Tuesday, January 5, 2010

"အရပ်"


ကျွန်တော် စာမရေးဖြစ်တာ၊ ဘလော့လေးကို ပြစ်ထားတာ ကြာခဲ့ပြီ။ ခရီးထွက်လိုက်၊ ပြန်ရောက်တော့လဲ လည်လိုက်၊ပတ်လိုက်.... ဒီလိုနဲ့ ရုံးပိတ်ရက်တွေ ကုန်လို့ ဒီနေ့ ရုံးတက်မှပဲ ကိုယ့် ဘလော့လေး ကိုယ် သေချာ ၀င်နိုင်တော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ညနေခင်းမှာ အကို MTK က ကဗျာလေး တစ်ပုဒ်ရေးထားတာ ရှိတယ် ပြောတာနဲ့ 2010ရဲ့ ပထမဦးဆုံး ပို့စ်လေးကို အကို MTK ရဲ့ ကဗျာလေးနဲ့ စဖွင့်ခွင့် ရခဲ့ပါတယ်။ ( “ကကြိုးမဲ့ အိပ်မက်” ဆိုတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ကို ဖတ်ဖူးသူ မိတ်ဆွေတိုင်း အကို MTK ကို မှတ်မိနေကြမှာပါ။ ) ကိုယ့်အရပ်၊ အမေ့အိမ်ကို လွမ်းနေသူတိုင်းအတွက် ကိုယ်စား ဒီကဗျာလေးကို ဘလော့မှာ တင်ခွင့်ပေးတဲ့ အကို MTK ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


"အရပ်"

သံသရာ အပိုင်းအစတွေထဲက
ဘဝကို ခိုးယူပေါင်းသင်းလာခဲ့တာ
ကံနာဝဋ်နာ အထုပ်အပိုးက
အကြိမ်ကြိမ် လက်ပူးလက်ကျပ်ကိုမိခဲ့တော့

အယူခံမရပဲ နယ်နှင်ဒဏ်အဖြစ်
ဒီကျွန်းသေးသေးလေးမှာ
မျှော်လင့်ချက်တွေ ပြန်ပေးဆွဲထားရင်း
ဘယ်သူမှလာမရွေးသေးသရွေ့
အလင်းထဲမှာ အလင်းငတ်နေခဲ့တာ

အိပ်တန်းပြန်ဝင်ရအောင်လဲ
အမှောင်ထဲက အမေ့အိမ်က လပြည့်ညတောင်
တိမ်ဖုံးနေတတ်တော့
ပြောရရင်..
သွေးဆုံးနေတဲ့ ကောင်းကင်အောက်မှာ
ဥာဏ်ရည်နိမ့်ကလေးတွေ တသားပြီးတသားကျ
သမိုင်းတွေ တစ်စစပြိုကျနေတာ...

ဘယ်လိုမှ မျှားယူလို့မရတဲ့
တွင်းအောင်းငါးတစ်ကောင်က
အဇာတသတ်လက်နဲ့ ကပ်ခဲ့တဲ့ဆွမ်းလို
အပ်ရာပရပွနဲ့ ကုထုံးလက်လွန်နေတဲ့အရပ်
ရေတံခွန်ဘေးမှာ လက်ယက်တွင်းတူးနေတဲ့အရပ်
ပုံပြောကောင်းတဲ့ ဘကြီးအောင်တွေ ဗေဒင်ဟောတဲ့အရပ်
မတ်တပ်ကြီးသေနေတဲ့ ဓာတ်တိုင်တွေနဲ့အရပ်
ကဲ ထပ်ပြီးဖြတ်ပြောမယ်
အမ္ဗပါလိ ကြောင့် ဝေသာလီပြည်စည်ကားတာကိုအတုယူတဲ့
အရပ်
သာတဝတီ ကြောင့်ရာဇဂြိုဟ်ပြည် စည်ကားတာကို အတုယူတဲ့အရပ်
ဘဝတွေ ဘွန်ဆိုင်းလုပ်ခံနေရတဲ့ အရပ်

