Tuesday, October 20, 2009

ဖေဖေသို့ တမ်းချင်း

ဆယ်လပိုင်း ဆယ်ရက်နေ့က ဖေဖေ့မွေးနေ့။ ဒီနှစ်ဆို ဖေဖေ ခြောက်ဆယ့်သုံးနှစ် ပြည့်တဲ့ နှစ်ပေါ့။ ကျွန်တော် အမှတ်မှားနေတဲ့ အတွက် ဖေဖေ့ဆီလဲ ဖုန်းမဆက်ဖြစ်၊ ဘာ အမှတ်တရမှလဲ မလုပ်ဖြစ်နဲ့။ ဖေဖေ၊ မေမေ ကိုလွမ်း၊ အိမ်ကို လွမ်းနေတဲ့ ကျွန်တော် ဘာတွေ လွဲချော်နေခဲ့တာပါလိမ့်။ စိတ်မကောင်းဖြစ်နေမဲ့ ဖေဖေ့ကို တွေးမြင်ပီး ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကျွန်တော် မကောင်းဘူး။ မိုးကုတ်မှာ တစ်ယောက်တည်း ရှိနေမဲ့ ဖေဖေတစ်ယောက် သူ့မွေးနေ့ကို ဘယ်လို ဖြတ်သန်းနေမလဲ။ တွေးရင်း ရင်ထဲ ဆို့နင့်လာတယ်။ ဆယ်ရက်နေ့ကို ကျွန်တော် ပြန်ဆွဲလှည့် ပစ်လိုက်ချင်ပေမဲ့ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စ ဆိုတာ ဘာသာ သိတော့ ကြေကြေကွဲကွဲ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေ တင်နေမိတော့တယ်။
ဖေဖေ့ မွေးနေ့ အတွက် အမှတ်တရ ရေးဖူးတဲ့ စာလေးကိုသာ အမှတ်တရ ပြန်တင်ရင်း ဒီနေ့ မေမေ့ မွေးနေ့မှာ နောက်လထဲ ဖေဖေ နဲ့ မေမေ့ မွေးနေ့လို့ အမှတ်ထပ်မမှားမိတော့တာကိုသာ ကြံဖန် ကျေနပ် နေရပေမဲ့ ဒီနှစ်ရဲ့ ဆယ်ရက် ဆယ်လလေးက ကျွန်တော့ထံ ပြန်မလာနိုင်တော့။


*****************

ဖေဖေ့မွေးနေ့ရောက်တော့မယ်။ ကျွန်တော့်အာရုံတွေက ဖေဖေ့ပုံရိပ်တွေဆီ ပြေးလွှားလို့နေတယ်။ ငယ်စဉ်က ချောမောပြေပြစ်သော ဖေဖေသည် ယခုအခါမှာတော့ လောက
ဓာဏ်၏ ထုထောင်းမှု၊ ဇရာ၏ လွှမ်းမိုးမှုတို့ဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်လို့နေ၏။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသော၊ လွတ်လပ်မှုကိုမြတ်နိုး၍ အနုပညာကို ဝါသနာထုံသော ဖေဖေဟာ ‘အိမ်ထောင်ဦးစီး ဖခင်' တစ်ဦးရဲ့ တာဝန်များကြားဝယ် သူ၏ ဝါသနာနှင့် လွတ်လပ်မှုတို့ကို စတေးပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖေဖေငယ်စဉ်ကပုံရိပ်
၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ က ဖေဖေ့ပုံရိပ်

