေက နံနက်စာကို သူမရဲ့ “ငှက်ပျော်ပေါင်း” မှ စားချင်သူတွေ ရှိသည်မဟုတ်လား။ ရောဂါဖောက်နေသော အိမ်ဦးနတ်ကို အိမ်မှာ တယောက်ထဲ ထားခဲ့ရတာလဲ စိတ်က သိပ်မဖြောင့်လှ။ “ ဒီနေ့ မြန်မြန် ရောင်းကုန်ပါစေ ” စိတ်ထဲက တိတ်တဆိတ် ဆုတောင်းရင်း ကျောင်းရှေ့မှာ ဈေးဗန်းကို ချကာထိုင်ရောင်းမယ်အလုပ်
“ အမေအေးရေ၊ ဗန်းကြီး မှောက်ချလိုက် ”
ခါးမှာ ကျင်ခနဲ ဖြစ်သွားပြီးနောက် သူမ အယောင်ယောင်အမှားမှား ဈေးတောင်းကို မှောက်ချပစ်မိသည်။ သူမ သတိဝင်လာချိန်မှာတော့ ဈေးတောင်းထဲက ငှက်ပျောပေါင်း ဗန်းလေးတွေက ပလက်ဖောင်းပေါ်မှာ စီရရီ မှောက်လျက်သား။ တစ်ဗန်းတစ်လေများ အကောင်းအတိုင်း ကျန်မလား မျှော်လင့်ချက်နှင့် သူမ ဗန်းတွေကို ကြည့်ကာ လက်တွေ တုန်ရီလို့လာသည်။ ဗန်းတိုင်းမှာက ပလက်ဖောင်းပေါ်မှ ဖုန်တွေ၊ သဲတွေ တလျှပ်လျှပ်နှင့်လေ။ အခုမှ အရင်းကျေဖို့ မပြောနှင၊့် ဈေးဦးလေး ပေါက်ကာစမှာ။ ခုတော့ အမြတ်ငွေမပြောနှင့် မနက်ဖြန်အတွက် အရင်းပင် မကျန်တော့။ နေ့ပြန်တိုးငွေတွေ ဘယ်လို ဆပ်ရမှာပါလိမ့်။ အိမ်က အိမ်ဦးနတ် အားလေးရှိအောင် ကြက်စွပ်ပြုတ်လေး လုပ်ကာ တိုက်မဟဲ့ ဆိုတဲ့ မျှော်လင့်ချက်လေးလဲ သဲထဲရေသွန်။
သူမကို စနောက်သွားသော ကျောင်းသားလေးကလဲ ပြေးပြီ။ ကျောင်းတက် ခေါင်းလောင်းလဲ ထိုးပြီ။ ကျောင်းရှေ့ လမ်းဘေး ပလက်ဖောင်းပေါ်မှာ သူမ တစ်ယောက်သာ အမှိုက်ဖြစ်သွားရရှာသော သူမရဲ့ ငှက်ပျောပေါင်း ဗန်းလေးတွေကို ဈေးတောင်းထဲ စီထည့်ရင်း မျက်ရည်တွေ တတွေတွေ ကျနေလေတော့သည်။ သူမ ငိုရုံက လွဲပြီး ဘာတတ်နိုင်ပါ့မည်နည်း။
တစ်ချို့တွေ အတွက်ကတော့ တချက်လေး စိတ်ပျော်ဖို့အတွက် စနောက်လိုက်ခြင်းသည် အစအနောက် ခံလိုက်ရသည့် တစ်ချို့ သော ဘ၀တွေအတွက်တော့ မိုးပြိုသည်ထက် ဆိုးတတ်မှန်း ထိုခလေးငယ် ဘယ်သိလိမ့်မလဲလေ။

မေတ္တာဖြင့်
မိုးကုတ်သား

27 comments:

Anonymous said...

တစ်ချို့တွေက ပေါ့ပျက်ပျက်နဲ့ စတာပါနောက်တာပါနဲ့ပြီးပြီးရော လျှောချသွားတတ်တာလေ လိုက်ခံစားမိတဲ့သူဆို အရူးကြီးကိုဖြစ်လို့။ အင်း ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့.....