ဒီစာသားတွေက သော့ခတ်ထားတာ
နောက်တစ်ခေါက်ပြန်မဖတ်နဲ့
ခင်ဗျားနားမလည်ရင် ဘေးမှာအသာရပ်နေ
ကျုပ်က ဦးဏှောက်ကင်ဆာဖြစ်နေတဲ့ အရပ်မှာ
ခြေဖဝါးတစ်စုံချဖို့ လက်ကအကုသိုလ်တွေ မ..မ.. ထားရတာ
ကိုယ့်ချွေးနဲ့ကိုယ်ရေတိမ်နစ်နေတာ
ဆယ်လမွန်ငါးတစ်ကောင်လို!!
ဆယ်လမွန်ငါးတစ်ကောင်လို!!
ဘာဖြစ်ဖြစ် အမေ့အိမ်တော့ တမှာပဲ...။ ။

MTK(04.01.10)



နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေ....။ ။

မေတ္တာဖြင့်
မိုးကုတ်သား

10 comments:

  1. What a nice poem by Ko MKT! It represents our lives in overseas. Thanks for sharing, bro Mogokthar.

    ReplyDelete
  2. ကဗျာလေးကိုဖတ်ပြီးလွမ်းသလိုလိုဖြစ်မိတယ်...
    ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ...
    ကဗျာဆရာကိုလည်းချီးကျူးပါတယ်ခင်ဗျ

    ReplyDelete
  3. အမ္ဗပါလိ ကြောင့် ဝေသာလီပြည်စည်ကားတာကိုအတုယူတဲ့
    အရပ်
    သာတဝတီ ကြောင့်ရာဇဂြိုဟ်ပြည် စည်ကားတာကို အတုယူတဲ့အရပ်
    ဘဝတွေ ဘွန်ဆိုင်းလုပ်ခံနေရတဲ့ အရပ်

    တဲ့။ လှလိုက်တဲ့စာသား။
    ကဲ အဲဒါ ဘယ်အရပ်လဲ ဟင်

    ReplyDelete
  4. ကောင်းမွန်တဲ့ ကဗျာလေးဗျ။
    နှစ်ခါပြန်ဖတ်တယ် ... နှစ်သစ်မှာ ပျော်နိုင်ပါစေ...

    ReplyDelete
  5. "အရပ်"
    ကဗျာလေးက အရမ်းကောင်းပါတယ်

    ReplyDelete
  6. စိတ်ထဲမှာတစ်မျိုးပဲ... အမေ့အိမ်ကို တမိပြန်တယ်....

    နှစ်သစ်မှာ အားလုံးပျော်ရွင်နိုင်ပါစေ...

    ReplyDelete
  7. ဖတ်သွားတယ်

    ReplyDelete
  8. အပ်ရာ ပရပွနဲ့ ကုထုံးလက်လွန်နေတဲ့အရပ်...ဆိုပါလား... ကုရာနတ္တိ ပြာကျနေတဲ့ အရပ်......

    မိုက်တယ်........ ကဗျာကိုပြောတာပါ... ကိုဘိုကတော့ မမိုက်ပါဘူးနော... (မိုက်ရင် ဘယ်သွားရမလဲ သိတယ်ဟုတ်)

    ReplyDelete
  9. အရပ် တဲ့...း)) နားလည်အောင်တော့ ကြိုးစားသွားတယ်... ကဗျာတွေကို နားမလည်တတ်တဲ့..ကိုယ့် ဦးနှောက်ကို မုန်းတယ်..။

    ReplyDelete
  10. ကိုMTK ကဗျာတွေကို လေးစား တန်ဘိုးထားသူမို့ ဒီအရပ်က မိုးကုတ်စက်ဝိုင်းထဲ ထပ်ရောက်လာခဲ့တယ် ..။


    ခင်မင်စွာ
    idulize(အရုပ်ကလေး)

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်