ငယ်စဉ်က သံမဏိဆိုတဲ. အိမ်နာမည်နဲ့လိုက်အောင် အင်မတန် မာကျောခဲ့တဲ့ ကျွန်တော့်ဖေဖေ ဦးသောင်းထူး (ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဖေဖေ့ လူငယ် မိတ်ဆွေတွေကတော့ လေးလေးထူး၊ လေးထူး လို့ ခေါ်ကြတယ်) ဟာ မိသားစု၊သားသမီးတွေ အပေါ်မှာတော့ အင်မတန် နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ သူ့ရဲ့ သံမဏိစိတ်ဓာတ်တွေကို ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာတွေနဲ့ အရည် ဖျော်ချပစ်ရဲတဲ့ အထိ မိသားစုအပေါ် အချစ်ကြီး ချစ်တတ်ခဲ့သူပါ။
မိုးလင်းက မိုးချုပ် ပင်ပင်ပန်းပန်း ကျောက်တွင်း တူးရသော်လည်း နံနက် လေးနာရီ ဒေါင်ကနဲ မည်တာနဲ့ အာခေါင်ခြစ်ငိုကာ နို့တောင်းတတ်သော သားဦး ကျွန်တော့်ကို မငြီးမငြူ နို့ဗူးဖျော်ကာ တိုက်ခဲ့သော၊ ချူချာသော ကျွန်တော် တိုက်ဖွိုက်ဖြစ်ပြီး ညကြီးသန်းခေါင် အဖျားတက် မေ့မျောတော့ ဝေးလံလှသော ဆေးရုံသို့ ချီပိုး ပြေးခဲ့သော၊ စာမေးပွဲ မဖြေလိုက်ရမှာ စိုးရိမ်နေသော ငါးတန်းကျောင်းသား ကျွန်တော့်ကို ကုန်းပိုးလျှက် ရေကြီးနေသော ရပ်ကွက်ကိုဖြတ်၊ ရေလျှံပြီး အရှိန်ပြင်းပြင်း စီးနေသော ရေနီချောင်းတံတားကို ကျော်ကာ မိုးကြီးလေကြီးကြား ကျောင်း လိုက်ပို့ပေးခဲ့သောဖေဖေ၊ နွမ်းပါးသော်လည်း သားသမီးတွေ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုခဲ့သော ဖေဖေ၊ သားသမီးတွေကို သူ့လို ကျောက်တွင်းတူးသမား မဖြစ်စေလိုဘဲ ပညာတတ် ဖြစ်စေလိုခဲ့သော ဖေဖေ၊ ကျောက်တွင်းတူးရင်း ခါးရိုးပေါ်တည့်တည့် တူပြုတ်ကျကာ အတွင်းဒဏ်ရပြီး အလုပ်ကြမ်းလုပ်ခွင့် မသင့်တော့တာကို မမှုအားဘဲ မိသားစုဝမ်းရေး၊ ချမ်းသာရေးအတွက် ကျောက်တွင်း အလုပ်ကို မစွန့်လွှတ်ဘဲ လောကဓာဏ်ကို အံတုခဲ့သောဖေဖေ၊ ကျောရိုးမှအတွင်းဒဏ် ဆိုးရွားလာပြီး ကျောက်တွင်းလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ရတော့ မိသားစုချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သောဖေဖေ၊ ဘယ်တော့မှ သူတစ်ပါးလက်အောက်မှာ မလုပ်လိုဘဲ လွတ်လပ်စွာ ရပ်တည်လိုသော်လည်း မိသားစုအတွက် သူ၏ မာနကို ဖယ်ချကာ ဝန်ထမ်း လုပ်ခဲ့ရသောဖေဖေ၊
....ဖေဖေ့ကျေးဇူးတရားများက စာဖွဲ့လို့မကုန်ပါ။ ဖေဖေ့ရဲ့ကြီးမားလှသော မေတ္တာနှင့် ချစ်ခြင်းတို့ကြောင့် ကျွန်တော်တို့ ငယ်ဘဝက လုံခြုံနွေးထွေးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ ဖေဖေတူးခဲ့သမျှ မြေတွေသာ ကျောက်အောင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက် စား၍ ကုန်နိုင်မယ်မထင်။ ကံမကောင်းသော ဖေဖေ့မှာတော့ နှစ်ပေါင်းများစွာ ကျောက်တွင်း တူးခဲ့သော်လည်း ထမင်းစားကျောက်မှလွဲ၍ သူဋ္ဌေးဖြစ်ကျောက် တစ်ခါမှ မရဘူးခဲ့။ ဖေဖေ့ဘဝ၏ ရှုံးနိမ့်ခဲ့ရမှုပေါင်း များစွာကို ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
အချိန်တန် အရွယ်ရောက်လို့ သားသမီးတွေ တစ်နေရာစီ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့သွားကြတော့ ဖေဖေ ဘယ်လောက် လွမ်းနေမလဲ။ သားသမီးတွေ ဆက်သွယ်မလာတာကြာလို့ သူ့ကိုများ မေ့လျှော့ သွားကြပြီလား တွေးထင်မိတဲ့ အခါတိုင်း ဖေဖေ ဘယ်လောက် ဝမ်းနည်းနေရှာမလဲ။
ကျွန်တော့်ကို လုံခြုံနွေးထွေးစေသော ဖေဖေ့ရင်ခွင်၊ ကျွန်တော် အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ဖူးသော
ဖေဖေ့လက်မောင်းများ၊ ချစ်ခြင်းမေတ္တာအပြည့် ပျော်ဝင်နေသော ဖေဖေ့အနမ်းများ၊ ဖေဖေပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များ၊ ဖေဖေ့ဂစ်တာသံနှင့် သီဆိုပြခဲ့သော သီချင်းများ၊ ဖေဖေရေးသော စာတိုပေစနှင့် ကဗျာများ၊ သားသမီးတွေရဲ့ အပြုံးအပျော် မျက်နှာများကို မြင်ရုံမျှနှင့် ဘဝအမောများကို အံတုရင်ဆိုင်နိုင်ခဲ့သော ဖေဖေ့ စိတ်ခွန်အားများ၊.....ပြန်တမ်းတတိုင်း အဝေးက ဖေဖေဟာ ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့ပါတယ်။

