Monday, March 29, 2010

အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ






အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ

အဆိပ်သင့် ညနေခင်းမှာ
အသည်းကွဲ ဒိုင်ယာရီတွေ လမ်းလျှောက်ထွက်ကြ ။
ငါ့လည်ပင်းပေါက်ထဲ ခေါင်းလျှိုလိုက်တဲ့
အလွမ်းတွေ ၊ အလွမ်းတွေ ။
စကားမဲ့နေတယ် ။ အလွမ်းတွေ စကားမဲ့နေတယ် ။
စကားဝါပန်းတွေ ပွင့်နေပေမယ့်
အလွမ်းတွေ စကားမဲ့နေတယ် ။

မျက်စိကိုတအားမှိတ်လိုက်တော့

ခြေသံတွေထဲ သစ်အိုပင်က သေရွာမှပြန်ထ
လွမ်းတယ်ဆိုတာ စကားပြောမတတ်တဲ့
အတိတ်မေ့ခြင်း ဆည်းဆာတွေ ငါသောက်သုံး
တစ်ဘ၀လုံး စမ်းချောင်းထဲ စကားလုံးတွေမျောခဲ့ ... ။

(၁) လွမ်းတယ် ။
(၂) လွမ်းတယ် ။
(၃) လွမ်းတယ် ။
လွမ်းတယ် ဆိုတဲ့ စကားကို ပြောလိုက်ဖို့
ငါ့ အလွမ်းကို ငါ ပြန်လွမ်းနေရ ။
လွတ် / လွဲ / လွမ်း ။
လွတ်ထွက်သွားတဲ့ လမ်းတွေမှာ
အလွဲတွေနဲ့ နေသားကျနေတဲ့ကောင်တစ်ယောက်
မင်းကို လွမ်းနေတယ် ။
(၃) လွမ်းတယ် ။
(၂) လွဲတယ် ။
(၁) လွတ်တယ် ။

ဒီမှာရပ်
ငါ့နှလုံးသားကို စက္ကန့်အစဉ်အတိုင်းဖြတ်ထုတ်
လွမ်းတယ်ဆိုတာကို ရုပ်သေးလုပ်ပစ်မယ်
အင်္ဂါနေ့ထူးမှာ မီးခိုး,ကခြေသည်ကလေးရဲ့ခြေဖ၀ါး
ငါ့အလွမ်းနာကျဒဏ်ရာနဲ့
၁။ လွတ်တယ်
၂။ လွဲတယ်
၃။ လွမ်းတယ် ....
စိတ္တဇကိုပျိုးပြီး စည်းကျော်လွမ်းခြင်းတွေ
ခေါင်းငုံ့မော့ငေး ... ဖုန်သဲတွေ ငါ့ကိုဝါးမျိုဆွေးနေကြတယ်...။

ဟုတ်တယ် ။
လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
နင်က လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
အလွမ်းတွေသာ ဆုလာဘ်ပေးသနားခဲ့တာ ။
မလွန်လွန်းဘူးလားကွယ် ။
တစ်ရစ်ထက် တစ်ရစ် တက်လာတဲ့ အလွမ်းတွေ
(၁) (၂) (၃) ............ ။
ပြီးရင် ... ဘာလာမလဲ ။
ဘာတွေလာပြီးမလဲ ။
ဘာတွေလာဖြီးမလဲ ။
အလွမ်း (၁)
အလွမ်း (၂)
အလွမ်း (၃)
အလွမ်းနဲ့ စ ၊ အလွမ်းနဲ့ ဆုံး ။
ဒီနွေ ပူတယ်ဆိုတာ ၊ အရင်နွေတွေလိုပါပဲ ။
ထူးမခြားနား ။


သရုပ်ပေါ်အောင် နင့်ကိုခေါ်ရရင် နတ်တွေငိုလိမ့်မယ် ...
"အ"ချင်ယောင်ဆောင်သွားတဲ့ နွေဦးနန်းတော်မှာ
ပူလောင်ခြင်းအခန်းကျဉ်းထဲ အလွမ်းတွေအသိုက်အုံဖွဲ့
အကျိုးအပဲ့တွေနဲ့ မိုးကောင်းကင်ကို
ငါ့အလွမ်းတွေလွှတ်တင်ရင် မိုးခေါင်သွားလိမ့်မယ်
နောက်ဆုံးလာမယ့် လမ်းတစ်ခုမှာ
အလွမ်းဆိပ်မိထားတဲ့ကိုယ်တစ်ခြမ်းကို ....
ငါက
ဘာကိုလွမ်းနေရဦးမလဲ ... ။