Anonymous said...

စိတ်ထဲ မကောင်းလိုက်တာဗျာ ... ဒီလို အဖြစ်အပျက်မျိုးတွေ တကယ်ကို ရှိမှာပါ ... လူတစ်ချို့က အဲလိုပဲ ... ကလေးတင်မှ မဟုတ်ဘူး ... လူကြီးတွေရော ... အကုန်ပဲ ... ကိုယ်ပြုမူလိုက်တဲ့ အပြုအမူက ဘာမှမဟုတ်ဘူးထင်ပြီး လုပ်လိုက်ပေမယ့် သူများတကာ ဘဝပျက်သွားလောက်တဲ့ အထိ ရိုက်ခတ်သွားနိုင်တာ သူတို့တွေ သိခဲ့ကြဖို့ ကောင်းတယ် ...
တကယ်များလားဗျာ ... စာရေးသူက ပြောပြတတ်တော့ ဇာတ်ကောင်က ကြွတက်လာတယ် .. နာနာကျင်ကျင် ခံစားခဲ့ရတယ် ...
နေဒေးသစ်။

ဖိုးသင်္ကြန် said...

ကောင်းလိုက်တာ။

မယ့်ကိုး said...

စာကောင်းလေးက တိုတိုလေးပေမယ့် ထိထိရောက်ရောက် ပေးနိုင်လိုက်တာ။
ဖတ်ရတာလည်း စိတ်မကောင်ဘူး။
နောက်ထပ် စာလေးတွေကို မျှော်နေပါ့မယ်။

Anonymous said...

အဲဒီလို အဆုံးသတ်လိုက်တာလား၊
စိတ်မကောင်းအောင်။
ထီပေါက်တယ်လို့ ရေးရင် ပျော်ရမှာနော်။

Lucifer said...

စာကြောင်ရေ နည်းနည်းနဲ့ စာဖတ်သူကို လိုရာ ဆွဲးခေါ်သွားနိုင်တယ်..
အကို တော်တယ်.....

မေလေး said...

တော်လိုက်တာကိုကြီးရာ။ ဖတ်ရင်းနဲ့ဆွဲခေါ်သွားလိုက်တာ။ ဇာတ်သိမ်းတော့ ကြိုက်ဖူးဗျ။ တစ်ယောက်ယောက်ကကူည်ီပြီး ပိုက်ပိုက်ပေးလိုက်တယ်လို့ သိမ်းလိုက်။နို့မို့ရင်ထဲမှာနင့်ပြီး ကျန်ခဲ့လို့။ဆရာလာလုပ်သွားပါတယ်။

tune said...

Thanks so much !
I do appreciate the acceptance.

Hey, I like this story too.
I do feel the same when I saw ppl like that in my childhood.
မုန့်ဖက်ထုတ်သည် ကောင်လေးကို မော်လမြိုင် ကောလိပ်က ကျောင်းသားတွေ ၀ိုင်းစတဲ့ မြင်ကွင်းကို အခုအချိန်အထိ မှတ်မိနေသေးတယ်။
မုန့်တွေကို ပိုက်ဆံ မပေးဘဲ ယူသွားတော့ စတာထက် အနိုင်ကျင့်တာလို့ ပြောရမယ် ထင်တယ်။

ကိုယ်တွေ့ခဲ့တဲ့ ယောင်တတ်တဲ့ ကောင်မလေးကတော့ အဲဒီထက် ရင်နာဖို့ ကောင်းတယ်။
မပြောကို ပြန်မပြောပြချင်လောက်တဲ့ အနေအထား။
have a nice day !

Sein Lyan Tun said...

ယောင်တတ်တဲ့ အထဲမှာ ညီလဲယောင်တတ်တယ်..

ဘယ်လိုယောင်လဲဆိုတာတော့ မပြောပြဖူး.. ဟီးးး


ယောင်တတ်တဲ့ သူတိုင်းက အနည်းနဲ့ အများ မှားယွင်းတတ်ကြတာချည်းပါပဲ... စိတ်ထိခိုက် နစ်နာစေတဲ့ရည်ရွယ်ချက် မပါပေမယ့် တကယ် ထိခိုက်ရတာမျိုးတွေရှိတတ်ပါတယ်...