လောကဓာဏ်ရဲ့ ရိုက်ပုတ်ကြည်စယ်မှုများကို ဘယ်တော့မှ အရှုံးမပေးဘဲ အပြုံးနှင့် ရင်ဆိုင်နိုင်ဖို့ရာ စိတ်ခွန်အားများစွာကို ဖေဖေ့ဆီမှရခဲ့ပါတယ်။ ဘဝအခက်အခဲ မှန်သမျှတို့ကို ရင်ဆိုင်နိုင်ဖို့ရာအတွက် လုံလောက်သော ချစ်ခြင်း မေတ္တာတရားကို ဖေဖေ့ဆီက ရခဲ့ပါတယ်။
ဘဝမှာ ငွေကြေးနဲ့ ဘယ်တော့မှ ဝယ်ယူမရတဲ့ ဒီစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံနွေးထွေးမှုတွေကို ဘဝတစ်သက်စာ အမွေအဖြစ် ဖေဖေက ကျွန်တော့်ကို ပေးခဲ့ပါတယ်။
တစ်မြေခြားမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ ဖေဖေ့မေတ္တာများက ငယ်စဉ်ကလို နွေးထွေးဆဲ၊ ဖေဖေ့ချစ်ခြင်းများမှာ ကျွန်တော့်ဘဝက လုံခြုံဆဲ၊ ဖေဖေ့ မျှော်လင့်ချက်များက ကျွန်တော့်ဘဝကို အလင်းပေး လမ်းပြနေဆဲသာ။ အဝေးကနေ ငွေကြေးထောက်ပံ့နေရုံနဲ့ သားသမီးဝတ္တရား ကြေတယ် ကျွန်တော် မယူဆပါ။ ဖေဖေ့ရဲ့ ညအိပ်ယာဝင် ပုံပြင်များ နားထောင်ရင်း၊ ဖေဖေ့ဘဝ အမောများကို မျှဝေ ခံစားရင်း ဖေဖေ့ အထီးကျန်ရက်စွဲများကို ဖြေဖျောက်ပေးချင်သည်။ ဖေဖေ့ ချစ်ခြင်းမေတ္တာများ အောက်မှာ ကျွန်တော့်ဘဝ လုံခြုံနွေးထွေးခဲ့သလို ဖေဖေ့ဘဝကို လုံခြုံနွေးထွေးစေသော သားတစ်တယာက်အဖြစ် ဖေဖေ့ဘေးမှာ စောင့်ရှောက်မှုတွေ ပေးချင်သည်။
ကျွန်တော့်ဖေဖေသည် မိုးကုတ်မြို့ကလေးမှ မထင်မရှား သာမာန် လူတစ်ယောက်သာ၊ ဖေဖေ ကောင်းတာတွေလဲ ရှိမည်၊ ဆိုးတာတွေလဲ ရှိမည်။ ဘာပဲဖြစ်ဖြစ် ဖေဖေသည် ကျွန်တော့် ဘဝ၏ ကောင်းကင်ထက်တွင် အလင်းလက်ဆုံး ကြယ်တစ်ပွင့် အဖြစ် ထာဝရ ရှိနေပါလိမ့်မည်။ ထိုကြယ်ကလေး လင်းလက်ရာ အဖေ့အိမ်ကလေးသို့ အရောက် ကျွန်တော်ခရီးနှင်နေပါသည်။