ကောင်းကင် အကျိုးအပဲ့ထက်မှ ကျလာသော
နတ်တွေ ငိုချလိုက်တဲ့ မျက်ရည်နက်တွေ ။
အကာလ ( “အ” ကာလ ) ညဥ့်ဦးယံမှာ
စည်းကျော်သွားသော မိုးခေါင်လွမ်းခြင်းများ ။
လွတ် / လွဲ / လွမ်း ။
မီးခိုး,ကခြေသည်ကလေး ရေ .. ။
ငါ့ နတ်ပျိုမကို ပြောပေးစမ်းပါ ။
စက္ကန့်နဲ့အမျှ လွမ်းနေတဲ့ ဆည်းဆာတွေ
စကားလုံးထဲ မျောခဲ့ ။
စကားလုံးတွေ မောခဲ့ ။
စကားပြော မတတ်လို့ လွမ်းတာပါ ။
စကားမပြောတတ်လို့ လွမ်းတာပါ ။
ဖွဲ့ စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
ဖွက်စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
မျက်စိကို တအား မှိတ်လိုက်တော့ .... ။
ရှင်လျက်နှင့် ရှင်ပြန်ထမြောက်သော သစ်ပင်အို ၏
ဦးတည်ရာမဲ့ ခြေသံ ။ ။



နီလေး ၊ ဆူးခက်မင်း
29.3.2010


ဒီကဗျာလေးကို ကဗျာဆရာ ညီငယ်လေးတစ်ယောက်ဆီက တွေ့ပြီး ကြိုက်သွားတဲ့အတွက်... လာလည်သူ စာပေမိတ်ဆွေတစ်ချို့ကို မျှဝေပေးချင်လို့ ခွင့်တောင်းပီး ကူးယူလာခဲ့တာပါ။ ( ခွင့်တောင်းထားပေမဲ့ ကဗျာပိုင်ရှင်က အကြောင်းပြန်တာ ဆက်မစောင့်နိုင်တော့လို့ တင်ထားလိုက်ပီ... :-P)

နောက်ဆက်တွဲ

ဒီ ကဗျာလေးကို ကျွန်တော့် ညီငယ် ကဗျာဆရာလေးရဲ့ မျက်နှာစာအုပ်ပေါ်ကနေ ကူးယူဖော်ပြထားတာပါ။ ခုလေးတင်ပဲ ညီမလေးတစ်ယောက်က နီလေး ရဲ့ ဘလော့ခ်လင့်ခ်ကို ပေးသွားတဲ့အတွက် ဒီကဗျာလေးရဲ့ ခရက်ဒစ်ကို နီလေးဘလော့ခ်နဲ့ ပေးထားလိုက်ပါတယ်..။


မေတ္တာဖြင့်
မိုးကုတ်သား

11 comments:

  1. haven't allowed to copy yet, but already copied... that can be sue by the law.. u know

    ReplyDelete
  2. ဘာလဲ
    ခံစားချက်တွေ တူနေတယ်လား ..း)

    ReplyDelete
  3. ကိုဘိုကြီး ဘယ်လိုတွေဖြစ်နေပါလိမ့် နော်
    အလွမ်းနာကျနေတာလားမသိ
    အလွမ်းများဝေးစေသတည်းးးးးးးးးးးးးးးးးးးးးး
    သိပ်လွမ်းမနေပါနဲ့  လွမ်းရင်လွမ်းတယ်လို့ မှတ်လိုက်ပေါ့ 
    လွမ်းနေတဲ့သူနဲ့ ဆုံပါစေ ဆုတောင်းပေးလိုက်ပါတယ်
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  4. လွမ်းးးးးးးးးးးးး

    ReplyDelete
  5. လူပြိုကြီး တစ်ယောက် အလွမ်းတွေ မိုးရွာနေ

    ချောင်းစီးနေ.. တိမ်ထူထပ်နေတဲ့အလွမ်းတွေ

    လည်ချောင်းဝက နေအော်ဟစ်တိုင်း မထွက်လာတဲ့ အလွမ်းတွေ...

    ဒီအလွမ်းတွေ ကင်းပျောက်ပါစေ


    အိမ်မှာတစ်ရက်နားတာနဲ့ လွမ်းနေလိုက်ပုံများ...

    ReplyDelete
  6. လွတ် မသွားစေနဲ့ ဆရာ...

    ကုရ ခက်တယ် ကြားတယ်...
    လျော့ ပါ...အတွေးတွေ...

    ReplyDelete
  7. အလွမ်းတွေကိုများ ဖွဲ့နွဲ့နေလိုက်တာ များလိုက်ပါဘိဗျာ... ကဗျာဆရာရဲ့ ခံစားချက်ကို ကြိုက်တယ်း) ကဗျာဆရာရဲ့ လင့်လေးပါ ထည့်ပေးရင် ပိုကောင်းပါ့ သွားလည်ရတာပေါ့


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  8. http://nelayne.blogspot.com/
    this is the link for this poet's blog.

    ReplyDelete
  9. အညာခံလိုက်ရတယ်လို့ သဘောထားပါတယ်း(

    ReplyDelete
  10. အညာခံလိုက်ရတယ်လို့ သဘောထားပါတယ်း(

    ReplyDelete
  11. kwi kwi kwi...
    I am laughing to the very first comment, not to the poem.
    The poem is so nice, I love it too.

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်