ိုပိုစ့်လေးက ကောင်းတယ်.. စိတ်မကောင်းဖြစ်သွားတယ်...
(စခဲ့တဲ့ သူက အကိုမဟုတ်လောက်ပါဘူးနော်း)


ချစ်ခင်ခြင်းများစွာဖြင့်

ဖိုးစိန်

မင်းအိမ်ဖြူ Minn Eain Phyu said...
This comment has been removed by the author.
မငုံ said...

ဟုတ်တယ်နော်။ တချို့က စတာပါ ဆိုပြိး သူတို့ဘက် ဒီလိုပြီးသွားပေမဲ့ ခံလိုက်ရသူဘက်က ဘယ်လို ကျန်နေခဲ့မယ်ဆို မသိလိုက်တာတွေ အများကြီးပဲနော်။

မင်းအိမ်ဖြူ Minn Eain Phyu said...

တော်တော်ကောင်းတဲ့ ဇာတ်လမ်းလေးပါ ၊၊

စာရေးတဲ့သူလည်း အရမ်းတော်ပါတယ်၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

သီဟသစ် said...

ကိုမိုးကုတ်ရေ

ဖတ်ပြီးရင်နင့်မိတယ်ဗျာ
ခံစားရအောင်လုပ်တတ်ပါ့

ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar said...

မင်းအိမ်ဖြူ has left a new comment on your post "“ဟောဒီက ငှက်ပျောပေါင်း”":

တို့အစ်ကိုကြီးစာလေးက ကောင်းလိုက်တာဗျာ ၊၊
အင်း မှန်ပါတယ် ၊ ဒါပေမယ့် ခလေးဆိုတော့လည်း ပြောရခက်သားလား

လာပြီနော်
၁၊၊ အမှန်တော့နောက်တယ်ဆိုတာ မကောင်းပါဘူး ၊ မလုပ်သင့်ဘူး (လူတိုင်း)
၂၊၊ကိုယ့်မှာ ဒီအကျင့်ရှိတယ်ဆို တာကိုသိတဲ့သူ တစ် ယောက် အနေနဲ့ သတိထားသင့်တယ်လို့ထင်ပါတယ်
၃၊၊ပထမပိုင်း အပြုံးတွေ လှိုင်လှိုင်ဝေပြီး ၊ ကြည်နှူးစဉ် တုန်းကခွင့်လွှတ်ပြီးတော့ကိုယ်နစ်နာတယ်ထင်မှအပြစ် လို့ ဆိုမယ် ဆိုရင် တရားပါ့မလား ၊ ဒီလိုအဖြစ်တွေ ဖြစ် လာနိုင်တယ်ဆိုတာအသိဥာဏ်ရှိတဲ့ လူကြီးတစ်ယောက် ပေပဲ ကြိုတင် ဟန့်တားမထားသင့် ဘူးလား
၎၊၊ခလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်လည်း အပြစ်ယူ ဖို့ခက်ပါတယ် (ရိုးသားစွာ မှားယွင်းခြင်းပါ )
၅၊၊အဲဒီခလေးလေး က ခုချိန်ထိ အဲဒီတုန်းက သူလုပ်မိခဲ့ တဲ့ အပြစ်(သူမသိခဲ့ပါဘူး၊လုပ်ရိုးလုပ်စဉ်နောက်မိတာပါ)
ဆိုတာအတွက် ခံစားနေရဆဲ ၊ လိပ်ပြာမလုံဖြစ်နေရဆဲ လို့ ရော တွေးလို့ရမလား
၆၊၊အဲဒီနေ့က ကျောင်းအ၀င်က ကျောက်တိုင်အကွယ် လေးမှာ မျက်ရည်တွေ တွေတွေကျပြီးငိုနေရှာတဲ့ အဖြူ အစိမ်းနဲ့ကောင်ငယ်လေးတစ်ယောက်
ရ၊၊ပြန်လျော်ပေးရမယ်ဆိုတာလည်းကလေးမို့နားမလည် ၊ လက်ထဲမှာလည်းငွေဆိုတာ မရှိသည်မို့ တိတ် တိတ်လေးငိုကြွေးရင်း အဲဒီနေ့က ကျောင်းတောင် မတက် လိုက်ရရှာဘူးလေ
၈၊၊သူဘာလုပ်ရမှန်းမသိလို့ ၊ ကြောက်ရွံတုန်လှူပ် နေတဲ့ ခလေးငယ်လေးဟာ ၊ အဲဒီဖြစ်ရပ်အတွက် ခုချိန်ထိ အိပ် မက်ဆိုးတွေမက်နေဆဲ ၊ ကြေကွဲခံစားနေရဆဲတဲ့လေ
*လင်းကွင်းဆိုတာ နှစ်ဖက် တီးမှ မြည်ပါတယ် ၊ အပြစ်ဆိုတာ တဖက်တည်း နဲ့ ယူလို့မရပါဘူး *