၂၀၀၈၊အောက်တိုဘာဆယ်ရက်မှာ အသက် (၆၂)နှစ်ပြည့်မဲ့ ဖေဖေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ ဖေဖေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကိုရှာတွေ့ခဲ့ပြီဆိုတဲ့ ဖေဖေတစ်ယောက် ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။




Father & Son [by Rod Stewart]


Rod Stewart

Father And Son

[Originally by Cat Stevens]

Father
It's not time to make a change,
Just relax, take it easy.
You're still young, that's your fault,
There's so much you have to know.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

I was once like you are now, and I know that it's not easy,
To be calm when you've found something going on.
But take your time, think a lot,
Why, think of everything you've got.
For you will still be here tomorrow, but your dreams may not.

Son
How can I try to explain, when I do he turns away again.
It's always been the same, same old story.
From the moment I could talk I was ordered to listen.
Now there's a way and I know that I have to go away.
I know I have to go.

Father
It's not time to make a change,
Just sit down, take it slowly.
You're still young, that's your fault,
There's so much you have to go through.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

Son
All the times that I cried, keeping all the things I knew inside,
It's hard, but it's harder to ignore it.
If they were right, I'd agree, but it's them you know not me.
Now there's a way and I know that I have to go away.
I know I have to go.


မေတ္တာဖြင့်
မိုးကုတ်သား

18 comments:

  1. အကိုရေ အကိုရဲ့ အဖေရဲ့ သားသမီးတွေအပေါ်ထားတဲ့ မေတ္တာစေတနာတွေကို အတိုင်းသား မြင်နေရပါတယ်ဗျာ.. သားသမီးတွေအပေါ် လိုလေတယ်မရှိရလေအောင် ထားတတ် ပြုစုတတ်တဲ့ မိဘတွေရဲ့ ၀တ္တားရားတွေကို ကျနော်တို့ဘယ်တော့မှ ဆပ်ကုန်နိုင်မယ် မထင်ပါဘူး။ အကိုအဖေမွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ချစ်သော သားတွေ၊သမီးတွေ၊ မြေးတွေနဲ့ ပျော်ရွှင်စွာ နေရပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်။


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. အဖေ့ မေတ္တာကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ရေးထားတယ်...။ စာဖတ်ပြီး စိတ်ထဲ ၀မ်းနဲမိတယ်...ဘာလို့ ... အဖေ့ ကို မဆက်သွယ်တာလဲ...။

    ReplyDelete
  3. ဖခင်မေတ္တာကို ဖော်ကျူးထားတဲ့ အကို့ရဲ့ ဒီပိုစ့်လေးကို ဖတ်ရင်း အဝေးတနေရာက မိဘတွေကို သတိရသွားမိပါတယ်။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ဖြစ်နိုင်ရင် ဆက်သွယ်ပေါ့ အကိုရာ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. မွေးနေ့ရာကျော်တိုင်ပြီး
    သားသမီးတွေနဲ့ ပျော်ရွှင်နိုင်ပါစေ
    better late than never တဲ့
    ဒီပို့စ်ကိုဖတ်ရရင် နောက်ကျပေမယ့်
    ပျော်နေပါလိမ့်မယ်။

    ReplyDelete
  5. ကိုဘိုရေ မေသူ လာဖတ်ပါတယ်...

    စိတ်မကောင်းမဖြစ်ပါနဲ့ ...

    မေသူလဲ ပါပါးကို သတိရပါတယ်.. ညနေ ပါပါးလက်ကိုဆွဲ သားအဖနှစ်ယောက် တူတူလမ်းလျှောက်ခဲ့တဲ့ အချိန်တွေ အရမ်းလွမ်းပါတယ် ကိုဘိုရေ့ ...

    မေသူလဲ ခုတလော အိမ်ကိုအရမ်းလွမ်းနေပါတယ်..

    ReplyDelete
  6. အကို လုပ်တာနဲ့ ညီ တောင်မျက်ရည်လည်လာပြီ။

    အပြစ်တင်တာဟုတ်ဘူးနော်။ ပြောပြတာ။

    ဘာပဲပြောပြော အဖေ ကော အမေကော

    ရှိသေးတဲ့ အကိုက အရမ်းကံကောင်းပါတယ်။

    ခုလို သတိရတာကိုက ဖေဖေသာ သိသွားရင်

    အရမ်းပျော်မှာ။ စိတ်မကောင်းမဖြစ်နဲ့။

    ချစ်တဲ့ ညီ

    ရီနို

    ReplyDelete
  7. အသက် ၃၀ ကျော်သားကြီးက
    အသက်၆၀ကျော် အဖေကို တမ်းတလွမ်းဆွတ်နေပုံကကြည်နူးစရာပါ...

    မိုးကုတ်မြို့က ကျောက်တူးသမားကြီးရဲ့
    သီချင်းသည်ကြီးရဲ့ ကဗျာဆရာကြီးဟောင်းကြီးရဲ့ စိတ်နှလုံးမှာ ဘယ်လောက်နွေးထွေးကြည်နူးသွားလိမ့်မလဲ...

    မိုင်ထောင်ချီဝေးတဲ့အရပ်ကနေ..သူ့ကိုလာရိပ်မိုးပေး ထားတဲ့...သူ့သားကြီးရဲ့မေတ္တာဓါတ်တွေအောက်မှာ.
    ဘယ်လောက်အေးချမ်းလုံခြုံလိုက်မလဲ..

    ဟိုးးးးးအဝေးကြီးဆီမျှော်ငေးကြည့်နေတဲ့ အသက်၆၂နှစ်အရွယ် လူအိုကြီးတစ်ယောက်ရဲ့ မျက်ဝန်းထဲမှာ.....အနားမှာ ရှိမနေကြတဲ့ သူ့သားသမီးတွေက.ရယ်လို့မောလို့......

    ""မိုးကုတ်သားရဲ့ ဖေဖေ အသက်၆၂နှစ်မှသည်ရာကျော်သည်အထိ ကျန်းမာချမ်းသာနိုင်ပါစေ""

    ReplyDelete
  8. မိဘတို့ရဲ့ချစ်ခြင်းမေတ္တာ သားသမီးတို့ရဲ့ လေးစားမြတ်နိုးမှုတွေက အချိန်အကန့်အသတ် မရှိပါဘူး

    နေ့စွဲတွေကို မေ့လိုက်ပါ....။

    နေ့စဉ်တိုင်း ကျနော်တို့ မိသားစုကို သတိတရ ရှိကြရအောင်....။မအားလပ်တဲ့ အလုပ်ဝတ္တရားတွေ ကြောင့် မေ့တဲ့ အချိန်လည်း ရှိမှာပေါ့...။