ဘာရယ်မဟုတ်ဘူး ရေးသွားပါတယ် ၊ ပိုစ့်လေးရော ကော့မန်တွေရော ဖတ်ပြီးမှ ရေးဖြစ်သွားတာပါ ၊၊ မှားတယ်ထင်ရင် ခွင့်လွှတ်ပါ ၊၊
ကျွန်တော်ကတော့ ဘယ်တော့ဖြစ်ဖြစ် နှစ်ဖက် လုံးက မြင်ကြည့်တက်လို့ပါ ၊၊
လေးစားတဲ့
ညီမင်းအိမ်

(ညီမင်းအိမ်ရေ.. ဖျက်သွားတဲ့ ကော်မန့်လေး ပြန်တင်ထားလိုက်တယ်။ ကော်မန့်က မကြမ်းပါဘူး ညီရ။ ဘာပဲ ဖြစ်ဖြစ် ရင်ဘတ်က လာတဲ့ တုန့်ပြန်မှုလေးတွေကို အကို ကေနပ်စွာ လက်ခံ ကြည်နူးမိပါတယ်) ကျေးဇူးလဲ တင်ပါတယ်ဗျာ

Nan Thandar said...

Good article, bro. Really touching!

ကောင်းကင်ပြာ said...

ကြိုက်တယ်

မီးတောင် said...

i like the last sentence :)

မီးတောင် said...

i like the last sentence :)

မီးတောင် said...

i like the last sentence :)

မခ said...

အဲလိုအဆုံးသတ်တွေကို ဖတ်ရတာ တကယ်စိတ်မကောင်းဘူး

william said...

Well, Ko Bo!

I really love the tragedy whether it is a true one or not. It really touched me. I never knew that you are good in that area too.

I wish I could share something like you do over blog. :-)

Cheers

ဧပရယ်လ်ပူး@ပူးတေ said...

အရမ်း ကောင်းတယ်လို့ပဲပြောတော့မယ်နော်...ဒီထက်ပိုပြောရင် ပေါ့သွားမှာဆိုးလို့

ဇွန်မိုးစက် said...

ဆားပြန်ချက်တယ်ပေါ့ :)

chocothazin said...

နင့် သွားတာပဲ။

Anonymous said...

မိုးစက်ကြီး ငပျင်း..အဟောင်းတင်ပြီး ...x-(

ညလေး

:P

ဏီလင်းညို said...

ကိုမိုးကုတ်ကြီး......

ခုမှဖတ်ဖူးတာ.....။
သနားစရာလေးဗျာ...........နော့်.....း((
ငှက်ပျောပေါင်းဆိုလို့ ချက်နည်းတင်ထားတယ်မှတ်လာကြည့်တာ.......။
ဖတ်ရင်းစိတ်မကောင်းဖြစ်သွားတယ်.........။

ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ဆိုးလိုက်တာ
စိတ်တိုသွားပြီ
အဲလို စတာနောက်တာဆို ညီမကတော့ အရမ်းမုန်းပဲ
မသိလို့စလိုက်တယ်ဆို အပြစ်ယူလို့မရပေမယ့် ထိခိုက်သွားတာတော့ အမှန်ပဲလေ
သိရက်နဲ့ဆိုလို့ကတော့ ပြောဖို့တောင်မလိုတော့ဘူး
ဟင်းးးးးးးး
တင်းသွားဘီ x-(

မိုးခါး