    အခု ဖုန်းဆက်လိုက်ရင် အခု မိဘတွေ ပျော်သွားမှာပါပဲ။

    ချစ်ကိုရဲ့ ဖေဖေ ရော မေမေပါ ကျန်းမာချမ်းသာပါစေ..။

    သားသမီးတွေနဲ့စိတ်ချမ်းသာစွာ ပြန်ဆုံနိင်ပါစေ...။

    ဒါဟာ ညီတို့တတွေလည်း လိုချင်တဲ့ ဆုတခုပါပဲ...။

    ReplyDelete
  9. ကိုဘိုရေ..
    မြလည်း လွမ်းလာတယ်
    ဒါပေမယ့် စိတ်မကောင်းမဖြစ်ပါနဲ့ ဒီလောက်ခံစားနေရမှတော့
    နောင်နှစ်ကျ အမှတ်မမှားတော့တာ သေချာနေပါပြီ..

    ReplyDelete
  10. ကိုမိုးကုတ်ရေ

    ထပ်တူထပ်မျှ မကျတောင် ခံစားနားလည်မိပါတယ်။

    မိသားစုပြန်လည် စုစည်းပျော်ရွှင်မယ့်နေ့ကို မြင်ယောင်ဆုတောင်းရင်း အသက်ရာကျော်ရှည်စေကြောင်း ဆန္ဒပြုပါတယ်ခင်ဗျာ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. ကိုမောင်ဟန် ဖေဖေ သက်တော်ရာကျော်ရှည်ပါစေ...

    သားသမီးတွေနဲ့ ပျော်ရွင်စွာ ကျန်းမာစွာ နေရပါစေ..

    ကိုမောင်ဟန်လဲ ပျော်ရွင်ပါစေ..


    မိဘချစ်တဲ့သားမို့ ထပ်တူခံစား၇ပါတယ်...

    ချစ်ခင်စွာဖြင့်

    ညီ

    မျောက်မျောက်

    ReplyDelete
  13. ပထမ တစ်ခေါက် ဖတ်တည်းက ဒီစာလေးကို ကြိုက်တယ် အစ်ကို။
    အစ်ကို့် ဖေဖေ သက်တော်ရာကျော်ရှည်ပါစေ...
    အစ်ကိုလည်း ပျော်ရွှင်ပါစေ ...

    ReplyDelete
  14. မျက်ရည်တစ်စက်ကျသွားတယ်ဗျ...

    ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝကို
    ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေး
    လိုက်ပါတယ်။
    ငါးစားလျက်
    သံလွင်ဟီးရိုး

    ReplyDelete
  15. ကိုဘိုကြီးရေ...ဖခင်မေတ္တာပေါ်လွင်အောင် ရေးတတ်လိုက်တာဗျာ။
    အဖေ့ကိုချစ်တဲ့ ကိုဘိုကြီး အဖေ့ကို ပြန်ပြီးလုံခြုံနွေးထွေးမှုတွေ ပြန်ပေးနိုင်ပါစေနော်။
    ကိုဘို့ဖေကြီး သက်ရှည်ကျန်းမာစွာ မိသားစု သားသမီးတွေနဲ့ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  16. မိဘကိုသိတတ်တဲ့ အကိုကြီးတယောက် မိသားစု အမြန်ဆုံးပြန်လည်ဆုံဆည်းပါစေလို့ ဆန္ဒပြုပါတယ်

    ReplyDelete
  17. အဖေကို ချစ်သော ကိုဘို တစ်ယောက် အဖေ့ကိုချစ်တဲ့စိတ်နဲ့ အောင်မြင်မှု့များဆီ အရောက်လှမ်းလို့ အေးချမ်းသာယာတဲ့ မိသားစုနဲ့ အမြန်ဆုံး အတူနေနိုင်ပါစေဗျာ..။


    ခင်မင်လေးစားလျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    ReplyDelete
  18. ကိုဘိုကြီး ဒက်ဒီလဲ စိတ်ချမ်းသာခြင်းများစွာနဲ့
    ကျန်းမာစွာ သားသမီးတွေနဲ့ အတူတကွ နေနိုင်ပါစေ...သက်ရှည်ကျန်းမာပါစေ...လို့ဆုတောင်းပေးပါတယ်....

    ReplyDelete

မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို တန်ဖိုးထားလျှက်